လိပ်ခွံ
Vol. 123 Ch. 1835
ဆူဇီမိုတို့အုပ်စုသည် ဤခရီးစဥ်မှာ စုစုပေါင်း လူငါးယောက်ပါလာပြီး သူက အမြုတေစုဖွဲ့ဆေးလုံး ငါးထောင်ကို ထုတ်ပေးရမည်ဖြစ်၏။
သူသည် အမြုတေစုဖွဲ့ဆေးလုံးများပါရှိသည့် သိုလှောင်အိတ်တစ်အိတ်ကို ကမ်းပေးလိုက်၏။
တစ်ချိန်တည်းမှာပဲ သူက စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“အဆင့်မြင့်အင်မော်တယ်... ကျုပ်တို့ကို ဖြတ်သွားခွင့်ပေးပါ... အထဲမှာ အမြုတေစုဖွဲ့ဆေးလုံး ခြောက်ထောင်ထည့်ပေးထားပါတယ်”
မြို့စောင့်တပ်သားသည် သွမ်ထျန်လန်၏ မကျေမနပ်ပြောဆိုသံကို ကြားခဲ့သည့်အတွက် သူသည် သူတို့ကိုအခက်တွေ့အောင် လုပ်လာနိုင်ခြေရှိလေသည်။
ဆူဇီမိုသည် နဂါးအသူရာချောက်နက်မြို့တော်၏ မြို့စောင့်တပ်သားများနှင့် ပဋိပက္ခမဖြစ်ချင်ပေ။
ယခုအချိန်မှာ မြို့တော်ထဲသို့ ဝင်ရောက်ဖို့က သူ့အတွက်အရေးကြီးဆုံးကိစ္စဖြစ်လေသည်။
အစကတော့ မြို့စောင့်တပ်သားသည် ဆူဇီမိုတို့အုပ်စုကို တကယ်ပင် အခက်တွေ့အောင်လုပ်ချင်နေခဲ့၏။
သို့သော်လည်း ဆူဇီမို၏ အသံကို ကြားသောအခါ သူ၏ အမူအရာက ပျော့ပျောင်းသွားပြီး ခေါင်းညိတ်ပြလိုက်၏။
“ကျင့်ကြံသူလေး... မင်းက အလိုက်သိသားပဲ”
ထိုလူက စကားများစွာမပြောဆိုတော့ဘဲ အင်မော်တယ်ပညာရပ်တစ်ခုဖြင့် တံဆိပ်ပြားငါးခုကို စုဖွဲ့ကာ ဆူဇီမိုကို ကမ်းပေးလိုက်၏။
“မင်းတို့တွေက နဂါးအသူရာချောက်နက်မြို့တော်ထဲမှာ တစ်ရက်ကြာနေနိုင်တယ်... သွားကြတော့”
ဆူဇီမိုက တံဆိပ်ပြားကို လက်ခံယူပြီး ကျေးဇူးတင်ကြောင်းပြကာ အခြားသူများနှင့်အတူ နဂါးအသူရာချောက်နက်မြို့တော်ထဲသို့ ဝင်ရောက်လိုက်၏။
နဂါးအသူရာချောက်နက်မြို့တော်က အတော်လေးစည်ကားသိုက်မြိုက်လေသည်။
ဆူဇီမိုနှင့် အခြားသူများ မြို့တော်ထဲသို့ ဝင်ရောက်လာသည့်ခဏမှာပင် သူတို့သည် အဆောင်များ ၊ ဓမ္မရတနာများနှင့် ကျင့်ကြံရေးနည်းစနစ်များ ရောင်းချနေသည့် ကျင့်ကြံသူများစွာကို လမ်းမ၏ တစ်ဖက်တစ်ချက်စီမှာ တွေ့မြင်လိုက်ရ၏။
ကြည့်လေရာနေရာတိုင်းမှာ ကျင့်ကြံသူပေါင်းစုံကို တွေ့မြင်ရလေသည်။
ကြီးမားသည့်မြို့တော်က လူပေါင်းများစွာဖြင့် စည်ကားသိုက်မြိုက်နေ၏။
“နဂါးအသူရာချောက်နက်ကြယ်တစ်ခုလုံးမှာ မြို့နာမည်နဲ့ တကယ်ပဲလိုက်ဖက်တာ ဒီမြို့တစ်မြို့ပဲရှိတယ်... နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာရှိတဲ့ ကျင့်ကြံသူတွေက စျေးကွက်တစ်ခုလိုဖြစ်နေတဲ့ ဒီနေရာကို လာရောက်ဖို့ အတတ်နိုင်ဆုံးကြိုးစားကြလိမ့်မယ်”
ယွဲ့ဟောက်က ပြောလိုက်လေသည််။
“အမြုတေစုဖွဲ့ဆေးလုံးတွေကို ဒီနေရာမှာငွေကြေးအဖြစ် အသုံးပြုနိုင်တယ်... ခင်ဗျားက တစ်ခုခုကို ဝယ်ချင်တယ်ဆိုရင် အဲ့ဒါကို အမြုတေစုဖွဲ့ဆေးလုံးများတွေနဲ့ ပေးချေလို့ရတယ်”
ကူဝမ်ကျွင်းက ပြောလိုက်၏။
“နဂါးအသူရာချောက်နက်မြို့ပေါ်မှာ တိုက်ခိုက်တာကို ခွင့်ပြုမထားဘူး... တစ်ယောက်ယောက်က လှုပ်ရှားမှုပြုလုပ်လိုက်တာနဲ့ မြို့စောင့်တပ်တွေက ရောက်လာပြီး အဲ့ဒီကျင့်ကြံသူတွေကို မောင်းထုတ်လိမ့်မယ်”
“အခြေအနေက အသည်းအသန်ဖြစ်လာမယ်ဆို မြို့စောင့်တပ်သားတွေက ပြဿနာရှာတဲ့လူကို နေရာမှာတင် သတ်ဖြတ်ပစ်နိုင်တယ်”
ရှန်ဖေးက ဆက်ပြောလိုက်၏။
“ခင်ဗျားက တိုက်ခိုက်ချင်တယ်ဆိုရင်... ညဘက်ရောက်တဲ့အခါ နဂါးအသူရာချောက်နက်မြို့တော်မှာ ညစျေးလို့ခေါ်တဲ့ နေရာတစ်ခုရှိတယ်”
ခဏမျှရပ်တန့်ပြီးနောက် ရှန်ဖေးက ဆူဇီမိုကို မျက်စိမှိတ်ပြကာ ထူးဆန်းစွာ ရယ်မောလိုက်၏။
“အဲ့ဒီမှာလိုချင်တာ အကုန်ရတယ်... ကျုပ်ကြားတာတော့ ခင်ဗျားက လုံလောက်တဲ့ အမြုတေစုဖွဲ့ဆေးလုံးကို ပေးနိုင်တာနဲ့ အဲ့ဒီမှာ အချောအလှလေးတွေကိုတောင်....”
“အဟမ်း..”
ဘေးကနေ ကူဝမ်ကျွင်း၏ အမူအရာက သုန်မှုန်သွားပြီး သူမက ညင်သာစွာ ချောင်းဟန့်လိုက်၏။
“အရေးကြီးတဲ့ကိစ္စကိုပဲ ပြောကြရအောင်”
ရှန်ဖေးက သူ၏ အပြုံးကို ရုပ်သိမ်းလိုက်ပြီး တည်တံ့စွာ ပြောလိုက်၏။
“ညစျေးမှာ လေလံပွဲတစ်ခုကို ကျင်းပပေးလိမ့်မယ်... အဲ့ဒီလေးလံပွဲမှာ အဖိုးတန်ပြီး ရှားပါးတဲ့ရတနာတော်တော်များများကို တွေ့မြင်ရနိုင်တယ်... လေလံပွဲပြီးရင်တော့ စိန်ခေါ်ပွဲတစ်ခုကို ဆက်ကျင်းပလိမ့်မယ်... နှစ်ဖက်စလုံးက သဘောတူတာနဲ့... သူတို့က သေတဲ့အထိတိုက်ခိုက်နိုင်တယ်”
ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်ပြီးမေးလိုက်၏။
“နဂါးအသူရာချောက်နက်မြို့တော်က အဲ့ဒီညစျေးကို ဝင်မစွက်ဖက်ဘူးလား”
“မလုပ်ဘူး”
ယွဲ့ဟောက်က ခေါင်းခါပြလိုက်၏။
“နဂါးအသူရာချောက်နက်မြို့တော်မှာရှိတဲ့ မြို့စောင့်တပ်သားတွေနဲ့ အဆင့်မြင့်အင်မော်တယ်အတော်များများက တစ်ခါတစ်ရံမှာ စိတ်အပန်းဖြေဖို့အတွက် ညစျေးကိုလာရောက်တတ်ကြတယ်လို့ ကျုပ်ကြားထားတယ်”
ဆူဇီမိုက ခေါင်းညိတ်လိုက်ပြီး လမ်းလျှောက်ရင်း ယွဲ့ဟောက်နှင့် အခြားသူများနှင့် စကားပြောဆိုလာလေသည်။ သူက လမ်း၏ တစ်ဖက်တစ်ချက်စီမှာရှိသော ဆိုင်ငယ်လေးများကို သာမန်ကာလျှံကာ လိုက်ကြည့်နေလေသည်။
ရုတ်တရက်ဆိုသလို...။
ဆူဇီမို၏ အကြည့်က ဆိုင်ခန်းတစ်ခု၏ ရှေ့မှာ ရပ်တန့်သွားလေသည်။
အဲ့ဒီနောက် သူက ဆောင့်ကြောင့်ထိုင်ချကာ ကြည့်လိုက်လေသည်။
ယွဲ့ဟောက်နှင့် အခြားသူများကလည်း ဘေးကနေ စောင့်ကြည့်နေကြ၏။
ဆိုင်ရှင်က သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဖြစ်၏။ အဲ့ဒီမှာ အဆောင်လက်ဖွဲ့များ ၊ ဓမ္မရတနာများနှင့် ဆေးလုံးအချို့ရှိပြီး ကျောက်တုံးများနှင့် တွင်းထွက်ပစ္စည်းအချို့ပင်လျှင် ရှိလေသည်။
“တာအိုရောင်းရင်း... ခင်ဗျားဘာကို သဘောကျသွားလို့ပါလဲ”
သက်လတ်ပိုင်းအရွယ် ဆိုင်ရှင်က မေးလိုက်၏။
ဆူဇီမိုက နိမ့်ကျမဟူရာအဆင့် ဓမ္မရတနာတစ်ခုကိုကောက်ယူပြီး ဂရုတစိုက်စစ်ဆေးကြည့်ကာ စိတ်ကျေနပ်နေပုံရ၏။
ခဏမျှကြည့်ရှုပြီးနောက် ဆူဇီမိုက မေးလိုက်၏။
“တာအိုရောင်းရင်း... ဒီဓမ္မရတနာက ဘယ်လောက်လဲ”
“ဒီဓားက နိမ့်ကျမဟူရာအဆင့်ဆိုပေမယ့် အဲ့ဒါက နိမ့်ကျမဟူရာအဆင့်တွေကြားထဲမှာ အရမ်းကိုထက်ရှပြီးတော့ ထိပ်တန်းအဆင့်မှာရှိတယ်”
သက်လတ်ပိုင်းအရွယ် ဆိုင်ရှင်က ဆက်ပြောလိုက်၏။
“အဲ့ဒီဓားက အနဲဆုံး အမြုတေစုဖွဲ့ဆေးလုံး နှစ်သောင်းထိုက်တန်တယ်”
“ခင်ဗျားက တော်တော် ပြောရဲဆိုရဲရှိတာပဲ”
ဘေးကနေ ရှန်ဖေးက မနေနိုင်တော့ဘဲ လှောင်ရယ်လိုက်၏။
“နိမ့်ကျမဟူရာအဆင့် ဓမ္မရတနာတစ်ခုရဲ့တန်ဖိုးက အမြုစုဖွဲ့ဆေးလုံးတစ်သောင်းပဲရှိတယ်... လျှောက်ပြီးတော့ ဖြီးဖြန်းမနေနဲ့... ကျုပ်တို့က စျေးကွက်တန်ဖိုးနားမလည်ဘူးလို့ ခင်ဗျားထင်လို့လား”
“ကျုပ်ဓားက မတူဘူးလေ”
သက်လတ်ပိုင်းအရွယ်ဆိုင်ရှင်သည် သူ၏ အကြံအစည်ကို ဖော်ထုတ်ခံလိုက်ရသည့်အတွက် ရှက်ရွံသွားသော်လည်း သူက သူ့ကိုယ်သူဟန်လုပ်ပြီး ငြင်းဆန်လိုက်၏။
ဆူဇီမိုက သူ၏ ခေါင်းကို ညင်သာစွာခါပြီး အခက်တွေ့ယောင်ဆောင်ကာ သက်ပြင်းချလိုက်၏။
“အမြုတေစုဖွဲ့ဆေးလုံးနှစ်သောင်းကတော့ တကယ်ပဲ စျေးကြီးလွန်းတယ်”
အဲ့ဒီနောက် ဆူဇီမိုက ဓားကိုပစ်ချပြီး တခြားအရာများကိုကြည့်နေ၏။
သူက မျက်နှာတစ်ခုအရွယ်လိပ်ခွံတစ်ခုကို သာမန်ကာလျှံကာပုံစံဖြင့် ကောက်ယူကာ မျက်မှောင်ကြုတ်၍ မေးလိုက်၏။
“တာအိုရောင်းရင်း... ဒါက ဘာပါလိမ့်”
“အာ...”
သက်လတ်ပိုင်းအရွယ် ဆိုင်ရှင်က အဲ့ဒါကိုတစ်ချက်လှမ်းကြည့်လိုက်၏။
“အဲ့ဒီလိပ်ခွံမှာ အရမ်းကိုထူးခြားတဲ့နောက်ခံတစ်ခုရှိတယ်... ကျုပ်က ရှေးဟောင်းပစ္စည်းနယ်မြေတစ်ခုမှာ အဲ့ဒါကိုအမှတ်တမဲ့....”
“အပိုတွေလျှောက်ပြောမနေနဲ့တော့”
ရှန်ဖေးက လှောင်ရယ်လိုက်၏။
“အဲ့တော့... ခင်ဗျားရဲ့ပစ္စည်းတွေအားလုံးမှာ အဲ့လိုမျိုးစွမ်းအားကြီးမားတဲ့ နောက်ခံတွေ ရှိတာပဲလား”
ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။
“ကျုပ်က... ဒီလိပ်ခွံထဲကို ကောင်းကင်နဲ့မြေကြီးအမြုတေချီထိုးသွင်းကြည့်ပြီးပြီ... ဒါပေမဲ့ အဲ့ဒါက ဘာတုံ့ပြန်မှုမှမရှိဘူး... ဒီပစ္စည်းက ဘယ်လိုလုပ်အသုံးဝင်မှာလဲ”
“တာအိုရောင်းရင်း... ခင်ဗျားမသိဘူးနော်”
သက်လတ်ပိုင်းရွယ်ဆိုင်ရှင်က ပြောလိုက်၏။
“ကျုပ်တို့က သဘာဝဆန်ဆန် ထူးခြားမှုတွေရဲ့နောက်ကွယ်က လျှို့ဝှက်ချက်တစ်ခုကို အလွယ်တကူနဲ့ ဘယ်လိုလုပ်ရှာတွေ့နိုင်ပါ့မလဲ”
“ဒီလိုရတနာမျိုးဆိုတာ ခင်ဗျားက အဲ့ဒါကိုဝယ်ပြီး သေသေချာချာ အချိန်ပေး စစ်ဆေးကြည့်ရှုမှ ခင်ဗျားက အထဲမှာရှိတဲ့လျှို့ဝှက်ချက်တွေကို နားလည်နိုင်မှာ”
“အို... ဟုတ်လား”
ဆူဇီမိုကပြုံး၍ သာမန်ကာလျှံပုံစံဖြင့် မေးလိုက်၏။
“ဒါဆို ဒီလိပ်ခွံကရော ဘယ်လောက်လဲ”
သက်လတ်ပိုင်းအရွယ်ဆိုင်ရှင်က ပြောတော့မည့်ဆဲဆဲမှာပင် သူကမျက်လုံးတစ်ချက်စွေကြည့်လိုက်၏။
“ခင်ဗျားက ဟိုဓားကို အမြုတေစုဖွဲ့ဆေးလုံး နှစ်သောင်းနဲ့ဝယ်မယ်ဆိုရင်... ကျုပ်က ဒီလိပ်ခွံကို လက်ဆောင်အဖြစ် ထည့်ပေးလိုက်မယ်”
“ညီကိုဆူ... သွားကြရအောင်”
ဆူဇီမိုက လှည့်စားခံရတော့မည်ကို တွေ့မြင်သောအခါ ယွဲ့ဟောက်က မနေနိုင်တော့ဘဲ ဆူဇီမိုကို အတင်းဆွဲခေါ်လိုက်လေသည်။
မထင်မှတ်ထားစွာပင် ဆူဇီမိုက သိုလှောင်အိတ်တစ်အိတ်ကို ထုတ်ယူပြီး သက်လတ်ပိုင်းအရွယ် ဆိုင်ရှင်၏ ရှေ့သို့ ပစ်ထုတ်ပေးလိုက်၏။
“အဲ့ဒါက အမြုတေစုဖွဲ့ဆေးလုံး နှစ်သောင်းပဲ... အဲ့ဒါကို ကျုပ်ဝယ်မယ်”
သက်လတ်ပိုင်းအရွယ်ဆိုင်ရှင်က မှင်တက်သွားပြီးနောက် အဲ့ဒါကို မယုံကြည်နိုင်သေးပေ။
သူသည် သိုလှောင်အိတ်ကို ဖွင့်ကြည့်လိုက်သောအခါ အထဲမှာ တကယ်ပင် အမြုတေစုဖွဲ့ဆေးလုံး နှစ်သောင်းရှိနေ၏။
သူက လိပ်ခွံကို ဒီတိုင်းကောက်ရလာခဲ့ခြင်းဖြစ်ပြီး အဲ့ဒါက လုံးဝသုံးစားမရပေ။
ထိုဓား၏ တန်ဖိုးကလည်း အမြုတေစုဖွဲ့ဆေးလုံး တစ်သောင်းဝန်းကျင်သာရှိလေသည်။
ချောမောသန့်ပြန့်နေသော ဤကျင့်ကြံသူက နိမ့်ကျမဟူရာအဆင့် ဓမ္မရတနာတစ်ခုကို အမြုတေစုဖွဲ့ဆေးလုံး နှစ်သောင်းပေး၍ဝယ်ပြီး အလွယ်တကူလှည့်စားခံလိုက်ရသည်ဆိုတော့...။
ထိုသို့အတွေးဖြင့် သက်လတ်ပိုင်းအရွယ် ဆိုင်ရှင်က အမြုတေစုဖွဲ့ဆေးလုံး နှစ်သောင်းကို ကပျာကယာသိမ်းဆည်းကာ ဓားနှင့်လိပ်ခွံကို ဆူဇီမိုထံသို့ ပစ်ပေးလိုက်လေသည်။
ဆူဇီမိုက သူ့စကားသူ မတည်တော့မည်ကို သူကစိုးရိမ်နေ၏။
“အာ...”
အဲ့ဒါကို တွေ့မြင်သောအခါ ယွဲ့ဟောက်နှင့် အခြားနှစ်ယောက်က အကြည့်ချင်းဖလှယ်ပြီးနောက် ဘာမှမတတ်နိုင်ဘဲ သက်ပြင်းသာချလိုက်ရ၏။
ယခုအချိန်မှာ ပေးချေမှုက ပြီးမြောက်သွားခဲ့ပြီဖြစ်၏။ သူတို့က သူ့ကို ဖျောင်းဖျချင်သည်ဆိုလျှင်တောင် မရတော့ပေ။
“နေပါဦး”
ထိုစဥ်မှာပင် မိန်းမဆန်ဆန်အသံတစ်သံက မလှမ်းမကမ်းကနေ ထွက်ပေါ်လာ၏။
အဲ့ဒီနောက် လူငယ်တစ်ယောက်က အပြေးအလွှားဝင်ရောက်လာပြီး ဆူဇီမိုထံသို့ ပစ်ထုတ်ပေးလိုက်သောလိပ်ခွံကို လက်လှမ်းကာ ဖမ်းဆွဲလိုက်၏။
ကြည့်ရသည်မှာ သူသည် လိပ်ခွံအတွက်ယှက်ပြိုင်လိုသည့်သဘောပင်။
ဆူဇီမိုက သူ၏ မျက်လုံးကို မှေးကျဥ်းပြီး အေးစက်စက်နှာတစ်ချက်မှုတ်ကာ လူငယ်၏ လက်ကောက်ဝတ်ကို ညင်သာစွာ လှမ်းတောက်လိုက်လေသည်။
ယခုအချိန်မှာ သူသည် နဂါးအသူရာချောက်နက်မြို့တော်သို့ရောက်ရှိနေပြီး သူက မည်သည့်နတ်ဘုရားစွမ်းအား သို့မဟုတ် လျှို့ဝှက်အတတ်ကိုမှ မထုတ်ဖော်နိုင်ပေ။
သို့သော်လည်း သူ၏ လက်ညှိုးသည် ထက်ရှသော ဂမ္ဘီရလက်နက်တချို့နှင့် မခြားနားပေ။
အဲ့ဒါက ဘယ်လောက်တောင်စွမ်းအားကြီးမားသည်ကို နားလည်သိရှိသွားပြီး လူငယ်၏ အမူအရာက ပြောင်းလဲသွားကာ သူ၏ လက်ကို ကပျာကယာပြန်ရုပ်လိုက်၏။ ဆူဇီမိုက လိပ်ခွံကို သူ၏ လက်ထဲမှာ ဖမ်းဆွဲလိုက်ပြီး သိုလှောင်အိတ်ထဲသို့ထည့်ကာ လူငယ်ကို အေးစက်စွာစိုက်ကြည့်လိုက်၏။