← Chapters

လွန်ခဲ့သောသုံးနှစ်က အမှန်တရား

Vol. 70 Ch. 1039

လွန်ခဲ့သောသုံးနှစ်က အမှန်တရား

Vol. 70 Ch. 1039

လင်းရှစ်ယောင်က ဤကိစ္စနှင့် ဆက်စပ်နေလိမ့်မည်ဟု ငွေရောင်လေးတို့ မမျှော်လင့်ခဲ့ပေ။

ကောင်းထျန်းက ချက်ချင်းပင် သူ့ဘေးနားရှိ လက်ထောက်ကို အဓိပ္ပါယ်ပါပါ လှမ်းကြည့်လိုက်သည်။

လင်းရှစ်ယောင်နှင့် ပတ်သတ်သော အချက်အလက်များကို ထောက်လှမ်းရေးဌာနထံ ဆက်သွယ် စုံစမ်းခိုင်းခဲ့သည်။

ကျန့်ထျန်းချမ်း၏ တောင်းဆိုမှုကိုကြားလျှင် လင်းရှစ်ယောင်က တုန်လှုပ်သွားပြီး အသက်ရှူနှုန်းပင် ပြင်းလာခဲ့သည်။

အခင်းဖြစ်ပွားရာနေရာရှိ ဆရာများနှင့် ကျောင်းသားများစွာ၏ အကြည့်အောက်မှာပင် သူမက ကောင်းထျန်း၏ အကူအညီဖြင့် ရှေ့သို့ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။

“ကျောင်းသူ လင်းရှစ်ယောင်.. မင်းကို ဘာလို့ မေးခွန်းမေးချင်တာလဲ သိရဲ့လား”

ဖေဖေကျန့်က လေသံကို အတတ်နိုင်ဆုံး သိမ်မွေ့နေစေရန် ကြိုးစားခဲ့သည်။

သို့သော်လည်း ငွေရောင်လေး၊ ထွင်ထျန်းဟာနှင့် ကောင်းထျန်းတို့သည် ဖေဖေကျန့်၏ အသံ တုန်ယင်နေသည်ကို ခံစားနိုင်ခဲ့သည်။

ဖေဖေကျန့်က အချိန်အတော်အကြာ စောင့်ခဲ့ရသလိုမျိုး ယခုအချိန်တွင် အလွန်တရာ စိတ်လှုပ်ရှားနေခဲ့သည်။

သူက သူ့ကိုယ်သူ ထိန်းချုပ်ထားပြီး ခံစားချက်များ ပေါက်ကွဲမထွက်စေရန် အစွမ်းကုန် ကြိုးစားနေရသည်။

လူတစ်ယောက်တွင် အားအနည်းဆုံးအချိန်သည် စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်သောအချိန် ဖြစ်သည်။

ထို့ကြောင့် ဖေဖေကျန့်က ခံစားချက်များကို ထိန်းချုပ်ထားခဲ့သည်။

အမှန်တရားက တရားဝင် မပေါ်ပေါက်သေးသရွေ့ ဤနေရာမှ မည်သူမျှ ထွက်ခွာသွားမည်ကို သူ မလိုချင်ပေ။

လင်းရှစ်ယောင်က ဖေဖေကျန့်၏ မေးခွန်းကို ဖြေဆိုရန်တွန့်ဆုတ်နေခဲ့သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က သူမနှင့် ကျန့်ကျင်းရွှယ်တို့ကြားမှ ပြဿနာကို ရှောင်ရှားရန်အတွက် သူမသည် အလုပ်တွင်သာ စိတ်နှစ်ထားခဲ့ပြီး အမြဲလိုလို‌ ကြောက်ရွံ့မှုဖြင့် နေထိုင်ခဲ့ရသည်။

ထိုအချိန်က ကိစ္စသည် ယခုအချိန်တွင် ဖော်ထုတ်ခံရမည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ကျောင်းသူလင်း.. ဒီရာဇဝတ်ကောင်ရဲ့ မေးခွန်းကို မင်းမဖြေချင်ရင် ငြင်းဆန်လို့ရတယ်”

ကျောင်းအုပ်ကြီးကျိုးသုန်ယဲ့က ဝင်ပြောလိုက်သည်။

“ကျောင်းအုပ်ကြီးကျိုး.. မင်းနောက်တစ်ကြိမ် ဝင်ရောက်စွက်ဖက်လို့ ရှိရင် မင်းရဲ့ စည်းမဲ့ကမ်းမဲ့ လုပ်ရပ်အတွက် တစ်ခါတည်း ဖမ်းခိုင်းလိုက်မယ်”

ကောင်းထန်းက ကျောင်းအုပ်ကြီးကျိုးကို ခပ်ပြတ်ပြတ် ပြောလိုက်ရာ ကျောင်းအုပ်ကြီးကျိုး၏ မျက်နှာက မည်းမှောင်သွားခဲ့သည်။

လင်းရှစ်ယောင်သည် မှော်ရတနာ တည်ဆောက်ပြုပြင်ခြင်းတက္ကသိုလ်၏ ကြယ်ပွင့်တစ်ပွင့်အဖြစ် သတ်မှတ်ခံရသူဖြစ်ပြီး ကျောင်းသသားသမဂ္ဂ၏ ဥက္ကဌလည်း ဖြစ်သည်။

ယင်းအပြင် အလှဘုရင်မပါ ဖြစ်သောကြောင့် ကျောင်းသူလေးသည် တစ်ချိန်က ကိစ္စတွင် အမှန်တကယ် ပါဝင်ပတ်သတ်နေသည်ကို သိရသောအခါ ဆရာများနှင့် ကျောင်းသားအားလုံး၏ စူးစမ်းချင်စိတ်ကို နှိုးဆွပေးသလို ဖြစ်လာခဲ့သည်။

တစ်ခဏမျှ နှုတ်ဆိတ်နေပြီးနောက်တွင် လင်းရှစ်ယောင်က သတ္တိမွေးကာ ခေါင်းကိုမေ့ာလိုက်သည်။

“နားလည်ပါတယ်.. ကျွန်မက ကျန့်ကျင်းရွှယ်ရဲ့ ရည်းစားဟောင်း ဖြစ်နေလို့ပါ”

ဤအဖြေကို ကောင်းထန်းက ထောက်လှမ်းရေးအချက်အလက်အရ သိထားသော်လည် ဤနေရာရှိ ဆရာများနှင့် ကျောင်းသားများကမူ အံ့ဩသွားကြသည်။

ဖေဖေကျန့် “ဘယ်အချိန်က လမ်းခွဲခဲ့တာလဲဆိုတာ အားလုံးသိအောင် ပြောပြပေးပါလား”

လင်းရှစ်ယောင် “မှော်ရတနာ ဒီဇိုင်းပြိုင်ပွဲအပြီးမှာ ကျွန်မကကျန့်ကျင်းရွှယ်နဲ့ လမ်းခွဲခဲ့ပါတယ်”

“ကျောင်းသူ လင်းရှစ်ယောင်.. မင်းက အရမ်းရိုးသားတယ်.. အနည်းဆုံးတော့ မင်းငါ့ကို မလိမ်ခဲ့ဘူး”

ဖေဖေကျန့်က ခေါင်းညိမ့်၍ ပြောလိုက်သည်။

“ဒါဆို ကျောင်းသူလင်းက ငါ့သားရဲ့ လှပတဲ့လက်ရေးလက်သားကို တုပပြီး ရေးတတ်မှာပေါ့.. ဟုတ်တယ်မဟုတ်လား”

ထိုအချိန်တွင် လင်းရှစ်ယောင်၏ မျက်ဝန်းများက နီရဲနေပြီဖြစ်သည်။

“ဟုတ်ပါတယ်.. ကျွန်မ ရေးတတ်ပါတယ်”

ဖေဖေကျန့် “လင်းရှစ်ယောင်.. ငါနောက်ဆုံး မေးခွန်းမေးမယ်.. သေချာလေးဖြေပေးပါ.. မင်းအနေနဲ့ ငါ့သားရဲ့ သေတမ်းစာကို ငါ့သားကိုယ်စား ရေးပေးခဲ့ဖူးလား”

“ဘယ်လို”

ပတ်ဝန်းကျင်ရှိ ဆရာများနှင့် ကျောင်းသားများ အားလုံးက အံ့အားသင့်သွားကြသည်။

“ကျောင်းသူလင်း.. မင်းဘာလို့ အဲဒီအချိန်က ဘာမှမပြောခဲ့ရတာလဲ”

ကျောင်းအုပ်ကြီး ကျိုးသုန်ယဲ့က တုန်လှုပ်သောအသံဖြင့် ပြောလိုက်သည်။

ထိုအချိန်တွင် လင်းရှစ်ယောင်၏ နှလုံးသားသည် ပြိုလဲလုနီးနီးဖြစ်နေပြီ ဖြစ်သည်။

သူမက ဆို့နစ်သောလေသံဖြင့် ပြောလိုက်သည်။

“ပြိုင်ပွဲအတွင်း ဒီဇိုင်းခိုးယူတဲ့ကိစ္စ ဖြစ်ပေါ်လာပြီးတဲ့နောက်မှာ တစ်စုံတစ်ယောက်က ကျင်းရွှယ်ကို ပြဿနာရှာခဲ့တဲ့အတွက် ကျင်းရွှယ်ရဲ့လက်တွေ ကျိုးသွားခဲ့တယ်.. အဲဒီနောက်မှာ ကျင်းရွှယ်က ကျွန်မဆီလာပြီး တောင်းပန်စာတစ်စောင် ရေးစေခဲ့တယ်.. ဒါပေမဲ့ အဲဒါက သေတမ်းစာ တစ်စောင် ဖြစ်လာလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး”

“ကျေးဇူးတင်ပါတယ် ကျောင်းသူလင်း”

ဖေဖေကျန့်က သူမ၏အဖြေကို အလွန်ကျေနပ်သော လေသံဖြင့် ပြောလိုက်သည်။

အစောပိုင်းကတည်းက ဤအချက်ကို သူက စုံစမ်းစစ်ဆေးခဲ့ပြီးဖြစ်သည်။

သူက ဤနေရာရှိ လူတိုင်းအတွက် အထောက်အထားကို လင်းရှစ်ယောင် ကိုယ်တိုင် အတည်ပြုပေးစေလိုခြင်း ဖြစ်၏။

“ကျောင်းသူလင်း.. ကျင်းရွှယ်အပေါ် မင်းရဲ့ ချစ်ခြင်းမေတ္တာကို အသိအမှတ်ပြုပါတယ်.. အခုလို အဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

“ကျန့်ထျန်းချမ်း.. မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ”

ကျောင်းအုပ်ကြီးကျိုး အော်ငေါက်လိုက်သည်။

“စိတ်လျော့ပါဦး ကျောင်းအုပ်ကြီး ကျိုးသုန်ယဲ့.. ငါ့ရဲ့နောက်ထပ်မေးခွန်းက မင်းအတွက်ပါပဲ.. မင်းအနေနဲ့ အမှန်အတိုင်း ဖြေပေးမယ်လို့ ငါမျှော်လင့်ပါတယ်.. အမှန်အတိုင်း မဖြေရင်တော့ ဓားစာခံတွေရဲ့ လုံခြုံရေးအတွက် ငါအာမခံမှာမဟုတ်ဘူး”

“မင်း”

ကျောင်းအုပ်ကြီးကျိုး၏ နှုတ်ခမ်းထောင့်က တလှုပ်လှုပ် ဖြစ်သွားခဲ့သည်။

အဆင့်မြင့်ပညာရေး အဖွဲ့အစည်းတစ်ခု၏ ကျောင်းအုပ်ကြီးအနေဖြင့် ကျောင်းအတွင်း သူ့ကို မည်သူမှ စိန်ခေါ်ဝံ့ခြင်း မရှိခဲ့ပေ။

ကောင်းထန်းက ကျောင်းအုပ်ကြီးကျိုး၏ အမူအရာကို အကဲခတ်နေခဲ့သည်။

ကျောင်းအုပ်ကြီးကျိုးသည် ပညာရေးအသိုင်းအဝိုင်းတွင် သမာသမတ်ရှိသူအဖြစ် ကျော်ကြားသူ ဖြစ်သည်။

လွန်ခဲ့သည့်သုံးနှစ်က မှော်ရတနာဒီဇိုင်းခိုးယူမှုကိစ္စ ဖြစ်ပေါ်လာပြီးနောက်တွင် ကျောင်းအုပ်ကြီးကျိုးသည် ကျန့်ကျင်းရွှယ် ကိုယ်စား လူထုအား ပထမဆုံး တောင်းပန်ပေးခဲ့သည်။

ထိုအတွက်ကြောင့် ကျောင်းအုပ်ကြီးကျိုးသည် အမှုကိစ္စဖြစ်ပွားပြီးနောက်တွင် ထိခိုက်မှုမရှိခဲ့ပေ။

ဆန့်ကျင်ဘက်အားဖြင့် ကျောင်းအုပ်ကြီးကျိုးသည် ဖြောင့်မတ်ပြီး ကောင်းမွန်သော ကျောင်းအုပ်ကြီးတစ်ဦးအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။

သို့သော် ထိုကိစ္စသည် ယနေ့အချိန်တွင် အရှုပ်အထွေးဖြစ်နေသောကြောင့် နောက်ကွယ်မှ အမှန်တရားက မရိုးရှင်းလှကြောင်း ကောင်းထန်း ကောင်းစွာ ရိပ်စားမိခဲ့သည်။

ဖေဖေကျန့်က အေးစက်စက် ရယ်မောလိုက်ပြီး စတင် မေးခွန်းထုတ်လိုက်သည်။

“ကျောင်းအုပ်ကြီးကျိုး.. ငါမင်းကိုမေးမယ်.. ဒီအဖြစ်အပျက်အတွက် အဖြစ်မှန်ကို မင်းကိုယ်တိုင်ကိုယ်ကျ စီစစ်ခဲ့တာမျိုး ရှိခဲ့လား”

“စုံစမ်းစစ်ဆေးရေးနဲ့ သက်သေတွေကို စစ်ဆေးတာက ကျင့်ကြံခြင်းရဲတပ်ဖွဲ့ရဲ့ တာဝန်ပဲ.. ငါ့မှာ ဝင်ရောက်စွက်ဖက်ဖို့ အရည်အချင်း မပြည့်မီဘူး”

“ကျောင်းအုပ်ကြီးကျိုး ဆိုလိုတဲ့အဓိပ္ပါယ်ကို ငါနားလည်ပါတယ်”

ထို့နောက် ဖေဖေကျန့်က စကားကို ခဏရပ်နားပြီးနောက် ဆက်ပြောလိုက်သည်။

“ငါဆိုလိုတာက ကျောင်းအုပ်ကြီးကျိုး.. မင်းအနေနဲ့ ပြိုင်ပွဲရဲ့ဗီဒီယို အပြည့်အစုံကို တစ်ကြိမ်တစ်ခါတောင် ကြည့်ဖူးရဲ့လား”

“ရဲတွေက သက်သေတွေအားလုံးကို လူသိရှင်ကြားထုတ်ပြန်ခဲ့တယ်.. ငါကိုယ်တိုင် စုံစမ်းစစ်ဆေးရင်တောင် ဘာမှကွာခြားမှာမဟုတ်ဘူး.. အချိန်ဖြုန်းရုံပဲ ဖြစ်သွားမှာပေါ့”

“ဒါဆိုကျောင်းအုပ်ကြီးကျိုးက ဗီဒီယိုကို ကိုယ်တိုင်မစစ်ဆေးခဲ့ဘဲ လူတိုင်းရဲ့ ပြစ်တင်ရှုပ်ချမှုတွေကြောင့် ထူးချွန်တဲ့ကျောင်းသားတစ်ယောက်ကို သူ မလုပ်ခဲ့တဲ့ကိစ္စ အတွက် လူသိရှင်ကြား တောင်းပန်ဖို့ ဖိအားပေးခဲ့တာပေါ့.. ကျောင်းအုပ်ကြီးကျိုးကို မေးပါရစေ.. ဒါက ကျောင်းအုပ်တစ်ယောက် လုပ်သင့်တဲ့လုပ်ရပ်လား”

“မင်း..”

“ကျောင်းအုပ်ကြီးကျိုး.. ငါ့စကားကို ချေပဖို့ မင်းအလျင်လိုနေစရာမလိုဘူး.. ကျင်းရွှယ်မှာ အပြစ်မရှိကြောင်း သက်သေပြဖို့ အတွက် လုံလောက်တဲ့ သက်သေ အထောက်အထားတွေ ငါ့မှာရှိတယ်”

ထိုစကားကိုပြောရင်း ဖေဖေကျန့်က ခန်းမအပြင်ဘက်ရှိ LCD ဖန်သားပြင်ပေါ်တွင် ကုမ္ပဏီတစ်ခု၏ ဆက်စပ် ကိုယ်စားလှယ်များကို ဖော်ပြထားသော ဇယားတစ်ခုအား ပြသလိုက်သည်။

၎င်းက ရာဗန်စတူဒီယိုဟု ခေါ်သော နာမည်ကျော် မှော်ရတနာဒီဇိုင်းစတူဒီယို၏ အထူး ကိုယ်စားလှယ်များနှင့် အဓိကဝန်ထမ်းများကို ဖော်ပြထားသောဇယား ဖြစ်သည်။

ဖေဖေကျန့်က ထိုစာရင်းထဲမှ လျူရီ ဟူသော လူတစ်ဦးကို မီးမောင်းထိုးပြခဲ့သည်။

“ကျောင်းအုပ်ကြီးကျိုး.. ဒီနာမည်ပိုင်ရှင်ကို သိတယ် မဟုတ်လား”

“လျူရီက ငါ့ရဲ့တပည့်ပါ.. သူက ဘာဖြစ်လို့လဲ”

“ကျောင်းအုပ်ကြီးကျိုးရဲ့ တပည့်က အရည်အချင်းရှိပါတယ်.. သူက တက္ကသိုလ်ကိုကိုယ်စားပြုပြီး မှော်ရတနာ ဒီဇိုင်းပြိုင်ပွဲမှာ ပထမဆုလည်း ရရှိခဲ့ဖူးတယ်.. ကျောင်းအုပ်ကြီးကျိုးက ကျောင်းသားလျူရီရဲ့ အလားအလာကိုမြင်ပြီး တပည့်အဖြစ်ပျိုးထောင်ပေးခဲ့တယ်.. အဲဒီနောက်မှာ ဖူဖူရှန့်ဆိုတဲ့ကျောင်းသားတစ်ယောက် ထပ်မံ ပေါ်ထွက်လာတယ်"

"လျူရီက စတူဒီယိုတစ်ခုကို ကျောင်းသား ဖူဖူရှန့်နဲ့ ပူးပေါင်းတည်ထောင်ပြီး ကိုယ်ပိုင်အမှတ်တံဆိပ်ကို တည်ထောင်ဖို့ ကြိုးစားခဲ့တယ်.. ဒါကြောင့် ကျောင်းသားလျူရီက တက္ကသိုလ်တက်နေစဉ် အတွင်းမှာ နေရာအနှံ့က လူတော်တွေကိုစုစည်းပြီး မှော်ရတနာဒီဇိုင်း အမျိုးမျိုးကို ဖန်တီးခဲ့တယ်.. ပြောရရင် ကျောင်းသားလျူရီရဲ့ ဖိတ်ကြားချက်ကို လက်ခံရရှိခဲ့တာက ကျောင်းသားဖူဖူရှန့် တစ်ယောက်တည်းမဟုတ်ဘူး"

"ငါ့သားကျန့်ကျင်းရွှယ်လည်း ပါဝင်ခဲ့တယ်.. နာမည်ကျော် ရာဗန်စတူဒီယိုကို တည်ထောင်ခဲ့တာက ကျောင်းသားလျူရီပဲ.. ကျောင်းသားဖူဖူရှန့်ကို စည်းရုံးပြီးတဲ့နောက်မှာ ဖူဖူရှန့်ကို အမှုဆောင်ဒါရိုက်တာအဖြစ် ခန့်အပ်ပြီး သူကတော့ ကုမ္ပဏီရဲ့ အထူး ကိုယ်စားလှယ်အဖြစ် ထမ်းဆောင်ဖို့အတွက် သူ့ကိုယ်သူ ရာထူးလျှော့ချလိုက်တယ်.. ကျောင်းအုပ်ကြီးကျိုး.. အဲဒီလုပ်ရပ်က ထူးဆန်းတယ်လို့ ခင်ဗျား မထင်မိဘူးလား”

“ဘာကိုဆိုလိုချင်တာလဲ”

ကျောင်းအုပ်ကြီးကျိုးက အံကြိတ်၍မေးလိုက်သည်။

“ငါဆိုလိုချင်တာက တကယ်တော့ အရမ်းရိုးရှင်းပါတယ်”

ကျန့်ထျန်းချမ်းက အေးစက်စက် ပြောလိုက်၏။

“ကျောင်းသားလျူရီက အမှန်တကယ် အရည်အချင်းမရှိဘူးလို့ ငါဆိုလိုချင်တာပဲ.. သူ့ရဲ့ ရာဗန်စတူဒီယိုက ဒီဇိုင်းအများစုနဲ့ သူ တက္ကသိုလ်ကို ကိုယ်စားပြုပြီး ဒီဇိုင်းဆုရတုန်းက လက်ရာတွေက ငါ့သား ကျန့်ကျင်းရွှယ်ရဲ့ လက်ရာတွေပဲ.. လွန်ခဲ့တဲ့ သုံးနှစ်က ဒီဇိုင်းခိုးယူတဲ့ကိစ္စ အပါအဝင်ပေါ့”

အပိုင်း(၁၀၃၉) ပြီး၏

All Chapters