← Chapters

လျှပ်တပြက် သတ်ဖြတ်ခြင်း

Vol. 123 Ch. 1843

လျှပ်တပြက် သတ်ဖြတ်ခြင်း

Vol. 123 Ch. 1843

တင်းယွီသည် သူ၏ မဟူရာ ယင်နည်းစနစ်ကို ထုတ်ဖော်လိုက်သောအခါ အစက ဆူဇီမို ရပ်နေခဲ့သော နေရာတွင် အနက်ရောင် ချီစီးကြောင်းများက ပေါ်ထွက်လာပြီး ကြောက်စရာကောင်းသော စိတ်ဆန္ဒတစ်ခုနှင့်အတူ သူ့ကို လွှမ်းခြုံလာခဲ့၏။

သို့သော်လည်း ဆူဇီမိုက ပို၍ပင် မြန်ဆန်လေသည်။

အနက်ရောင်ချီများ ပေါ်ထွက်လာသည့် ခဏမှာပင် ဆူဇီမိုက နေရာကနေ ပျောက်ကွယ်သွားပြီး တင်းယွီရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။

သူတို့နှစ်ယောက်က အရမ်းကို နီးကပ်နေကြလေပြီ။

တင်းယွီ၏ မျက်လုံးနှစ်ဖက်က နက်ရှိုင်းသော အကြောက်တရားဖြင့် ပြည့်နှက်လာခဲ့၏။

အတိအကျဆိုရလျှင် သူသည် အောက်ဘုံကနေ တက်လှမ်းလာသော ကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။

သူသည် အထက်ဘုံ၏ နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ မွေးဖွားခဲ့ခြင်း ဖြစ်လေသည်။

အထက်ဘုံမှာ မွေးဖွားလာသော ကျင့်ကြံသူများသည် ကောင်းကင်နှင့်မြေကြီး အမြုတေချီကို စုပ်ယူသန့်စင်ထားသောကြောင့် သူတို့မှာ မြင့်မားသော အခြေခံအုတ်မြစ် ရှိကြလေသည်။

သူသည် ငယ်ရွယ်သော ဤအသက်အရွယ်ဖြင့် အဆင့်ခြောက် မဟူရာအမြုတေနယ်ပယ်သို့ ကျင့်ကြံနိုင်ခဲ့ပြီဖြစ်၏။

သို့သော်လည်း တိုက်ပွဲ အတွေ့အကြုံချင်း ယှဉ်လျှင် သူသည် အောက်ဘုံမှ တက်လှမ်းလာသောသူများထက် များစွာနိမ့်ကျလေသည်။

အောက်ဘုံမှ တက်လှမ်းလာသူများစွာကြားမှာ ဆူဇီမိုသည် ကောင်းကင်ဘုံကပ်ဘေး လေးခုကို ဖြတ်ကျော်လာခဲ့သည့် အသန်မာဆုံး လူတစ်ယောက်ဖြစ်၏။

ဆူဇီမိုသည် သူနှင့် တိုက်ခိုက်ဖို့အတွက် တူညီသော နည်းစနစ်များကို သုံးဖို့ အရေးလုပ်မနေပေ။

တင်းယွီက သူ၏ အင်မော်တယ် ပညာရပ်ကို ထုတ်ဖော်လိုက်သောအခါ ဆူဇီမိုက ပြန်လှန်တိုက်ခိုက်ဖို့အတွက် သူ၏ ကြောက်စရာကောင်းသော ကိုယ်ကာယကို အသုံးချလိုက်၏။

တင်းယွီသည် ဤကဲ့သို့ ကြောက်စရာကောင်းသော ရုန်းကန်ပေါက်ကွဲအားတစ်ခုကို တစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။

သူ၏ ရှေ့တည့်တည့်မှာ ရှိနေသော ဆူဇီမိုကို ကြည့်ပြီး သူ၏ စိတ်က ယောက်ယက်ခတ်ကာ မည်သို့မည်ပုံ ခုခံရမည်ကို မသိတော့ပေ။

ကပျာကယာနှင့် သူက ခုခံဖို့အတွက် သူ၏ ဓမ္မရတနာကို အလိုလို ဆွဲထုတ်ချင်လေသည်။

သို့သော်လည်း ဤအကွာအဝေးမှာ တင်းယွီက သေလူတစ်ယောက်ဖြစ်သွားခဲ့လေသည်။

ဆူဇီမိုမှာ သူ့ကို နေရာမှာတင် သတ်ဖြတ်ဖို့အတွက် နည်းလမ်းပေါင်း တစ်ရာကျော် ရှိလေသည်။

ဆူဇီမိုက သူ၏ လက်ဖဝါးကို ဆန့်ထုတ်ပြီး တင်းယွီ၏ နဖူးကို ညင်သာစွာ ပုတ်လိုက်၏။

ဖြောင်း..

တင်းယွီက ဆတ်ခနဲ တုန်ယင်သွားပြီး သူ၏ အကြည့်က လေးကန်ကာ သူ့မျက်လုံးထဲရှိ အလင်းရောင်က အလျင်အမြန် မှေးမှိန်လာခဲ့၏။

သူ၏ ဦးခေါင်းပေါ်မှာ မည်သည့် ဒဏ်ရာမှ ရှိမလာခဲ့ပေ။

သို့သော်လည်း ထိုလက်ဝါး၏ စွမ်းအားက သူ၏ အမြုတေစိတ်ဝိညာဉ်ကို ကြေမွသွားစေ၏။

ဘုန်း..

တင်းယွီ၏ မျက်လုံးက ပြူးကျယ်သွားပြီး အသက်မဲ့စွာဖြင့် သူက ပြိုင်ပွဲကွင်းပေါ်မှာ တောင့်တင်းစွာ လဲကျသွား၏။

ဆူဇီမိုက တင်းယွီ၏ ခါးပေါ်မှ သိုလှောင်အိတ်ကို လှစ်ခနဲ ဖြုတ်ယူပြီး သိမ်းဆည်းလိုက်လေသည်။

နန်းတော်တစ်ခုလုံးက သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွား၏။

ကျင့်ကြံသူများ အားလုံးက ကြက်သေသေနေပြီး အရာရာတိုင်းကို တုန်လှုပ်စွာဖြင့်.. သံသယဝင်စွာဖြင့် ငေးကြည့်နေကြ၏။

ထိုအခိုက်အတန့်မှာ လူတိုင်း၏ လည်ချောင်းထဲတွင် တစ်ခုခု တစ်ဆို့နေသည့်အလားပင်။

“အဲ.. အဲဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ”

မိုးကြိုးတုန်ခါလှိုင်းခန်းမမှ အပြာရောင်ဝတ် အမျိုးသမီးက မှင်တက်နေပြီး သူမ၏ မျက်လုံးတစ်ဖက်က မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်ကာ ငေးငိုင်စွာဖြင့် တီးတိုးရေရွတ်လိုက်၏။

“တင်းယွီက သေသွားပြီလား”

ကောင်းကင်ဘုံကင်းမြီးကောက်ရဲတိုက်၏ သခင်လေးက အူမြူးအားရစွာဖြင့် ရယ်မောလိုက်၏။

“သူက အဲဒါနဲ့ပဲ တန်တယ်.. စောစောက အရမ်းတွေ မောက်မာပြီးတော့ အင်ကြင်းသစ်ရွက်အတွက် ငါနဲ့ ယှဉ်ပြိုင်တိုက်ခိုက်နေခဲ့တာ ဘယ်သူလဲ”

“သခင်လေး.. အင်ကြင်းသစ်ရွက်က အခုဆို အဲဒီလူလက်ထဲကို ရောက်သွားပြီနဲ့တူတယ်”

သူ့နောက်မှာ ရှိသော သက်တော်စောင့်တစ်ယောက်က ညင်သာစွာ သတိပေးလိုက်၏။

“အို..”

ကောင်းကင်ဘုံကင်းမြီးကောက်ရဲတိုက်၏ သခင်လေးက အာရုံစိုက်၍ ကြည့်လိုက်၏။

အခြားသော အဖွဲ့အစည်းကြီးများမှ သခင်လေးများကလည်း မကွာခြားသော အမူအရာများနှင့်အတူ တုန်လှုပ်နေကြ၏။

သူက အဲဒါကို​ တွေ့မြင်သောအခါ ခေါင်း​ဆောင်တပ်မှူးလျှို၏ အမူအရာက ပျက်ယွင်းသွားပြီး သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်လိုက်လေသည်။ သူက ဒေါသထွက်နေသည်မှာ သိသာ၏။

တင်းယွီသည် ဤမျှအထိ စိတ်ပျက်စရာကောင်းလိမ့်မည်ဟု သူက ထင်မှတ်မထားပေ။ သူသည် ဆူဇီမိုကို အချီနှစ်ဆယ်အတွင်း မသတ်ဖြတ်နိုင်ခဲ့ရုံသာမက သူသည် လက်ဝါးရိုက်ချက်တစ်ချက်နှင့်ပင် သတ်ဖြတ်ခံခဲ့ရလေသည်။

ယန်ဖေးက ငေးငိုင်နေရာကနေ နိုးထလာပြီး ထွက်သက်ရှည်တစ်ချက် မှုတ်ထုတ်ကာ ရယ်မောလိုက်၏။

“ညီအစ်ကိုလျှို.. ငါနိုင်သွားပြီနော်”

တကယ်တော့ သူသည် ခေါင်း​ဆောင်တပ်မှူးလျှိုနှင့် ဤအလောင်းအစားကို ပြုရဲသည့် အကြောင်းရင်းမှာ သူသည် ယခင်က သတင်းအချက်အလက်တချို့ကို လက်ခံရရှိခဲ့ပြီး တစ်စုံတစ်ရာကို ကောက်ချက်ချနိုင်ခဲ့သောကြောင့် ဖြစ်၏။

သုန်မှုန်သော အကြည့်ဖြင့် ခေါင်း​ဆောင်တပ်မှူးလျှိုက မည်သည့်အရာကိုမှ ပြောဆိုခြင်း မရှိဘဲ အစိမ်းရောင်ဝတ် ကျင့်ကြံသူကို အေးစက်စွာ စိုက်ကြည့်နေ၏။

တင်းယွီ၏ သေဆုံးမှုနှင့်အတူ ဝင်္ကပါ အကာအရံအလွှာက တဖြည်းဖြည်း ပျက်ပြယ်သွားလေသည်။

ထိုအခါမှသာ ကျင့်ကြံသူများစွာက ငေးငိုင်နေရာကနေ နိုးထလာပြီး နန်းတော်ထဲမှာ ကျယ်လောင်သော အုံးအုံးကျက်ကျက် အသံများ ထွက်ပေါ်လာ၏။

“တင်းယွီက သေသွားပြီ”

“ဘုရားရေ.. အဆင့်ခြောက် မဟူရာအင်မော်တယ်တစ်ယောက်က အဆင့်ငါး မဟူရာအင်မော်တယ်တစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတာပဲ”

“နောက်ပြီး အဲဒါက လျှပ်တပြက် သတ်ဖြတ်ခြင်းပဲ.. တင်းယွီက ဘယ်လိုမှတောင် မခုခံနိုင်ခဲ့ဘူး.. သူက လက်ဝါးရိုက်ချက်တစ်ချက်တည်းနဲ့ကို အသတ်ခံခဲ့ရတာ”

“အဲဒါက အရမ်းကို မြန်လွန်းတယ်.. အဲဒီလူရဲ့ နောက်ခံက ဘာပါလိမ့်”

သူတို့သည် တင်းယွီ၏ နေရာသို့ ရောက်ရှိနေပြီး ကြိုတင်ပြင်ဆင်ထားမှု မရှိလျှင် သူတို့သည်လည်းပဲ ထိုတိုက်ခိုက်မှုကို ရှောင်လွှဲနိုင်ဖို့ ခက်ခဲလိမ့်မည်ဖြစ်ကြောင်း ကျင့်ကြံသူများစွာက ခန့်မှန်းမိကြ၏။

“ဒါပေမဲ့ တင်းယွီ သေသွားပြီဆိုတော့ အဲဒီလူကလည်း ဒုက္ခအကြီးကြီးရောက်ပြီ.. သူက သေချာပေါက် အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး”

“အမှန်ပေါ့.. မဟူရာယင်တောင်က ကျင့်ကြံသူတွေက သူ့ကို လုံးဝ လွှတ်ပေးမှာ မဟုတ်ဘူး”

သူ့စကား မဆုံးသေးခင်မှာပင် မဟူရာယင်တောင်မှ ကျင့်ကြံသူများစွာက ရှေ့သို့ ပြေးဝင်သွားကြပြီဖြစ်၏။

“သခင်လေး..”

ကျင့်ကြံသူအချို့က တင်းယွီထံသို့ ပြေးဝင်သွားလေသည်။

တင်းယွီ၏ သက်တော်စောင့် အဆင့် ၇ မဟူရာအင်မော်တယ်က အေးစက်နေသော အမူအရာတစ်ခုနှင့်အတူ ဆူဇီမိုထံသို့ ပြေးဝင်သွားပြီး သူက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေ​၏။

“သူခိုးကောင်.. ငါ့သခင်လေးအတွက် မင်းရဲ့အသက်နဲ့ ပြန်ပေးဆပ်ရမယ်”

“မင်းတို့ အဲဒါ ဘာလုပ်ကြတာလဲ.. မင်းတို့ဘက်က မနိုင်တာနဲ့ပဲ မင်းတို့က အရေအတွက်အားကိုးနဲ့ အနိုင်ကျင့်ချင်တာလား”

ယွဲ့ဟောက်က ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ အော်ဟစ်လိုက်လေသည်။ သူ၏ သိုလှောင်အိတ်ထဲကနေ သူ၏ ဧရာမ ပုဆိန်ကို ထုတ်ယူပြီး သူက ပြိုင်ပွဲကွင်းထဲသို့ ပြေးဝင်ကာ မဟူရာယင်တောင်မှ အဆင့် ၇ မဟူရာအင်မော်တယ်ကို တားဆီးလိုက်လေသည်။

ချန်ဖေးနှင့် ကူဝမ်ကျွင်းကလည်း တိုက်ခိုက်လာကြပြီဖြစ်၏။

သူတို့၏ နှလုံးသားထဲမှာ ဆူဇီမိုသည် သူတို့၏ အသက်သခင် ကျေးဇူးရှင်ဖြစ်လေသည်။ သူက ဤကဲ့သို့ ဝန်းရံတိုက်ခိုက်ခံရမည်ကို သူတို့က ခွင့်ပြုပေးလိမ့်မည် မဟုတ်ပေ။

သွမ့်ထျန်လျန်နှင့် ငဝါကြီးသည် သူတို့၏ ကျင့်ကြံမှုအဆင့်များက လုံလောက်အောင် မြင့်မားခြင်း မရှိသည်ကို သိရှိထားပြီး လူအုပ်ကြီးထဲမှာ အသာရပ်နေကြ၏။

ဘုန်း.. ဘုန်း.. ဘုန်း..

ဓမ္မရတနာများက ထိတွေ့ရိုက်ခတ်၍ နတ်ဘုရားစွမ်းအားများက ကြိတ်ခြေပြီး အင်မော်တယ်ပညာရပ်များက တလိပ်လိပ်ထိုးတက်လာ၏။

တစ်ခဏချင်းမှာပင် နန်းတော်တစ်ခုလုံးက ဖရိုဖရဲဖြစ်သွားလေသည်။

ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် .သူတို့ပါ ရောပါဒုက္ခရောက်မည်ကိုစိုးပြီး တစ်ယောက်ပြီးတစ်ယောက် နောက်သို့ ဆုတ်ခွာသွားကြ၏။

“အို.. မလုပ်ကြနဲ့”

သူမသည် တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား ရှုဝမ်က မျက်မှောင်ကြုတ်ကာ အံ့အားတသင့် ရေရွတ်လိုက်၏။

တစ်ဖက်မှာတော့ သွမ့်ထျန်လျန်က စိတ်အေးလက်အေး အမူအရာရှိနေပြီး လက်ကာပြလိုက်၏။

“မဟူရာယင်တောင်က အဲဒီလူတချို့က မလုံလောက်ဘူး.. အဆင်မြင့် အင်မော်တယ် ဘာမှမပူပါနဲ့”

“ငါက မဟူရာယင်တောင်က အဲဒီလူတွေကို စိတ်ပူနေတာ မဟုတ်ဘူး”

ရှုဝမ်က ခေါင်းခါပြလိုက်၏။

“တင်းယွီက သေသွားပြီဆိုတော့ စောစောက အလောင်းအစားမှာ ခေါင်းဆောင်တပ်မှူးလျှိုက ရှုံးသွားပြီပဲ.. တာအိုရောင်းရင်းဆူက နဂါးအသူရာချောက်နက်မြို့တော်ရဲ့ အဲဒီခေါင်းဆောင်တပ်မှူးကို ဆန့်ကျင်မိသွားပြီလို့ အဓိပ္ပာယ်ရတယ်"

“သူက တိုက်ခိုက်ဖို့အတွက် အကြောင်းပြချက် ရသွားမယ်ဆိုရင် တာအိုရောင်းရင်းဆူရဲ့ အသက်က အန္တရာယ်ရှိလာလိမ့်မယ်”

ထိုစဉ်မှာပင် နန်းတော်၏ အပြင်ဘက်ကနေ ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော လူတစ်ယောက်က ပြေးဝင်လာလေသည်။ သူ၏ ဝတ်စားဆင်ယင်မှုအရ သူက မြို့စောင့်တပ်သားတစ်ယောက် ဖြစ်၏။

“အစီအရင်ခံပါရစေ.....”

အစောင့်တပ်သားက နန်းတော်ထဲသို့ ဝင်ရောက်လာသည့် ခဏမှာပင် သူက ခေါင်းဆောင်တပ်မှူးလျှိုနှင့် ယန်ဖေးထံသို့ အော်ပြောကာ ပြေးဝင်လာလေသည်။

“ဘာတွေဖြစ်လာတာလဲ”

ယန်ဖေးက မတ်တတ်ထရပ်​ပြီး လေးနက်သော အသံဖြင့် မေးလိုက်၏။

အစောင့်တပ်သားက အလောတကြီး ပြောလိုက်၏။

“နန်းတော်ရဲ့ အပြင်ဘက်မှာ ကျင့်ကြံသူ စစ်တပ်တစ်တပ် စုဝေးနေကြတယ်.. အဲဒီမှာ ဝံပုလွေ အော်သံတွေကိုလည်း ကြားရတယ်.. အဲဒါက မဟာဓားပြလေးဖွဲ့ထဲက နတ်ဆိုးဝံပုလွေတပ်ဖွဲ့ ဖြစ်လိမ့်မယ်.. သူတို့က အယောက်ထောင်ချီပါလာတယ်”

“နတ်ဆိုးဝံပုလွေတပ်ဖွဲ့က ဘာဖြစ်ချင်နေတာလဲ.. သူတို့က သေချင်နေတာလား”

ယန်ဖေး၏ အမူအရာက အေးစက်လာခဲ့၏။

“ငါတို့က အဲဒီဓားပြတွေကို အမဲမလိုက်ခဲ့ဘူး.. ဒါပေမဲ့ သူတို့က ငါတို့ဆီကို တံခါးလာခေါက်တာလား.. သူတို့က နဂါးအသူရာချောက်နက်မြို့တော်ကို စစ်ကြေညာချင်နေတာလား”

“ကျုပ်တော့ အဲ့လိုမထင်ဘူး”

အစောင့်တပ်သားက တုံ့ဆိုင်းနေသော အမူအရာဖြင့် ခေါင်းခါပြလိုက်၏။

ခေါင်းဆောင်တပ်မှူးလျှိုက ရင်တစ်ချက်ထိတ်သွား​ပြီး ရုတ်တရက် ပြောလိုက်လေသည်။

“ညီအစ်ကိုယန်.. မင်း အဲဒီကိစ္စကို အရေးလုပ်မနေနဲ့.. နတ်ဆိုးဝံပုလွေတပ်ဖွဲ့က ငါတို့ကြောင့်​ ဒီနေရာကို ရောက်လာတာ မဟုတ်ဘူး.. အဲဒါက သူ့ကြောင့်ပဲ”

ခေါင်းဆောင်တပ်မှူးလျှိုက ဆူဇီမိုကို လက်ညိုးထိုးပြလိုက်၏။

ကျင့်ကြံသူများစွာသည် ထိုစကားကို ကြားသောအခါ နတ်ဆိုးဝံပုလွေတပ်ဖွဲ့သည် ဆူဇီမိုအတွက် ဤနေရာသို့ ရောက်ရှိလာသည်ကို နားလည်သဘောပေါက်လိုက်ကြ၏။

သွမ့်ထျန်လျန်က အနည်းငယ် စိုးရိမ်ထိတ်လန့်သွားပြီး သူ၏ လက်ဖဝါးနှစ်ဖက်က ချွေးများဖြင့် စိုလာခဲ့၏။

“အခြေအနေကတော့ မကောင်းတော့ဘူးနဲ့တူတယ်”

တင်းယွီက ဤတစ်ခေါက်မှာ သက်တော်စောင့် ဆယ်ယောက်ကျော်ကို ခေါ်လာခဲ့လေသည်။

ထိုသက်တော်စောင့်အချို့က ရိုက်ခတ်မှုများစွာကို မဖြစ်စေနိုင်ပေ။

သို့သော်လည်း နတ်ဆိုးဝံပုလွေတပ်ဖွဲ့မှ တပ်သားထောင်ချီက ရက်စက်ကြမ်းတမ်းလေသည်။

All Chapters