← Chapters

တောင်းဆိုခြင်း

Vol. 70 Ch. 1037

တောင်းဆိုခြင်း

Vol. 70 Ch. 1037

ကောင်းထန်းက သတင်းကိုရရှိပြီးနောက်တွင် တက္ကသိုလ်သို့ ချက်ချင်း ထွက်လာခဲ့သည်။

ရာဇဝတ်ကောင် သတိမထားမိစေရန် အတွက် သူက သာမာန်အဝတ်အစားကို ဝတ်ဆင်ကာ ကားပေါ်သို့ တက်ခဲ့သည်။

သူ၏နောက်ကနေ ရဲအရာရှိသုံးဦး လိုက်ပါလာသည်။

သူက အစောပိုင်းကတည်းကပင် ကျောင်း၏ အနီးတဝိုက်၌ အင်မော်တယ်ရွေ့လျား ကင်းလှည့်အဖွဲ့ကို တပ်စွဲထားစေခဲ့ပြီးဖြစ်သည်။

လက်ရှိအချိန်တွင် ရွေ့လျားကင်းလှည့်အဖွဲ့သည် သူတို့ကိုယ်သူတို့ ထုတ်ဖော် မပြသေးသော်လည်း ကောင်းထန်း အမိန့်ပေးသရွေ့ ကျောင်းသားများကို ချက်ချင်း ကယ်ဆယ်သွားမည်ဖြစ်၏။

သို့သော်လည်း ခန်းမကိုဝင်စီးခြင်းမှာ ညံ့ဖျင်းသောဗျူဟာတစ်ခုသာ ဖြစ်လာပေလိမ့်မည်။

ဤလူသတ်သမားသည် လူများစွာကို သတ်ဖြတ်ခဲ့၍ နောက်ထပ် အနည်းငယ်ကို သတ်ပစ်ရန် လွယ်ကူသည်မဟုတ်ပါလော။

“အခြေအနေဘယ်လိုရှိလဲ”

ကောင်းထန်းက လမ်းခရီးတွင် သူ့လက်ထောက်ကို မေးလိုက်သည်။

“လောလောဆယ်ကတော့ အခင်းဖြစ်ရာနေရာကို တက္ကသိုလ်ဆရာတွေက ထိန်းသိမ်းထားတယ်.. စကားမစပ် ခေါင်းဆောင်ကောင်းကို ပြောရဦးမယ်.. သံသယရှိသူက ကျန့်ကျင်းရွှယ်လို့ ခေါ်တဲ့ လူတစ်ယောက်ကို ဖော်ပြခဲ့တယ်.. ထောက်လှမ်းရေးဌာနက လုပ်ဖော်ကိုင်ဖက်တွေက ကျန့်ကျင်းရွှယ်ရဲ့အကြောင်းကို အချက်အလက်တွေ ရှာဖွေခဲ့ကြတယ်.. ဒီမှာကြည့်ပါဦး ခေါင်းဆောင်ကောင်း”

လက်ထောက်က သူ၏ဖုန်းကို ကောင်းထန်းအား ပေးလိုက်သည်။

ထိုအထဲတွင် ကျန့်ကျင်းရွှယ်၏ အချက်အလက်များကို အသေးစိတ် ဖော်ပြထား၏။

၎င်းက လွန်ခဲ့သည့်သုံးနှစ်ခန့်က မှော်ရတနာတည်ဆောက်ပြုပြင်ခြင်း တက္ကသိုလ်၏ ကျောင်းသားတစ်ယောက် ဖြစ်သည်။

ကျန့်ကျင်းရွှယ်က အလွန်ထူးချွန်ပြီး မှော်ရတနာဒီဇိုင်းပြိုင်ပွဲတွင် တက္ကသိုလ်ကိုပင် ကိုယ်စားပြု၍ ပါဝင် ယှဉ်ပြိုင်ခွင့်ရခဲ့သည်။

ကောင်းထန်းက ထောက်လှမ်းရေးဌာနမှ စုဆောင်းထားသော အချက်အလက်များကို ဖတ်ရှုခဲ့သည်။

“နိုင်ငံတကာပြိုင်ပွဲမှာ ဒီဇိုင်းခိုးယူတယ်လို့ သံသယရှိတာကြောင့် မှော်ရတနာတည်ဆောက်ပြုပြင်ခြင်း တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အတွက် နောက်ထပ် ယှဉ်ပြိုင်ခွင့်တွေကို အပြီးတိုင် ပိတ်သိမ်းခံခဲ့ရတယ်.. အဲဒီကိစ္စကို တက္ကသိုလ်က အဆင့်မြင့်အရာရှိတွေက အကျေအလည်ဆွေးနွေးပြီးနောက်မှာ တက္ကသိုလ် တစ်ခုလုံးနဲ့ မှော်ရတနာအသိုင်းအဝိုင်းကို လူသိရှင်ကြား တောင်းပန်ဖို့အတွက် ကျန့်ကျင်းရွှယ်ကို အမိန့်ထုတ်ခဲ့တယ်.. မတောင်းပန်ရင် ကျောင်းကနေ ထုတ်ပယ်ခံရမယ်.. ဒါမှမဟုတ် ပြစ်ဒဏ်ကို ကျခံရမယ်.. ဒါပေမဲ့ ကျန့်ကျင်းရွှယ်က တောင်းပန်ဖို့ငြင်းဆန်ခဲ့တယ်.. ဒါကြောင့် ကျောင်းက စည်းကမ်းပိုင်းဆိုင်ရာ သတိပေးစာတစ်စောင်ကို အမြန်ချောပို့နဲ့ ကျန့်ကျင်းရွှယ်ရဲ့ တိုက်ခန်းဆီ ပို့ခိုင်းခဲ့တယ်.. ဒါပေမဲ့လည်း ကျန့်ကျင်းရွှယ်ဆီကို ရောက်တဲ့အချိန်မှာ ကျန့်ကျင်းရွှယ်က သူ့ရဲ့ ရွှေအူတိုင်ကို ဖောက်ခွဲပြီး သူ့ကိုယ်သူ သတ်သေသွားခဲ့ပြီ”

ထိုစာကိုဖတ်ရင်း ကောင်းထန်းက မေးစေ့ကို ပွတ်သပ်လိုက်သည်။

“ဒါဆိုဒီပြဿနာက လွန်ခဲ့တဲ့ သုံးနှစ်က ကိစ္စနဲ့ ပတ်သတ်နေလောက်တယ်”

ဤအဖြစ်အပျက်သည် လွန်ခဲ့သော သုံးနှစ်ခန့်တွင် ဟိုးလေးတကျော် ဖြစ်ခဲ့သော အဖြစ်အပျက်ဖြစ်သည်။

ထိုအချိန်က အင်တာနက်ပေါ်တွင် ကျန့်ကျင်းရွှယ် တစ်ယောက် မည်မျှအထိ ပြစ်တင်ရှုံ့ချခံခဲ့ရသည်ကို ကောင်းထန်းက ခပ်ရေးရေး မှတ်မိနေပါသေးသည်။

လူအများက သူ၏လုပ်ရပ်ကို နှာခေါင်းရှုံ့ကာ တောင်းပန်ရန်ဖိအားပေးခဲ့ကြသည်။

ဤကိစ္စက ကျန့်ကျင်းရွှယ်ကွယ်လွန်ပြီးနောက်တွင်လည်း ပြေလည်သွားခြင်း မရှိခဲ့ပေ။

မီဒီယာများက ကျန့်ကျင်းရွှယ်သည် ဖိအားဒဏ်ကို မခံနိုင်သောကြောင့် ရှက်ရွံ့ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြောင်း ဆောင်းပါးများကို အွန်လိုင်းတွင် ဝေဝေဆာဆာ ထုတ်ဝေခဲ့ကြသေးသည်။

သို့ရာတွင် နောက်ပိုင်းတွင်မူ အွန်လိုင်း အသုံးပြုသူများသည် ၎င်းတို့၏ အမြင်များကို ပြောင်းလဲလာကြသည်။

ဤကိစ္စတွင် သူတို့ မသိထားသော အဖြစ်အပျက် တစ်စုံတစ်ရာ ရှိမရှိကို သိချင်လာကြသည်။

သို့သော်လည်း တစ်ပတ်လောက် အကြာမှာပင် အွန်လိုင်းမှအသံများသည် လုံးဝ တိတ်တဆိတ် ပျောက်ကွယ်သွားသည်။

အကြောင်းအရာတစ်ခုက မည်မျှပင် အွန်လိုင်း၌ ဟော့ပ်နေပါစေ.. ထိုအကြောင်းအရာသည် ၇ ရက်ထက်ပိုကြာမည်မဟုတ်ပေ။

ဤသည်က အင်တာနက်အပေါ် ကောင်းထန်း၏ နားလည်မှုဖြစ်သည်။

“ဒီအမှုကိုငါမှတ်မိတယ်.. အဲဒီအချိန်တုန်းက ငါအမှုထဲ ဝင်ပါဖို့ အခွင့်အာဏာမရှိခဲ့ဘူး.. ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှု အရတော့ ကျန့်ကျင်းရွှယ်က တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ပြီး သေတမ်းစာတစ်စောင် ရေးသားထားခဲ့တာကို တွေ့ရှိခဲ့တယ်.. လက်ရေးလက်သားကို စစ်ဆေးပြီးတဲ့နောက်မှာ အမှန်တကယ်ပဲ ကျန့်ကျင်းရွှယ် ရေးသားခဲ့တာကို တွေ့ခဲ့ရတယ်”

ထိုစကားကို ပြောပြီးနောက် ကောင်းထန်းက သက်ပြင်းချလိုက်သည်။

ဤအမှုက နောက်တစ်ကြိမ် ထွက်ပေါ်လာမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ထိုအချိန်က ဖြစ်ပျက်ခဲ့သည်များ၏ နောက်ကွယ်တွင် သူတို့မသိထားသည့် အဖြစ်အပျက်တစ်ခုခု ရှိနေပါသလော။

ကောင်းထန်းက စိတ်ထဲကနေ တွေးတောနေခဲ့သည်။

သို့သော် ဤသည်မှာ ထင်မြင်ယူဆချက်တစ်ခုသာ ဖြစ်ပြီး သူ့တွင် သက်သေအထောက်အထား မရှိခဲ့ပေ။

ဆိုရလျှင် ထိုအချိန်က ဖြစ်ပျက်ခဲ့သည့် အမှန်တရားကို အတတ်နိုင်ဆုံး ရှာဖွေရန်အတွက် နောက်ထပ် သက်သေအထောက်အထားများ ရှာဖွေရပေမည်။

သို့သော် ကောင်းထန်းအနေဖြင့် စုံစမ်းစစ်ဆေးမှု လုပ်ချင်လျှင်ပင် လွယ်ကူမည်မဟုတ်ပေ။

ဖြစ်ပျက်ခဲ့သည်မှာ သုံးနှစ်ခန့်ရှိပြီ ဖြစ်၍ သက်သေများစွာက ပျက်စီးသွားခဲ့လောက်ပြီ ဖြစ်၏။

ယခုအခါတွင် ကျန့်ကျင်းရွှယ် သတ်သေခဲ့သည့် တိုက်ခန်းကို အိမ်ရှင်က ဂိမ်းဆိုင်အဖြစ်‌ ပြောင်းလဲခဲ့ပြီ ဖြစ်သည်။

အကြောင်းအရင်းမှာ တစ်စုံတစ်ဦး သေဆုံးခဲ့သည့်နေရာတွင် မည်သူကမှ မနေထိုင်လိုသောကြောင့်ပင်။

အချက်အလက်များကို ဖတ်ရှုပြီးနောက်တွင် ကောင်းထန်းက သူ့ဘေးနားရှိ လက်ထောက်ကို ဖုန်းပြန်ပေးလိုက်သည်။

“အတိုချုံးပြီး ပြောရရင်တော့ ဒါက မှော်ရတနာတည်ဆောက်ပြုပြင်ခြင်း တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့တဲ့ ကျောင်းသားတစ်ယောက်ရဲ့ အချက်အလက်ပဲ.. ငါ့ရဲ့ ကနဦးထင်မြင်ချက်အရတော့ ဒီကွင်းဆက်လူသတ်မှုရဲ့ နောက်ကွယ်မှာ ကျန့်ကျင်းရွှယ်ရဲ့မိဘတွေ ရှိနေနိုင်တယ်.. သူတို့က သူတို့ရဲ့သားအတွက် လက်စားချေဖို့ လုပ်ဆောင်နေတာ ဖြစ်ဖို့များတယ်”

“ခေါင်းဆောင်ကောင်း.. ကျွန်တော်တို့ရဲ့ ပဏာမစုံစမ်းချက်အရတော့ ကျန့်ကျင်းရွှယ်ရဲ့ မိဘတွေက ကျန့်ကျင်းရွှယ် မသေဆုံးမီမှာ ကွာရှင်းခဲ့တာ တွေ့ခဲ့ရတယ်.. လက်တွဲဖော်အသစ်နဲ့ အဆင်ပြေနေတဲ့ သူ့အမေကိုတော့ ကျွန်တော်တို့ဆက်သွယ်ပြီးပါပြီ.. သူ့အဖေရဲ့ နေရပ်ကိုတော့ လောလောဆယ် စုံစမ်းနေဆဲဖြစ်တယ်.. ကျွန်တော့်အထင် သံသယရှိသူ စာရင်းကနေ သူ့အဖေကိုလည်း ဖယ်ထုတ်လို့မရဘူး”

“ဟုတ်တယ်.. ငါသံသယရှိနေတာလည်း သူ့အဖေပဲ.. သူ့အဖေကို သေချာရှာဖွေပါ”

ကောင်းထန်းက ခေါင်းညိမ့်၍ ပြောလိုက်သည်။

ကျန့်ကျင်းရွှယ်၏ မိဘများသည် ဤကိစ္စတွင် သံသယဝင်စရာ အကောင်းဆုံးပင်။

ကျန့်ကျင်းရွှယ်က မှော်ရတနာ အသိုင်းအဝိုင်းတွင် အရှက်တကွဲ ဖြစ်ခဲ့ရသော်လည်း ထိုအချိန်က ဖြစ်ပျက်ခဲ့သည့် အမှန်တရားကို မည်သူမှမသိပေ။

“ငါတို့ အခင်းဖြစ်ပွားရာနေရာကို ရောက်တဲ့အခါ ကျောင်းသားကျန့်ကို စော်ကားပြီး ပြစ်မှု ကျူးလွန်သူကို မဆွမိစေနဲ့.. နားလည်လား”

ကောင်းထန်းက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ ခေါင်းဆောင်ကောင်း”

သူနှင့်အတူ လိုက်ပါလာသည့် အရာရှိအားလုံးက ခေါင်းညိမ့်လိုက်သည်။

“ရာဇဝတ်ကောင်က ဘာတွေ တောင်းဆိုထားလဲ”

“ပထမအချက် အနေနဲ့ သူက ဓားစာခံတွေကို ရွေးနုတ်ဖို့အတွက် သုံးသန်း တောင်းဆိုထားတယ်”

“သူက ဓားစာခံတွေ အများကြီးကို ပြန်ပေးဆွဲထားပြီးတော့ သုံးသန်းပဲ လိုချင်တာလား”

ဤရာဇဝတ်ကောင်က ဦးနှောက်ပျက်နေသလားဟု ကောင်းထန်း ခံစားမိခဲ့သည်။

သို့သော် ရုတ်တရက်ဆိုသလိုပင် ကျန့်ကျင်းရွှယ် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မှော်ရတနာ ဒီဇိုင်းပြိုင်ပွဲ၏ ပထမဆုကြေးက သုံးသန်းမှန်း အမှတ်ရလာခဲ့၏။

သို့ဆိုလျှင် ရာဇဝတ်ကောင်သည် သူတို့ကို အရိပ်အမြွက်ပေးနေခြင်း ဖြစ်နိုင်ပါသလော။

ကောင်းထန်းက ဤအမှုကို ပိုမို စိတ်ဝင်စားလာခဲ့သည်။

အကယ်၍သာ သူခန့်မှန်းသည့်အတိုင်း မှန်ကန်ခဲ့လျှင် ရာဇဝတ်ကောင်သည် အတွင်းပိုင်း ဇာတ်လမ်းအချို့ကို ထုတ်ဖော်ခြင်းဖြင့် တရားမျှတမှုကို ရရှိရန် ကြိုးစားနေပုံရ၏။

သို့သော်လည်း ကောင်းထန်း၏ အမြင်တွင် ရာဇဝတ်ကောင်၏ လုပ်ကိုင်ပုံသည် အလွန်မိုက်မဲသောလုပ်ရပ်များ ဖြစ်သည်။

ပြိုင်ပွဲ၏ နောက်ကွယ်၌ လျှို့ဝှက်ချက် တစ်စုံတစ်ရာ ရှိခဲ့လျှင်ပင် ဤသည်က လူတော်တော်များများကို သတ်ပစ်ရန် အကြောင်းပြချက်ကောင်း မဟုတ်ပေ။

ယခုအခါတွင် ကျင့်ကြံခြင်းလောကကို တရားဥပဒေဖြင့် အုပ်ချုပ်ခဲ့ပြီး နိုင်ငံတိုင်းသည် ဥပဒေနှင့် တရားမျှတမှုကို လက်ကိုင်ထားကြသည်။

အတွင်းပိုင်းဇာတ်လမ်းကို ဖုံးဖိထားခြင်းသည် ဥပဒေဘောင်အတွင်းမှ လုံးဝမဟုတ်ပေ။

သို့သော်လည်း ပုဂ္ဂလိက ပြဿနာကို လက်စားချေရန် အတွက် အများပိုင်အဆောက်အဦးကို အသုံးပြုခြင်းသည် မှန်ကန်သောလုပ်ရပ် မဟုတ်ပေ။

ကောင်းထန်းက ထိုနှစ်မှပြိုင်ပွဲအတွင်း ဖြစ်ပျက်ခဲ့သမျှကို ရှင်းရှင်းလင်းလင်း စုံစမ်းရန် တတ်နိုင်သမျှ လုပ်ဆောင်မည် ဖြစ်သည်။

သို့သော်လည်း လူပေါင်းများစွာကို သတ်ခဲ့သည့် ကွင်းဆက် လူသတ်သမားကို ဖမ်းကာ တရားမျှတမှုရှိစေမည် ဖြစ်၏။

“သူ့ရဲ့ ဒုတိယတောင်းဆိုချက်ကတော့ မှော်ရတနာဒီဇိုင်း ပြိုင်ပွဲရဲ့ ဗီဒီယိုကို လူသိရှင်ကြား ထုတ်ပြန်ပေးဖို့ပဲ.. ဒါပေမဲ့ ကျောင်းအုပ်ကြီးကျိုးက ပြိုင်ပွဲကျင်းပရေး ကော်မတီကို ဆက်သွယ်ပြီး အတည်ပြုချက်ယူရမှာ ဖြစ်လို့ ဒီတောင်းဆိုချက်ကို လောလောဆယ် မဖြည့်ဆည်းပေးနိုင်ဘူးလို့ ပြောခဲ့တယ်.. ဒါပေမဲ့ ရာဇဝတ်ကောင်က ကျောင်းအုပ်ကြီးကျိုးသုန်ယဲ့ရဲ့ ကန့်ကွက်ချက်ကို လက်မခံခဲ့ဘူး.. သူက ဗီဒီယိုကို နာရီဝက်အတွင်း ထုတ်ဖော်ဖို့ ကျောင်းအုပ်ကြီးကျိုးကို တောင်းဆိုနေပြီး မထုတ်ဖော်ခဲ့ရင် နာရီဝက်တိုင်းမှာ ဓားစာခံတစ်ဦးကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်”

“တခြား တောင်းဆိုချက် ရှိသေးလား”

ကောင်းထန်းက မေးခွန်းထုတ်လိုက်သည်။

“သူ့ရဲ့တတိယနဲ့ နောက်ဆုံး တောင်းဆိုချက်ကတော့ တက္ကသိုလ်က လူတွေကလွဲရင် တစ်ဆယ်ကီလို အကွာအဝေးမှာရှိတဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူအားလုံး အခင်း နေရာကနေ ထွက်ခွာသွားရမှာ ဖြစ်တယ်.. တစ်နာရီအတွင်း မထွက်ခွာရင် ခန်းမကို ဖောက်ခွဲမယ်လို့ ပြောခဲ့တယ်”

အပိုင်း(၁၀၃၇) ပြီး၏

All Chapters