← Chapters

ဘေးကျပ်နံကျပ်

Vol. 123 Ch. 1837

ဘေးကျပ်နံကျပ်

Vol. 123 Ch. 1837

“မင်းက ကိုယ်တိုင်တိုက်ခိုက်မှာလား”

ဆူဇီမို၏ အကြည့်က မလှမ်းမကမ်းမှာ ရှိသော တင်းယွီထံ ရောက်ရှိသွားလေသည်။

တင်းယွီက သူ၏ ခေါင်းကို အနည်းငယ်မော့ပြီး ဝင့်ကြွားစွာ ပြောလိုက်၏။

“ဒါပေါ့.. ငါက ငါ ရသင့်တဲ့အရာကို ကိုယ်တိုင်ယူပြီး လီလေးကို ပေးမယ်”

ဆူဇီမိုက တုံ့ဆိုင်းခြင်း မရှိဘဲ ခေါင်းညိတ်ပြလိုက်၏။

“ရတယ်လေ”

ယွဲ့ဟောက်နှင့်​ အခြားသူများက အသံတိတ်နေကြ၏။

သူတို့သည် ဆူဇီမို၏ အစွမ်းအစကို ကိုယ်တိုင်မြင်တွေ့ထားဖူးလေသည်။ ထိပ်တိုင်ရင်ဆိုင်တိုက်ခိုက်ကြမည်ဆိုလျှင်တောင် တင်းယွီသည် ဆူဇီမိုကို ယှဉ်နိုင်ချင်မှ ယှဉ်နိုင်ပေလိမ့်မည်။

တင်းယွီက အလွန်တရာ ယုံကြည်မှု ရှိနေပြီး ဆူဇီမိုကို အတည်အတံ့ မမှတ်ယူပေ။

သူ၏ ထင်မြင်ချက်အရ ဆူဇီမိုသည် ဤကဲ့သို့ အလွယ်တကူ သဘောတူလိုက်သည်မှာ ခေါင်းဆောင်တပ်မှူးလျှို့၏ ဖိအားအောက်တွင် သူက တခြားရွေးချယ်စရာ မရှိသောကြောင့်ပင်။

ခေါင်းဆောင်တပ်မှူးလျှို့က စိတ်ကျေနပ်စွာဖြင့် မသိမသာ ခေါင်းညိတ်လိုက်၏။

သူ၏ မျက်လုံးထဲမှာ တင်းယွီဖြစ်စေ.. ဆူဇီမိုဖြစ်စေ.. သူတို့က နိမ့်ကျသက်ရှိများသာ ဖြစ်လေသည်။

သို့သော်လည်း တင်းယွီက အလိုက်သိသော နိမ့်ကျသက်ရှိဖြစ်၏။

ကျင့်ကြံခြင်းက ပျင်းရိစရာကောင်းပြီး အထူးသဖြင့် အစိမ်းရောင်တိမ်စိုင်တိုင်းပြည်၏ အစွန်အဖျား နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ ဖြစ်လေသည်။ မဟာကျင်းနိုင်ငံ၏ အစောင့်တပ်သားများအနေဖြင့်ပင်လျှင် သူတို့ကိုဖျော်ဖြေပေးနိုင်တာ ဤနေရာမှာ များစွာ မရှိပေ။

နိမ့်ကျသက်ရှိများ တစ်ယောက်နှင့်တစ်ယောက် အသေအကြေ တိုက်ခိုက်သည်ကို ကြည့်ရှုရခြင်းက သူတို့အတွက် စိတ်ကျေနပ်မှု အနည်းငယ် ရရှိစေပေလိမ့်မည်။

“အဲဒီ အစိမ်းရောင်ဝတ် ကျင့်ကြံသူကို ကြည့်ရတာ ရင်းနှီးနေသလိုပဲ”

ထိုစဉ်မှာပင် လူအုပ်ကြီးထဲကနေ အသံတစ်သံ ထွက်ပေါ်လာ၏။

အဲဒီနောက် နောက်ထပ်တစ်ယောက်က ပြောလိုက်၏။

“အဲဒီလူက နတ်ဆိုးဝံပုလွေတပ်ဖွဲ့က ဆုကြေးထုတ်ထားတဲ့လူမလား.. သူ့နာမည်က ဆူဇီမိုလေ”

“ဟုတ်တာပေါ့.. သူနဲ့ တော်တော်ဆင်တူတာပဲ”

“အဲဒါ သူပေါ့”

လူအုပ်ကြီးက ဆွေးနွေးပြောဆိုလိုက်ကြ၏။

ထိုအခိုက်အတန့်မှာ မရေမတွက်နိုင်သော အကြည့်များက ဆူဇီမိုအပေါ်သို့ ဆင်းသက်လာခဲ့၏။ အဲဒီမှာ ပူပြင်းတောက်လောင်ခြင်း၊ ရန်လိုခြင်း၊ လောဘရမ္မတက်ခြင်း၊ သတ်ဖြတ်လိုခြင်းနှင့် သနားကရုဏာသက်ခြင်းတို့ ပါဝင်နေ၏။

အမြုတေစုဖွဲ့ဆေးလုံး တစ်သိန်းဟူသော ဆုကြေးမှာ မည်သည့် မဟူရာအင်မော်တယ်မဆို လောဘတက်လာစေလိမ့်မည်။

ကျင့်ကြံသူများက ပို၍ ပို၍ စုဝေးလာကြ၏။

များပြားလှသော လူများ၏ အကြည့်များအောက်မှာ ယွဲ့ဟောက်နှင့် အခြားသူများက ဖိအားဒဏ်ကို ခံစားလာရပြီး ထိတ်ထိတ်ပျာပျာဖြစ်လာကြ၏။

အာရုံစိုက်မှု၏ အလယ်မှာ ရှိသော ဆူဇီမိုအပေါ် ဖိအားက ဘယ်လောက်တောင် ကြီးမားမလဲ စဉ်းစားကြည့်ဖို့ ခက်ခဲ၏။

လူတိုင်းက ဆူဇီမိုကို အလိုလိုကြည့်ပြီး ရင်တစ်ချက်ထိတ်သွား၏။

ဤကဲ့သို့သော အခြေအနေမှာပင်လျှင် သူသည် မည်သည့် ရန်လိုစိတ်ကိုမှ အာရုံမခံမိသည့်အလား ဆူဇီမို၏ အမူအရာက တည်ငြိမ်နေ၏။

“ဒီလူ့ရဲ့ စိတ်နေစရိုက်နဲ့ သတ္တိကတော့ တကယ့်ကို ရှားရှားပါးပါးပဲ”

လူအုပ်ကြီးထဲမှာ အဝါရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်က မသိမသာ ခေါင်းညိတ်၍ ညင်သာစွာ ပြောလိုက်၏။

အဝါရောင်ဝတ် အမျိုးသမီး၏ ဘေးပတ်လည်မှာ သူမကို ကာကွယ်ပေးနေသည့် ကျင့်ကြံသူ ဆယ်ယောက်ကျော် ရှိလေသည်။

အဝါရောင်ဝတ် အမျိုးသမီး၏ နောက်ဘက်မှာ သက်လတ်ပိုင်းအရွယ် ဗလတောင့်တောင့် အမျိုးသားတစ်ယောက်က မတ်တတ်ရပ်နေ၏။ သူက သန်မာပြီး စွမ်းရည်ပြည့်ဝသည့်ပုံပေါ်လေသည်။

“သခင်မ.. ခင်ဗျားပြောတာ မှန်တယ်.. သူက တကယ့်ကို ထူးခြားတယ်”

သက်လတ်ပိုင်းအရွယ် ဗလတောင့်တောင့် အမျိုးသားက ပြောလိုက်၏။

အဝါရောင်ဝတ် အမျိုးသမီးနှင့် မလှမ်းမကမ်းတွင် နောက်ထပ်လူတစ်အုပ်စု ရှိလေသည်။

အလယ်မှာ ရှိသောလူက ချောမောလှပသော အမျိုးသမီးတစ်ဦးဖြစ်၏။ သူမသည် အတော်လေး အရာရောက်သော အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားပုံရပြီး လူတိုင်းက သူမကို ကာကွယ်ပေးနေကြ၏။ သူမသည် မြေကြီးနှင့် တိုက်နေသည့် အပြာနုနု ဝတ်စုံတစ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ မျက်လုံးများက လျှပ်စီးရောင်ဖြင့် တောက်ပနေ​၏။

အပြာရောင်ဝတ် အမျိုးသမီးက အဝါရောင်ဝတ် အမျိုးသမီး ပြောသည့်စကားကို ကြားသွားပုံရပြီး ရုတ်တရက် ပြုံးလိုက်၏။

“အစ်မရှု ပြောတာ မှန်တယ်.. ကံဆိုးတာကတော့ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က နည်းနည်းလေး နိမ့်ကျနေတာပဲ.. အခု သူက တင်းယွီနဲ့ အတိုက်အခံဖြစ်ပြီး နတ်ဆိုးဝံပုလွေတပ်ဖွဲ့ရဲ့ အမဲလိုက်ခြင်းကိုလည်း ခံနေရတယ်.. သူကို မိတ်ဆွေဖွဲ့ဖို့ တကယ့်ကို မထိုက်တန်ဘူး”

အဝါရောင်ဝတ် အမျိုးသမီးက ပြုံးရုံသာ ပြုံး၍ ငြင်းဆန်ခြင်း မရှိပေ။ အဲဒီနောက် သူမက မေးလိုက်လေသည်။

“ညီမယွမ်.. နင်လည်း ဒီကို အဲဒီအရာအတွက် ရောက်လာတာမလား”

“ဒါပေါ့”

အပြာရောင်ဝတ် အမျိုးသမီးက ပြုံးပြလိုက်၏။

“ဒီတစ်ခေါက် အဖွဲ့အစည်းကြီး ရှစ်ခုက နဂါးအသူရာချောက်နက်မြို့မှာ စုဝေးလာကြတာလည်း အဲဒါကြောင့်ပဲ မဟုတ်ဘူးလား”

အဝါရောင်ဝတ် အမျိုးသမီးက ပြန်ပြောလိုက်၏။

“အတိအကျတော့ မဟုတ်ဘူး.. ငါသိရသလောက်ဆိုရင် သွေးသူရိယတောင်ကြားကနေ တစ်ယောက်မှ ရောက်မလာဘူး”

“အစ်မရှု.. နောက်ပြီးကျရင် တွေ့ကြတာပေါ့.. အဲဒီအချိန်ကျရင် နင်က သနားညှာတာမှု ပြပေးမယ်လို့ ငါမျှော်လင့်မိတယ်”

အပြာရောင်ဝတ် အမျိုးသမီးက ထိုသို့ပြောပြီးနောက် လှည့်ထွက်သွားလေသည်။

ဆူညံနေသော လူအုပ်ထဲမှာ သူတို့နှစ်ယောက်ကြား အပြန်အလှန်ပြောဆိုမှုကို ကွဲကွဲပြားပြား ကြားသိနိုင်ဖို့ မဖြစ်နိုင်ပေ။

သို့သော်လည်း ဆူဇီမိုသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ပိုင်ဆိုင်ထားပြီး သူ၏ အကြားအာရုံက ကြောက်စရာကောင်းလေသည်။ သူသည် ဆူညံနေသော လူအုပ်ထဲမှာ သူတို့နှစ်ယောက် ပြောဆိုနေသည့် စကားများကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။

သူတို့၏ အပြန်အလှန်ပြောဆိုမှုက တိုတောင်းသော်လည်း အဲဒီမှာ သတင်းအချက်အလက်များစွာ ပါဝင်လေသည်။

ဤတစ်ခေါက်မှာ ရတနာတစ်ခုက ပေါ်ထွက်လာပုံရပြီး အဲဒါကို ညစျေးမှာ လေလံတင်တော့မည့်ပုံပင်။ ထိုသို့ဖြင့် နဂါးအသူရာချောက်နက်ကြယ်၏ အဖွဲ့အစည်းကြီး ရှစ်ခုက စုဝေးလာကြခြင်း ဖြစ်ပေလိမ့်မည်။

ကြည့်ရသည်မှာ အဖွဲ့အစည်းကြီး ရှစ်ခုသည် ထိုရတနာကို အတော်လေး အလေးအနက်ထားသည့်ပုံပင်။

သူတို့သည် သူတို့၏ အဖွဲ့အစည်းများထံမှ အရေးပါသော ပုဂ္ဂိုလ်များကိုပင် စေလွှတ်ခဲ့ကြလေသည်။

တင်းယွီ၊ ကျန်းလီနှင့် ဆူဇီမိုကြောင့် လက်တစ်ဖက် ပြတ်သွားခဲ့သော ချန်ရွှမ်ယန်တို့သည် အဖွဲ့အစည်းကြီးများ၏ သခင်လေးများနှင့် သခင်မလေးများ ဖြစ်ကြ၏။

“လက်စသတ်တော့ အဲဒါ မင်းပဲ”

တင်းယွီသည် သူ၏ ဘေးပတ်လည်မှ ပြောဆိုသံများကို ကြားရသောအခါ သူက ရယ်မောလိုက်လေသည်။

“ကြည့်ရတာတော့ ဆုကြေးထုတ်ပြန်ထားတဲ့ အမြုတေစုဖွဲ့ဆေးလုံး တစ်သိန်းက ငါ့အတွက်ဖြစ်တော့မယ်နဲ့ တူတယ်.. ဟားဟားဟားဟား”

တင်းယွီအတွက်တော့ ဆူဇီမိုက သေလူတစ်ယောက် ဖြစ်နေလေပြီ။

“မင်း မြို့ထဲက ထွက်မသွားတာ ပိုကောင်းလိမ့်မယ်”

တင်းယွီက ဆူဇီမိုကို ပြုံး၍ ကြည့်လိုက်၏။

“အခုချိန်မှာ မင်းကို စောင့်ကြည့်နေတဲ့ မျက်လုံးတွေ အများကြီးရှိနေပြီ.. မင်းထွက်သွားတာနဲ့ မင်းက အပိုင်းပိုင်း ဆုတ်ဖြဲခံရမယ်ဆိုတာ ငါ အာမခံတယ်”

“မင်းက ညစျေးမှာ ငါနဲ့ တိုက်ခိုက်မှပဲ အသက်ရှင်ဖို့အတွက် အခွင့်အရေးတစ်ခု ရနိုင်လိမ့်မယ်”

ထိုသို့ပြောပြီးနောက် တင်းယွီက ဟားတိုက်ရယ်မောကာ ရွှင်မြူးအားရစွာဖြင့် ထွက်ခွာသွားလေသည်။

ထိုသို့ သူပြောလိုက်သော်လည်း သူက နဂါးအသူရာချောက်နက်မြို့ကနေ ဆူဇီမို ထွက်ခွာသွားမည်ကို မစိုးရိမ်ရပေ။

ယခု ဆူဇီမို၏ သရုပ်သကန်က ပေါက်ကြားသွားပြီဖြစ်ပြီး အမြုတေစုဖွဲ့ဆေးလုံး တစ်သိန်းအတွက် မရေမတွက်နိုင်သော လူများက သူ့ကို တိုက်ခိုက်ချင်နေကြ၏။

နဂါးအသူရာချောက်နက်မြို့ထဲမှာ မည်သူကမှ တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း သူတို့သည် နဂါးအသူရာချောက်နက်မြို့တော်ကနေ ထွက်ခွာသည်နှင့် မြို့ဂိတ်တံခါးမှာပင် စိတ်ရှိသလို သတ်ဖြတ်နိုင်ကြလေသည်။

တင်းယွီ ထွက်ခွာသွားခြင်းနှင့်အတူ လူအုပ်ကြီးက တဖြည်းဖြည်း လူစုကွဲသွားကြလေသည်။

သို့သော်လည်း တကယ်တမ်းမှာတော့ ဆူဇီမို၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသည့် ကျင့်ကြံသူပေါင်းများစွာက အနီးအနားမှာ ရစ်ဝဲနေကြဆဲဖြစ်၏။

ယွဲ့ဟောက်နှင့် အခြားသူများ၏ အမူအရာများက သုန်မှုန်လာခဲ့၏။

လက်ရှိအခြေအနေသည် သူတို့အတွက် အလွန်တရာ အရေးမသာဖြစ်လာခဲ့၏။

သူတို့က ညစျေးကပ်ဘေးကနေ ရှင်သန်နိုင်ခဲ့မည်ဆိုလျှင်တောင် သူတို့သည် နဂါးအသူရာချောက်နက်မြို့တော်ကနေ ထွက်ခွာသည့် ခဏမှာပင် ကျင့်ကြံသူများစွာ၏ အမဲလိုက်ခြင်းကို ခံရတော့မည်ဖြစ်၏။

“တာအိုရောင်းရင်းဆူ”

ထိုစဉ်မှာပင် ဆူဇီမို၏ နောက်ဘက်ကနေ ညင်သာသော အော်ခေါ်သံတစ်သံ ထွက်ပေါ်လာ၏။

ဆူဇီမိုက လှ​ည့်ကြည့်လိုက်၏။

မလှမ်းမကမ်းတွင် ကျင့်ကြံသူ တစ်အုပ်စုက လျှောက်လှမ်းလာ၏။ သူတို့၏ ခေါင်းဆောင်က အဝါရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူမ၏ မျက်နှာပေါ်တွင် ခပ်ရေးရေး အပြုံးတစ်ခု ရှိကာ ဆူဇီမိုထံသို့ လက်သီးနှစ်ဖက် ယှက်ပြလိုက်၏။

ယွဲ့ဟောက်က ထိုကျင့်ကြံသူများ၏ အင်္ကျီလက်စပေါ်မှ အမှတ်အသားများကို ကြည့်ပြီး ပြောလိုက်လေသည်။

“အဲဒီလူတွေက အမြွှာနဂါးဂိုဏ်းက လူတွေပဲ”

အမြွှာနဂါးဂိုဏ်းသည် အဖွဲ့အစည်းကြီး ရှစ်ခုထဲမှ တစ်ခုဖြစ်၏။

အမြွှာနဂါးဂိုဏ်းကို အဆင့်ရှစ် မဟူရာအင်မော်တယ်နှစ်ယောက်က တည်ထောင်ထားခဲ့ခြင်း ဖြစ်လေသည်။ သူတို့နှစ်ယောက်သည် သွေးသောက် မောင်နှမများဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ်ထဲမှာ နဂါးသွေးတချို့ လှည့်ပတ်စီးဆင်းနေသည်ဟု ဆိုလေသည်။ သူတို့က အလွန်တရာ သန်မာကြ၏။

နဂါးအသူရာချောက်နက်ကြယ်ပေါ်ရှိ အဖွဲ့အစည်းကြီးများ အားလုံးသည် သူတို့၏ ဝတ်စုံများနှင့် တံဆိပ်ပြားများပေါ်တွင် တစ်မူထူးခြားသော အမှတ်အသားများကို ထားရှိကြလေသည်။

အမြွှာနဂါးဂိုဏ်းမှ သူများ၏ အင်္ကျီလက်စပေါ်တွင် နတ်နဂါးတစ်ကောင်ကို ဆေးမင်ကြောင် ထိုးထားလေသည်။

“ဘာတွေဖြစ်နေတာလဲ.. နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ ရှိတဲ့ အဖွဲ့အစည်းကြီးတွေ အကုန်လုံးက တစ်ချိန်တည်းမှာ ဒီကို ဘာလို့ရောက်လာတာလဲ”

ရှန်ဖေးက တီးတိုးရေရွတ်လိုက်၏။

အဝါရောင်ဝတ် အမျိုးသမီးက အပြုံးနှင့်အတူ ချဉ်းကပ်လာလေသည်။

“ကျွန်မက အမြွှာနဂါးဂိုဏ်းက ရှုဝမ်ပါ”

ကူဝမ်ကျွင်းက သူမ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“အမြွှာနဂါးဂိုဏ်းက ဂိုဏ်းချုပ်တစ်ယောက်ရဲ့ မျိုးရိုးနာမည်က ရှုဖြစ်တယ်လို့ ကျွန်မ ကြားဖူးတယ်”

“ကျုပ်က ဆူဇီမိုပါ”

ဆူဇီမိုက လက်သီးနှစ်ဖက်ကို ပြန်ယှက်ပြလိုက်၏။

ရှုဝမ်က ညင်သာစွာ ပြုံး၍ မေးလိုက်၏။

“တာအိုရောင်းရင်းဆူ.. တိုက်ပွဲအတွက် ရှင် ယုံကြည်မှု ဘယ်လောက်ရှိလဲ”

“အဲဒါက အဆင်ပြေမှာပါ”

ဆူဇီမိုက မရေမရာ ပြန်ဖြေလိုက်၏။

ရှုဝမ်က အသံတစ်ခုကို ပို့လွှတ်လိုက်လေသည်။

“ရှင် ကျွန်မကို ယုံမယ်ဆိုရင် ဒီတိုက်ပွဲကို ရှောင်လွှဲဖို့အတွက် ကျွန်မ ရှင့်ကို မြို့ထဲကနေ တိတ်တဆိတ် ထုတ်ပေးနိုင်တယ်”

ဆူဇီမိုက ရှုဝမ်ကို လေးနက်စွာ ကြည့်လိုက်၏။

ရှုဝမ်၏ အကြည့်က ရိုးသားမှုရှိပြီး သူမက သူ့အကြည့်ကို လုံးဝ မရှောင်လွှဲပေ။

အဲဒါက ဆူဇီမိုကို အနည်းငယ် အံ့အားသင့်သွားစေ၏။

လက်ရှိအခြေအနေအရ နတ်ဆိုးဝံပုလွေတပ်ဖွဲ့ကနေ ထုတ်ပြန်ထားသည့် မြင့်မားသော ဆုကြေးအတွက် သူ၏ အသက်ကို လိုချင်နေသော လူများ မရေမတွက်နိုင်အောင် ရှိလေသည်။

ထိုလူများကြားထဲမှာ တစ်စုံတစ်ယောက်ကတော့ သူ့ကို ကူညီပေးချင်စိတ် ရှိလာခဲ့လေသည်။

All Chapters