← Chapters

အင်ကြင်းပင်၏ အရွက်

Vol. 123 Ch. 1838

အင်ကြင်းပင်၏ အရွက်

Vol. 123 Ch. 1838

“ခင်ဗျားရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်”

ဆူဇီမိုက ငြင်းပယ်လိုက်၏။

“ဒါပေမဲ့ ကျုပ်က ညစျေးကို သွားကြည့်ချင်သေးတယ်”

ဆူဇီမိုက ငြင်းပယ်လိုက်သောအခါ ရှုဝမ်က ထိုအကြောင်းကို ထပ်မံ၍ မပြောဆိုတော့ပေ။ ထိုအစား သူမက ဆက်ပြောလိုက်၏။

“ကျွန်မ သိရသလောက်ဆိုရင် သွေးသူရိယတောင်ကြားက လွဲရင် နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ ရှိတဲ့ အဖွဲ့အစည်းကြီးတွေက ကျင့်ကြံသူတွေ အတော်များများက ညစျေးမှာ ဝင်ပါဖို့အတွက် ဒီကိုရောက်လာကြတာ.. အဲဒါ ဘာလို့လဲ.. တာအိုရောင်းရင်းဆူ သိလား”

“ကျုပ် မသိဘူး”

ဆူဇီမိုက ခေါင်းခါပြလိုက်၏။

“ကျေးဇူးပြုပြီး ရှင်းပြပေးပါဦး တာအိုရောင်းရင်း”

ရှုဝမ်က ပြောလိုက်၏။

“ဒီတစ်ခေါက် ညစျေးမှာ ရတနာတစ်ခုကို လေလံတင်မှာ.. အဲဒါက အင်ကြင်းပင်ရဲ့ အရွက်တစ်ရွက်ပဲ”

“အမ်”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။

အင်ကြင်းပင်သည် ဗုဒ္ဓကျောင်းတော်များ၏ အထွတ်အမြတ် သစ်ပင်သုံးပင်ထဲမှ တစ်ပင်ဖြစ်၏။

ဒဏ္ဍာရီအရဆို ဗုဒ္ဓသည် အသောကသစ်ပင်အောက်မှာ မွေးဖွားလာပြီး ဗောဓိပင်အောက်မှာ တာအိုကို နားလည်ဆင်ခြင်ခဲ့၏။ နောက်ဆုံးမှာ သူသည် အင်ကြင်းပင်အောက်မှာ ပရိနိဗ္ဗာန်စံသွားခဲ့လေသည်။

ထိုအထွတ်အမြတ် သစ်ပင်တစ်ပင်ချင်းစီသည် အံ့မခန်း စွမ်းပကားတစ်ခုစီကို ပိုင်ဆိုင်ထား၏။

ထျန်ဟွမ်ကုန်းမြေတိုက်တွင် ညိုးခြောက်နေသော အာသောက ပန်းပွင့်တစ်ပွင့်မျှက ကြောက်စရာကောင်းသော အသက်ဓာတ်စွမ်းအားကို ပိုင်ဆိုင်ထားပြီး ဆူဇီမိုကို သူ၏ ရွှေအမြုတေ ပြန်လည်တည်ဆောက်နိုင်ရန် ကူညီပေးခဲ့၏။

တကယ်တော့ ထျန်ဟွမ်ကုန်းမြေတိုက်ကဲ့သို့ ကမ္ဘာငယ်တစ်ခုမှာ သူတို့သည် အထွတ်အမြတ် သစ်ပင်သုံးပင်နှင့် ထိတွေ့နိုင်စရာ အကြောင်းမရှိပေ။

ထျန်ဟွမ်ကုန်းမြေတိုက်မှ အသောကပန်းပွင့်တစ်ပွင့်တည်းကပင် ဗုဒ္ဓကျောင်းတော်များ၏ အဆုံးစွန် ရတနာတစ်ခု ဖြစ်နေခဲ့လေပြီ။

ယခု သူက အထက်ဘုံသို့ တက်လှမ်းလာပြီး မကြာခင်မှာပင် ဗုဒ္ဓကျောင်းတော်များ၏ နောက်ထပ် အထွတ်အမြတ်သစ်ပင် အင်ကြင်းပင်၏ သတင်းအချက်အလက်ကို ရရှိထား၏။ ဒါ့အပြင် အဲဒါက အစွန်အဖျား နဂါးအသူရာချောက်နက်ကြယ်မှာ ဖြစ်လေသည်။

အဲဒါက သစ်ရွက်တစ်ရွက်သာဖြစ်သော်လည်း ၎င်းမှာ အင်အားကြီးမားသော စွမ်းပကားတစ်ခု သေချာပေါက် ပါဝင်ပေလိမ့်မည်။

ပို၍ အရေးကြီးသည်မှာ ဗုဒ္ဓသည် အင်ကြင်းပင်အောက်မှာ နိဗ္ဗာန်သို့ ဝင်ရောက်သွားခဲ့၏။

သူက ထိုသစ်ရွက်ကို ရရှိနိုင်မည်ဆိုလျှင် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို နားလည်ဆင်ခြင်ရာမှာ အဲဒါက သူ့ကို မထင်မှတ်ထားသော အကူအညီများ ပေးနိုင်ပေလိမ့်မည်။

“အဲဒီ အင်ကြင်းပင်ဆိုတာက ဗုဒ္ဓကျောင်းတော်တွေရဲ့ အထွတ်အမြတ် အပင်သုံးပင်ထဲက တစ်ပင်ပဲ”

ဆူဇီမိုက ငြိမ်သက်နေသည်ကို တွေ့မြင်သောအခါ သူက အသောက သစ်ပင်အကြောင်း မကြားဖူးလောက်ဟု ထင်ပြီး ရှုဝမ်က ထိုသစ်ပင်၏ ဇစ်မြစ်ကို အကျဉ်းချုံးရှင်းပြလိုက်၏။

ခဏမျှ ရပ်တန့်ပြီးနောက် ရှုဝမ်က ဆက်ပြောလိုက်၏။

“ရှင်က အဲဒီ အင်ကြင်းပင်ရဲ့ အရွက်ကို ရနိုင်မယ်ဆိုရင် ရှင်က ကောင်းကင်နဲ့မြေကြီး အမြုတေချီတွေကို စုဆောင်းပြီး ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့ အမြုတေချီကို ပိုပြီး ကြွယ်ဝလာအောင် လုပ်နိုင်တယ်”

“အဲ့လိုဆိုရင် အင်မော်တယ်ဆေးပင်တွေရဲ့ ကြီးထွားမှုနှုန်းကပဲဖြစ်ဖြစ်.. ကျင့်ကြံမှုအမြန်နှုန်းကပဲဖြစ်ဖြစ်.. အကုန်လုံးက အရှိန်အဟုန် မြင့်တက်လာလိမ့်မယ်”

“အို.. ဟုတ်လား”

ဆူဇီမိုက မျက်ခုံးပင့်လိုက်၏။

ရှုဝမ်က ပြန်ပြောလိုက်လေသည်။

“ဝိညာဉ်အားဖြည့်မြက်နဲ့ မိုးနှင်းပန်းတွေက နှစ်တစ်ရာတိုင်းမှာ တစ်ကြိမ် ရင့်မှည့်တယ်.. အဲဒီသစ်ရွက်ရဲ့ အထောက်အပံ့ ရရှိမယ်ဆိုရင် အဲဒီ အင်မော်တယ်ဆေးပင်နှစ်ပင်ရဲ့ ရင့်မှည့်မယ့် အချိန်ကာလက ဆယ်နှစ်အထိ လျော့ကျသွားနိုင်တယ်လို့ ပြောတယ်”

“အဲဒါကတော့ တကယ့် အံ့မခန်းပဲ”

ဆူဇီမိုက အံ့အားသင့်ဟန်ဖြင့် ပြောလိုက်၏။

ဘေးကနေ သွမ့်ထျန်လျန်၊ ခွေးဝါကြီးနှင့် ယင်ကျောက်တို့မှာ ထူးဆန်းသော အမူအရာများ ရှိနေကြ၏။

လက်ရှိလူတိုင်းကြားမှာ သူတို့သုံးယောက်ကသာလျှင် ဆူဇီမို၏ နောက်ခံကို သိရှိထားကြ၏။

ရှုဝမ် ပြောပုံအရ အင်ကြင်းပင်၏ သစ်ရွက်နှင့်အတူ အင်မော်တယ်ဆေးပင်နှစ်ပင်က နှစ်ကိုးဆယ်အတွင်း ရင့်မှည့်နိုင်မည် ဖြစ်လေသည်။

သို့သော်လည်း ဆူဇီမို အနားမှာ ရှိသည့် အင်မော်တယ်ဆေးပင်များက တစ်နှစ်အတွင်းမှာပင် ရင့်မှည့်လေသည်။ အဲ့ဒါက ဆေးပင်များ၏ ရင့်မှည့်ချိန်ကို နှစ်ကိုးဆယ်ထိ လျှော့ချပေးနိုင်ခြင်းဖြစ်၏။

ရင့်မှည့်ခြင်းအချိန် ဆယ်နှစ်ကို သက်သာစေမည့် သတင်းက နဂါးအသူရာချောက်နက်ကြယ်မှ အဖွဲ့အစည်းကြီး ရှစ်ခုကို စုဝေးလာစေဖို့ လုံလောက်နေပြီဆိုလျှင် ဆူဇီမို၏ အစွမ်းအစနှင့် ပတ်သက်သည့် သတင်းက ကမ္ဘာမြေနှင့် ကောင်းကင်အင်မော်တယ်များကိုပင် ဆွဲဆောင်နိုင်ပေလိမ့်မည်။

တကယ်တော့ အင်ကြင်းပင်၏ သစ်ရွက်က ထိုကဲ့သို့သော တစ်စုံတစ်ရာကို​ မပြုလုပ်ပေးနိုင်ဘူးဆိုလျှင်တောင် သူက အဲဒါကို ရယူလိုဆဲဖြစ်၏။

ထိုသစ်ရွက်သည် သူ၏ ကျင့်ကြံမှုအတွက် အလွန်တရာ ထူးခြားသော အဓိပ္ပာယ်တစ်ခု ရှိလေသည်။

ဒါ့အပြင် ကြည့်ရသည်မှာ အနည်းဆုံး အဖွဲ့အစည်းကြီး ၇ ခုက ထိုသစ်ရွက်အတွက် ယှဉ်ပြိုင်တိုက်ခိုက်ကြတော့မည်ဖြစ်၏။ သူ့အနေဖြင့် အဲဒါကို ရရှိနိုင်ဖို့က အလွန်တရာ ခဲယဉ်းပေလိမ့်မည်။

“တာအိုရောင်းရင်းဆူ.. ရှင်က ဘယ်ဂိုဏ်းမှကို မဝင်ရသေးဘူးလား.. မဝင်ရသေးဘူးဆိုရင် ရှင်က အမြွှာနဂါးဂိုဏ်းကို ဝင်မလား”

ရှုဝမ်က ဖိတ်ခေါ်လိုက်လေသည်။

“တာအိုရောင်းရင်း.. ရှင်က ကျွန်မတို့ရဲ့ ဂိုဏ်းကို ဝင်ရောက်ချင်တယ်ဆိုရင် အမြွှာနဂါးဂိုဏ်းက ရှင့်ကို​ ဒီအကျပ်အတည်းကနေ လွတ်မြောက်အောင် သေချာပေါက် ဝင်ဖြေရှင်းပေးမယ်”

“ခင်ဗျားရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း”

ဆူဇီမိုက လက်သီးနှစ်ဖက်ကို ညင်သာစွာ ယှက်ပြလိုက်၏။

“ဒီကိစ္စကို ကျုပ်စဉ်းစားပါရစေဦး”

ရှုဝမ်က မရမက ပြောဆိုနေခြင်း မရှိပေ။

“တာအိုရောင်းရင်း.. ရှင် ဆုံးဖြတ်ချက်ချပြီးတဲ့အခါကျရင် ကျွန်မကို အချိန်မရွေး လာရှာလို့ ရတယ်”

သူတို့နှစ်ယောက်က စကားအနည်းငယ် ပြောဆိုပြီးနောက် နှုတ်ဆက်ခွဲခွာလိုက်ကြ၏။

“သခင်မလေး.. ဒီလူက ရဲစွမ်းသတ္တိရှိတယ်ဆိုပေမဲ့ သူက အဆင့်ငါး မဟူရာအင်မော်တယ်တစ်ယောက်ပဲ.. သူက နတ်ဆိုးဝံပုလွေတပ်ဖွဲ့ကိုလည်း ဆန့်ကျင်ထားသေးတယ်.. ခင်ဗျားက သူ့ကို ဘာလို့သွားပြီး တပ်သားစုဆောင်းချင်နေရတာလဲ”

ဆူဇီမို ထွက်ခွာသွားပြီးနောက် ရှုဝမ်၏ ဘေးမှာ ရှိသော သက်လတ်ပိုင်းအရွယ် ဗလတောင့်တောင့် အမျိုးသားက မျက်မှောင်ကြုတ်၍ မေးလိုက်၏။

“ငါလည်း မပြောတတ်ဘူး”

ရှုဝမ်က အဓိပ္ပာယ်ပါပါ ပြောလိုက်၏။

“အဲဒီလူက ထူးခြားတယ်လို့ ငါက ခံစားနေရရုံပဲ”

တကယ်တော့ ရှုဝမ်သည် သူမ အဖေ၏ မျိုးဆက်သွေးကို ဆက်ခံရရှိထားပြီး သူမ၏ ခန္ဓာကိုယ်ထဲမှာလည်း နဂါးသွေး တစ်စွန်းတစ်စက လှည့်ပတ်စီးဆင်းနေ၏။

ဆူဇီမိုကတော့ သူသည် နဂါးဖီးနစ် အမြုတေစိတ်ဝိညာဥ်ကို ပိုင်ဆိုင်ထားလေသည်။

နဂါးဖီးနစ်တစ်ကောင်၏ ရှေ့မှာ နဂါးသွေး တစ်စွန်းတစ်စကို ပိုင်ဆိုင်ထားသည့် ရှုဝမ်ကို မပြောနှင့်.. အစစ်အမှန် နဂါးတစ်ကောင်ပင်လျှင် ဦးညွှတ်ရပေလိမ့်မည်။

ထို့ကြောင့် ရှုဝမ်သည် ဆူဇီမိုကို တွေ့မြင်သည့် ခဏမှာပင် ထူးဆန်းသော ခံစားချက်တစ်ခုကို ရရှိနေခြင်းဖြစ်၏။

ယွဲ့ဟောက်၏ ဦးဆောင်မှုဖြင့် ဆူဇီမိုသည် နဂါးအသူရာချောက်နက်မြို့တော်မှ စံအိမ်တစ်ခုဆီသို့ ရောက်ရှိသွားပြီး အမြုတေစုဖွဲ့ဆေးလုံး သုံးသိန်းကျော်ကို ဖလှယ်ရယူဖို့အတွက် အင်မော်တယ်ဆေးပင် သုံးသန်းကျော်ကို ထုတ်ပေးလိုက်လေသည်။

သွေးသူရိယတောင်ကြား စစ်တပ်မှ ရရှိထားသော အမြုတေစုဖွဲ့ဆေးလုံးများ အပါအဝင် သူ၏ သိုလှောင်အိတ်ထဲမှာ အမြုတေစုဖွဲ့ဆေးလုံး ငါးသိန်းနီးပါးအထိ ရှိလာခဲ့ပြီဖြစ်၏။

ထိုအမြုတေစုဖွဲ့ဆေးလုံးများသည် သူ့ကို အချိန်အတော်ကြာအထိ ကျင့်ကြံဖို့အတွက် လုံလောက်စေလေသည်။

“တာအိုရောင်းရင်းဆူ.. ခင်ဗျားက အမြွှာနဂါးဂိုဏ်းရဲ့ ကာကွယ်မှုကို ရယူနိုင်မယ်ဆိုရင် ခင်ဗျားက ဒီကပ်ဘေးကနေ တကယ်ပဲ ရုန်းထွက်နိုင်လောက်တယ်”

ယွဲ့ဟောက်က ဆန်းစစ်ပြလိုက်၏။

ယွဲ့ဟောက်နှင့် အခြားသူများသည် ဆူဇီမိုနှင့် တင်းယွီ၏ အကြား တိုက်ပွဲကို စိုးရိမ်ပူပန်နေခြင်း မရှိပေ။

သူတို့၏ ထင်မြင်ချက်အရ ဆူဇီမိုက ရှုံးနိမ့်သွားမည်ဆိုလျှင်တောင် သူ ယခင်ပြသခဲ့သော နည်းလမ်းများအရ သူက အသက်ရှင်နိုင်ပေလိမ့်မည်။

တကယ့် အန္တရာယ်မှာ နဂါးအသူရာချောက်နက်မြို့တော်ကနေ ထွက်ခွာပြီးနောက် သူတို့နောက်ကို လိုက်လာမည့် အခြားသော ကျင့်ကြံသူများ ဖြစ်လေသည်။

ထိုအခိုက်အတန့်မှာ နတ်ဆိုးဝံပုလွေတပ်ဖွဲ့သည် သတင်းကို လက်ခံရရှိသွားပြီး စစ်တပ်တစ်တပ်ကို စေလွှတ်ထားသည်ဆိုတာကို သူတို့က မသိရှိကြသေးပေ။

သွေးသူရိယတောင်ကြား၏ ကာကွယ်သူတစ်ယောက်ကလည်း နဂါးအသူရာချောက်နက်မြို့တော်သို့ ရောက်ရှိလာတော့မည်ဖြစ်၏။

နဂါးအသူရာချောက်နက်မြို့တော်က တည်ငြိမ်နေသည်ဟု ထင်ရသော်လည်း အတွင်းမှာ ကြိတ်၍ အုံကြွနေခဲ့ပြီဖြစ်၏။

ယနေ့အဖြစ်အပျက်များနှင့်် နောက်ဆက်တွဲ ဆင့်ကဲပြောင်းလဲမှုများက လူတိုင်း မျှော်လင့်ထားသည်ထက် လုံးဝကို ကျော်လွန်သွားခဲ့၏။

အမြုတေစုဖွဲ့ဆေးလုံးများကို ဖလှယ်ရယူပြီးနောက် ဆူဇီမိုသည် အနားယူဖို့အတွက် ကျပန်းနေရာတစ်ခုကို ရှာဖွေကာ ညအချိန်သို့ မရောက်ခင်အထိ အားဖြည့်နေလေသည်။

သူက ငြီးငွေ့လာသောအခါ ဆူဇီမိုသည် သူ၏ သိုလှောင်အိတ်ထဲက လိပ်ခွံကို ထုတ်ယူပြီး ဂရုတစိုက် စစ်ဆေးကြည့်ရှုလိုက်၏။

အခြားသူများသည် ဤလိပ်ခွံက ဘယ်လိုထူးခြားသည်ကို ပြောနိုင်ချင်မှ ပြောနိုင်မည်ဖြစ်သော်လည်း ဆူဇီမိုသည် တစ်ခါက မဟူရာကုန်းလိပ်နယ်မြေဖြစ်စဉ်ကို ကျင့်ကြံထားခဲ့ပြီး စိတ်ဝိညာဉ်လိပ်ဒိုင်းကာ၏ ပင်ကိုနတ်ဘုရားစွမ်းအားကိုပင် ပိုင်ဆိုင်ထားခဲ့၏။ သူသည် လိပ်ခွံပေါ်ရှိ အရေးအကြောင်း အကွက်အပြောက်များနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထူးဆန်းနေသည်ကို ချက်ချင်းပင် ရှာဖွေတွေ့ရှိခဲ့၏။

ဆူဇီမိုသည် လိပ်ခွံပေါ်ရှိ အကွက်အပြောက်များကို အတန်ကြာသည်အထိ ငေးကြည့်နေပြီး ညအချိန်သို့ ရောက်ရှိလာသည်ကိုပင် သတိမထားမိပေ။

ယွဲ့ဟောက်က ဆူဇီမိုကို ညင်သာစွာ လှုပ်နှိုးလိုက်၏။

“တာအိုရောင်းရင်းဆူ.. ညစျေးက ဖွင့်နှင့်နေပြီ”

ယွဲ့ဟောက်က သတိပေးလိုက်၏။

ရှန်ဖေးက သူ၏ သိချင်စိတ်ကို မထိန်းနိုင်ဘဲ မေးလိုက်လေသည်။

“တာအိုရောင်းရင်း.. ခင်ဗျားက ဒီလောက်ထိ ဈာန်ဝင်နေရအောင် အဲဒီလိပ်ခွံက ဘာများထူးခြားနေလို့လဲ”

ဆူဇီမိုက ပြုံးပြလိုက်ပြီး ဖုံးကွယ်ထားခြင်း မရှိပေ။

“ဒီလိပ်ခွံပေါ်မှာ ရှိတဲ့ အကွက်အပြောက်တွေကို နောက်ပိုင်းမျိုးဆက်တွေက ရေးထိုးထားခဲ့တာပဲ.. အဲဒီပေါ်မှာ ဝင်္ကပါကားချပ်တစ်ခုကို မှတ်တမ်းတင်ထားတယ်”

လိပ်ခွံပေါ်မှာ မှတ်တမ်းတင်ထား​သော ဝင်္ကပါကားချပ်သည် အောက်ဘုံမှ ဝင်္ကပါများနှင့် ကွာခြားပြီး အလွန်တရာ လျှို့ဝှက်ဆန်းကြယ်လေသည်။

ဝင်္ကပါ အစီအရင်များအပေါ် ဆူဇီမို၏ အောင်မြင်ထွန်းပေါက်မှုနှင့်ပင်လျှင် သူက အဲဒါကို နားလည်ဖို့အတွက် အခက်အခဲတချို့ ရှိနေ၏။

ထို့ကြောင့်ပင်လျှင် သူက ထိုအထဲမှာ နစ်မျောသွားပြီး အချိန်စီးဆင်းမှုကိုပင် မေ့လျော့သွားခြင်းဖြစ်၏။

“ညစျေးကို သွားကြတာပေါ့”

လိပ်ခွံကို သိမ်းဆည်းပြီး ဆူဇီမိုက သူ့မျက်လုံးထဲရှိ ဝမ်းသာပျော်ရွှင်မှုနှင့်အတူ ထရပ်လိုက်၏။

ဤလိပ်ခွံ၏ တန်ဖိုးသည် အမြုတေစုဖွဲ့ဆေးလုံး နှစ်သန်း သို့မဟုတ် သန်းနှစ်ဆယ်ကျော်ထက်ပင် ပို၍ ထိုက်တန်လေသည်။

သူတို့သည် လူအုပ်ကြီးအတိုင်း လိုက်ပါသွားပြီး သိပ်မကြာခင် အလွန်တရာ သာမန်ဆန်သော စံအိမ်တစ်ခုရှေ့သို့ ရောက်ရှိလာ၏။

သို့သော်လည်း စံအိမ်ထဲသို့ ဝင်ရောက်ပြီးနောက် သူတို့သည် ကြီးမားသော မြေအောက်ဝင်ပေါက်တစ်ခုကို တွေ့မြင်လိုက်ရ၏။

လူတိုင်းက လှေကားများအတိုင်း ​လျှောက်လှမ်းလာပြီး ခဏအကြာမှာ သူတို့က ရုတ်ရုတ်သဲသဲ အသံများကို ကြားလိုက်ရ၏။

ထောင့်ချိုးတစ်ခုကို ချိုးကွေ့ပြီးနောက် သူတို့ရှေ့မှာ ရှိသော လမ်းကြောင်းက ကျယ်ပြန့်သွားပြီး အလွန်ကြီးမား၍ ခမ်းနားထည်ဝါသော နန်းတော်တစ်ခုက ပေါ်ထွက်လာ၏။ ၎င်းက မီးရောင်များဖြင့် လင်းထိန်၍ လူပေါင်းများစွာဖြင့် ပြည့်နှက်နေ၏။

All Chapters