← Chapters

လေလံပွဲ

Vol. 123 Ch. 1839

လေလံပွဲ

Vol. 123 Ch. 1839

နန်းတော်၏ ဘေးပတ်လည်ကို စောင့်ကြပ်နေသောအစောင့်များစွာရှိပြီး သူတို့၏ ကျင့်ကြံမှုအဆင့်များက မနိမ့်ကျပေ။ တစ်ယောက်ယောက်က ဒီနေရာမှာ ပြဿနာရှာရဲမည်ဆိုလျှင် အစောင့်များက ချက်ချင်းပင် တိုက်ခိုက်လာပေလိမ့်မည်။

ဆူဇီမိုနှင့် အခြားသူများသည် ခဏမျှရပ်တန့်ပြီးနောက် မြေအောက်နန်းတော်၏ ဝင်ပေါက်ဆီသို့ ဦးတည်လိုက်ကြ၏။

ယွဲ့ဟောက်နှင့် အခြားသူများသည် ညစျေးအကြောင်းကို အရင်ကကြားဖူးရုံသာရှိလေသည်။ သူတို့သည်လည်း ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်ပြီး နန်းတော်ကို စူးစမ်းလိုစိတ်ဖြင့် စေ့စေ့စပ်စပ် ကြည့်နေကြ၏။

နန်းတော်ထဲသို့ ဝင်ရောက်လာပြီးနောက် အဲ့ဒီမှာ ရုတ်ရုတ်သဲသဲအသံတစ်ခု ထွက်ပေါ်လာ၏။

နန်းတော်ကို မြေအောက်မှာတည်ဆောက်ထားသော်လည်း ၎င်းသည်အတော်လေးကျယ်ဝန်းပြီး အနည်းဆုံး လူပေါင်းထောင်ချီကို ဝင်ဆံ့နိုင်လေသည်။

နန်းတော်၏ အလယ်မှာ ဧရာမစင်မြင့်တစ်ခုရှိ၏။

နန်းတော်၏ အပေါ်ပိုင်းမှာ မွှေးရနံ့များဖြာထွက်နေသည့် အမျိုးမျိုးသော စိတ်ဝိညာဥ်သစ်သီးများနှင့် အင်မော်တယ်မက်မွန်သီးများကို တည်ခင်းထားသည့် ဝိုင်းပတ်ထားသော အနားယူရာနေရာတစ်ခုရှိလေသည်။

ထိုခုံများသည် အောက်ဘက်ရှိ ကျင့်ကြံသူများစွာ၏ အထက်မှာရှိပြီး အကောင်းဆုံးမြင်ကွင်းကို ထိုနေရာမှာ ရရှိနိုင်လေသည်။ မြင့်မြတ်သောအဆင့်အတန်းနှင့် ပုဂ္ဂိုလ်များသာလျှင် ထိုထိုင်ခုံများမှာနေရာယူနိုင်မည်ဖြစ်၏။

ကျင့်ကြံသူများစွာက နေရာယူထားကြပြီ​ဖြစ်ပြီး သူတို့ကြားမှာ စကားများပြောဆိုနေကြ၏။

သူတို့ထဲမှာ အဆင့်-၈ မဟူရာအင်မော်တယ်တချို့ပင်ပါရှိသည်ကို ဆူဇီမိုက ရှင်းလင်းစွာတွေ့မြင်လိုက်ရ၏။

ယွဲ့ဟောက်က တိုးတိုးကပ်ပြောလိုက်လေသည်။

“အဲ့ဒီနေရာမှာထိုင်နိုင်တဲ့လူတွေက များသောအားဖြင့် နဂါးအသူရာချောက်နက်မြို့တော်က အဆင့်မြင့်အင်မော်တယ်တွေပဲ... သူတို့က မြို့တော်ထဲမှာ ပြောရေးဆိုခွင့်ရှိသူတွေလို့ ပြောနိုင်ပြီးတော့ နာမည်ဂုဏ်သတင်း အတော်လေးကြီးမားကြတယ်”

“အဖွဲ့အစည်းကြီး ရှစ်ခုဆိုတာ အဲ့ဒီအဆင့်မြင့်အင်မော်တယ်တွေရဲ့ မျက်လုံးထဲမှာ ဘာမှမဟုတ်ဘူး... အဲ့ဒီအဖွဲ့အစည်းတွေက သခင်လေးတွေကိုပဲကြည့်လိုက်... သူတို့က အောက်မှာပဲ မတ်တတ်ရပ်နေရတယ်”

စင်မြင့်က လူအတော်များများဖြင့် ပြည့်နှက်နေပြီဖြစ်၏။

ဆူဇီမိုက တစ်ချက်ဝေ့ကြည့်လိုက်၏။

သိပ်မကြာခင် သူက အောက်ဘက်ရှိ လူအုပ်ထဲမှာ ရင်းနှီးနေသောမျက်နှာတချို့ကို တွေ့မြင်လိုက်ရ၏။

မဟူရာယင်တောင်၏ တင်းယွီနှင့် ကောင်းကင်ဘုံမီးနန်းတော်၏ ကျန်းလီတို့က နေရာတစ်ခုစီမှာ ယူထားကြလေသည်။ သူတို့နှစ်ယောက်သည် ရှေ့မှာရပ်နေပြီး သူတို့၏ နောက်ဘက်မှာ စောင့်နေကြသော ကျင့်ကြံသူများစွာရှိလေသည်။

တစ်ချိန်တည်းမှာပင် တင်းယွီက ဆူဇီမိုကို တွေ့မြင်သွား၏။

တင်းယွီက ဆူဇီမိုကို လှောင်ရယ်ကာကြည့်လိုက်ပြီး ရန်စသည့်ပုံစံဖြင့် သူ၏ လည်ပင်းအောက်မှာ သူ၏ လက်ဝါးစောင်းကို တင်ပြလိုက်၏။

ဆူဇီမိုက သူ၏ အကြည့်ကိုရုပ်သိမ်းပြီး သူ့ကို လျစ်လျူရှုလိုက်လေသည်။

တင်းယွီ၏ ဘေးတွင်ရှိသော နေရာတစ်ခုမှာ နောက်ထပ်ကျင့်ကြံသူတစ်အုပ်စုက မတ်တတ်ရပ်နေကြ၏။

သူတို့၏ ခေါင်းဆောင်က ကြောက်စရာကောင်းသော အမူအရာနှင့် ငယ်ရွယ်သော အမျိုးသားတစ်ယောက်ဖြစ်လေသည်။

သူက အဖွဲ့အစည်းကြီး ရှစ်ခုမှ ကောင်းကင်ဂြိုလ်ဆိုးဂိုဏ်း၏ သခင်လေး ဖြစ်လေသည်။

“ညီကိုတင်း... အဲ့ဒီကောင်လေးက စိန်ခေါ်မှုကို လက်ခံရဲတယ်တဲ့လား”

ကောင်းကင်ဂြိုလ်ဆိုးဂိုဏ်း၏ သခင်လေးက မေးလိုက်လေသည်။

တင်းယွီက ပြုံးပြလိုက်၏။

“သူ့မှာရွေးချယ်စရာမရှိဘူးလေ... ခေါင်းဆောင်တပ်မှူးလျှိုက ကိုယ်တိုင်အမိန့်ပေးလာတော့ သူက မနာခံဘူးဆိုရင် သေချင်နေတာပဲ ဖြစ်မှာပေါ့”

ကောင်းကင်ဂြိုလ်ဆိုးဂိုဏ်း၏ သခင်လေးက သူ့လက်ထဲမှာ ကြီးမားသောဝက်သားတစ်တုံးကို ကိုင်ထားပြီး ပြုံးဖြီးနေ၏။ သူ၏ နှုတ်ခမ်းများက ဝက်ဆီများဖြင့် ပေစွန်းနေလေသည်။

“အဲ့ဒါဆိုလည်း... နောက်ပြီးကျရင် အောင်မြင်ပါစေ ညီကို”

ဆူဇီမိုက နန်းတော်ထဲသို့ ဝင်ရောက်လာသည့်ခဏမှာပင် စင်မြင့်ထက်ရှိလူများစွာက လှမ်းကြည့်လိုက်ကြ၏။

သွေးသူရိယတောင်ကြားကလွဲလျှင် နဂါးအသူရာချောက်နက်ကြယ်ပေါ်ရှိ အခြားသောအဖွဲ့အစည်းကြီးများဖြစ်သည့် ကောင်းကင်ဘုံကင်းမြီးကောက်ရဲတိုက် ၊ မိုးကြိုးတုန်ခါလှိုင်းခန်းမ ၊ အမွှာနဂါးဂိုဏ်း ၊ ကောင်းကင်ဂြိုလ်ဆိုးဂိုဏ်း ၊ မဟူရာယင်တောင် ၊ ကောင်းကင်ဘုံမီးနန်းတော်နှင့် မဟူရာအလင်းဂိုဏ်းတို့အားလုံးက ရောက်ရှိလာကြ၏။

“တာအိုရောင်ရင်းဆူ... ဒီမှာ”

ထိုစဥ်မှာပင် လူအုပ်ကြားထဲကနေ ခပ်အုပ်အုပ်အော်ခေါ်သံတစ်သံက ထွက်ပေါ်လာ၏။

လူအုပ်ကြားထဲမှာ အမွှာနဂါးဂိုဏ်း၏ ရှုဝမ်က ဆူဇီမိုကို လက်ပြနေ၏။

အဖွဲ့အစည်းကြီးများမှ လူများသည် အောက်ဘက်တွင် မတ်တတ်ရပ်နေကြသော်လည်း သူတို့က စင်မြင်နှင့်နီးကပ်ပြီး သူတို့၏ နေရာများက မြင်ကွင်းကောင်းကို ရရှိနိုင်လေသည်။

အနည်းငယ်တုံ့ဆိုင်းပြီးနောက် ဆူဇီမိုက လျှောက်လှမ်းသွားလိုက်ဆဲ ဖြစ်၏။

တင်းယွီနှင့် အခြားသူများက ထိုသည်ကို တွေ့မြင်သောအခါ လှောင်ရယ်လိုက်ကြ၏။

အပြာရောင်ဝတ်အမျိုးသမီး၏ မျက်လုံးထဲတွင် အံ့အားသင့်မှုအရိပ်အယောင်တစ်ခုက ထင်ဟပ်လာ၏။

လူတိုင်း၏ မျက်လုံးထဲမှာ ဆူဇီမိုသည် သေရတော့မည့်ဆဲဆဲ လူတစ်ယောက်ဖြစ်နေလေပြီ။ အမွှာနဂါးဂိုဏ်းက ဤအခိုက်အတန့်မှာ သူနှင့်မိတ်ဆွေဖွဲ့ဖို့ ရွေးချယ်လာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားပေ။

ထိုအခိုက်အတန့်မှာ လူတိုင်းက ခန်းမထဲမှာ စုဝေးလာကြ၏။

သို့သော်လည်း ညစျေး၏ လေလံပွဲကို ယခုအချိန်ထိ မစတင်ရသေးပေ။

သိပ်မကြာခင်... လူတစ်အုပ်စုက နန်းတော်၏ ဝင်ပေါက်ဝကနေ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။

သူတို့၏ ခေါင်းဆောင်က ခေါင်းဆောင်တပ်မှူးလျှို ဖြစ်လေသည်။

ထိုအခိုက်အတန့်မှာ ခေါင်းဆောင်တပ်မှူးလျှိုသည် သူ၏ ချပ်ဝတ်တန်ဆာကို လဲလှယ်ထားပြီး သာမန်ဘရိုကိတ်ဝတ်ရုံကိုသာ ဝတ်ဆင်ကာ အပေါ်မှာရှိသော သူ၏ ထိုင်ခုံဆီသို့ လျှောက်လှမ်းလာ၏။

“ညီကိုလျှို... မင်းနောက်ကျနေတာပဲ ငါတို့က မင်းကိုစောင့်နေကြတာ”

လေးထောင့်ဆန်ဆန်မျက်နှာနှင့် ဗလတောင့်တောင့်အမျိုးသားတစ်ယောက်က သူ၏ ထိုင်ခုံကနေ ခေါင်းဆောင်တပ်မှူးလျှိုကို နှုတ်ဆက်လိုက်၏။

ရှုဝမ်က ခပ်တိုးတိုးပြောလိုက်လေသည်။

“အဲ့ဒါက နဂါးအသူရာချောက်နက်မြို့တော်ရဲ့ နောက်ထပ်ခေါင်းဆောင်တပ်မှူးတစ်ယောက်ပဲ... သူ့နာမည်က ယန်ဖေး သူ့ရဲ့အဆင့်အတန်းက ခေါင်းဆောင်တပ်မှူးလျှိုနဲ့ သိပ်မကွာဘူး”

ယန်ဖေးက ပြောလိုက်၏။

“ညီကိုလျှို... မင်းက ဒီနေ့တိုက်ပွဲတစ်ပွဲစီစဥ်ပေးထားတယ်လို့ ငါကြားထားတယ်”

ခေါင်းဆောင်တပ်မှူးလျှိုက ခပ်ယဲ့ယဲ့ပြုံးပြလိုက်၏။

“ငါက... အပျော်သက်သက် ရှာထားရုံပါပဲ... ဘာလဲ မင်းကငါနဲ့လောင်းချင်လို့လား ညီကိုယန်”

“အို... ဘာကြေးလဲ”

ယန်ဖေးက မေးလိုက်၏။

ခေါင်းဆောင်တပ်မှူးလျှိုက ပြောလိုက်လေသည်။

“မင်းရဲ့ သက်တံဓားပညာရပ်နဲ့လောင်းရအောင်... ငါနိုင်မယ်ဆိုရင် မင်းက ငါ့ကို အဲ့ဒါခဏငှားပေးရမယ်”

“ဟားဟား...”

ယန်ဖေးက ရယ်မောလိုက်၏။

“မင်းက ငါ့ရဲ့ဓားကို အချိန်တစ်ခုကြာ လုယူချင်နေတာပဲ”

“မင်းက အဲ့ဒါကို ကောင်းကောင်း စီစဥ်ထားတာမလား... သူတို့နှစ်ယောက်ကြားမှာ ကျင့်ကြံမှုအဆင့် ကွာဟချက်ရှိတယ်လို့ ငါကြားထားတယ်”

ခေါင်းဆောင်တပ်မှူးလျှိုက ပြောလိုက်၏။

“ငါတို့က... လောင်းရမယ့်ပုံစံကို ပြောင်းလို့ရတာပဲ.... တင်းယွီက အဲ့ဒီလူကို ဘယ်နှချီနဲ့ သတ်နိုင်မလဲဆိုတာ ငါတို့လောင်းလို့ရတယ်”

“အဲ့ဒါဆိုရင်တော့... စိတ်ဝင်စားစရာပဲ”

ယန်ဖေးက အတွေးနက်စွာဖြင့် သူ၏ မေးကို ပွတ်သပ်လိုက်၏။

သူတို့နှစ်ယောက်သည် သူတို့၏ မြင့်မားသော အဆင့်အတန်းအရ သူတို့၏ စကားပြောဆိုနေသည့်အသံကို ဖုံးကွယ်ထားခြင်း မရှိပေ။

ဆူဇီမိုနှင့် အခြားသူများသည် လူအုပ်ကြီးထဲမှာရှိနေသော်လည်း သူတို့က သူတို့နှစ်ယောက်၏ စကားပြောဆိုသံများကို ကြားလိုက်ရ၏။

ရှုဝမ်က ခါးသက်စွာပြုံး၍ အသံတစ်ခုကိုပို့လွှတ်လိုက်၏။

“တာအိုရောင်းရင်ဆူ... အောက်ဘုံကနေတက်လှမ်းလာတဲ့ ကျွန်မတို့တွေက သူတို့ရဲ့မျက်လုံးထဲမှာ ကစားစရာအရုပ်တွေထက် မပိုဘူး”

“အဲ့ဒီအဆင့်မြင့်အင်မော်တယ်တွေက ဒီလိုမျိုးတိုက်ပွဲတွေနဲ့ အလောင်းအစားတွေကို မကြာခဏစီစဥ်တတ်ကြတယ်... အဲ့ဒါက သူတို့အတွက် ဖျော်ဖြေရေးသက်သက်ပဲ”

ဆူဇီမိုက အသံတိတ်နေ၏။

အတိအကျဆိုရလျှင် ခေါင်းဆောင်တပ်မှူးလျှိုနှင့် အခြားသောအဆင့်မြင့်အင်မော်တယ်များသည် သူတို့ကို လုံးဝအတည်အတံ့မှတ်ယူထားခြင်း မရှိပေ။

“အားလုံးပဲ....ကျေးဇူးပြုပြီး ငြိမ်သက်ပေးကြပါ”

ထိုစဥ်မှာပင် သာယာနာပျော်ဖွယ်ကောင်းသောအသံတစ်သံက စင်မြင်ထက်ကနေ ထွက်ပေါ်လာ၏။

မသိလိုက်မသိဘာသာနှင့်ပင် အမျိုးသမီးတစ်ယောက်က စင်မြင့်ထက်သို့ ရောက်ရှိလာခဲ့၏။ ပါးလွှာသော ဇာတစ်ထည်ကိုခြုံထားပြီး သူမ၏ ညှို့ဓာတ်ပါ၍ ကြော့ရှင်းသော ခန္ဓာကိုယ်ကို မသိမသာခပ်ရေးရေးဖော်ပြထားလေသည်။ သူမ၏ နှုတ်ခမ်းနီနီက ကညုတုတုနိုင်ပြီး ညှို့ငင်ဓာတ်ဖြင့် ပြည့်ဝနေ၏။

ရှန်ဖေးက မှင်တက်သွားပြီး တံတွေးကို အလျင်အမြန်မျိုချလိုက်၏။

“အဆင့်မြင့်အင်မော်တယ်တို့... ကျေးဇူးပြုပြီး ရှင်တို့ရဲ့ထိုင်ခုံတွေမှာ နေရာယူပေးကြပါ... ဒီနေ့လေလံပွဲကို တရားဝင်စတင်ပါတော့မယ်”

ဇာပုဝါခြုံထားသောအမျိုးသမီးက ညင်သာစွာပြုံးပြလိုက်၏။

ရှုဝမ်က အသံကိုနှိမ့်၍ ပြောလိုက်၏။

“ပုံမှန်အားဖြင့်ဆိုရင်... လေလံပွဲပြီးမှပဲ ကျင့်ကြံသူတွေကြားတိုက်ခိုက်ပွဲကို စတင်လိမ့်မယ်”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

စင်မြင့်ထက်မှာ ဇာပုဝါခြုံထားသောအမျိုးသမီက သူမ၏ လက်ကိုညင်သာစွာ ဝေ့ယမ်းပြလိုက်၏။

မလှမ်းမကမ်းကနေ ငယ်ရွယ်သောမိန်းကလေးတစ်ဦးက လျှောက်လှမ်းလာပြီး ပေါ့ပါးသောခြေလှမ်းများနှင့်အတူ စင်မြင့်ပေါ်သို့ တက်လာ၏။ သူမက လက်နှစ်ဖက်ဖြင့် လင်ဗန်းတစ်ချက်ကို ကိုင်လာပြီး အဲ့ဒါကို အနက်ရောင်ပိတ်စတစ်ထည်ဖြင့် ဖုံးအုပ်ထားလေသည်။

“လေလံတင်မယ့်... ပထမဆုံးပစ္စည်းကတော့ ကျင့်ကြံရေးနည်းစနစ်တစ်ခုဖြစ်တဲ့ ကောင်းကင်ဘုံမိုးကြိုးနဂါးကျားသုတ္တန်ပါ... အဲ့ဒါက အရည်အသွေးမြင့် နိမ့်ကျအဆင့် နည်းစနစ်တစ်ခုပဲ”

ဇာပုဝါခြုံထားသောအမျိုးသမီက အနက်ရောင်ပိတ်စကို ဖယ်ရှားလိုက်ပြီး အထဲမှရှေးဟောင်းကျမ်းစာအုပ်တစ်အုပ်က ပေါ်ထွက်လာ၏။

ကျင့်ကြံရေးနည်းစနစ်များကို အဆင့်လေးဆင့်ခွဲခြားထားလေသည်။

အဲ့ဒါတွေက ကောင်းကင် ၊ ကမ္ဘာမြေ ၊ မဟူရာနှင့် နိမ့်ကျအဆင့်တို့ဖြစ်၏။ အဆင့်တစ်ဆင့်ချင်းစီမှာ အရည်အသွေးက သိသာစွာကွဲပြားသွားလေသည်။

ယခုအချိန်မှာ နဂါးအသူရာချောက်နက်ကြယ်၏ ကျင့်ကြံသူများ ကျင့်ကြံသော ​ကျင့်ကြံရေးနည်းစနစ်အများစုသည် အရည်အသွေးအတော်လေးနိမ့်ကျပြီး သူတို့ကို အရည်အသွေးနိမ့် နိမ့်ကျအဆင့်ဟုပင် မသတ်မှတ်နိုင်ပေ။

ယခု... ကောင်းကင်ဘုံမိုးကြိုးနဂါးကျားသုတ္တန်က ပေါ်ထွက်လာပြီး အဲ့ဒါက ကျင့်ကြံသူများစွာ၏ စိတ်အာရုံကို ဆွဲဆောင်မိသွား၏။

မိုးကြိုးတုန်ခါလှိုင်းခန်းမမှ အပြာရောင်ဝတ်အမျိုးသမီးက တောက်လောင်ပြင်းပြသောအကြည့်နှင့်အတူ ထိုရှေးဟောင်းကျမ်းစာအုပ်ကို ကြည့်လိုက်လေသည်။

“ဒီကျင့်ကြံရေးနည်းစနစ်အတွက် ကြမ်းခင်းစျေးကတော့ အမြုတေစုဖွဲ့ဆေးလုံး ငါးသိန်းပါရှင်”

ဇာပုဝါခြုံထားသောအမျိုသမီးက ဖြည်းဖြည်းချင်းပြောလိုက်၏။

“ဘုရားရေ... ကြမ်းခင်းစျေးကတင် အမြုတေစုဖွဲ့ဆေးလုံး ငါးသိန်းတဲ့လား”

သွမ့်ထျန်လန်က တုန်လှုပ်သွားပြီး သူ၏ လျှာကို ကိုက်လုမတတ်ဖြစ်သွားလေသည်။

ဆူဇီမိုကလည်း မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

သူ့မှာရှိသော အမြုတေစုဖွဲ့ဆေးလုံးများအားလုံးကို စုပေါင်းလျှင်တောင် ငါးသိန်းထက်ပိုမရှိပေ။

တကယ်တော့... သူက ထိုရှေးဟောင်းကျမ်းစာအုပ်ကို စိတ်ဝင်စားခြင်းလည်း မရှိပေ။

ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်က ဘယ်အဆင့်မှာရှိသည်ကို သူမသိသော်လည်း အဲ့ဒါက ကမ္ဘာမြေအဆင့်၏ အထက်မှာ သေချာပေါက်ရှိပေလိမ့်မည်။ အဲ့ဒါက ကောင်းကင်အဆင့် ကျင့်ကြံရေးနည်းစနစ်တစ်ခုပင် ဖြစ်ကောင်းဖြစ်နိုင်လေသည်။

ထိုသို့သာမဟုတ်ပါက သူသည် အဆုံးစွန်ယင်ယန်စွမ်းအားနှစ်ခုကိုဖိနှိမ်ပြီး နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်နှင့် အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဥ်ကို ပေါင်းစည်းနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။

All Chapters