ဒုစရိုက်ကောင်
Vol. 70 Ch. 1041
ဖေဖေကျန့်၏အသံက ကျောင်းပရဝုဏ်ကို ပဲ့တင်ထပ်သွားခဲ့သည်။
လွန်ခဲ့သည့်သုံးနှစ်က တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့သော မှော်ရတနာဒီဇိုင်း ခိုးယူသောကိစ္စသည် ဤနေရာတွင် ပေါ်ထွက်လာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။
ဖေဖေကျန့်က တက္ကသိုလ် ကျောင်းသားများကို ဓားစာခံလုပ်နေသည်အား အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်နေသဖြင့် ဤဖြစ်ရပ်သည် လူထု၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။
ကျင့်ကြံခြင်းရဲစခန်းက သတင်းများကို ပိတ်ဆို့ရန် ကြိုးစားခဲ့သော်လည်း အချိန်နှောင်းသွားခဲ့သည်။
သို့သော် ဖန်းကွမ်း၏ ကြိုးပမ်းမှုကြောင့် ဤကိစ္စသည် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားပြီး တစ်ကမ္ဘာလုံးက စောင့်ကြည့်ရသည့် ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့သည်။
နံပါတ်တစ် တိုက်ရိုက် သတင်းထုတ်လွှင့်သူအဖြစ် ဖန်းကွမ်း၏ နောက်တွင် အလင်းရှာဖွေသူ ပရိသတ်အများအပြား ရှိသည်။
ဝမ်လင်း၏ လျှို့ဝှက်စွာတောင်းဆိုမှုကြောင့် ဤအဖြစ်အပျက်ကို တိုက်ရိုက်ထုတ်လွှင့်ရန် ဖန်းကွမ်းက ရွေးချယ်ခဲ့ခြင်း ဖြစ်သည်သာမက ဖန်းကွမ်း ကိုယ်တိုင်ကလည်း ဤဖြစ်ရပ်၏အမှန်တရားကို သိလိုပြီး လူထုအား ပြန်လည် ဆင်ခြင်စေလိုခြင်း ဖြစ်၏။
ဆိုရလျှင် ကျောင်းသားကျန့်ကျင်းရွှယ်သည် လူအများ၏ ပြစ်တင်ရှုတ်ချဖိအားပေးမှုကို မခံနိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ခြင်း ဖြစ်သည်။
ကျန့်ကျင်းရွှယ်က သူ၏ နောက်ဆုံးဂုဏ်သိက္ခာကို ထိန်းသိမ်းရန် နည်းလမ်းအဖြစ် မိမိကိုယ်ကို သတ်သေရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
“ကိစ္စတစ်ခုကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်မကြုံဖူးရင် အခြေအနေကို အကဲဖြတ်ဖို့ အလျင်အမြန် မဆုံးဖြတ်ကြပါနဲ့”
ဖန်းကွမ်းက သူ၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတွင် ကြည့်ရှုသူများအား ပြောကြားခဲ့သည်။
စင်စစ် ကျောင်းသားကျန့်ကျင်းရွှယ် မိမိကိုယ်ကို သတ်သေခဲ့သည်မှာ ဒီဇိုင်းခိုးယူသောကိစ္စ သက်သက်ကြောင့် မဟုတ်ပေ။
ကိစ္စတစ်ခုကို သဲသဲကွဲကွဲ နားမလည်ဘဲ ဆွမ်းကြီးလောင်းတတ်ကြသည့် လူ့သဘောသဘာဝကြောင့် ဖြစ်သည်။
ဆိုရလျှင် တကယ့်တရားခံသည် အဖြစ်အပျက်ကို မဆန်းစစ်တော့ဘဲ နောက်ထပ် စုံစမ်းမှုများ မလုပ်ဆောင်တော့သည့် အွန်လိုင်းအသုံးပြုသူများ ဆိုလည်း မမှားပေ။
လျူရီက ကွင်းဆက်လူသတ်သမား ဖြစ်နိုင်သည်ဟု ဖေဖေကျန့် ပြောဆိုပြီးနောက်တွင် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
လက်ရှိတွင် လျူရီသည် အမှောင်ထဲတွင် ပုန်းအောင်းနေပြီး အခြေအနေကို ဖြေရှင်းရန် စဉ်းစားနေကြောင်း ဖေဖေကျန့် ကောင်းစွာသိသည်။
ဤနှစ်များ တစ်လျှောက်လုံးတွင် လျူရီသည် ကိစ္စအားလုံး၏ နောက်ကွယ်တွင် ရှိနေခဲ့သည်။
၎င်းက အရည်အချင်းရှိသူအဖြစ် လူအများ ထင်မြင်စေရန်အတွက် ကျန့်ကျင်းရွှယ်ထံမှ ခိုးယူထားသော ဒီဇိုင်းများကို အသုံးပြုခဲ့သည်။
အကယ်၍သာ ဖေဖေကျန့် စိန်ခေါ်သည့်အတိုင်း အမှောင်ထဲမှထွက်လာခဲ့မည် ဆိုလျှင် သူ၏လေးစားရသော ဂုဏ်သတင်းနှင့် အောင်မြင်မှုအားလုံးသည် တစ်ချက်တည်းနှင့်ပျောက်ကွယ်သွားမည် ဖြစ်၏။
ဖေဖေကျန့်က လျူရီ အမှောင်ထဲမှထွက်လာပြီး အမှားကို ဝန်ခံရန် စောင့်ဆိုင်းနေသည်။
သို့သော် လျူရီအနေဖြင့် လွယ်လွယ်ဖြင့် ကိုယ်ထင်မပြနိုင်မှန်း ထင်ရှားနေသည်။
“ကျောင်းသားလျူရီ.. မင်းဒီကိုရောက်နေတယ် ဆိုတာ ငါသိတယ်.. မင်းဝန်ခံဖို့ ဆန္ဒမရှိရင်တောင် ငါပြောခဲ့တာတွေက အမှန်တရားတွေပဲ”
ဖေဖေကျန့်က တုန်လှုပ်ခြောက်ခြားမှု အလျဉ်းမရှိဘဲ ခနဲ့တဲ့တဲ့ပြုံးကာ ပြောလိုက်သည်။
“ရိုးရိုးသားသားပြောရရင် လျူရီ.. ငါမင်းကို အပြစ်မတင်ပါဘူး.. ကျင်းရွှယ် သက်ရှိထင်ရှားရှိစဉ်က မှော်ရတနာဒီဇိုင်းနယ်ပယ်ကို လျှောက်လှမ်းဖို့ စိတ်အားထက်သန်ခဲ့ပေမဲ့ ငါကသူ့ကို အမြဲဆန့်ကျင်ခဲ့တယ်.. ဒီနယ်ပယ်က အရမ်းနက်နဲတယ်လေ.. ဒါကြောင့် သူ့ကို ဒုက္ခတွေမှာ ငါစိုးရိမ်တယ်.. ဒါပေမဲ့လျူရီ.. မင်းကတော့ ငါ့သားက ဉာဏ်ကြီးရှင်တစ်ယောက် ဆိုတာ ကောင်းကောင်း သိနေခဲ့တယ်”
ဖေဖေကျန့်က ထိုစကားကိုပြောပြီးနောက် မျက်နှာကျက်ကိုမော့ကြည့်ကာ သက်ပြင်းချလိုက်သည်။
“ဒီဒီဇိုင်းခိုးတဲ့ ကိစ္စအပြီးမှာ ပတ်ဝန်းကျင်က လူတွေရဲ့ ဆက်ဆံပုံက ကွဲပြားသွားတာကို ကျင်းရွှယ် ငါ့ကို ပြောပြခဲ့ဖူးတယ်.. အမှုမတိုင်ခင်ကတော့ သူက ကျောင်းမှာအာရုံစိုက်အခံရဆုံးဖြစ်ခဲ့ပေမဲ့ အမှုကိစ္စဖြစ်ပြီးတဲ့နောက်မှာတော့ လူတကာရဲ့ အထင်အမြင်သေးခြင်းကို ခံခဲ့ရပြီး သွားလေရာမှာ ကဲ့ရဲ့ခံခဲ့ရတယ်.. သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေတောင်မှ သူနဲ့ခပ်ခွာခွာ နေခဲ့ကြတယ်.. ကျင်းရွှယ်က ချောက်ထဲကို တစ်လှမ်းချင်း လျှောက်လှမ်းနေတာကို တက္ကသိုလ်ကကျောင်းသားတွေ ဘယ်သူမှ သတိမထားမိဘူးလားလို့ ငါတွေးမိတယ်.. မင်းရဲ့ လက်ချက်ကြောင့် သူက အကြမ်းဖက်မှုတွေကိုလည်း ကြုံခဲ့ရတယ်.. အဲဒီနောက်မှာ ကိစ္စတစ်ခုကိုဂဃနဏမသိဘဲ ဆွမ်းကြီးဝိုင်းလောင်းကြတဲ့ အွန်လိုင်းက လူတွေက ကျင့်ရွှယ်ကို ချောက်ထဲ ဝိုင်းတွန်းပို့လိုက်ကြတာပဲ”
လူတိုင်းက တိတ်ဆိတ်သွားခဲ့သည်။
ကျောင်းအုပ်ကြီးကျိုးသုန်ယဲ့၏ အမူအရာသည် အလွန်အမင်း ဆိုးရွားနေပြီ ဖြစ်သည်။
ဖေဖေကျန့်၏ ပြောစကားအရဆိုလျှင် ဤကိစ္စသည် ကျောင်းတွင်းအကြမ်းဖက်မှု အမျိုးအစားတစ်ခု ဖြစ်သည်။
ကျောင်းအုပ်ကြီးအနေဖြင့် သူက လူထု၏ အပြစ်တင်ခြင်းကို ရှောင်လွှဲ၍ ရမည်မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် ကျောင်းအုပ်ကြီးကျိုးသည် ထိတ်လန့်သွားခဲ့သည်။
ဤကိစ္စ၏ အမှန်တရားသည် သူ့အပေါ် သက်ရောက်လာမည်ကို သူစိုးရိမ်မိသည်။
သူ၏ဆုံးဖြတ်ချက်တစ်ခုက သူ၏ ကျောင်းသားကို အမှန်တကယ် ထိခိုက်စေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ကျောင်းအုပ်ကြီးကျိုးက ဖေဖေကျန့်၏ စကားကြောင့် နှလုံးသားတစ်ခုလုံး တဖြည်းဖြည်း ကြေမွသွားသလို စိတ်ဆင်းရဲစွာ ခံစားလိုက်ရသည်။
သို့သော် ဤသည်မှာ ဖေဖေကျန့် လိုချင်သော ရလဒ်မဟုတ်ပေ။
“ကျောင်းသားလျူရီ.. ငါမင်းကို ဒီနေရာမှာ စောင့်နေတယ်.. မင်းမှာ အသိတရား ရှိသေးတယ်ဆိုရင် မင်းကိုယ်တိုင် ထွက်လာပေးပါ”
ဖေဖေကျန့်က ခန်းမထဲရှိ စင်မြင့်ပေါ်တွင် ဆုတောင်းနေသော ဘုန်းတော်ကြီးတစ်ပါး ကဲ့သို့ မတ်တပ်ရပ်နေခဲ့သည်။
လျူရီက ရှေ့ထွက်လာလိမ့်မည်ဟု သူများစွာ မမျှော်လင့်ထားခဲ့ပေ။
သူ့သား ကျန့်ကျင်းရွှယ်က ကွယ်လွန်သွားပြီမှန်း သူကောင်းစွာသိသည်။
ငိုကြွေးခြင်း သို့မဟုတ် အသက်ပြန်ရှင်လာအောင်ကြိုးပမ်းခြင်းတို့က လုံးဝ အဓိပ္ပါယ်မရှိပေ။
ဖေဖေကျန့် လိုချင်သော တစ်ခုတည်းသောအရာမှာ တောင်းပန်ခြင်းသာ ဖြစ်သည်။
ဤသို့ဖြင့် သူ့သား၏ ဝိညာဉ်သည် အနည်းဆုံးတော့ ထာဝရငြိမ်းချမ်းစွာ နေနိုင်လိမ့်မည် ဖြစ်၏။
နောက်ထပ်ငါးမိနစ်လောက် စောင့်ပြီးနောက်တွင် ဖေဖေကျန့်၏ မျက်နှာသည် တဖြည်းဖြည်း လေးနက်လာခဲ့သည်။
သူ့အနေဖြင့် ဆိုးညစ်သော အပြစ်သား တစ်ယောက်အား တောင်းပန်ရန် မျှော်လင့်နေခြင်းသည် အမှန်တကယ်ပင် အချည်းနှီး ဖြစ်သွားပုံရသည်။
ကမ္ဘာပေါ်တွင် အဆိုးယုတ်ဆုံး လူသတ်ကောင်များ၊မုဒိန်းကောင်များနှင့် ကွင်းဆက်လူသတ်သမားများသည် ကမ္ဘာကြီးက သူတို့ကို အကြွေးတင်ထားသကဲ့သို့ အရှက်ကင်းမဲ့စွာ ပြုမူတတ်ကြပြီး အပေါ်ယံတွင်တော့ တရားဥပဒေနှင့်အညီ နေထိုင်သယောင် လိမ်လည်ထားကြသည်။
ယင်းကြောင့် ၎င်းတို့အနေဖြင့် နောင်တမရသည်မှာ အတိအကျပင် ဖြစ်၏။
ဖေဖေကျန့်က လူ့အဖွဲ့အစည်း၏ သတင်းမီဒီယာများအနေဖြင့် ဆိုးယုတ်သောလူများ၏ အပေါ်ယံ မျက်နှာများကို ပရိုမိုးရှင်း မလုပ်ပေးသင့်ဟု အမြဲခံစားခဲ့ရသည်။
ထိုအစား ၎င်းတို့၏ ရွံရှာဖွယ်အပြုအမူများကို ကမ္ဘာတစ်ခုလုံး ရှင်းရှင်းလင်းလင်း မြင်နိုင်စေရန်အတွက် ဖော်ထုတ်သင့်ပေသည်။
အစပိုင်းတွင် ဖေဖေကျန့်သည် ဤကိစ္စ၏ အမှန်တရားကို ဖော်ထုတ်ချင်ခဲ့ရုံသာ ဖြစ်သည်။
သူက လျူရီကလွဲ၍ မည်သူ့ကိုမှ မထိခိုက်စေချင်ခဲ့ပေ။
လျူရီက နောင်တရပြီး သူ့အမှားသူ ဝန်ခံရန်သာ လိုအပ်၏။
ယခုအခါ လျူရီထံမှ တရားမျှတမှုကို တောင်းခံမည်ဆိုလျှင် အနည်းငယ် ပုံမှန်မဟုတ်သည့် နည်းလမ်းများကို အသုံးမပြုသရွေ့ အမှန်တရားကို ဖော်ထုတ်ရန် ခက်ခဲမည်မှန်း ဖေဖေကျန့် နားလည်သွားခဲ့သည်။
တစ်ဖက်တွင်လည်း ကောင်းထန်းသည် ဖေဖေကျန့်၏ နောက်ဆုံးရ သတင်းအားလုံးကို ထောက်လှမ်းရန်အတွက် ထောက်လှမ်းရေးဌာနကို မှာကြားထားပြီ ဖြစ်၏။
သို့သော်လည်း အများစုမှ သတင်းဟောင်းများသာ ဖြစ်သည်။
ကျန့်ကျင်းရွှယ် ကွယ်လွန်ပြီးနောက်တွင် ဖေဖေကျန့်ကပျောက်ကွယ်သွားပြီး မိသားစုနှင့် အချိန်အတော်ကြာ အဆက်အသွယ် ဖြတ်ထားခဲ့သည်။
ဆိုရလျှင် ဖေဖေကျန့်သည် လွန်ခဲ့သည့် ၂နှစ်ကတည်းကပင် ပျောက်ဆုံးနေသူများ စာရင်းတွင် ပါဝင်ခဲ့သည်။
သို့သော် ထောက်လှမ်းရေးဌာနမှ စုံစမ်းခဲ့သောအချက်အလက်များသည် ကောင်းထန်းအတွက် အလွန် အထောက်အကူ ဖြစ်နေဆဲပင်။
အနည်းဆုံးတော့သူ့အနေဖြင့် ဖေဖေကျန့်ကို ပိုမို နားလည်လာအောင် ကူညီပေးနိုင်ခဲ့သည် မဟုတ်ပါလော။
“ဘာသတင်းထူးလဲ”
သူ့နံဘေးရှိ ငွေရောင်လေးက မေးခွန်းထုတ်လိုက်သည်။
“ဘာမှမထူးခြားသေးဘူး”
ကောင်းထျန်းက ကျန့်ထျန်းချမ်း၏ အချက်အလက်ကို စစ်ဆေးခဲ့သည်။
ဖေဖေကျန့်က စုန့်ဟိုင်မြို့၏ ဒေသခံတစ်ဦးဖြစ်ပြီး ထိုမြို့မှာပင် တက္ကသိုလ်တက်ခဲ့သည်။
ဖေဖေကျန့်၏ သတင်းအချက်အလက်နှင့် ပတ်သတ်ပြီး ပြဿနာတစ်စုံတစ်ရာ မရှိသော်လည်း ကျင့်ကြံခြင်းနယ်ပယ်အဆင့်ကို ကြည့်မိသောအခါတွင် ကောင်းထျန်းသည် လေးနက်သော အမူအရာဖြင့် မျက်မှောင်ကြုတ်သွားသည်။
“ရွှေအမြုတေအဆင့်လား”
ကောင်းထျန်းက သံသယဖြစ်ဖွယ် အချက်အလက်ကို တွေ့ရှိခဲ့သည်။
ဖေဖေကျန့်၏ အော်ရာကို အကဲဖြတ်မှုအရ ဖေဖေကျန့်၏ နယ်ပယ်အဆင့်သည် အနည်းဆုံး အခြေတည်စိတ်ဝိညာဉ်အဆင့်တွင် ရှိနေသည်။
ဆိုရလျှင် ဖေဖေကျန့်သည် လျှို့ဝှက်ဆန်းကြယ်သော သူတော်စင်အာဏာရှင်စုန့် ထံမှ ဆင်းသက်လာသော တပည့်လည်း မဟုတ်ပေ။
သို့ဆိုလျှင် ဖေဖေကျန့်၏ ကျင့်ကြံခြင်းနယ်ပယ်အဆင့်က ဤသုံးနှစ်တာ အတွင်း မည်သို့သော နည်းလမ်းဖြင့် အလျင်အမြန် တိုးတက်လာခဲ့ပါသနည်း။
အပိုင်း(၁၀၄၁) ပြီး၏