← Chapters

သွေးသူရိယတောင်ကြား၏ တောင်ကြားသခင်

Vol. 123 Ch. 1833

သွေးသူရိယတောင်ကြား၏ တောင်ကြားသခင်

Vol. 123 Ch. 1833

သွေးသူရိယတောင်ကြားမှာ သူတို့သည် အမြုတေစုဖွဲ့ဆေးလုံးတစ်လုံးအတွက် အမြုတေအားဖြည့်မြက်နှင့် မိုးနှင်းပန်း တစ်ရာစီ သုံးပြီး ဖလှယ်ယူရလေသည်။

သို့သော်လည်း နှင်းလေတောင်ကြောရိုးသည် တခြားရွေးချယ်စရာ မရှိဘဲ သွေးသူရိယတောင်ကြားမှာသာ အဲဒါကို လဲလှယ်ရလေသည်။

နဂါးအသူရာချောက်နက်မြို့တော်သို့ သွားရာ လမ်းကြောင်းကို သွေးသူရိယတောင်ကြားနှင့်​ နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ ပူးပေါင်းအင်အားက ပိတ်ဆို့ထားလေသည်။

လဲလှယ်မှုနှုန်းထားက ဆေးလုံးတစ်လုံးအတွက် အင်မော်တယ်ဆေးပင်တစ်ထောင်ဖြစ်သည် ဆိုလျှင်တောင် အခြားသော အဖွဲ့အစည်းများက ရွေးချယ်စရာ မရှိဘဲ အဲဒါကို သည်းခံရပေမည်။

“တာအိုရောင်းရင်းဆူ.. ခင်ဗျားက နဂါးအသူရာချောက်နက်မြို့တော်ကို ရောက်ဖူးလား”

ယွဲ့ဟောက်က မေးလိုက်၏။

ဆူဇီမိုက ခေါင်းခါပြလိုက်၏။

ယွဲ့ဟောက်က ပြောလိုက်လေသည်။

“ခင်ဗျား စိတ်မရှိဘူးဆိုရင် ကျုပ်တို့ ညီအစ်ကို မောင်နှမသုံးယောက်က နဂါးအသူရာချောက်နက်မြို့တော်ကို ခင်ဗျားနဲ့အတူ လိုက်ခဲ့မယ်.. ကျုပ်တို့က ခင်ဗျားကို လမ်းပြလို့လည်း ရတာပေါ့”

“ဒီအကျဉ်းသားတွေကို ခင်ဗျားတို့က အပြစ်မပေးတော့ဘူးလား”

ဆူဇီမိုက အညံ့ခံထားသော သွေးသူရိယတောင်ကြားမှ ကျင့်ကြံသူ တစ်ထောင်ကျော်ကျော်ကို လှည့်ကြည့်လိုက်၏။

ရှန်ဖေးက ပြောလိုက်လေသည်။

“တာအိုရောင်းရင်း.. ခင်ဗျား အဲဒါကို စိတ်ပူစရာမလိုဘူး.. ဖမ်းမိထားတဲ့ အကျဉ်းသားတွေရဲ့ ကျင့်ကြံမှုကို ချိပ်ပိတ်ထားပြီးပြီ… ကျုပ်တို့ရဲ့ တခြားညီအစ်ကိုတွေက သူတို့ကို စောင့်ကြည့်ထားမယ်ဆိုရင် ဘာအမှားအယွင်းမှ ရှိမှာမဟုတ်ဘူး”

“အဲဒါဆိုလည်း ကောင်းတာပေါ့”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

သူဖြစ်စေ… သွမ့်ထျန်လျန်ဖြစ်စေ.. သူတို့ထဲ မည်သူကမှ နဂါးအသူရာချောက်နက်မြို့နှင့် ရင်းနှီးကျွမ်းဝင်မှု မရှိပေ။

ယွဲ့ဟောက်နှင့် အခြားနှစ်ယောက်က သူတို့ကို လမ်းပြမည်ဆိုပါက မဆိုးလှပေ။

ယွဲ့ဟောက်သည် သွေးသူရိယတောင်ကြားမှ ဖမ်းဆီးရရှိထားသော အကျဉ်းသားများကို နေနှိမ်နင်းရဲတိုက်သို့ ခေါ်ဆောင်သွားဖို့ ကျင့်ကြံသူအချို့ကို ညွှန်ကြားပြီးနောက် ဆူဇီမိုတို့ အုပ်စုနှင့်အတူ နဂါးအသူရာချောက်နက်မြို့တော်သို့ ဦးတည်လိုက်လေသည်။

တစ်ချိန်တည်းမှာပင်.. သွေးသူရိယတောင်ကြားတွင်..

ချန်ရွှမ်ယန်၏ စံအိမ်တည်ရှိရာ ခြံဝန်းထဲမှာ လေဟာနယ်က ပြိုကျသွားပြီး နက်မှောင်နေသော အာကာသ ဥမင်တစ်ခုက ပေါ်ထွက်လာ၏။ လက်တစ်ဖက် ဖြတ်ခံထားရပြီး ဆံပင်များ ဖိုသီဖတ်သီဖြစ်နေသည့် လူတစ်ယောက်က သွေးသံရဲရဲဖြင့် ခြံဝန်းထဲသို့ လိမ့်ဆင်းလာခဲ့လေသည်။

စံအိမ်ထဲရှိ အစေခံများစွာက တုန်လှုပ်သွားပြီး ပြေးထွက်လာကြ၏။

“အဲဒါ ဘယ်သူလဲ.. မင်းက သွေးသူရိယတောင်ကြားကို ကျူးကျော်လာတာလား”

တစ်စုံတစ်ယောက်က အော်မေးလိုက်၏။

“ငါ့အဖေကို မြန်မြန်သွားခေါ်ပေးကြစမ်း”

သွေးများ စိုရွှဲနေသည့်လူက အတတ်နိုင်ဆုံး ကြိုးစား၍ သူ၏ ခေါင်းကို မော့ပြီး အော်ပြောလိုက်လေသည်။

လူတိုင်းက အာရုံစိုက်၍ ကြည့်ပြီးနောက် သူတို့၏ အမူအရာများက ပြောင်းလဲသွားကြ၏။

“သခင်လေးလား”

“အဲဒါ သခင်လေးဟ”

လူတိုင်းက ချန်ရွှမ်ယန်ကို ထူမဖို့အတွက် ရှေ့သို့ အလောတကြီး ပြေးတက်လာကြ၏။

သူတို့၏ ပြုမူပုံက ချန်ရွှမ်ယန်၏ ပြတ်ထွက်ထားသော လက်ပေါ်ရှိ ဒဏ်ရာကို ထိမိသွားလေသည်။

ချန်ရွှမ်ယန်၏ မျက်နှာက ရှုံ့မဲ့သွားပြီး နာကျင်မှုဖြင့် တုန်ခါသွားလေသည်။

“ငါ့အဖေကို မြန်မြန်သွားခေါ်ကြစမ်း”

အစေခံတစ်ယောက်က အလောတကြီး နောက်သို့ ဆုတ်ပြီး အပြင်ဘက်သို့ ပြေးထွက်သွား၏။

သိပ်မကြာခင် သွေးနီရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က သုန်မှုန်နေသော အမူအရာဖြင့် လျှောက်လှမ်းလာ၏။

သက်လတ်ပိုင်းအရွယ် အမျိုးသားက သွေးသူရိယတောင်ကြား၏ လက်ရှိတောင်ကြားသခင် ဖြစ်လေသည်။

သူ၏ နောက်မှာ အဘိုးအိုနှစ်ယောက် ပါလာပြီး သူတို့က သွေးသူရိယတောင်ကြား၏ ကာကွယ်သူနှစ်ယောက် ဖြစ်လေသည်။

သွေးသူရိယတောင်ကြား၏ တောင်ကြားသခင်က ချန်ရွှမ်ယန်၏ အခြေအနေကို တွေ့မြင်သောအခါ သူက သူ၏ မျက်လုံးနှစ်ဖက်ကို မှေးကျဉ်းလိုက်၏။ စံအိမ်တစ်ခုလုံးရှိ အပူချိန်က ထိုးဆင်းသွားပြီး လေထုက အလွန်တရာ တင်းကျပ်လာခဲ့၏။

ဤနေရာရှိ လေထုက အေးခဲသွားသည်ဟု ထင်ရလေသည်။

“ရွှမ်ယန်.. မင်း ဘာဖြစ်လာတာလဲ”

သွေးသူရိယတောင်ကြား၏ တောင်ကြားသခင်က အေးစက်နေသော လေသံဖြင့် ဖြည်းဖြည်းချင်း မေးလိုက်၏။

“အဖေ..”

ချန်ရွှမ်ယန်က ခြေလှမ်းအနည်းငယ်လှမ်းပြီး တောင်ကြားသခင်၏ ရှေ့မှာ ဒူးထောက်ချကာ ဝမ်းနည်းစွာ ပြောလိုက်လေသည်။

“ကျုပ်ရဲ့ လက်က ဆွဲဖြုတ်ခံခဲ့ရတယ်.. အဖေ.. ခင်ဗျား ကျုပ်အတွက် လက်စားချေပေးရမယ်”

သွေးသူရိယတောင်ကြား၏ တောင်ကြားသခင်က သူ၏ သိုလှောင်အိတ်ထဲကနေ ဆေးလုံးတစ်လုံးကို ထုတ်ယူပြီး ချန်ရွှမ်ယန်ကို တိုက်ကျွေးလိုက်၏။

ချန်ရွှမ်ယန်၏ မျက်နှာက အသားရောင်တချို့ ပြန်လည်ရရှိလာပြီး ပြတ်ထွက်ထားသော သူ့လက်ပေါ်ရှိ ဒဏ်ရာက သွေးတိတ်သွားလေသည်။

သို့သော်လည်း သူ၏ ဒဏ်ရာမှ နာကျင်မှုက တစစ်စစ် ကိုက်ခဲနေဆဲဖြစ်၏။

“ဘာဖြစ်ခဲ့တာလဲ.. ငါ့ကို ဖြည်းဖြည်းချင်းပြော”

တောင်ကြားသခင်က လေးနက်သော အသံဖြင့် မေးလိုက်၏။

“မင်းက အရိပ်မဲ့နဲ့ ဟိုနှစ်ယောက်ကို ခေါ်သွားခဲ့တယ် မဟုတ်ဘူးလား.. ကောင်းကင်ထောက်တိုင်ရဲတိုက်က ရှင်သန်ကျန်ရစ်သူတွေက မင်းကို ဘယ်လိုလုပ်ပြီး ထိခိုက်အောင် လုပ်လိုက်တာလဲ”

“အဖေ.. သူတို့သုံးယောက်စလုံး သေသွားကြပြီ”

ချန်ရွှမ်ယန်က ပြောလိုက်၏။

“ဘာဖြစ်တယ်”

တောင်ကြားသခင်က တုန်လှုပ်သွားလေသည်။

အဆင့် ၇ မဟူရာအင်မော်တယ် ၃ယောက်သည် သွေးသူရိယတောင်ကြား၏ ကာကွယ်သူများ ဖြစ်ကြ၏။

နဂါးအသူရာချောက်နက်ကြယ်တစ်ခုလုံးမှာပင် သူတို့ကို အထင်သေး၍ မရပေ။

အဆင့် ၇ မဟူရာအင်မော်တယ် သုံးယောက်၏ သေဆုံးမှုသည် သွေးသူရိယတောင်ကြားအတွက် ကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်၏။

ချန်ရွှမ်ယန်က ခါးသက်စွာ ရယ်လိုက်၏။

“ဒီတစ်ခေါက် ပါသွားတဲ့ စစ်သည်တော် ငါးထောင်ကလည်း ရှင်သန်ကျန်ရစ်သူ သိပ်များမယ် မထင်ဘူး.. ကျုပ်တောင်မှ အဖေ ကျုပ်ကို ပေးထားတဲ့ တည်နေရာရွှေ့ပြောင်းအဆောင်ကို ချိုးခြေပြီး ထွက်ပြေးလာနိုင်ခဲ့တာ”

ဘန်း..

သွေးသူရိယတောင်ကြား၏ တောင်ကြားသခင်က ထိုစကားကို ကြားသောအခါ ဒေါသချောင်းချောင်းထွက်သွားပြီး ချန်ရွှမ်ယန်၏ ဘေးမှာ ရှိသော အစေခံတစ်ယောက်၏ ဦးခေါင်းကို ပစ်ရိုက်ချလိုက်၏။

အစေခံက အဆင့် ၃ မဟူရာအင်မော်တယ်တစ်ယောက် ဖြစ်သော်လည်း သူက တောင်ကြားသခင်၏ အမျက်ဒေါသအောက်မှာ ချက်ချင်းပင် သေဆုံးသွား၏။

အခြားသော အစေခံများက လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး မြေပြင်ပေါ်မှာ ဒူးထောက်ချကာ တုန်ယင်နေကြ၏။

သွေးသူရိယတောင်ကြားသည် နဂါးအသူရာချောက်နက်ကြယ်ပေါ်ရှိ အဖွဲ့အစည်း​ကြီး ရှစ်ခုထဲမှ တစ်ခုဖြစ်ပြီး ဤတောင်ကြားမှာ စစ်သည်ပေါင်း သောင်းချီက စခန်းချ နေထိုင်ကြလေသည်။

ထိုသို့ဆိုလျှင်တောင် လူအယောက်ငါးထောင်နှင့် အဆင့် ၇ မဟူရာအင်မော်တယ် ၃ယောက်ကို ဆုံးရှုံးရခြင်းက သွေးသူရိယတောင်ကြားအတွက် လက်မခံနိုင်သော ဆုံးရှုံးမှုတစ်ရပ်ဖြစ်လေသည်။

ဒါ့အပြင် အဲဒါက သွေးသူရိယတောင်ကြား၏ နာမည်ဂုဏ်သတင်းအပေါ်လည်း ကြီးမားစွာ ရိုက်ခတ်လာပေလိမ့်မည်။

“တောင်ကြားသခင်.. ကျေးဇူးပြုပြီး စိတ်ကိုလျှော့ပါ.. ဘာဖြစ်လာခဲ့သလဲ သခင်လေး ရှင်းပြတာကို အရင်နားထောင်တာ ပိုကောင်းပါလိမ့်မယ်”

တောင်ကြားသခင်၏ ဘယ်ဘက်တွင် ရှိသော အဘိုးအိုက သူ၏ ခေါင်းကို ငုံ့ပြီး တိုးတိတ်စွာ ဖျောင်းဖျလိုက်၏။

လူအိုကြီးနှစ်ယောက်သည် တောင်ကြားသခင်၏ ဘယ်လက်ရုံးနှင့် ညာလက်ရုံးဖြစ်လေသည်။ သူတို့၏ ကျင့်ကြံမှုအဆင့်က အဆင့် ၇ မဟူရာအမြုတေနယ်ပယ်၏ အထွတ်အထိပ်မှာ ရှိပြီး သူတို့၏ တိုက်ခိုက်ရည်ခွန်အားက တောင်ကြားသခင်ပြီးလျှင် ဒုတိယနေရာမှာ ရှိလေသည်။

“အဲဒါ ဆူဇီမိုပဲ”

ချန်ရွှမ်ယန်၏ စိတ်ထဲသို့ အစိမ်းရောင်ဝတ် ကျင့်ကြံသူ၏ ပုံရိပ်က ဝင်ရောက်လာ​ပြီး သူက အံကို တင်းတင်းကြိတ်လိုက်၏။

“အရိပ်မဲ့နဲ့ တခြားနှစ်ယောက်က ဆူဇီမိုရဲ့ ချောင်းမြောင်းသတ်ဖြတ်ခြင်းကို ခံခဲ့ရတာပဲ”

“အဲဒီလူ ရုတ်တရက် ပေါ်ထွက်လာတာကြောင့်သာ မဟုတ်ရင် ကျုပ်က ကောင်းကင်ထောက်တိုင်ရဲတိုက်က ရှင်သန်ကျန်ရစ်သူတွေ အကုန်လုံးကို ရှင်းလင်းပစ်နိုင်တော့မှာ”

“ဘယ်က ဆူဇီမိုလဲ”

တောင်ကြားသခင်က မျက်မှောင် အနည်းငယ်ကြုတ်ပြီး မေးလိုက်၏။

“အဲဒါ ဘယ်သူလဲ.. ငါ သူ့ကို ဘာလို့ မကြားဖူးတာလဲ”

သွေးသူရိယတောင်ကြား၏ တောင်ကြားသခင်သည် လွန်ခဲ့သည့် ဆယ်နှစ်က အဖြစ်အပျက်ကို အလေးအနက်ထားခဲ့ခြင်း မရှိဘဲ သူက အဆင့် ၄ မဟူရာအင်မော်တယ်တစ်ယောက်ကို မှတ်မိလိမ့်မည် မဟုတ်ပေ။

တောင်ကြားသခင်၏ ဘယ်လက်ရုံးက ခဏမျှ စဉ်းစားပြီးနောက် မေးလိုက်၏။

“အဲဒါ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက နတ်ဆိုးဝံပုလွေတပ်ဖွဲ့က လူငါးရာစလုံးကို သတ်ဖြတ်ခဲ့တဲ့သူ မလား”

“ဟုတ်တယ်.. အဲဒါ သူပဲ”

ချန်ရွှမ်ယန်က မုန်းတီးစွာ ပြောလိုက်၏။

တောင်ကြားသခင်၏ ညာလက်ရုံးက မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။

“လက်စသတ်တော့ အဲဒါ သူကိုး.. ငါ သူ့ကို မှတ်မိသေးတယ်.. လွန်ခဲ့တဲ့ နှစ်တွေထဲမှာ နတ်ဆိုးဝံပုလွေတပ်ဖွဲ့က သူ့ရဲ့ အသက်ကို ဆုကြေးတောင် ထုတ်ပြန်ခဲ့တယ်.. ဒါပေမဲ့ သူတို့က သူ့ကို ရှာမတွေ့ခဲ့ကြဘူး.. အခုတော့ သူက ပြန်ပေါ်လာပြီပဲ”

“တစ်ခုခုတော့ လွဲနေတယ်”

ရုတ်တရက် ဘယ်လက်ရုံးက မေးလိုက်၏။

“လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက သူက အဆင့် ၄ မဟူရာအင်မော်တယ်တစ်ယောက်ပဲ.. ဆယ်နှစ်တည်းနဲ့ သူက ကျင့်ကြံမှုအဆင့်သုံးဆင့်ကို ဆက်တိုက်ချိုးဖျက်တက်လှမ်းပြီး အဆင့် ၇အထိ ကျင့်ကြံလာနိုင်ခဲ့တာလား”

“မဟုတ်ဘူး”

ချန်ရွှမ်ယန်က အလောတကြီး ပြောလိုက်၏။

“သူက အဆင့် ၅ မဟူရာအင်မော်တယ်တစ်ယောက်ပဲ.. သူက အရိပ်မဲ့နဲ့ အခြားနှစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့တယ်ဆိုတာ သူက ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ပြီး ထူးဆန်းတဲ့ နည်းလမ်းတချို့ကို သုံးခဲ့လို့ပဲ”

“သူက ဆယ်နှစ်တည်းနဲ့ အဆင့် ၅ မဟူရာအမြုတေနယ်ပယ်အဆင့်ကို ချိုးဖျက်တက်လှမ်းလာနိုင်ခဲ့တယ်.. အဲဒါကတင် တော်တော်ကြောက်ဖို့ကောင်းနေပြီ”

ညာလက်ရုံးက ခပ်တိုးတိုးပြောလိုက်၏။

ဘယ်လက်ရုံးကလည်း ခေါင်းညိတ်လိုက်၏။

“သူက ဘယ်လိုနည်းလမ်းကိုပဲ သုံးသုံး.. ကျင့်ကြံမှု နယ်ပယ်နှစ်ခုကို ချိုးဖျက်ပြီး အဆင့် ၇ မဟူရာအင်မော်တယ်သုံးယောက်ကို သတ်ဖြတ်နိုင်ခဲ့တယ်ဆိုတာ လွယ်တာမဟုတ်ဘူး.. သူက ခေသူတစ်ယောက် မဟုတ်ဘူး”

ချန်ရွှမ်ယန်က ပြောလိုက်လေသည်။

“အဖေ.. ကျုပ်ရဲ့ လက်ကို အဲဒီ ဆူဇီမိုက ဆွဲဖြုတ်ခဲ့တာ.. ကျုပ်ရဲ့ တုံ့ပြန်မှုကသာ မမြန်ခဲ့ဘူးဆိုရင် ကျုပ်က အခုချိန်မှာ ခင်ဗျားနဲ့တောင် ပြန်တွေ့ရမှာ မဟုတ်တော့ဘူး”

“အဖေ.. ကျုပ် သူ့ကို သတ်ချင်တယ်.. ကျုပ် သူ့ကို သွေးနဲ့ ပြန်ပေးဆပ်ခိုင်းစေချင်တယ်”

သွေးသူရိယတောင်ကြား၏ တောင်ကြားသခင်က ခဏမျှ စဉ်းစားတွေးတောပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ဒီသတင်းကို နတ်ဆိုးဝံပုလွေတပ်ဖွဲ့ဆီ ပို့လိုက်”

ဘယ်လက်ရုံး၏ မျက်ဝန်းက ဝင်းလက်သွား၏။

“တောင်ကြားသခင်.. ခင်ဗျားက အမြော်အမြင် ရှိပါပေတယ်.. နတ်ဆိုးဝံပုလွေတပ်ဖွဲ့ရဲ့ ပြုမူလှုပ်ရှားပုံအရဆို သူတို့က အဲဒီသတင်းကို လက်ခံရရှိတာနဲ့ အဲဒီလူကို သေချာပေါက် အသည်းအသန်ရှာဖွေလိမ့်မယ်”

“ကျုပ်တို့ ဝင်မပါရင်တောင် အဲဒီလူက သေချာပေါက် သေရမှာပဲ”

သွေးသူရိယတောင်ကြား၏ တောင်ကြားသခင်က ဆက်ပြောလိုက်၏။

“နောက်ပြီး.. ကာကွယ်သူရွှယ်.. ခင်ဗျားက နဂါးအသူရာချောက်နက်မြို့တော်ကို ကိုယ်တိုင်သွားဖို့ လုပ်”

“အဲဒီလူက တိုက်ပွဲကနေ အကျိုးအမြတ်များစွာနဲ့ ရတနာတွေကို ရရှိထားတယ်… သူက နဂါးအသူရာချောက်နက်မြို့ကို သွားဖို့ ဖြစ်နိုင်ခြေများတယ်.. နတ်ဆိုးဝံပုလွေတပ်ဖွဲ့က သူ့ကို မသတ်နိုင်ဘူးဆိုရင် မင်းက သူ့ရဲ့ ခေါင်းကို ငါ့အတွက် ယူလာခဲ့”

All Chapters