ခေါင်းဆောင်လျှို
Vol. 123 Ch. 1836
ဆူဇီမိုနှင့် လူငယ်ကြားတိုက်ပွဲက အရမ်းကို တိုတောင်းပြီး သူတို့မထိတွေမိခင်မှာပင် လူချင်းပြန်ခွာလိုက်ကြ၏။
အဲ့ဒါက အကြည့်များစွာကို ဆွဲဆောင်သွားသော်လည်း လှုပ်ခတ်မှုများစွာ မဖြစ်စေခဲ့ပေ။
ယွဲ့ဟောက်နှင့် အခြားသူများက သူတို့ရှေ့မှာရှိသော လူငယ်ကိုကြည့်ပြီး သူတို့၏ အမူအရာများက တုန်လှုပ်စွာဖြင့် အနည်းငယ်ပြောင်းလဲသွား၏။
“တာအိုရောင်းရင်းဆူ... အဲ့ဒါက မဟူရာယင်တောင်က သခင်လေး တင်းယွီပဲ... သတိထား”
ယွဲ့ဟောက်က ဆူဇီမိုထံ အသံတစ်ခုကို အလောတကြီး ပို့လွှတ်လိုက်၏။
မဟူရာယင်တောင်သည် နဂါးအသူရာချောက်နက်ကြယ်၏ အဖွဲ့အစည်းကြီး ရှစ်ခုထဲမှ တစ်ခုဖြစ်ပြီး သွေးသူရိယတောင်ကြားနှင့် ယှဥ်နိုင်လေသည်။
တင်းယွီ၏ ကျင့်ကြံမှုနယ်ပယ်က အဆင့်-၆ မဟူရာအမြုတေနယ်ပယ်မှာရှိသည်။ သို့သော်လည်း သူ့ကို စောင့်ရှောက်နေသော အဆင့်-၇ မဟူရာအင်မော်တယ်တစ်ယောက်ရှိလေသည်။
ထိုလူက ဆူဇီမိုကို စိမ်းသက်သောအမူအရာဖြင့် ကြည့်နေ၏။
သူတို့နှစ်ယောက်၏ နောက်မှာ မဟူရာယင်တောင်မှ အဆင့်-၅ နှင့် အဆင့်-၆ မဟူရာအင်မော်တယ် ဆယ်ယောက်ကျော်ရှိလေသည်။
ရှန်ဖေးကလည်း အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“အဲ့ဒီလူကို သွားရှုပ်လို့မရဘူး... သူနဲ့ ပဋိပက္ခမဖြစ်အောင်ရှောင်လွှဲနိုင်ရင် အကောင်းဆုံးပဲ”
တင်းယွီ၏ ဘေးမှာ အသားဖြူဖြူနှင့် ငယ်ရွယ်သောအမျိုးသမီးတစ်ယောက် မတ်တတ်ရပ်နေ၏။ သူမ၏ မျက်လုံးများက ဂမ္ဘီရဆန်ဆန်အလင်းတစ်ခုဖြင့်တောက်ပနေပြီး သူမမှာ တောက်ပထည်ဝါသော အော်ရာတစ်ခုရှိလေသည်။
ဤအမျိုးသမီးငယ်သည် အဆင့်-၆ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း သူမက တင်းယွီနှင့် ပခုံးချင်းယှဥ်ရပ်နေ၏။ အော်ရာချင်းဖြစ်စေ... အဆင့်အတန်းချင်းဖြစ်စေ... သူမသည် မဟူရာယင်တောင်မှ အစောင့်များနှင့် ကွဲပြားခြားနားသည့်ပုံပေါ်လေသည်။
အမျိုးသမီးငယ်၏ နောက်မှာ အဖိုးအိုတစ်ယောက်က မတ်တတ်ရပ်နေ၏။ သူ၏ ခေါင်းကို ငုံ့ထားရင်း သူ၏ အမူအရာက မှင်သေသေဖြင့် ရှိကာ သူကလည်း အဆင့်-၇ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်၏။
ကူဝမ်ကျွင်း၏ အကြည့်က အမျိုးသမီးငယ်၏ ခါးပေါ်ကို ကျရောက်သွားပြီး အနည်းငယ် မှင်တက်သွား၏။
“အဲ့ဒီအမျိုးသမီးက... ကောင်းကင်ဘုံမီးနန်းတော်က ဖြစ်လိမ့်မယ်”
ကူဝမ်ကျွင်းက အသံတစ်ခုကို တိတ်တဆိတ်ပို့လွှတ်လိုက်၏။
“နောက်ပြီး... ကြည့်ရတာ အဲ့ဒီအမျိုးသမီးက ကောင်းကင်ဘုံမီးနန်းတော်မှာ မြင့်မားတဲ့အဆင့်အတန်းတစ်ခုရှိလိမ့်မယ်... သူမအနားမှာ အဆင့်-၇ မဟူရာအင်မော်တယ် သက်တော်စောင့်တစ်ယောက်တောင် ရှိနေတယ်ဆိုတော့”
မဟူရာယင်တောင်နှင့် သွေးသူရိယတောင်ကြားတို့နှင့် မတိမ်းမယိမ်းမှာရှိကာ ကောင်းကင်ဘုံမီးနန်းတော်ကလည်း အဖွဲ့အစည်းကြီး ရှစ်ခုထဲမှ တစ်ခုဖြစ်၏။
“မင်းငါ့ကို... မသိမိဘူးလား”
တင်းယွီက ဆူဇီမိုကို အေးစက်စွာစိုက်ကြည့်ပြီးမေးလိုက်၏။
ဆူဇီမိုက မှင်သေသေဖြင့် ပြန်ဖြေလိုက်၏။
“မဟူရာယင်တောင်က သခင်လေးမလား... ငါမင်းနာမည်ကို အခုပဲ ကြားဖူးလိုက်တယ်”
“ကောင်းတယ်”
တင်းယွီက ခေါင်းညိတ်လိုက်၏။
“အဲ့လိုဆိုမှတော့... ဟိုလိပ်ခွံကို ထုတ်ပေးလိုက်...မပူပါနဲ့ ငါမင်းကိုနစ်နာအောင်လုပ်မှာ မဟုတ်ဘူး”
“စောစောတုန်းက မင်းက နိမ့်ကျမဟူရာအဆင့် ဓားတစ်လက်နဲ့ အဲ့ဒီလိပ်ခွံကို အမြုတေစုဖွဲ့ဆေးလုံး နှစ်သောင်းပေးပြီး ဝယ်ခဲ့တယ်မလား”
တင်းယွီက သိုလှောင်အိတ်တစ်အိတ်ကို ထုတ်ယူကာ ပြောလိုက်လေသည်။
“အဲ့ဒီသိုလှောင်အိတ်ထဲမှာ အမြုတေစုဖွဲ့ဆေးလုံး လေးသောင်းပါတယ်... ငါက ဟိုနိမ့်ကျမဟူရာအဆင့် ဓားကိုမလိုချင်ဘူး... အဲ့ဒီလိပ်ခွံကိုပဲ လိုချင်တယ်”
ထိုသို့ပြောရင်း တင်းယွီက သိုလှောင်အိတ်ကို ဆူဇီမိုထံသို့ ပစ်ပေးလိုက်လေသည်။
ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ ဘေးသို့ခြေချဲကာ ရှောင်တိမ်းလိုက်လေသည်။
အမြုတေစုဖွဲ့ဆေးလုံး လေးသောင်းပါသော သိုလှောင်အိတ်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
တင်းယွီ၏ အမူအရာက ညိုမည်းသွားပြီး သူ၏ မျက်လုံးကို မှေးကျဥ်းလိုက်လေသည်။
“ဒါ... ဘာသဘောလဲ”
“ဘာရယ် မဟုတ်ပါဘူး”
ဆူဇီမိုက ပြောလိုက်၏။
“ငါက အဲ့ဒီလိပ်ခွံကို မရောင်းချင်ဘူး”
တင်းယွီ၏ အကြည့်က အေးစက်လာပြီး ခက်ထန်စွာဖြင့် ပြောလိုက်၏။
“ကောင်လေး... မင်းကတော့သေချင်နေတာပဲ ဖြစ်ရမယ်”
ထိုစဥ်မှာပင် တင်းယွီ၏ ဘေးမှ အမျိုးသမီးငယ်က ရှေ့သို့ခြေတစ်လှမ်းတိုးပြီး ဆူဇီမိုကို လက်သီးနှစ်ဖက်ယှက်ပြလိုက်၏။
“တာအိုရောင်းရင်း... ကျွန်မက ကောင်းကင်ဘုံမီးနန်းတော်က ကျန်းလီပါ... အဲ့ဒီလိပ်ခွံကို ရှင်ဘယ်လောက်နဲ့ ရောင်းချင်လဲ မသိဘူး”
“လက်စသတ်တော့... အဲ့ဒါက ကျန်းလီပဲ သူ့မှာ အဲ့လိုအော်ရာတစ်ခုရှိနေတာ မထူးဆန်းတော့ဘူး”
“သူက ဘယ်သူလဲ”
“သူက ကောင်းကင်ဘုံမီးနန်းတော်က နန်းတော်အရှင်ရဲ့သမီးတစ်ယောက်ဆိုပေမယ့် သူက နန်းတော်အရှင်ရဲ့ အမွေအနှစ်ကိုဆက်ခံရရှိပြီး အဆင့်-၆ မဟူရာအမြုတေနယ်ပယ်မှာ တစ်ခါမှမရှုံးနိမ့်ဖူးဘူးလို့ ငါကြားဖူးတယ်”
လူအုပ်ကြီးက ဆွေးနွေးပြောဆိုလိုက်ကြ၏။
“လီလေး... သူ့ကိုဘာမှ ထပ်ပြောမနေနဲ့... အဲ့ဒီလိပ်ခွံကိုရအောင် ငါမင်းကို သေချာပေါက်ကူညီပေးမယ်”
တင်းယွီက တည်တံ့စွာဖြင့် ပြောလိုက်၏။
ဆူဇီမိုက တင်းယွီကို လျစ်လျူရှုပြီး ကျန်းလီကို ပြောလိုက်လေသည်။
“ကျုပ်စိတ်မကောင်းပါဘူး... ဒါပေမဲ့ ဒီလိပ်ခွံကို ကျုပ်ကရောင်းမှာ မဟုတ်ဘူး”
ကျန်းလီ၏ မျက်လုံးထဲတွင် စိတ်ပျက်သွားသည့်အရိပ်အယောင်တစ်ခုပေါ်ထွက်လာသော်လည်း သူမက မရမကပြောဆိုလိုက်ခြင်း မရှိပေ။
ထိုစဥ်မှာပင် နဂါးအသူရာချောက်နက်မြို့တော်မှာ အစောင့်တပ်သားတစ်ဖွဲ့က လျှောက်လှမ်းလာလေသည်။
သူတို့က ချပ်ဝတ်တန်ဆာများကိုဝတ်ဆင်ထားပြီး အေးစက်စက်အမူအရာများနှင့်အတူ လှံများကို ကိုင်ဆွဲထားကြ၏။
အစောင့်များသည် သူတို့၏ လှံများနှင့်အတူ လမ်းကြောင်းတစ်ခုကို ဖွင့်ထုတ်ကာ လူအုပ်ကြီးကို ချက်ချင်းပင် ချဲထုတ်လိုက်၏။
“ဘယ်သူပြဿနာရှာနေတာလဲ”
ခေါင်းဆောင်ဖြစ်သူက ခံ့ညားသောအမူအရာတစ်ခုရှိပြီး ဆူဇီမို ၊ တင်းယွီနှင့် အခြားသောသူများကို ထက်ရှသောအကြည့်ဖြင့်ကြည့်ကာ ဖြည်းဖြည်းချင်းမေးလိုက်၏။
ဆူဇီမိုက သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးကြည့်လိုက်ပြီး အစောင့်တပ်ဖွဲ့၏ ခေါင်းဆောင်က အဆင့်-၈ မဟူရာအမြုတေနယ်ပယ်မှာရှိသည်ကို သိလိုက်ရလေသည်။
“ဘယ်သူများလဲလို့... ခေါင်းဆောင်တပ်မှူးလျှိုပဲ”
တင်းယွီက ထိုသူကိုတွေ့မြင်သောအခါ စောစောက သူ၏ မောက်မာခက်ထန်မှုက ချက်ချင်းပင်ပျောက်ကွယ်သွားပြီး မျက်နှာလိုမျက်နှာရပုံစံဖြင့် ပြုံးလိုက်လေသည်။
သူက ရှေ့သို့တက်ပြီး ဦးညွှတ်လိုက်၏။
“နှုတ်ဆက်ပါတယ်... ခေါင်းဆောင်တပ်မှူးလျှို... ကျုပ်ကတင်းယွီပါ”
“မတွေ့ရတာတောင်ကြာပြီ... ဒါက ကျုပ်ရဲ့လေးစားသမှုနဲ့ပေးတဲ့ လက်ဆောင်ငယ်လေးပါ... ကျေးဇူးပြုပြီး လက်ခံပေးပါ ခေါင်းဆောင်တပ်မှူးလျှို”
ထိုသို့ပြောရင်း တင်းယွီက သိုလှောင်အိတ်တစ်အိတ်ကို ထုတ်ယူကာ ကမ်းပေးလိုက်လေသည်။
ခေါင်းဆောင်တပ်မှူးလျှိုက အဲ့ဒါကိုလက်ခံယူပြီး သိုလှောင်အိတ်ကို တစ်ချက်ဖွင့်ကြည့်လိုက်၏။ သူက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြီး သူ၏ လက်ဖဝါးကို လှုပ်ရှားကာ အဲ့ဒါကို သိမ်းဆည်းလိုက်လေသည်။
ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
နဂါးအသူရာချောက်နက်မြို့တော်၏ ခေါင်းဆောင်တပ်မှူးတစ်ယောက်သည် အခြားသူများအကြည့်ကို ဂရုမစိုက်ဘဲ လူတိုင်း၏ ရှေ့မှောက်မှာ တင်းယွီထံမှ လက်ဆောင်တစ်ခုကို လက်ခံယူလိုက်လေသည်။
ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများကတော့ သူတို့သည် အဲ့ဒါကို မြင်တွေ့နေကျဖြစ်သည့်အလား သူတို့၏ အမူအရာများက တည်ငြိမ်နေကြ၏။
“တာအိုရောင်းရင်းဆူ... နဂါးအသူရာချောက်နက်မြို့တော်ရဲ့ အစောင့်တပ်သားတွေကို မဆန့်ကျင်မိစေနဲ့”
ယွဲ့ဟောက်က ဆူဇီမို၏ အမူအရာကို တွေ့မြင်သောအခါ သူက အသံတစ်ခုကိုပို့လွှတ်ပြီး အလောတကြီးသတိပေးလိုက်၏။
“နဂါးအသူရာချောက်နက်မြို့တော်က အစိမ်းရောင်တိမ်စိုင်တိုင်းပြည်ရဲ့ အုပ်ချုပ်မှုအောက်က အစွန်အဖျားမြို့တစ်မြို့ဆိုပေမဲ့ အဲ့ဒါက မဟာကျင်းနိုင်ငံရဲ့ အုပ်ချုပ်မှုအောက်မှာရှိနေတယ်... ကျုပ်တို့က သူတို့ကိုခုခံဖို့ မတတ်နိုင်ဘူး”
“အဲ့ဒီအစောင့်တွေရဲ့ ခေါင်းဆောင်တပ်မှုးအတော်များများက ဒေသခံအဆင့်မြင့်အင်မော်တယ်တွေပဲ... သူတို့ရဲ့မျက်လုံးထဲမှာ ကျုပ်တို့က သူတို့အလွယ်တကူဖိခြေသတ်နိုင်တဲ့ ပုရွက်ဆိတ်တွေလိုပဲ”
ဆူဇီမိုက တိတ်ဆိတ်ငြိမ်သက်နေ၏။
ယွဲ့ဟောက်၏ သတိပေးခြင်းမရှိလျှင်တောင် သူက ဤခေါင်းဆောင်တပ်မှူးလျှိုကို ရန်စလိမ့်မည် မဟုတ်ပေ။
တစ်ဘက်မှာတော့ ခေါင်းဆောင်တပ်မှူးလျှို၏ ကျင့်ကြံမှုနယ်ပယ်သည် အဆင့်-၈ မဟူရာအမြုတေနယ်ပယ်မှာရှိနေ၏။
တစ်ဘက်မှာတော့... ဤနေရာသည် နဂါးအသူရာချောက်နက်မြို့တော်ဖြစ်နေ၏။
ဤနေရာမှာ နဂါးအသူရာချောက်နက်မြို့တော်၏ ခေါင်းဆောင်တပ်မှုးတစ်ယောက်ကို သူက ဆန့်ကျင်တိုက်ခိုက်မည်ဆိုပါက သူက သေချင်နေတာပင်ဖြစ်ရပေမည်။
သူ၏ အစွမ်းအစနှင့်ပင်လျှင် သူက မထိမခိုက်ထွက်ပြေးနိုင်လိမ့်မည် မဟုတ်ပေ။
တင်းယွီ၏ သိုလှောင်အိတ်ကိုလက်ခံယူပြီးနောက် ခေါင်းဆောင်တပ်မှူးလျှို၏ အမူအရာက ပျော့ပြောင်းသွားပြီး မေးလိုက်၏။
“ဒီမှာဘာတွေဖြစ်နေတာလဲ”
တင်းယွီက အလောတကြီးပြောပြလိုက်၏။
“ခေါင်းဆောင်တပ်မှုးလျှိုကို အစီရင်ခံပါရစေ... ဒါက အသေးအဖွဲ့ကိစ္စတစ်ခုပါ... မြို့ထဲမှာဆိုရင် အရောင်းအဝယ်လုပ်တယ်ဆိုတာ... အရင်လာတဲ့လူကို အရင်ရောင်းရတာမလား... အစကတော့ ကျုပ်က ပစ္စည်းတစ်ခုကို သဘောကျနေတာ... ဒါပေမဲ့ ကျုပ်စိတ်အာရုံပျက်ယွင်းသွားတဲ့အချိန်မှာပဲ ဒီ မျက်ကန်းအရူးက အဲ့ဒီပစ္စည်းကို ဝယ်သွားခဲ့တယ်”
“တာအိုရောင်းရင်း... ခင်ဗျားဘာလို့ လိမ်ပြောနေတာလဲ'
ယွဲ့ဟောက်က ရှေ့သို့ထွက်လာပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ကျုပ်တို့ဆိုင်ရှင်နဲ့စကားပြောနေတုန်းက ခင်ဗျားတို့က ဒီကိုတောင် ရောက်မလာသေးဘူး”
“အဲ့ဒါဆိုလည်း... မင်းတို့က ဘယ်သူအရင်ရောက်လာတယ်ဆိုတာ... ဆိုင်ပိုင်ရှင်ကို မေးကြည့်လိုက်လေ”
တင်းယွီက လှောင်ရယ်လိုက်ပြီး ခြိမ်းခြောက်လိုသောအကြည့်ဖြင့် သက်လတ်ပိုင်အရွယ်ဆိုင်ပိုင်ရှင်ကို ကြည့်လိုက်လေသည်။
သက်လတ်ပိုင်းအရွယ် ဆိုင်ရှင်က စိတ်ထဲကနေ ညည်းတွားလိုက်၏။
ဆူဇီမိုနှင့် အခြားသူများက အရင်ရောက်ရှိလာပြီး သူ၏ ပစ္စည်းကို ဝယ်ခဲ့သူများဖြစ်ကြလေသည်။ သို့သော်လည်း အခြေအနေက ဖိအားပေးနေပြီး တင်းယွီမှာ ခေါင်းဆောင်တပ်မှူးလျှို၏ အထောက်အပံ့ရှိနေ၏။ ထိုသို့ဖြင့် သူသည် အမှန်တရားကို ပြောဆိုရဲခြင်းမရှိဘဲ အခက်တွေ့နေဟန်ဖြင့် အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေ၏။
ရုတ်တရက် ခေါင်းဆောင်တပ်မှူးလျှိုက ပြောလိုက်၏။
“ကောင်းပြီလေ... ဒါက ကြီးကြီးမားမားကိစ္စမှ မဟုတ်တာ... မင်းတို့တွေက တစ်ယောက်နဲ့တစ်ယောက် အလျှော့မပေးချင်ဘူးဆိုရင် ညစျေးကိုသွားပြီး တိုက်ခိုက်ကြပေါ့... အနိုင်ရတဲ့လူဘယ်သူပဲဖြစ်ဖြစ် အဲ့ဒီပစ္စည်းကိုရလိမ့်မယ်... အဲ့ဒါက မင်းတို့အားလုံးအတွက် မျှတလိမ့်မယ်”
လူအုပ်ကြီးထဲမှ ရုတ်ရုတ်သဲသဲ အသံတချို့ ထွက်ပေါ်လာ၏။
အပေါ်ယံကြည့်လျှင်တော့ ခေါင်းဆောင်တပ်မှူးလျှိုပြောသည်က မျှတသယောင်ရှိလေသည်။ သို့သော်လည်း သူတို့က ညစျေးမှာတိုက်ခိုက်မည်ဆိုလျှင် သေခြင်းရှင်ခြင်းကိစ္စက ပါဝင်လာပေလိမ့်မည်။
ဒါ့အပြင် ဆူဇီမိုသည် အဆင့်-၅ မဟူရာအမြုတေနယ်ပယ်မှာရှိပြီး တင်းယွီကတော့ အဆင့်-၆ ဖြစ်လေသည်။ အဲ့ဒါကို ဘယ်လိုပဲကြည့်ကြည့် အဲ့ဒါက မျှတသည့်တိုက်ပွဲတစ်ပွဲ မဖြစ်နိုင်ပေ။
“ကျုပ်ကတော့ အဆင်ပြေသားပဲ”
တင်းယွီက စိတ်လှုပ်ရှားစွာဖြင့်သဘောတူလိုက်၏။
“မင်းမှာရော ပြဿနာရှိလား”
ခေါင်းဆောင်တပ်မှူးလျှိုက ဆူဇီမိုကိုကြည့်ပြီး မှင်သေသေဖြင့် မေးလိုက်၏။
“မင်းလက်မခံဘူးဆိုရင်တော့ အဲ့ဒီပစ္စည်းကို အခုပဲ တင်းယွီကို ထုတ်ပေးလိုက်တော့”