တရားရုံးတွင်ကြားနာခြင်း
Vol. 70 Ch. 1050
ကျိုးရီက အခြားသူတစ်ဦး၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကို စိတ်မဝင်စားခဲ့ပေ။
ဖေဖေကျန့်က အမှုကိစ္စနှင့် ပတ်သတ်သည့် အမှန်တရားအချို့ကို ဖုံးကွယ်ထားသည်ဟု ထင်၍သာ မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ရဲစခန်းရှိ အရာရှိအားလုံးကို ရူးသွပ်သွားစေလောက်သည့် ဝန်ခံချက်ကို ဖေဖေကျန့်၏ နှုတ်မှ ထွက်လာလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။
အခြေအနေအားလုံးကို နားလည်ပြီးနောက်တွင် ကျိုးရီသည် ကျောင်းသားကျန့်ကျင်းရွှယ်၏ သေကြောင်းကြံစည်မှုက အကြောင်းရင်းများစွာ ပေါင်းစပ်ပြီးမှ ဖြစ်ပေါ်လာသည့် ကြေကွဲဖွယ်ဖြစ်ရပ် တစ်ခု ဖြစ်ကြောင်း သိလိုက်ရသည်။
ကျောင်းသားကျန့်ကျင်းရွှယ်၏ မိခင် ဟဲရှို့လန်သည် ကျောင်းသားကျန့်ကျင်းရွှယ်ကို အလွန်ဖိအားပေးသော အမေတစ်ယောက် ဖြစ်သည်။
ထို့ကြောင့် ကျန့်ကျင်းရွှယ်က ဘာသာရပ်များတွင် အစွမ်းကုန်ကြိုးစားခဲ့သည်။
ကျိုးရီနှင့်ကောင်းထျန်းတို့က ကျောင်းသားကျန့်ကျင်းရွှယ်၏ အချက်အလက်များကို ရှာဖွေသောအခါတွင် ကျန့်ကျင်းရွှယ်ထံ၌ ထူးချွန်သော ပညာရေးဆိုင်ရာ မှတ်တမ်းတစ်ခုရှိနေကြောင်း တွေ့လိုက်ရသည်။
ယင်းမှာ ကျန့်ကျင်းရွှယ်သည် စာမေးပွဲတိုင်း လိုလိုတွင် ပထမရခဲ့ပြီး ပြိုင်ပွဲတိုင်းလိုလိုတွင်လည်း အနိုင်ရခဲ့သူ ဖြစ်သည်။
၎င်းက မှော်ရတနာဒီဇိုင်းပြိုင်ပွဲများတွင် သာမကဘဲ စိတ်ဝိညာဉ်ဓားများ ဖန်တီးခြင်း၊ ဆေးဝါးများသန့်စင်ခြင်းနှင့် အခြားသော ပြိုင်ပွဲများတွင်လည်း ဆုများအသီးသီး ရရှိခဲ့သည်။
ဆိုရလျှင် ကျောင်းသားကျန့်ကျင်းရွှယ်သည် ထူးခြားသောအောင်မြင်မှုများကို ပိုင်ဆိုင်ခဲ့ပြီး ရွယ်တူများကြားတွင် ထင်ရှားသူဖြစ်သည်။
ထိုသို့စွဲမက်ဖွယ်ကောင်းသော အောင်မြင်မှုများသည် ကျန့်ကျင်းရွှယ်ကို လူအများကြားတွင် ထင်ပေါ်စေခဲ့သည်။
ထို့ကြောင့် ချီးကျူးမှုများနှင့် ကျင့်သားရလာခဲ့သော ကျန့်ကျင့်ရွှယ်အတွက် ဒီဇိုင်းခိုးယူမှုကိစ္စသည် စိတ်ပိုင်းဆိုင်ရာထိတ်လန့်မှုကို ဖြစ်ပေါ်စေခဲ့သည်။
သို့သော်လည်း အရာအားလုံး ဖြစ်ပျက်သွားသည်မှာ လျင်မြန်လွန်းလှ၏။
ကျောင်းသားကျန့်ကျင်းရွှယ် အနေဖြင့် မှော်ရတနာဒီဇိုင်းခိုးယူသည့် ကိစ္စမှ ရုန်းမထွက်နိုင်ခဲ့ပေ။
ဤသည်က သူ့ကိုယ်ပိုင်ဒီဇိုင်း ဖြစ်သော်လည်း တစ်စုံတစ်ယောက်က ခိုးယူသည်ဟု သူ့ကို ချောက်ချခဲ့သည်။
ထို့အပြင် အွန်လိုင်းလူထုအမြင်က သူ့ကိုဖိအားများစွာ ပေးခဲ့ပြီး ကျန့်ထျန်းချန်းနှင့် ဟဲရှို့လန်တို့ကလည်း ကွာရှင်းရန်သဘောတူညီခဲ့ကြ၍ ဤအဖြစ်ဆိုးကို တိုက်ရိုက် ဖြစ်ပေါ်စေခဲ့သည်။
ထို့နောက်တွင်မူ ကျန့်ကျင်းရွှယ်သည် အထွတ်အထိပ်နေရာကနေ အောက်ခြေသို့ တမဟုတ်ချင်း ကျဆင်းသွား၍ သူ့ကိုယ်သူထိန်းချုပ်နိုင်စွမ်း လုံးဝ ဆုံးရှုံးသွားတော့သည်။
သူက သူ့ကိုယ်သူ သတ်မသေခင် အခိုက်အတန့်တွင် သူ၏နောက်ဆုံးအသက်ကယ်မှတ် ဖြစ်သည့် လီရှို့ယောင်ကို ရှာဖွေခဲ့သည်။
သူက သူ့ကိုယ်သူ သေကြောင်းကြံစည်သည့် ကိစ္စနှင့် ပတ်သတ်ပြီး သူမနှင့် မပတ်သတ်စေရန် အတွက် အကြောင်းပြချက်တစ်ခု အနေဖြင့် သေတမ်းစာတစ်စောင်ကို သူမအားရေးသားခိုင်းခဲ့ပြီး သတ်သေခြင်းမပြုမီ သူမနှင့် ပတ်သတ်မှုကို ဖြတ်တောက်ခဲ့သည်။
ကျန့်ကျင်းရွှယ် သေဆုံးပြီးနောက်တွင် လီရှို့ယောင်သည် သူမကိုယ်သူမ အပြစ်တင်ခဲ့သည်။
သူမက ဘဝ၏ အရေးအကြီးဆုံးအခိုက်အတန့်တွင် လက်တွေ့ရင်မဆိုင်ဘဲ သတ္တိကြောင်သွားသော ချစ်သူ ကျန့်ကျင်းရွှယ်ကို မုန်းတီးခဲ့မိသည်။
ထိုအစား ကောလာဟလများကို ဖြေရှင်းရင်း သူမချစ်သူကို သံသယဝင်လာခဲ့သည်။
ချစ်သူ၏ နောက်ဆုံးအခိုက်အတန့်ကို မရိပ်မိခဲ့သော သူမ၏ မသိနားမလည်မှုကိုလည်း နောင်တရနေခဲ့သည်။
သို့သော်လည်း အလွန်နောက်ကျသွားပြီ ဖြစ်၏။
သေဆုံးသွားသူကို အသက်ပြန်ရှင်အောင် မလုပ်နိုင်တော့ပေ။
ထို့အတူ မှော်ရတနာဒီဇိုင်း ခိုးယူသောကိစ္စနှင့် ကျန့်ကျင်းရွှယ်၏ သေဆုံးမှုသည်လည်း သုံးနှစ်တာလုံး မြှုပ်နှံခံလိုက်ရသည်။
ဖေဖေကျန့်က ပုံမှန်လမ်းကြောင်းများမှ တစ်ဆင့် စုံစမ်းစစ်ဆေးရန်နှင့် အယူခံဝင်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ဘာမှမထူးခြားခဲ့ပေ။
အဆုံးသတ်တွင် သားအတွက် ကြေလည်မှုမရှိသော ဖေဖေကျန့်သည် သူ၏ ကိုယ်ပိုင်နည်းလမ်းဖြင့်သာ စတင်ရန် ဆုံးဖြတ်လိုက်သည်။
စက်တင်ဘာ ၁၉ ရက်နေ့သည် နွေရာသီအားလပ်ရက်၏ ၃၆ ရက်မြောက်နေ့ ဖြစ်သည်။
ကျောင်းပေါင်းတစ်ရာ အထွေထွေအုပ်ချုပ်ရေးရုံးက မှော်ရတနာဒီဇိုင်း ခိုးယူသောအမှုကို ပြန်လည်ဖွင့်လှစ်ပေးရန် တောင်းဆိုခဲ့ပြီးနောက်တွင် တစ်နိုင်ငံလုံးနှင့် နိုင်ငံခြားမှ အွန်လိုင်း အသုံးပြုသူ အများအပြားသည် အလွန်စိတ်ဝင်စားလာကြသည်။
ထို့နောက်တွင် မှော်ရတနာဒီဇိုင်း တည်ဆောက်ပြုပြင်ခြင်းတက္ကသိုလ်မှ ကျောင်းအုပ်ကြီး ကျိုးသုန်ယဲ့နှင့် လွန်ခဲ့သောသုံးနှစ်က မှော်ရတနာဒီဇိုင်း ခိုးယူသောကိစ္စတွင် ပါဝင်ပတ်သတ်ခဲ့သူများကို ရဲဗျူရိုက တရားရုံးသို့ ဆင့်ခေါ်ခဲ့သည်။
ကောင်းထျန်းက ဖေဖေကျန့်ကို တရားရုံးထဲသို့ ခေါ်လာသောအခိုက်အတန့်တွင် ဖေဖေကျန့်သည် တရားပြိုင်နေရာ၌ရှိနေသော ရင်းနှီးသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
ထိုလူက ထိုအချိန်က သူ၏သားကို ဒီဇိုင်းခိုးယူသည်ဟု စွပ်စွဲခဲ့သော ကျောင်းသားဖူဖူရှန့် ဖြစ်သည်။
ကျောင်းသားဖူဖူရှန့်သည် လွန်ခဲ့သည့်သုံးနှစ်က ပါဝင်ပတ်သတ်သူများအနက် တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ ဖြစ်ကောင်းဖြစ်နိုင်၏။
ဆိုရလျှင် ထိုအမှုတွင် ပါဝင်ပတ်သက်သူ အားလုံးသည် သေဆုံးသွားကြပြီ ဖြစ်၏။
ဖေဖေကျန့်သည် ယခင်က ဖူဖူရှန့်အား နာကျည်းခဲ့ဖူးသည်။
သို့သော်လည်း ဖူဖူရှန့်က ဘာမှမသိဘဲ အသုံးချခံလိုက်ရသူတစ်ယောက်သာ ဖြစ်နိုင်ကြောင်း သူခံစားလိုက်ရသည်။
တရားရုံးတွင် ကြားနာမှုကို ဦးဆောင်သော တရားသူကြီးချုပ်သည် လျန့်ရှင်း ဟုခေါ်သည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။
လွန်ခဲ့သည့်သုံးနှစ်က အမှုတွင်ပါဝင်သော တရားသူကြီးများ၊ ဂျူရီ လူကြီးများနှင့် တရားရုံး စာရေးများသည် အမှုအား တရားမျှတမှုရှိစေရန် အတွက် ဤတစ်ကြိမ် စစ်ဆေးမှုတွင် ဆန္ဒအလျောက် မပါဝင်ခဲ့ကြပေ။
“အားလုံးစုံပြီဆိုတော့ စလိုက်ရအောင်”
လျန့်ရှင်းက တရားရုံးကို စတင်လိုက်သည်။
ဤကိစ္စကို သူ့အထက်လူကြီးက တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အမှုနှစ်ခုကို တပြိုင်နက်တည်းစစ်ဆေးရမည် ဖြစ်သောကြောင့်ပင်။
ယခင်က ဖေဖေကျန့်သည် ဓားစာခံပြစ်မှုကို ကျူးလွန်ခဲ့သေးသည် မဟုတ်ပါလော။
ယခုအခါတွင် လူ့အဖွဲ့အစည်းသည် ဤအမှုကိစ္စကို အလွန်အမင်း အာရုံစိုက်နေကြသည်။
ဤကိစ္စက မည်မျှလေးနက်မှန်း လျန့်ရှင်း ကောင်းစွာသိ၏။
သူတို့ကဲ့သို့ တရားသူကြီးများသည် ရာဇဝတ်မှုများနှင့် ပြစ်မှုများကို ရှင်းလင်းရန် ရှိနေကြခြင်း ဖြစ်သည်မဟုတ်လော။
တရားခွင်အတွင်း တိတ်ဆိတ် ငြိမ်သက်နေခဲ့သည်။
တရားသူကြီးလျန့်ရှင်းက ထိုင်ချလိုက်ပြီး တူဖြင့် ခုံကိုအသာအယာ ထုကာ ရုံးချိန်းကို တရားဝင် စတင်လိုက်သည်။
“တရားခံ ကျန့်ထျန်းချမ်း.. မောင်မင်းက စက်တင်ဘာလ ၁၈ ရက် သက္ကရာဇ် ၄၃၉၆ ခုနှစ်မှာ စုန့်ဟိုင်မှော်ရတနာ တည်ဆောက်ပြုပြင်ခြင်း တက္ကသိုလ်မှာ လူ ၅၃ ယောက်ကို ခန်းမထဲမှာ ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့တယ်.. ဓားစာခံတွေက ထိခိုက်ဒဏ်ရာမရခဲ့ပေမဲ့လည်း ခန်းမနဲ့အခြား အများပြည်သူပိုင် အဆောက်အဦးတွေက ပျက်စီးခဲ့ရတယ်.. အခုအများသူငှာ အဆောက်အဦးတွေကို ဖျက်ဆီးခြင်းနဲ့ ဓားစာခံတွေကို ဖမ်းဆီးခြင်း စတဲ့အမှုတွေနဲ့ မောင်မင်းကို စွဲချက်တင်မယ်.. စွဲချက်တွေကို ကန့်ကွက်ချင်သလား”
တရားသူကြီးချုပ် လျန့်ရှင်းက မေးခွန်းထုတ်လိုက်သည်။
“မကန့်ကွက်ပါဘူး တရားသူကြီးမင်း”
ဖေဖေကျန့်က ပြန်ဖြေလိုက်သည်။
တရားသူကြီးချုပ် လျန့်ရှင်းက ခေါင်းညိမ့်ပြလိုက်ပြီး တရားပြိုင်ဘက်သို့ လှည့်လိုက်သည်။
“တရားပြိုင်ဖူဖူရှန့် ကျေးဇူးပြုပြီး မောင်မင်းကို မေးခွန်းမေးချင်တယ်”
သူ၏အမည်ကို ခေါ်သံကြားလျှင် ဖူဖူရှန့်က တဖြည်းဖြည်းကြောက်ရွံ့လာသည်။
ဤဒီဇိုင်းခိုးယူမှု ကိစ္စသည် သူ့ဘဝကို မည်မျှအထိ သက်ရောက်မှု ရှိလာနိုင်သည်ကို သူကောင်းစွာသိသည်။
တစ်ချိန်က မှော်ရတနာဒီဇိုင်း ပြိုင်ပွဲတွင် လျူရီသည် ကျန့်ကျင်းရွှယ်၏ မှော်ရတနာဒီဇိုင်းကို ခိုးယူခဲ့ပြီး ပြိုင်ပွဲတွင် အသုံးပြုရန် ဖူဖူရှန့်အား ပေးအပ်ခဲ့သည်။
ဖူဖူရှန့်က ထိုဒီဇိုင်းဖြင့်ပင် ပြိုင်ပွဲဝင်ခဲ့ပြီး မူလဒီဇိုင်းပိုင်ရှင် ဖြစ်သည့် ကျန့်ကျင်းရွှယ်ကိုပင် ဒီဇိုင်းခိုးယူသည်ဟု စွပ်စွဲခဲ့၏။
ယခုအခါ အမှုကို ပြန်လည်ဖွင့်လိုက်ပြီဖြစ်ရာ ဖူဖူရှန့် အနေဖြင့် လိမ်လည်သူဟု တံဆိပ်ခတ် ခံရခြင်းမှ လွတ်မြောက်ရန် နည်းလမ်း မရှိတော့ပေ။
အရေးအကြီးဆုံးအချက်မှာ သူ၏ ရာဗန်စတူဒီယိုသည် အကျပ်အတည်း ဖြစ်လာပေလိမ့်မည်။
ထိုအချိန်က ဖူဖူရှန့်သည် သူအသုံးပြုခဲ့သော ဒီဇိုင်းပုံစံကို လျူရီ၏ ဒီဇိုင်းဟု ထင်နေခဲ့သည်။
သူက လျူရီကို အရည်အချင်းရှိသူ တစ်ယောက်ဟု တွေးခဲ့ဖူးပြီး ထိုကဲ့သို့ ဒီဇိုင်းသူခိုးတစ်ယောက် ဖြစ်နေလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
တရားသူကြီးလျန့်ရှင်းက အမှန်အတိုင်းပြောရန် ဖိအားပေးလိုက်သည်။
“ဖူဖူရှန့်.. မင်းရဲ့ နှုတ်ထွက်စကားတွေက အမှန်တရားတွေဖြစ်ကြောင်း သေချာပါစေ.. မရိုးသားဘူးလို့ သံသယရှိရင် လိမ်လည်မှုနဲ့ တရားစွဲခံရနိုင်တယ်ဆိုတာ မမေ့ပါနဲ့”
“တရားသူကြီးမင်း.. ငါအမှန်အတိုင်း ပြောပါမယ်”
ဖူဖူရှန့်က အသက်ကို ခပ်ပြင်းပြင်းရှူပြီးနောက်တွင် ပြန်ဖြေလိုက်သည်။
"လွန်ခဲ့တဲ့သုံးနှစ်က မှော်ရတနာဒီဇိုင်းပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့ အစိမ်းရောင်မီးဖိုက မင်းရဲ့ ကိုယ်ပိုင်ဒီဇိုင်းလား”
တရားသူကြီးလျန့်ရှင်းက စတင် မေးခွန်းထုတ်လိုက်သည်။
ဖူဖူရှန့်က ခေါင်းမော့လိုက်ပြီး “ဟုတ်ပါတယ် တရားသူကြီးမင်း”ဟု ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။
ထိုစကားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တီးတိုးစကားသံများဖြင့် ဆူညံသွားခဲ့သည်။
ကျိုးရီ၊ ငွေရောင်လေးနှင့် ကောင်းထျန်းတို့သည် ဤအချိန်တွင် ဖူဖူရှန့်က သူ၏ သက်သေခံစကားကို ပြောင်းလဲရန်ရွေးချယ်လိမ့်မည်ဟု မထင်ခဲ့ကြပေ။
အပိုင်း(၁၀၅၀) ပြီး၏