မှော်ရတနာတည်ဆောက်ပြုပြင်ခြင်း တက္ကသိုလ်မှ ဓားစာခံအခြေအနေ
Vol. 70 Ch. 1036
တကယ်တမ်းတွင် ဝမ်လင်းနှင့် တွေ့ဆုံဖို့ဆိုသည်မှာ အချို့တွေထင်သလို မခက်ခဲပေ။
ခေါက်ဆွဲခြောက် အကြွပ်ကြော်များကို ကြိုတင်ပြင်ဆင်ထားသရွေ့ သင်ချစ်ရသည့် လင်းကျန်းရန်နှင့် ဗီဒီယိုကောလ် ပြောနိုင်သည်ကို ရင်းနှီးသူများက သိကြသည်။
ဟုတ်ပါသည်၊ ဝမ်လင်းက ဗီဒီယိုကောလ်တွင် စကားတစ်ခွန်းမှမပြောဘဲ သင်၏နှလုံးသားကို ဖမ်းစားနိုင်သည့် ချစ်စဖွယ်ခံစားချက်မဲ့ ငါးမသာမျက်လုံးများဖြင့် သင့်ကို စိုက်ကြည့်နေမည် ဖြစ်သည်။
လူတစ်ယောက်၏နှလုံးသားကို ကြည့်ရှုရန်အတွက် မျက်လုံးကနေတဆင့် ကြည့်ရသည့် အချိန်အများအပြား ရှိခဲ့သည်။
ဆိုရလျှင် မျက်လုံးဆိုသည်မှာ စိတ်ဝိညာဉ်၏ ပြတင်းပေါက် ဖြစ်သည်။
တကယ်တမ်းတွင် ဝမ်လင်း၏မျက်လုံးသည် သူ၏ဘုရင်မျက်လုံးကြောင့် အနည်းငယ် ထူးဆန်းနေပြီး မျက်ဆံတွင် အနီရောင်များ ဖြစ်ပေါ်နေ၏။
သို့ရာတွင် ကျင့်ကြံခြင်းလောကတွင် မျက်လုံးအရောင်ပြောင်းသည့် နည်းစနစ် များပြားစွာရှိသောကြောင့် မျက်လုံးအရောင်ပြောင်းသည်မှာ ပြဿနာတစ်ခု မဟုတ်ပေ။
ဟုတ်ပါသည်၊ မျက်လုံးအရောင်ပြောင်းလဲရန် အတွက် တမင်တကာ စက်ကိရိယာများ တပ်ထားသူများ ရှိကြသည်။
သို့သော် ကျောင်းများတွင် ထိုသို့ တပ်ဆင်ရန် ခွင့်မပြုခဲ့ပေ။
သဘာဝမျက်လုံးအရောင်နှင့် စက်ကိရိယာကြောင့် ပြောင်းလဲသွားသော မျက်လုံးကြားတွင် ကြီးမားသောခြားနားချက် ရှိ၏။
နှစ်ပေါင်းများစွာ စစ်ဆေးရေး အတွေ့အကြုံရှိသော ကျောင်းဝင်ပေါက်ရှိ ဆရာများသည် မည်သည့်အရာ ဖြစ်သည်ကို တစ်ချက်ကြည့်ရုံဖြင့်ပင် သိနိုင်ပေသည်။
ငွေရောင်လေးက တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး လင်းရှစ်ယောင်နှင့် ပူးပေါင်းမှုကို မဆွေးနွေးမီ သူ၏ အတွေးများကို ရှင်းထုတ်လိုက်သည်။
သူမ၏ကမ်းလှမ်းချက်က အကျိုးအကြောင်း ဆီလျော်သည်ဟု သူထင်သော်လည်း ဆရာလေးလင်းကို စိတ်အနှောင့်အယှက် မဖြစ်စေရန်အတွက် ငွေရောင်လေးက နောက်ထပ် တောင်းဆိုချက်တစ်ခုကို ဖြည့်စွက်ခဲ့သည်။
ယင်းမှာ လင်းရှစ်ယောင်အနေဖြင့် ဆရာလေးလင်းကို အဝေးကနေ ကြည့်ရုံသာဖြစ်ပြီး အလွန်အမင်း နီးကပ်ခြင်းမရှိရန် ဖြစ်သည်။
ဤတောင်းဆိုချက်ကို လင်းရှစ်ယောင်ကလည်း ကန့်ကွက်ခြင်းမရှိပေ။
သူမက ဤလှပသော လက်ရေးပိုင်ရှင်၏ အသွင်အပြင်က မည်သို့သောပုံစံလဲ ဆိုသည်ကို သိချင်ရုံမျှသာ ဖြစ်ပြီး စကားပြောဆိုရန် စိတ်ကူးမရှိခဲ့ပေ။
ဆိုရလျှင် သူမတွင် ယခင်က ချစ်သူတစ်ဦး ရှိခဲ့ဖူး၏။
ထိုချစ်သူနှင့် လမ်းခွဲပြီးနောက်တွင် သူမသည် တစ်ကိုယ်တည်း အေးအေးဆေးဆေး နေလာခဲ့ပြီး ချစ်သူထားရန် အစီအစဉ် မရှိတော့ပေ။
လင်းရှစ်ယောင်အတွက် တစ်ကိုယ်ရေ နေထိုင်ခြင်း၏ အကျိုးကျေးဇူးများကို ရာပေါင်းများစွာ ရွတ်ဆိုနိုင်ပေသည်။
တစ်ကိုယ်တည်းနေထိုင်ခြင်းဖြင့် ချစ်ခင်မှု အတုအယောင်များနှင့် ကန့်သတ်ချုပ်ချယ်မှုများကို နေ့စဉ်ပုံမှန် လုပ်နေရန်မလိုတော့ပေ။
အခြားလူများထက် ကိုယ့်ကိုယ်ကိုယ် သစ္စာရှိရှိ ချစ်နိုင်သည်မှာ မည်မျှပင် ကောင်းလိုက်ပါသနည်း။
နောက်ဆုံးတွင် ငွေရောင်လေးနှင့် လင်းရှစ်ယောင်သည် တရားဝင် သဘောတူညီမှုကို ရရှိခဲ့သည်။
လင်းရှစ်ယောင်က သူမ၏ ပျော်ရွှင်မှုနှင့် မျှော်လင့်ချက်များကို ဖုံးကွယ်ရန်အတွက် အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။
ထို့နောက်တွင် သူမသည် အွန်လိုင်းအမှာစာ အသစ်တစ်ခုကို ဖွင့်လိုက်ရာ ငွေရောင်လေးနှင့် ထွင်ထျန်းဟာတို့၏ ဖုန်းများရှိ အက်ပ်မှ မရပ်မနား အသံမည်လာခဲ့သည်။
ထိုအခါမှပင် ဤလုပ်ငန်းက ဝယ်လိုအားကြီးမားသည့် ဈေးကွက်ရှိကြောင်း သူတို့သိလိုက်ရသည်။
အိမ်စာကူရေးပေးသော လုပ်ငန်းသည် ခေတ်နှင့်အညီပေါ်ပေါက်လာသော လုပ်ငန်းဖြစ်သည်။
ထွင်ထျန်းဟာက လက်ရှိ ဤလုပ်ငန်း ဤမျှအောင်မြင်နေသည်ဟု မမျှော်လင့်ခဲ့ပေ။
ဤအခြေအနေနှင့်ဆိုလျှင် ကျောင်းသမိုင်းကို မှတ်တမ်းတင်ထားသော စာလိပ်အပိုင်းအစ အားလုံးကို စုဆောင်းနိုင်လိမ့်မည်မှာ သေချာသည်။
သို့သော် ထိုအချိန်မှာပင် စားသောက်ခန်း အပြင်ဘက်၌ ရုတ်တရက် ပေါက်ကွဲသံတစ်ခု ပေါ်ထွက်လာ၍ ကျောင်းသားအချို့က စိုးရိမ်ထိတ်လန့်စွာဖြင့် ပြေးဝင်လာကြသည်။
“ဘာတွေဖြစ်နေတာလဲ”
လင်းရှစ်ယောင်က စားပွဲမှထပြီး ပြေးဝင်လာသော ကျောင်းသား တစ်ယောက်ကို လက်ဆွဲကာ မေးလိုက်သည်။
“ခန်းမမှာ ပေါက်ကွဲသွားတဲ့ပုံပဲ”
“ပေါက်ကွဲသွားတယ်.. ဟုတ်လား”
“ငါလည်း သေချာတော့ မသိဘူး.. ခန်းမထဲက ပေါက်ကွဲသံကြားလို့ ဒီဘက်ကို အမြန်ပြေးလာတာ”
“ပေါက်ကွဲမှုကြောင့် ထိခိုက်သွားတဲ့သူတွေရှိလား”
“အဲဒါတော့မသိဘူး.. ဒါပေမဲ့ ပေါက်ကွဲသွားတဲ့အချိန်မှာ ဆရာတစ်ယောက် ဟောပြောပွဲ လုပ်နေတာတော့ သိတယ်.. အဲဒီခန်းမထဲမှာ ကျောင်းသား ၅၀ လောက်ရှိနေတယ်”
“နင်တို့တွေ ဒီမှာပဲစောင့်နေကြ.. ငါသွားကြည့်လိုက်ဦးမယ်”
လင်းရှစ်ယောင်က သူမ၏ နောက်လိုက်များကို ညွှန်ကြားလိုက်သည်။
ထို့နောက်တွင် သူမသည် ခန်းမဘက်သို့ သုတ်ခြေတင်ခဲ့သည်။
လင်းရှစ်ယောင်သည် မှော်ရတနာ တည်ဆောက်ပြုပြင်ခြင်းတက္ကသိုလ်၏ ကျောင်းသားသမဂ္ဂ ဖြစ်သည်။
ဤသို့ ပေါက်ကွဲမှု ဖြစ်လာသောအခါတွင် သူမအနေဖြင့် ရှောင်ဖယ်ရန် မဖြစ်နိုင်ပေ။
အနည်းဆုံးတော့ ပေါက်ကွဲရသည့် အကြောင်းအရင်းကို အဖြေရှာရန် လိုအပ်သည် မဟုတ်ပါလော။
ဤပေါက်ကွဲမှုက ငွေရောင်လေးနှင့် ထွင်ထျန်းဟာတို့၏ အာရုံကို ဖမ်းစားခဲ့သည်။
ထို့ကြောင့် သူတို့က လင်းရှစ်ယောင်၏နောက်မှ လိုက်ပါခဲ့ကြသည်။
မှော်ရတနာ တည်ဆောက်ပြုပြင်ခြင်း တက္ကသိုလ်သည် ကွင်းဆက် လူသတ်သမား ပြဿနာကြောင့် မကြာသေးမီကစပြီး ငြိမ်းချမ်းမှု သိပ်မရှိပေ။
ထို့ကြောင့် ယခုပေါက်ကွဲမှုသည် ကွင်းဆက် လူသတ်သမားနှင့် တစ်စုံတစ်ရာပတ်သတ်မှု ရှိနိုင်ပါသလော။
ခန်းမဆောင်အနီးသို့ အရောက်တွင် တက္ကသိုလ်ဆရာ အဖွဲ့တစ်ဖွဲ့သည် သတင်းကြားသဖြင့် အပြေးအလွှား ရောက်လာသည်ကို တွေ့လိုက်ကြရသည်။
ကျောင်းသားအချို့ကလည်း ခန်းမဆောင် အနီးတွင် တရုန်းရုန်း ဖြစ်နေခဲ့သည်။
မှော်ရတနာမျိုးစုံ ကိုင်ဆောင်ထားသော တက္ကသိုလ်ဆရာများသည် ကျောင်းသားများနှင့် နီးကပ်လာသော လူစုလူဝေးများကို ဖြိုခွဲရန်အသင့် ဖြစ်နေသည်။
အချို့ကမူ အထဲမှ လူများကိုကယ်တင်ရန် အသင့်ပြင်နေကြဆဲ ဖြစ်သည်။
ငွေရောင်လေးက ခန်းမ၏တည်နေရာကို စစ်ဆေးခဲ့သည်။
ထိုခန်းမကို ကျောင်းဝန်း၏ ထောင့်တစ်နေရာတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မြင့်မားသောနေရာများလည်း ရှိသည်။
ထို့အပြင် အစီအရင် အတားအဆီးတစ်ခုက နံရံပေါ်ကနေ အပြင်လူများ မဝင်နိုင်အောင် တားဆီးထားသည်။
ခန်းမတွင် ထွက်ပေါက်နှစ်ခု ရှိသော်လည်း ပေါက်ကွဲပြီးနောက်တွင် ထွက်ပေါက်များက ပြိုကျသွားပြီး ကျိုးပဲ့နေသောအုတ်ခဲများဖြင့် ပိတ်ဆို့သွားခဲ့သည်။
ဤမြင်ကွင်းကိုမြင်လျှင် ငွေရောင်လေးက တစ်စုံတစ်ရာ မူမမှန်ကြောင်း ချက်ချင်းသိလိုက်သည်။
ဤသည်က ကြိုတင်ပြင်ဆင်ထားသည့် ပေါက်ကွဲမှု ဖြစ်သည်မှာ ထင်ရှားနေ၏။
အကယ်၍ မတော်တဆမှု တစ်ခုသာ ဖြစ်ခဲ့လျှင် ထွက်ပေါက်နှစ်ခုလုံး ပိတ်သွားရန်မှာ မဖြစ်နိုင်ပေ။
ထိုအချိန်မှာပင် ခန်းမအတွင်းမှ မရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာသည်။
“ဆရာတို့ စိတ်အေးအေးထားကြပါ.. ဆရာတို့ရဲ့ မှော်လက်နက်တွေကို ရုပ်သိမ်းပြီး နောက်ပြန်ဆုတ်လိုက်ပါ.. ဒီလိုမှမဟုတ်ရင် ခန်းမထဲမှာရှိတဲ့ ဆရာနဲ့ ကျောင်းသား ၅၀ ရဲ့လုံခြုံရေးကို ငါအာမခံနိုင်မှာ မဟုတ်ဘူး”
အေးစက်၍ ခံစားချက်မဲ့သော လေသံက လေထဲတွင် ထွက်ပေါ်လာ၏။
ယင်းက ခန်းမထဲရှိ အသံလွှင့်ခန်း အတွင်းကနေ ပြင်ပရှိလူများအား သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“မင်းဘယ်သူလဲ”
ဆရာတစ်ယောက်က မေးခွန်းထုတ်လိုက်သည်။
“မင်းတို့ရှာနေတဲ့ လူပဲ.. မင်းတို့တွေက လူသတ်သမားကိုတားဆီးဖို့အတွက် နည်းလမ်းမျိုးစုံ သုံးခဲ့တယ်.. ဒါပေမဲ့ တကယ်တမ်း ဘာမှအသုံးမဝင်ခဲ့ဘူး.. ကျောင်းသားလေးတွေက လွယ်လွယ်ကူကူ သေသွားခဲ့ရတယ်.. ငါသူတို့ကို ကောင်းကောင်းတောင် မနှိပ်စက်လိုက်ရဘူး.. ငါဒီနေ့ ဒီခန်းမကို အပိုင်စီးရတာက မင်းတို့ မှော်ရတနာတည်ဆောက်ပြုပြင်ရေး တက္ကသိုလ်ရဲ့ သောက်သုံးမကျမှုကြောင့်ပဲ”
ထိုလူ၏ စကားကိုကြားလျှင် ဆရာများနှင့် ကျောင်းသားများအားလုံး၏ ကျောများတွင် ချွေးများ စိုစွတ်သွားကြသည်။
ဤလူက ကွင်းဆက်လူသတ်သမားပင် ဖြစ်သည် မဟုတ်ပါလော။
"မင်းလိုချင်တာရှိရင် ငါတို့ကိုပြောပါ.. ကျေးဇူးပြုပြီး အထဲကကလေးတွေကို ထိခိုက်အောင် မလုပ်ပါနဲ့”
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ရှေ့သို့တိုးလာ၍ ပြောလိုက်သည်။
ထိုအမျိုးသားက မှော်ရတနာတည်ဆောက် ပြုပြင်ခြင်းတက္ကသိုလ်၏ ကျောင်းအုပ်ကြီး ကျိုးသုန်ယဲ့ ဖြစ်၏။
ငွေရောင်လေးက ကောင်းထန်း၏ ရဲစခန်းမှ စုံစမ်းစစ်ဆေးမှုအချက်အလက် အချို့ကို ယခင်က မြင်တွေ့ဖူးသောကြောင့် ထိုလူကို မြင်သည်နှင့် ကျောင်းအုပ်ကြီးမှန်း သိခဲ့သည်။
“ဒီအသံက ကျောင်းအုပ်ကြီးကျိုးသုန်ယဲ့ရဲ့ အသံလား”
ခန်းမအတွင်းမှလူက အေးစက်စက် ရယ်မော၍ ပြောလိုက်သည်။
“အမှန်တော့ ငါလည်း ဒီလိုမလုပ်ချင်ပါဘူး.. ဒါပေမဲ့ ဒီလိုမလုပ်သရွေ့ မင်းက လုံးဝဂရုစိုက်မှာ မဟုတ်ဘူးလေ.. မင်းတို့အားလုံး ကျန့်ကျင်းရွှယ်ဆိုတဲ့ ကလေးကို မှတ်မိကြသေးလား”
ထိုလူ၏ စကားကိုကြားလျှင် ကျိုးသုန်ယဲ့နှင့် ဆရာအားလုံး၏ မျက်နှာများသည် မည်းမှောင်သွားသည်။
ထိုအချိန်တွင် လင်းရှစ်ယောင်သည် သူမ၏ လက်သီးသေးသေးလေးကို ဆုပ်ထားပြီး ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေသည်ကို ငွေရောင်လေး တွေ့လိုက်ရသည်။
အပိုင်း(၁၀၃၆) ပြီး၏