အသိစိတ်ရှိသော ဓမ္မရတနာ
Vol. 123 Ch. 1840
လေလံပွဲကို ဆက်လက်ကျင်းပ၍ အကြိတ်အနယ်ယှဥ်ပြိုင်ပြီးနောက် မိုးကြိုးတုန်ခါလှိုင်းခန်းမမှ အမြုတေစုဖွဲ့ဆေးလုံး သုံးသန်းကိုသုံးကာ ကောင်းကင်ဘုံမိုးကြိုးနဂါးကျားသုတ္တန်ကို ရရှိသွားလေသည်။
အဲ့ဒီနောက် လေလံပွဲမှာ အင်မော်တယ်ဆေးလုံးအချို့ ၊ အဆောင်လက်ဖွဲ့များ ၊ ဓမ္မရတနာများနှင့် အခြားသောပစ္စည်များကို တစ်ခုပြီးတစ်ခု ထုတ်ဖော်ပြသလာခဲ့၏။
ရတနာတစ်ခုချင်းစီကို အမြုတေစုဖွဲ့ဆေးလုံး သန်းချီဖြင့် ရောင်းချလေသည်။
အဖွဲ့အစည်းကြီးများမှ ကျင့်ကြံသူများစွာကလည်း လေလံစျေးပေးကြလေသည်။
သို့သော်လည်း အဖွဲ့အစည်းကြီးများသည် သူတို့ကိုယ်သူတို့ ချုပ်တည်းထားပြီး နောက်ဆုံးရတနာ အင်ကြင်းသစ်ရွက်အတွက် စောင့်ဆိုင်းနေကြသည်မှာ သိသာလေသည်။
ထိုစဥ်မှာပင် နောက်ထပ်ပစ္စည်းတစ်ခုက စားပွဲပေါ်သို့ ရောက်ရှိလာ၏။
ထိုပစ္စည်းသည် ရှေးဟောင်းကြေးမုံတစ်ချပ်ကနေ ကွာကျလာသည့် အပိုင်းအစတစ်ခုကဲ့သို့ မှေးမှိန်ကာ ထိုင်းမှိုင်းနေ၏။
အစကတော့... ဆူဇီမိုသည် ထိုကြေးမုံအပိုင်းအစအပေါ် မည်သည့်ခံစားချက်မှ မရှိခဲ့ပေ။
သို့သော်လည်း ထိုကြေးမုံအပိုင်းအစထွက်ပေါ်လာပြီး နောက်ခဏ၌ သူ၏ အသိစိတ်ထဲရှိ စတုရန်းကြေးမီးဖိုက လှုပ်ခတ်လာခဲ့၏။
“ဟမ်...”
ဆူဇီမိုက သူ၏ မျက်လုံးကို အနည်းငယ် မှေးကျဥ်းလိုက်၏။
ယခင်က... နတ်ဆိုးဝံပုလွေတပ်ဖွဲ့မှ ခေါင်းဆောင်တပ်မှူး၏ သိုလှောင်အိတ်ထဲရှိ ဓားကျိုးတစ်လက်ကို တွေ့ရှိခဲ့စဥ်ကသာ စတုရန်းကြေးမီးဖိုက ဤကဲ့သို့သော တုံ့ပြန်မှုကို ပြခဲ့လေသည်။
နောက်ပိုင်းတွင် စတုရန်းကြေးမီးဖိုသည် ဓားကျိူးကို အရည်ဖျော်ချပစ်ခဲ့၏။
အဲ့ဒီနောက် စတုရန်းကြေးမီးဖို၏ အပြင်ဘက်နံရံပေါ်ရှိ နတ်နဂါးက နိုးထလာပြီး သူ့အား အလွန်တရာစွမ်းအားကြီးမားသော နည်းစနစ်တစ်ခုဖြစ်သည့် အစစ်အမှန်နဂါး လျှပ်စီးကိုးချက်ကို သင်ကြားပေးခဲ့၏။
စတုရန်းကြေးမီးဖိုကို ပြုပြင်ဖို့အတွက် ဓမ္မရတနာများနှင့် လက်နက်အချို့ကို လိုအပ်သည်မှာ သိသာလေသည်။
သို့သော်လည်း ဆူဇီမိုစုဆောင်းထားသည့် မဟူရာအဆင့် ဓမ္မရတနာများက ဘယ်လိုအရည်အသွေးမှာ ရှိသည်ဖြစ်စေ သူတို့ကို စတုရန်းကြေးမီးဖိုထဲသို့ ပစ်ထည့်လိုက်သည့်အခါ မည်သည့်တုံ့ပြန်မှုမှ ရှိမလာတော့ပေ။
စတုရန်းကြေးမီးဖိုသည် ဘယ်လိုအမျိုးအစားဓမ္မရတနာများနှင့် လက်နက်များကိုလိုအပ်သလဲ သူမသိရပေ။
“အဲ့ဒါဘာပါလိမ့်”
“အဲ့ဒါက အကျိုးအပဲ့အစအနတစ်ခုပဲ... အဲ့ဒါက ဘာများထူးခြားနေလို့လဲ”
အောက်မှာရှိသော ကျင့်ကြံသူအချို့က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်ကြ၏။
ဇာပုဝါခြုံထားသောအမျိုးသမီးက နှစ်လိုဖွယ်ရာပြုံးလိုက်လေသည်။
“အားလုံးပဲ... ကျေးဇူးပြုပြီး စိတ်ငြိမ်ငြိမ်ထားကြပါ... ကျွန်မဖြေပေးပါ့မယ်”
“ကောင်းကင်အင်မော်တယ်အဆင့်ရဲ့ အထက်မှာ ဘယ်အဆင့်ရှိတယ်လို့ ရှင်တို့ထင်လဲ”
ချက်ချင်းပင် လူအုပ်ကြီးက တိတ်ဆိတ်ငြိမ်သက်သွား၏။
ကျင့်ကြံသူများစွာက တွေဝေရှုပ်ထွေးစွာဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြ၏။
သူတို့သည် မဟူရာ ၊ ကမ္ဘာမြေနှင့် ကောင်းကင်အင်မော်တယ်များနှင့်ပတ်သက်၍သာ သိရှိထားလေသည်။
သူတို့သည် ကောင်းကင်အင်မော်တယ်ကို မပြောနှင့် ကမ္ဘာမြေအင်မော်တယ်ပညာရှင်တစ်ယောက်ကိုပင် အရင်က မတွေ့မြင်ဖူးကြပေ။
“အဲ့ဒါက ပကတိအင်မော်တယ်ဖြစ်တယ်လို့ ကျုပ်ကြားဖူးတယ်”
သိပ်မကြာခင် လူအုပ်ကြီးထဲကနေ အသံတစ်သံထွက်ပေါ်လာ၏။
မဟူရာအလင်းဂိုဏ်းမှ သခင်လေးက ပြောလိုက်ခြင်းဖြစ်လေသည်။
“မှန်ပါတယ်”
ဇာပုဝါခြုံထားသောအမျိုးသမီက အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။
“ကောင်းကင်အင်မော်တယ်တွေရဲ့အထက်မှာ ပကတိအင်မော်တယ်ပညာရှင်တွေရှိတယ်... အားလုံးပဲ ပကတိအင်မော်တယ်ပညာရှင်တွေက ဘယ်အဆင့်ဓမ္မရတနာတွေသုံးမယ်လို့ ရှင်တို့ထင်လဲ”
လူတိုင်းက သူတို့၏ ခေါင်းများကို ခါယမ်းပြီး တိတ်တဆိတ်ဆွေးနွေးလိုက်ကြ၏။
မဟူရာအလင်းဂိုဏ်းမှ သခင်လေး၏ စိတ်ထဲသို့ အတွေးတစ်ချက်က ဖျတ်ခနဲဝင်ရောက်လာပြီး သူက အော်ပြောလိုက်၏။
“အားလုံးသိထားတာတော့ မဟူရာအင်မော်တယ်တွေက မဟူရာအဆင့် ဓမ္မရတနာတွေကိုသုံးတယ်... ကမ္ဘာမြေအင်မော်တယ်တွေက ကမ္ဘာမြေအဆင့် ဓမ္မရတနာတွေကိုသုံတယ်... ကောင်းကင်အင်မော်တယ်တွေက ကောင်းကင်အဆင့် ဓမ္မရတနာတွေကိုသုံးတယ်... အဲ့ဒီတော့... ပကတိအင်မော်တယ်တွေက ပကတိအဆင့် ဓမ္မရတနာကို သုံးမှာမလား”
“ဟင်း...ဟင်း...”
အပေါ်မှာရှိသော ထိုင်ခုံမျာမှ ချုပ်တည်းထားသောရယ်သံများက ထွက်ပေါ်လာ၏။
“ဘယ်လောက်တောင်နုံအလိုက်သလဲ”
ခေါင်းဆောင်တပ်မှူးလျှိုနှင့် အခြားသူများသည် အရူးတစ်ယောက်ကို ကြည့်ရှုနေကြသည့်လား မဟူရာအလင်းဂိုဏ်းမှ သခင်လေးကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်ကြ၏။
မဟူရာအလင်းဂိုဏ်း၏ သခင်လေးသည် လူတိုင်း၏ ရှေ့မှောက်မှာ လှောင်ပြောင်သရော်ခံလိုက်ရသည့်အတွက် သူ၏ မျက်နှာက နီမြန်းသွားပြီး ဆိုးဆိုးဝါးဝါး အရှက်ခွဲခံလိုက်ရသည်ဟု ခံစားလိုက်ရ၏။
သို့သော်လည်း တစ်ဘက်လူက နဂါးအသူရာချောက်နက်မြို့တော်၏ ခေါင်းဆောင်တပ်မှူးတစ်ယောက်ဖြစ်နေ၍ သူက ဒေါသထွက်ရဲခြင်းမရှိပေ။ သူက သူ၏ ခေါင်းကိုသာငုံ့ပြီး မချင့်မရဲဖြင့် အံကိုကြိတ်လိုက်၏။
ဇာပုဝါခြုံထားသောအမျိုးသမီးက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ပကတိအင်မော်တယ်တွေ ကိုင်ဆောင်တဲ့လက်နက်က အသိစိတ်ရှိတဲ့ဓမ္မလက်နက်ပဲ... အဲ့ဒါကို စိတ်ဝိညာဥ်ရတနာလို့လဲခေါ်တယ်”
အသိစိတ်ရှိသော ဓမ္မလက်နက်တစ်ခု...။
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။
ရုတ်တရက်... ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက တျဲယွဲ့သည် အထက်ဘုံမှလာသော ပညာရှင်များစွာနှင့်တိုက်ခိုက်ခဲ့စဥ်က ရှေးဟောင်းခေါင်းလောင်းတစ်လုံး ဆင်းသက်လာခဲ့သည်ကို သူကအမှတ်ရသွား၏။
ဤလူသည် သူ၏ အစစ်အမှန်ခန္ဓာနှင့် ဆင်းသက်လာရဲခြင်းမရှိဘဲ အကဲစမ်းဖို့အတွက် အသိစိတ်ရှိသော ဓမ္မရတနာတစ်ခုကိုသာ အသုံးပြုခဲ့သည်သာဖြစ်သည်ဟု တျဲယွဲ့က ပြောခဲ့လေသည်။
ထိုသို့ဆိုလျှင် ထိုစဥ်တုန်းက တိုက်ခိုက်ခဲ့သည့်လူက ပကတိအင်မော်တယ်ပညာရှင်တစ်ယောက် ဖြစ်နိုင်လေသည်။
ဇာပုဝါခြုံထားသောအမျိုးသမီးက ဆက်ပြောလိုက်၏။
“အသိစိတ်ရှိတဲ့ ဓမ္မရတနာတွေလို့ခေါ်တယ်ဆိုတာ အဲ့ဒါက အာရုံခံစိတ်နဲ့ အသိဉာဏ်တစ်ခုကို ရရှိထားလို့ပဲ”
“အဲ့လိုဓမ္မရတနာတစ်ခုရဲ့စွမ်းအားက အရမ်းကိုသိပ်သည်းပြင်းထန်ပြီးတော့ မထင်မှတ်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေလည်း အများကြီးပါဝင်တယ်... ဒီအပိုင်းအစလေးက အဲ့လိုစိတ်ဝိညာဥ်ရတနာတစ်ခုရဲ့ အပိုင်းအစတစ်ခုပဲ”
အခြားသောဓမ္မရတနာများသည် လက်နက်များနှင့် သက်မဲ့ပစ္စည်းများသာဖြစ်လေသည်။
သို့သော်လည်း အသိစိတ်ရှိသော ဓမ္မရတနာတစ်ခုက အသက်ဓာတ်အားကိုပိုင်ဆိုင်ထားသည့် သက်ရှိတစ်မျိုးဖြစ်လေသည်။
ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွားပြီး ရုတ်တရက်နားလည်သဘောပေါက်လာခဲ့၏။
စတုရန်းကြေးမီးဖိုသည် အသိစိတ်ရှိသော ဓမ္မရတနာတစ်ခုဖြစ်ရပေမည်။
အကြောင်းမှာ ဆူဇီမို၏ ထိန်းချုပ်မှုမရှိဘဲ ကြေးမီးဖိုက သူ့ကိုယ်သူပြုပြင်ဖို့အတွက် လက်နက်များကို သူ့ဘာသာသူ အရည်ဖျော်ချနိုင်သောကြောင့်ပင်။
အဲ့ဒါက အသိစိတ်ရှိနေသည့် ပုံစံတစ်ခုမဟုတ်ပါလား။
အဲ့ဒါသည် ဒဏ္ဍာရီများမှာဖော်ပြထားသော အသိစိတ်နှင့် အတူတူပင် မဟုတ်ပါလား။
တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် တစ်စုံတစ်ရာကို မရေမရာကောက်ချက်ချလာနိုင်ခဲ့၏။
သူသည် စတုရန်းကြေးမီးဖိုကို ပြုပြင်ချင်သည်ဆိုလျှင် အနည်းဆုံး သူသည် အသိစိတ်ရှိသော ဓမ္မရတနာတစ်ခုကို လိုအပ်ပေလိမ့်မည်။
သူတက်လှမ်းခဲ့စဥ်က သူ့ကိုသတ်ဖို့ကြိုးစားခဲ့သော ပညာရှင်သည် ပကတိအင်မော်တယ်တစ်ယောက်ထက် ပိုမိုသန်မာသည်မှာ သိသာလေသည်။ သူက လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးပြောသည့် အင်မော်တယ်ဘုရင်တစ်ပါးဖြစ်လေသည်။
စတုရန်းကြေးမီးဖိုသည် အင်မော်တယ်ဘုရင်တစ်ပါး၏ လက်နက်ကို ဝါးမျိုအရည်ဖျော်ပြီးနောက် ၎င်း၏ နံရံတစ်ဖက်ကိုသာ ပြုပြင်နိုင်ခဲ့၏။
ဆူဇီမို၏ လက်ရှိခွန်အားအရ သူသည် အင်မော်တယ်ဘုရင်လက်နက်တစ်ခုနှင့် ထိတွေ့နိုင်မည့် အခွင့်အရေးမရှိပေ။ အသိစိတ်ရှိသော ဓမ္မရတနာများကိုပင်လျှင် သူက အပိုင်းအစတစ်ခုကိုသာ ရရှိနိုင်ခဲ့၏။
စတုရန်းကြေးမီးဖိုကို အပြည့်အဝပြုပြင်နိုင်ဖို့က အဝေးကြီးလိုသေးလေသည်။
“အဲ့ဒါက စိတ်ဝိညာဥ်ရတနာတစ်ခုရဲ့ အပိုင်းအစတစ်ခုဆိုရင်တောင် အဲ့ဒါက ပျက်စီးနေပြီ... အခုချိန်မှာ ဘာများသုံးစားလို့ရမှာလဲ”
“အဲ့ဒီအပိုင်းအစကို ဘယ်နေရာမှာ သွားသုံးရမှာလဲ”
“အဲ့ဒါက သေချာပေါက် သုံးစားရမှာ မဟုတ်ဘူး... အဲ့ဒါက အစစ်အမှန် ရတနာတစ်ခုဆိုရင် ငါတို့က အဲ့ဒါကိုတွေ့ရမှာတောင် မဟုတ်ဘူး... မြို့တော်ထဲမှာရှိတဲ့ အဆင့်မြင့်အင်မော်တယ်တွေက အဲ့ဒါကိုယူသွားတာ ကြာနေလောက်ပြီ”
ဇာပုဝါခြုံထားသောအမျိုးသမီးက ရှင်းပြပြီးနောက် လူအုပ်ကြီးထဲမှ ဆွေးနွေးပြောဆိုသံများက ထွက်ပေါ်လာ၏။
ဇာပုဝါခြုံထားသောအမျိုးသမီးက ညင်သာစွာပြုံးပြလိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ်... ဒါက အသိစိတ်ရှိတဲ့ ဓမ္မရတနာတစ်ခုရဲ့ အပိုင်းအစတစ်ခုပဲ... အဲ့ဒီထဲမှာ လျှို့ဝှက်ဆန်းကြယ်တာတစ်ခုခုရှိနေမယ်ဆိုရင် ဒီပစ္စည်းကို ဝယ်တဲ့သူကပဲ အဲ့ဒါကိုရှာဖွေဖော်ထုတ်နိုင်လိမ့်မယ်”
“အဲ့ဒီပစ္စည်းက ဘယ်လောက်လဲ”
တစ်စုံတစ်ယောက်က မေးလိုက်လေသည်။
“ဒီစိတ်ဝိညာဥ်ရတနာအပိုင်းအစအတွက် ကြမ်းခင်းစျေးက အမြုတေစုဖွဲ့ဆေးလုံး တစ်သန်း.... စျေးတစ်ခါတိုးတိုင်း တစ်သောင်းအောက်မလျော့ရဘူး”
ဇာပုဝါခြုံထားသောအမျိုးသမီးက ပြောလိုက်၏။
လူတိုင်းက သူတို့၏ ခေါင်းများကို ခါယမ်းလိုက်၏။
သုံးစားမရသော အပိုင်းအစတစ်ခုကို ဝယ်ဖို့အတွက် မည်သူကမှ အမြုတေစုဖွဲ့ဆေးလုံး တစ်သန်းကို မသုံးစွဲချင်ကြပေ။
ဇာပုဝါခြုံထားသောအမျိုးသမီးပြောဆိုပြီးနောက် မည်သူကမှ စတင်၍ လေလံစျေး မပေးလာခဲ့ပေ။
“ကျုပ်တစ်သန်းပေးမယ်”
ထိုစဥ်မှာပင် လူအုပ်ကြီးထဲကနေ အသံတစ်သံထွက်ပေါ်လာ၏။
လူတိုင်းက အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ကြ၏။
အဲ့ဒါသည် တင်းယွီနှင့်တိုက်ခိုက်မည်ဟူသော အစိမ်းရောင်ဝတ်ကျင့်ကြံသူဖြစ်လေသည်။
ရှုဝမ်က အံအားသင့်သွားဟန်ဖြင့် ဆူဇီမိုကို ကြည့်လိုက်၏။
ဆူဇီမိုသည် တစ်ချိန်လုံး ငြိမ်သက်နေပြီးနောက် သုံးစားမရသော စိတ်ဝိညာဥ်ရတနာအပိုင်းအစတစ်ခုကို ဝယ်ယူချင်လာလိမ့်မည်ဟု သူမက ထင်မှတ်မထားပေ။
ထိုစိတ်ဝိညာဥ်ရတနာအပိုင်းအစသည် အခြားသူများ၏ လက်ထဲမှာ သုံးစားမရ ဖြစ်နိုင်သော်လည်း ဆူဇီမိုအတွက်တော့ အဲ့ဒါကအလွန်တရာအသုံးဝင်လေသည်။
“အဲ့ဒီလူက တော်တော်ရည်မှန်းချက်ကြီးတာပဲ... သူက သေရတော့မဲ့ဆဲဆဲအချိန်မှာတောင် လေလံပွဲမှာ ပါဝင်နိုင်သေးတယ်”
“အမှန်ပဲ... တကယ်ဆို သူက ဒီနေရာကနေအသက်ရှင်လျက် ဘယ်လိုထွက်သွားရမလဲပဲ စဥ်းစားနေသင့်တာ”
ကျင့်ကြံသူများစွာက သူတို့၏ ခေါင်းများကို ခါယမ်း၍ လှောင်ပြောင်သရော်လိုက်ကြ၏။
“ဒီကတာအိုရောင်းရင်းက လေလံစျေးတစ်သန်းပေးထားတယ်... တခြားပိုပေးမယ့်သူရှိသေးလား”
ဇာပုဝါခြုံထားသောအမျိုးသမီးက သူမ၏ ဘေးပတ်လည်ကို ကြည့်ရှုပြီး ကျယ်လောင်စွာမေးလိုက်၏။
“တစ်သန်းနဲ့တစ်သောင်း”
ထိုစဥ်မှာပင် တင်းယွီက အော်ပြောလိုက်ပြီး ဆူဇီမိုကို ပြုံးစစဖြင့် ကြည့်လိုက်၏။ သူက သူ၏ ခေါင်းကို အနည်းငယ်မော့ထားပြီး သူ၏ မျက်လုံးများက လှောင်ပြောင်သရော်လိုခြင်း ၊ ရန်စလိုခြင်းဖြင့် ပြည့်နှက်နေ၏။
သူသည် ထိုစိတ်ဝိညာဥ်ရတနာအပိုင်းအစကို လိုချင်စိတ်မရှိပေ။
သူသည် တမင်သက်သက် စျေးကိုမြှင့်တင်ပေးလိုက်ခြင်းမျှသာဖြစ်လေသည်။
သူက စျေးများစွာ မြှင့်တင်ပေးခြင်းမရှိဘဲ တစ်သောင်းမျှသာ ဖြစ်သည်။
ဆူဇီမို၏ အမူအရာကပြောင်းလဲသွားခြင်းမရှိဘဲ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။
“သုံးသန်း...”
လူအုပ်ကြီးထဲမှာ ရုတ်ရုတ်သဲသဲ အသံများထွက်ပေါ်လာ၏။
မထင်မရှားပုံစံနှင့် ဤအစိမ်းရောင်ဝတ်ကျင့်ကြံသူသည် အမြုတေစုဖွဲ့ဆေးလုံး သုံးသန်းကို ထုတ်ဖော်ပေးနိုင်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။
ဤလူက အဆင့်-၅ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်လေသည်။
အဆင့်-၅ မဟူရာအင်မော်တယ် တစ်ယောက်မှာ ဤမျှထိများပြားသည့် အမြုတေစုဖွဲ့ဆေးလုံးများ ဘယ်လိုလုပ်ပြီး ရှိနေနိုင်တာလဲ။