← Chapters

အတွေးပွားစေသော စစ်ဆေးမေးမြန်းမှု

Vol. 70 Ch. 1040

အတွေးပွားစေသော စစ်ဆေးမေးမြန်းမှု

Vol. 70 Ch. 1040

ကျန့်ထျန်းချမ်း၏စကားကြောင့် ပတ်ဝန်းကျင်၌ရှိနေသော ဆရာများနှင့် ကျောင်းသားများကြားတွင် ရုပ်ရုပ်သဲသဲဖြစ်သွားကြသည်။

ဒီဇိုင်းခိုးယူသော ပြဿနာ၏ လျှို့ဝှက်ချက်သည် ရေပေါ်တွင်ပေါ်နေသော ရေခဲတောင်၏ အစွန်အဖျားကဲ့သို့ ဖြစ်နိုင်ပေသည်။

အကယ်၍ လွန်ခဲ့သော သုံးနှစ်က ပြဿနာတွင် ခိုင်လုံသောသက်သေအထောက်အထား ရှိခဲ့လျှင် သမာသမတ်ကျလှပါသည် ဆိုသော ကျောင်းအုပ်ကြီးကျိုး အပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်မှု ရှိလာမည်ကို စိတ်ပင် မကူးဝံ့ကြတော့ပေ။

ထို့ကြောင့် လူအများက ကျောင်းအုပ်ကြီးကျိုး ကဲ့သို့ပင် ကျန့်ထျန်းချမ်း၏ စကားကို မယုံကြည်ခဲ့ကြပေ။

ထိုပြဿနာက သုံးနှစ်ရှိပြီ ဖြစ်သည်။

ရာဗန်စတူဒီယိုက ထိုအချိန်ကလို စတူဒီယိုအသေးစား မဟုတ်တော့ဘဲ ယခုအခါတွင် ကမ္ဘာကျော် စတူဒီယိုတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။

ဤကာလတွင် ဆိုးရွားသော တစ်စုံတစ်ရာကိစ္စများ ဖြစ်ပေါ်လာလျှင် ရာဗန်စတူဒီယိုသည် ၎င်းတို့၏ လုပ်ငန်းများကို လည်ပတ်နိုင်တော့မည် မဟုတ်ပေ။

“ကျန့်ထျန်းချမ်း.. မင်းဒီလိုပြောတယ် ဆိုတော့ မင်းမှာသက်သေရှိလို့လား”

ကထိကတစ်ဦးက ရှေ့တိုး၍ မေးလိုက်၏။

ကျန့်ထျန်းချမ်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

သူက ဤမေးခွန်းကို စောင့်မျှော်နေသည်မှာ ကြာပြီ ဖြစ်၏။

ယခုအချိန်တွင် သူသည် တစ်ချိန်က ဖြစ်ရပ်မှန်များကို သက်သေသာဓကဖြင့် ထုတ်ဖော်တော့မည် ဖြစ်သည်။

အစပိုင်းတွင်မူ ကျန့်ထျန်းချမ်းသည် ဤအဖြစ်အပျက်ကို လူအများအား တစ်နည်းနည်းဖြင့် အာရုံစိုက်အောင် လုပ်ချင်ခဲ့သည်။

သို့သော် အဓိကအချက်မှာ သူ့အနေဖြင့် မည်သူ့ကိုမှမသတ်ဖြတ်ခဲ့ပေ။

သေဆုံးသွားသော မှော်ရတနာ တည်ဆောက်ပြုပြင်ခြင်း တက္ကသိုလ်မှ ကျောင်းသားများသည် သူ မရောက်ရှိခင်ကတည်းက အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

သေဆုံးသွားသော အဂ္ဂရိတ်ပညာရှင်သည် ထိုအချိန်က ဒီဇိုင်းခိုးဖူးသော ကိစ္စကို မီဒီယာထက်တွင် ဖွင့်ချခဲ့သည့် သက်သေတစ်ယောက် ဖြစ်သည်။

ပရိုဂရမ်မာကမူ ထိုအချိန်က အွန်လိုင်းလူထု၏ အမြင်ကိုတစ်ဖက်စောင်းနင်း ဖြစ်အောင် ညွှန်ပြပေးခဲ့သည်။

အဆုံးသတ်တွင်သူသည် ကျန့်ကျင်းရွှယ်ကို အင်တာနက်ပေါ်တွင် အကြမ်းဖက်ရန်အတွက် ညွှန်ကြားခဲ့သည်။

အမျိုးသမီး တိုက်ရိုက်ထုတ်လွှင့်သူကမူ တက္ကသိုလ်မှကျောင်းသားဖူဖူရှန့်၏ ချစ်သူဟောင်း ဖြစ်သည်။

ဤလူသုံးဦးသည် ဖေဖေကျန့် မရောက်ခင်ကတည်းကပင် သေဆုံးသွားခဲ့သော အဓိကသက်သေများ ဖြစ်ကြသည်။

ကံအဆိုးဆုံးသူမှာ ကျောင်းသားရှန့်ကွမ်းရုံ ဖြစ်သည်။

လူသတ်သမားက ကျောင်းသားရှန့်ကွမ်းရုံကို သတ်ဖြတ်ခါနီးတွင် ဖေဖေကျန့်သည် လူသတ်သမားကို ဖန်သားပြင်ပေါ်ကနေ ဖမ်းရန်အတွက် သူ၏ခွန်အားကို အသုံးပြုခဲ့သည်။

သို့ရာတွင် လူသတ်သမားသည် လက်မတင်လေး လွတ်မြောက်သွားခဲ့၏။

စင်စစ် ကျောင်းသားရှန့်ကွမ်းရုံသည် သူသား၏ ကိစ္စတွင် မပါဝင်ခဲ့ပေ။

ရဲများသည်လည်း လွန်ခဲ့သည့်သုံးနှစ်က ဒီဇိုင်းခိုးယူသော ကိစ္စနှင့် ရှန့်ကွမ်းရုံက ဆက်စပ်မှု မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။

သို့ဆိုလျှင် နောက်ကွယ်မှ ကွင်းဆက် လူသတ်သမားအစစ်က မည်သူနည်း။

ဖေဖေကျန့်က လူသတ်သမားကို အကြမ်းဖျင်း ခန်မှန်းမိပြီးသား ဖြစ်၏။

အလွန်နက်နဲပြီး အဆုံးမရှိသော ချောက်ကြီးတစ်ခုက သူ၏ ရှေ့လက်တစ်ကမ်းတွင် စောင့်မျှော်နေသလို ဖေဖေကျန့် ခံစားလိုက်ရသည်။

ဤအမှုကို ပိုမိုနက်ရှိုင်းစွာ ဆက်လက်စုံစမ်းခဲ့လျှင် သူ့အနေဖြင့် မည်သည့်အရာကို ရင်ဆိုင်ရမည်မှန်း သူမသိခဲ့ပေ။

သို့သော် ဖေဖေကျန့် ကောင်းစွာနားလည်သည်မှာ သူသည်ဖခင်တစ်‌ယောက် ဖြစ်၏။

ဖခင်တစ်ယောက်အနေဖြင့် သူက လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ရမည်ဖြစ်ပြီး သူသား၏ နာမည်ကို ရှင်းလင်းရမည်ဖြစ်သည်။

ဖေဖေကျန့်က အသံလွှင့်ခန်းထဲကနေ ထွက်လာခဲ့သည်။

အစောပိုင်းက ခန်းမအတွင်းရှိ စာသင်ခန်းထဲတွင် ပို့ချနေသော ကျောင်းသားများနှင့် ဆရာများသည် အထိတ်တလန့် ဖြစ်သွားကြပြီး‌နောက် ငြိမ်သက် တိတ်ဆိတ်သွားကြသည်။

ယခုအချိန်ထိ သူတို့က ဖေဖေကျန့် လုပ်သမျှကို လူသတ်သမားနှင့် ဆက်စပ်၍ မရသေးပေ။

အများစုမှာမူ အခြေအနေကို စောင့်ကြည့်နေခဲ့ကြသည်။

ဖေဖေကျန့်က အလွန်သန်မာသည်။

အသံလွှင့်ခန်းအတွင်းမှ ထွက်ပေါ်လာသည်နှင့် စက္ကန့်ပိုင်းအတွင်းမှာပင် ခန်းမအတွင်းရှိ လူတိုင်းသည် သူ၏စွမ်းအားများဖြင့် ထိန်းချုပ်ခံလိုက်ရသည်။

ထို့နောက် ဖေဖေကျန့်က ဟောပြောပွဲ ပို့ချနေသော ဆရာနှင့်ကျောင်းသားများ၏ ဖုန်းများကို သိမ်းဆည်းခဲ့ပြီး အပြင်နှင့်ဆက်သွယ်မရစေရန် မှော်စွမ်းအားဖြင့် ခန်းမကို ပိတ်ဆို့လိုက်သည်။

ဖေဖေကျန့်က ခန်းမထဲမှ ထွက်လာပြီးနောက် စင်မြင့်ပေါ်သို့ ဖြည်းညင်းစွာ တက်သွားခဲ့သည်။

ထို့နောက် သူက လူတိုင်းကို လေးလေးနက်နက် ဂါရဝပြု ဦးညွှတ်လိုက်သည်။

“ဆရာ နဲ့တပည့်တွေ အားလုံးကို ထိတ်လန့်စေတဲ့ အတွက် တောင်းပန်ပါတယ်.. အဖေတစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို မပြီးမချင်း မင်းတို့ကို ခဏလောက် ဒုက္ခပေးရတာကို ခွင့်လွှတ်ပါ”

စကားဆုံးပြီးနောက်တွင် ဖေဖေကျန့်က ထပ်မံ ဦးညွှတ်လိုက်သည်။

ခန်းမအတွင်းရှိ ကျောင်းသားများနှင့် ဆရာများက ဖေဖေကျန့်၏ ရည်မွန်သောအပြုအမူကြောင့် ထိုကိစ္စတွင် လျှို့ဝှက်ချက် တစ်စုံတစ်ရာ ရှိနေရမည်ဟု ယုံကြည်လာကြသည်။

သူတို့က ဤဒီဇိုင်းခိုးယူသည့်ကိစ္စကို ကြားသိခဲ့ရသော်လည်း ကိုယ်တိုင် မကြုံတွေ့ဖူးခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူတို့သည် ထိုအချိန်က ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေရန် အလုပ်များနေ၍ အွန်လိုင်းမှတ်ချက်များနှင့် ပတ်သတ်၍ သူတို့ကိုယ်သူတို့ထက် ပိုစိုးရိမ်ရန် အချိန်မရှိခဲ့ပေ။

ထို့ကြောင့်ပင် ဖေဖေကျန့်သည် ဤဆရာနှင့် ကျောင်းသားအုပ်စုကို ဓားစားခံအဖြစ် ချုပ်နှောင်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့သည် အမှန်တရားကို လိုလားသည့် ဘက်မလိုက်သောအဖွဲ့အစည်း ဖြစ်သည်။

တစ်ဖက်တွင်လည်း ဖေဖေကျန့်သည် တိုက်ရိုက် သက်သေများ လိုအပ်နေ၏။

သူရှာဖွေထားသည့် သက်သေများအားလုံးသည် ယခုအခါတွင် သေဆုံးကုန်ပြီ ဖြစ်သည်။

ထိုအချိန်က သက်သေများ မရှိတော့သော်လည်း ဖေဖေကျန့်၏ အမူအရာသည် စိုးရိမ်နေပုံမရပေ။

“အဖြစ်အပျက်တွေက ဒီအခြေအနေထိ ရောက်လာပြီ.. မင်းကအခုထိ ပုန်းနေတုန်းပဲလား.. ငါ့မှာ သက်သေအထောက်အထားတွေ အများကြီး ကျန်သေးတယ်.. ငါသာအဲဒီကိစ္စတွေကို အကုန်ဖော်ထုတ်လိုက်ရင် မင်းတစ်သက်လုံး အကျဉ်းထောင်ထဲမှာပဲ ဘဝကုန်ဆုံးရလိမ့်မယ်”

ဖေဖေကျန့်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟန်ပါပါ မတ်တပ်ရပ်ရင်း ပြောလိုက်သည်။

သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။

သူ၏အော်ရာကြောင့် သခင်တစ်ယောက်လို မြင်ရသူကို အလိုလို ခံစားရစေမည် ဖြစ်သည်။

ဖေဖေကျန့်သည် ဒီဇိုင်းခိုးယူသော ကိစ္စအပြီးတွင် သက်သေအထောက်အထားများကို အပတ်တကုတ် ရှာဖွေရန် ကြိုးစားခဲ့သည်။

ထို့ကြောင့် ဤအမှု၏နောက်ကွယ်မှ လူသည် သက်သေအထောက်အထားများကို တဖြည်းဖြည်း ဖျောက်ဖျက်နေခဲ့၏။

ယခုအခါတွင် ဖေဖေကျန့် နှစ်ပေါင်းများစွာ ကြိုးစားမှု၏ ရလဒ်များသည် ထွက်ပေါ်လာပြီ ဖြစ်သည်။

သက်သေများ ပျောက်ကွယ်သွားသော်လည်း အထောက်အထား အသစ်များကို ထုတ်ဖော်ဖို့ လိုအပ်၏။

ဖေဖေကျန့်က သူစကားပြောနေစဥ် ကွင်းဆက်လူသတ်သမားက သူ့ကိုယ်သူ သတိမထားမိဘဲ ခန်းမထဲသို့ မှော်စွမ်းအားဖြင့် ကျူးကျော်ဝင်ရောက်နေသည်ကို သတိပြုမိခဲ့သည်။

ဤကဲ့သို့ အသံမဲ့ ထိုးဖောက်ဝင်ရောက်သော မှော်နည်းလမ်းသည် ကွင်းဆက်လူသတ်သမား သတ်ဖြတ်ရာတွင် အဓိကအသုံးပြုခဲ့သည့် နည်းလမ်း ဖြစ်သည်။

“ကျောင်းသားလျူရီ.. မင်းအပြင်ထွက်လာရမယ့် အချိန်တန်ပြီလို့ မထင်ဘူးလား”

“လျူရီလား.. စီနီယာလျူရီ ဒီကိုရောက်နေတာလား”

ခန်းမအတွင်းရှိ လူအားလုံးက အံ့ဩသွားကြသည်။

ဆရာများနှင့် ကျောင်းသားများအပြင် ရဲများကပါ ကျန့်ထျန်းချမ်း၏ အသံကို ပြတ်ပြတ်သားသား ကြားလိုက်ရသည်။

“ဒါက ဘယ်လိုမှမဖြစ်နိုင်ဘူး.. လျူရီက ဘယ်သူ့ကိုမှ သတ်မှာမဟုတ်ဘူး.. သူ့မှာ ဒီလိုလုပ်ရမယ့် အကြောင်းရင်းလည်း မရှိဘူး.. ကျန့်ထျန်းချမ်း.. မင်းပေါက်ကရစကားတွေ မပြောနဲ့”

ကျောင်းအုပ်ကြီး ကျိုးသုန်ယဲ့က အလွန်အံ့ဩတုန်လှုပ်စွာဖြင့် ရှေ့သို့တိုးကာ ပြောလိုက်သည်။

“ကျောင်းအုပ်ကြီးကျိုး.. မင်းရဲ့ စကားတွေကို အာမခံနိုင်မယ့် သက်သေ အထောက်အထားတွေ မင်းမှာရှိလား”

ကောင်းထန်းက ကျောင်းအုပ်ကြီးကျိုးကို ကြည့်၍ မေးလိုက်သည်။

“လျူရီက ဒီကိစ္စမျိုးကို လုံးဝ မကျူးလွန်နိုင်ဘူး.. ဘာလို့လဲဆိုတော့ ရွှေအူတိုင် ကင်ဆာကြောင့် တက္ကသိုလ် ပထမနှစ်မှာပဲ သူ့ရဲ့ရွှေအူတိုင်တစ်ခုလုံးက ဖယ်ရှားခံခဲ့ရတယ်.. ဒါကြောင့် သူက ဘယ်လိုမှော်နည်းစနစ်ကိုမှ အသုံးပြုနိုင်မှာမဟုတ်ဘူး.. အခုဆိုရင် သူက သာမန်ကျင့်ကြံသူတွေထက်တောင် အားနည်းနေခဲ့ပြီ.. သေဆုံးသွားတဲ့ ကျောင်းသားသုံးဦးစလုံးက ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေ ဖြစ်တယ်.. လျူရီအနေနဲ့ သူတို့ကို ဘယ်လိုမှ အနိုင်ယူနိုင်မှာ မဟုတ်ဘူး.. ဒါကြောင့် သူက လူသတ်သမားဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး”

ကျောင်းအုပ်ကြီးကျိုးက ပြတ်ပြတ်သားသား ပြောလိုက်သည်။

“ဝိညာဉ်စွမ်းအင်ကို အသုံးမပြုနိုင်တာနဲ့ပဲ လူသတ်သမား မဖြစ်တော့ဘူးတဲ့လား”

ဖေဖေကျန့်က ရယ်မော၍ ပြောလိုက်သည်။

“ကျောင်းအုပ်ကြီးကျိုးသုန်ယဲ့.. မင်းက အခုအချိန်ထိ လှည့်စားခံနေရတုန်းပဲ.. ဘယ်လောက်တောင် သနားစရာကောင်းလိုက်လဲ.. သူက ဝိညာဉ်စွမ်းအင်ကို အသုံးမချနိုင်တာနဲ့ပဲ သူ့မှာ လုံလောက်တဲ့ အားပြန်သွင်းနိုင်တဲ့ မှော်ရတနာတစ်ခု ရှိနေသရွေ့ ဒီကွင်းဆက်လူသတ်မှုကို သူလုပ်ဆောင်နိုင်သေးတယ်.. ငါ့သား ကျန့်ကျင်းရွှယ်ရဲ့ အထက်တန်းကျောင်းတုန်းက လက်ရာတွေထဲမှာ ဖန်သားပြင်ကနေ လူတွေကိုသဲလွန်စမကျန်ဘဲ သတ်ဖြတ်နိုင်တဲ့ မှော်ရတနာတစ်ခုကို ဒီဇိုင်းဆွဲထားတာ ရှိတယ်.. ကျောင်းသားလျူရီက ဒီဇိုင်းကို ခိုးယူတီထွင်ပြီး ကွင်းဆက်လူသတ်မှုကို ကျူးလွန်ခဲ့တာပဲ.. ကျောင်းသားလျူရီကို ငါမေးချင်တဲ့ မေးခွန်းက ငါ့သားဒီဇိုင်းအတော်များများကို ခိုးယူပြီးတဲ့နောက်မှာ အဲဒီအတွက် မူပိုင်ခွင့် အခကြေးငွေတွေကိုရော ပေးဆောင်ပြီးပြီလား”

အပိုင်း(၁၀၄၀) ပြီး၏

All Chapters