← Chapters

ဒုတိယအင်အားစု

Vol. 70 Ch. 1043

ဒုတိယအင်အားစု

Vol. 70 Ch. 1043

အမှတ် ၆၀ အထက်တန်းကျောင်းသည် ကျောက်စိမ်းစာလိပ်များကို စုဆောင်းနေဆဲ ဖြစ်သော်လည်း မြို့ပြအထက်တန်းကျောင်း အဖြစ်သို့ တိုးမြှင့်ခံရရန်အတွက် လုပ်ငန်းစဉ်များကို ဆောင်ရွက်နေဆဲ ဖြစ်သည်။

အခြား အဓိကမြို့ပြအထက်တန်းကျောင်း လျှောက်ထားသူများကဲ့သို့ပင် အမှတ် ၆၀ အထက်တန်းကျောင်းသည်လည်း ကျောင်းပေါင်းတစ်ရာ အထွေထွေအုပ်ချုပ်ရေး၏ လုပ်ငန်းစဉ်ကို ဖြတ်သန်းခဲ့ရပြီး ခွင့်ပြုမိန့်မရမီ ကျိုးရီ၏ ကိုယ်တိုင်စစ်ဆေးမှုနှင့် အတည်ပြုချက် လိုအပ်သည်။

ယနေ့တွင် ကျိုးရီသည် အမှတ် ၆၀ အထက်တန်းကျောင်းနှင့် နွေရာသီ ကျောင်းဆောက်လုပ်ရေး အသင်းအဖွဲ့များ ဆီသို့ သွားရောက်ရန် စီစဉ်ခဲ့၏။

သို့သော်လည်း အတွင်းရေးမှူး တာခန်းထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။

“ကျိုးရီလေး.. မှော်ရတနာ တည်ဆောက်ပြုပြင်ခြင်းတက္ကသိုလ်မှာ ကိစ္စတစ်ခုခု ဖြစ်ပွားနေပြီ.. လက်ရှိအချိန်မှာ အင်မော်တယ် ရွေ့လျားကင်းလှည့်အဖွဲ့ကို အဲဒီနားမှာ တပ်ဖြန့်ထားတယ်.. အခင်းဖြစ်ပွားရာက ကိစ္စတွေကိုတော့ ကောင်းထျန်းလို့ခေါ်တဲ့ ရဲအရာရှိတစ်ဦးက ကိုင်တွယ်နေတယ်.. ငါသူ့ကိုစိတ်မချဘူး.. မင်းကိုယ်တိုင် သွားကြည့်လိုက်ပါ”

အတွင်းရေးမှူးတာခန်းက ပြောလိုက်သည်။

“ခေါင်းဆောင်.. ကျွန်တော်က ကျောင်းဆောက်လုပ်ရေးအဖွဲ့တွေနဲ့ ချိန်းထားတာရှိနေတယ်.. ရဲတွေ ရောက်နေပြီဆိုတော့ ကျွန်တော်ရှိနေလည်း ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားမယ် မထင်ဘူး”

ကျိုးရီက သူ့ချွေးများကို သုတ်ရင်း ပြောလိုက်သည်။

သူကြောက်ရွံ့နေသည်မှာ ဤအမှုက ပြေလည်သွားလျှင် သူ၏နာမည်က ထပ်မံ ကျော်ကြားလာမည်ကို ဖြစ်သည်။

ရဲဌာနအကြီးအကဲ ကျိုးကျွီသည် မိစ္ဆာအင်ပါယာကွာဖီနှင့် အင်မော်တယ်စံအိမ်သခင် ချန်ယွီတို့နှင့် ဖြစ်ပွားခဲ့သော ကိစ္စများတွင် မပျော်မရွှင် ဖြစ်နေသည်ကို သူရိပ်စားမိခဲ့သည်။

ရဲများ၏အလုပ်တွင် ဝင်ရောက်စွက်ဖက်ခြင်းက အမှန်တကယ်ပင် မသင့်တော်ကြောင်း ကျိုးရီ ခံစားမိ၏။

သို့ရာတွင် အတွင်းရေးမှူးတာခန်းကမူ ထိုသို့မထင်ခဲ့ပေ။

“ကျိုးရီလေး မင်းမှားနေပြီ.. ကျောင်းပေါင်းတစ်ရာ အထွေထွေအုပ်ချုပ်ရေးရဲ့ တာဝန်က ကျောင်းတွေအားလုံးအပြင် တက္ကသိုလ်တွေလည်း ပါဝင်တယ်.. ရဲတွေက ဓားစာခံအခြေအနေကို ကိုင်တွယ်ဖြေရှင်းနေတာ မှန်ပါတယ်.. ဒါကမင်းနဲ့ မသက်ဆိုင်တော့ဘူးလို့ မဆိုလိုဘူး.. ဒီဇိုင်းခိုးယူတဲ့ကိစ္စနဲ့ပတ်သတ်ပြီး အွန်လိုင်းလူထု အများစုရဲ့ ထင်မြင်ယူဆချက်က လွန်ခဲ့တဲ့သုံးနှစ်မှာ အပျက်သဘောဆောင်ခဲ့တယ်.. ဒါကြောင့် ကျောင်းပေါင်းတစ်ရာရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးအနေနဲ့ မင်းကို ဒီကိစ္စဖြေရှင်းစေချင်တယ်.. မင်းအဲဒီကို သွားတာက ကျောင်းသားတွေအတွက်ပဲ.. ရဲတွေနဲ့ပဋိပက္ခ ဖြစ်စရာ မလိုပါဘူး”

ကျိုးရီ “..........”

“ကျောင်းတွင်း အကြမ်းဖက်မှုနဲ့ လိမ်လည်မှု ပြဿနာတွေကို အလေးအနက်ထား ဖြေရှင်းရမယ်.. လွန်ခဲ့တဲ့သုံးနှစ်က အမှုနဲ့ပတ်သတ်ပြီး စုံစမ်းစစ်ဆေးဖို့ မင်းကို ငါအထူးခွင့်ပြုချက်ပေးလိုက်မယ်”

ကျိုးရီ “ခေါင်းဆောင်စွန်း.. ကျွန်တော့်မှာ အတည်ပြုချက်စာရွက်စာတမ်းတွေ မရှိဘူး”

“ရတယ်.. ငါအခု ချက်ချင်းပို့ပေးလိုက်မယ်”

ဖုန်းကို လက်ထဲတွင် ကိုင်ထားသော အတွင်းရေးမှူးတာခန်းက သူ၏ ကွန်ပျူတာဖန်သားပြင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ကျိုးရီအား ပြောလိုက်သည်။

“ကျိုးရီလေး.. မင်းအခု ကားထဲမှာ ရှိနေတယ်မဟုတ်လား”

“ဟုတ်ပါတယ်.. ကျုံးလျန်က ကားမောင်းနေပြီး ကျွန်တော်က အနောက်ခန်းမှာ ထိုင်နေတာပါ”

“ပြတင်းပေါက်မှန်ကို ချထားလိုက်”

အတွင်းရေးမှူး တာခန်းက ပြောလိုက်သည်။

“ကောင်းပါပြီ”

ကျိုးရီက အတွင်းရေးမှူးတာခန်း၏ ညွှန်ကြားချက်ကို လိုက်နာပြီး ပြတင်းပေါက်မှန်ကို ချလိုက်သည်နှင့် စာရွက်စာတမ်း တစ်ခုက လျှို့ဝှက်လက်နက်တစ်ခု ကဲ့သို့ ကားထဲကို ပြေးဝင်လာသည်။

ထို့နောက် အပြင်ဘက်မှ ဓားပျံတစ်စင်းကို စီးနင်းထားသောစာပို့သမားက ကျိုးရီကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

“ဒါရိုက်တာကျိုးရီ လိုအပ်တာကို ကျွန်တော်အမြန်ဆုံး လာပို့ပေးတယ်နော်.. ကြယ်ငါးပွင့် သတ်မှတ်ချက်ပေးဖို့ မမေ့နဲ့ဦး”

အတွင်းရေးမှူးတာခန်း “မင်းလိုအပ်တဲ့ စာရွက်စာတမ်းကို ငါအရမ်းယုံကြည်စိတ်ချရတဲ့ အင်မော်တယ်ဆက်သားနဲ့ တိုက်ရိုက် ပို့ခိုင်းလိုက်တယ်.. သူနဲ့ ပို့ရင် အရမ်းစိတ်ချမ်းသာရတယ်.. မြန်မာနိုင်ငံက ခရီးဝေးသွားတဲ့ ကားတွေလို ပါဆယ်ထုပ်တွေကို သောက်တလွဲ လုပ်ပစ်မှာ စိတ်ပူစရာ မလိုဘူးလေ”

ကျိုးရီ “..........”

“ကျိုးရီလေး.. မကြာသေးမီကစပြီး မင်းက အဓိကမြို့ပြ အထက်တန်းကျောင်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နားလည်ဖို့နဲ့ ရွှေအမြုတေအဆင့် တက္ကသိုလ်အချို့ကို လည်ပတ်ပြီး အလုပ်များနေတယ်ဆိုတာ ငါသိပါတယ်.. ဒါပေမဲ့လည်း ဒီကိစ္စကို မင်းအနေနဲ့ သေချာကိုင်တွယ်ပေးမှဖြစ်မယ်”

“အမိန့်အတိုင်းပါ ခေါင်းဆောင်စွန်း”

ကျိုးရီက ခေါင်းညိမ့်လိုက်သည်။

“ငါတို့ရဲ့ ဟွာရှို့နိုင်ငံက တရားမျှတမှုကို အချိန်အတော်ကြာ ကျင့်သုံးလာခဲ့တယ်.. အထူးအခွင့်အရေးတွေ သိပ်မရှိတော့ဘဲ လူတိုင်းက တန်းတူညီတူ ဆက်ဆံခံရ လာကြတယ်.. ဒါကအဝေးကနေ အလည်လာတဲ့ မိတ်ဆွေတွေအတွက် ဝမ်းသာစရာပဲ မဟုတ်လား”

ထိုစကားကို ပြောပြီးနောက်တွင် အတွင်းရေးမှူးတာခန်းက စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်သည်။

“ကျောင်းနဲ့ မကိုက်ညီတဲ့ အလေ့အထတွေကို ပြုပြင်ဖို့ မလွယ်ပေမဲ့လည်း ငါတို့မှာ မင်းလိုထူးချွန်တဲ့ အစိုးရဝန်ထမ်းတွေ ရှိနေသရွေ့ ဒီကျောင်းတွေကို ခေတ်ရေစီးကြောင်းအတိုင်း ပြန်လည် တည့်မတ်နိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်”

“နားလည်ပါပြီ ခေါင်းဆောင်စွန်း.. ကျွန်တော့်ရဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပါ့မယ်”

ကျိုးရီက ခေါင်းညိမ့်၍ ပြောလိုက်သည်။

အတွင်းရေးမှူးတာခန်း၏ စိတ်နှလုံးကို ဆွဲငင်ယူနိုင်သော လက်တွေ့ကျသည့် စကားများကြောင့် ကျိုးရီက ဤတာဝန်ကို ငြင်းပယ်ရန်နည်းလမ်း မရှိတော့ပေ။

တကယ်တမ်းတွင် ကျိုးရီသည်လည်း မှော်ရတနာတည်ဆောက်ပြုပြင်ခြင်း တက္ကသိုလ်မှ အဖြစ်အပျက်ကို တိုက်ရိုက် လိုက်လွှင့်သည်ကို ကြည့်ကာ စိတ်ဝင်စားနေခဲ့သည်။

“လျန့်လေး အစီအစဉ် ပြောင်းလဲသွားပြီ.. ဒါက အတွင်းရေးမှူးစွန်း ကိုယ်တိုင် သတ်မှတ်ပေးလိုက်တဲ့ တာဝန်ပဲ”

ကျိုးရီက ကားနောက်ခန်းထဲတွင် ပြောနေလိုက်သည်။

“ဒါဆို ကျောင်းဆောက်လုပ်ရေး အဖွဲ့တွေနဲ့ ချိန်းထားတာကရော ဘယ်လိုလုပ်မလဲ ဒါရိုက်တာကျိုး.. အစည်းအဝေးက အရမ်းနီးကပ်နေပြီ”

“ငါက မှော်ရတနာ တည်ဆောက်ပြုပြင်ခြင်း တက္ကသိုလ်က ကိစ္စကို ကိုင်တွယ်မယ်.. ကျောင်းဆောက်လုပ်ရေး အဖွဲ့တွေနဲ့ ချိန်းထားတဲ့ ကိစ္စကိုတော့ မင်းနဲ့ပဲ လွှဲထားတော့မယ်.. မင်းကငါ့လက်အောက်မှာ အလုပ်လုပ်နေတာလည်း ကြာပြီ.. မင်းအလုပ်လုပ်တဲ့ အရည်အချင်းကို ငါယုံကြည်တယ်.. ဒါပေမဲ့ လျန့်လေး.. အဲဒီိကုရောက်ရင် ဆောက်လုပ်ရေး ပစ္စည်းတွေကို အာရုံစိုက်ပါ.. ပစ္စည်းတွေကို မတွန့်တိုနဲ့.. အလုပ်ကိုလျစ်လျူရှုတာမျိုး မလုပ်မိစေနဲ့.. တစ်စုံတစ်ရာပြဿနာ ဖြစ်ရင်လည်း မင်းဖြေရှင်းနိုင်မှာပါ.. မင်းကို ငါယုံကြည်တယ်”

“စိတ်ချပါ.. ကျွန်တော့်တာဝန်ကို ကျေပွန်အောင် လုပ်ပါ့မယ်”

ကျုံးလန်က စိတ်အားထက်သန်စွာဖြင့် ခေါင်းညိမ့်ပြလိုက်သည်။

သူ၏လေသံက အတွင်းရေးမှူးတာခန်းနှင့် စကားပြောရာတွင် ကျိုးရီ သုံးခဲ့သည့်လေသံနှင့် ဆင်တူသည်။

ကျုံးလန်က ကျိုးရီကို အခင်းဖြစ်ပွာရာ နေရာသို့ မောင်းပို့ခဲ့သည်။

ကျိုးရီ ရောက်ရှိလာသောအခါတွင် ပတ်ဝန်းကျင်မှ ရဲအရာရှိများသည် ကူကယ်ရာမဲ့စွာဖြင့် အေးစက်သောချွေးများ ထွက်လာသည်။

“မင်းသွားပြော.. ငါတော့ မပြောရဲဘူး.. ဒါရိုက်တာကျိုးကို သွားပြောရင် ငါ့ကိုယ်ငါ ဒုက္ခရှာသလို ဖြစ်သွားမှာပေါ့”

“ဒါဆိုမင်းက အကြီးအကဲကျိုးရဲ့ အမိန့်ကိုတော့ မထီမဲ့မြင်ပြုရဲတယ် ဆိုတဲ့ အဓိပ္ပါယ်ပေါ့”

“အဲလိုလည်း ဘယ်ဟုတ်ပါ့မလဲ”

“ဒါဆိုမင်းသွားလေ”

“ဟင့်အင်း.. ငါက ဘာလို့သွားရမှာလဲ”

အငြင်းအခုန်ဖြစ်ရင်း လက်ထောက်အဖွဲ့ခေါင်းဆောင်ကို အရာရှိများက ကျိုးရီ ရှေ့သို့ တွန်းပို့လိုက်သည်။

လက်ထောက်အဖွဲ့ခေါင်းဆောင်ကလည်း မထူးတော့ပြီ ဖြစ်၍ အကြီးအကဲကျိုး မှာကြားထားသည့်အတိုင်း ကျိုးရီကို ပြောလိုက်သည်။

“ဒါရိုက်တာကျိုး.. ဒါက ဓားစာခံတွေ အရမ်းအန္တရာယ်များတဲ့အခြေအနေပဲ.. ဒါရိုက်တာကျိုး အနေနဲ့ ဒီကိုရောက်လာတဲ့အတွက် ငါတို့ ရဲတွေက ကြိုဆိုပါတယ်.. ဒါပေမဲ့ အရမ်းကြီးတော့ ဝင်ရောက်စွက်ဖက်ဖို့ မကြိုးစားနဲ့”

“ဝင်ရောက်စွက်ဖက်တယ် ဆိုတာကို မင်းက ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုထားလဲ”

ကျိုးရီက ရယ်မော၍ မေးခွန်းထုတ်လိုက်သည်။

“ဒီကိစ္စက ဘယ်နေရာမှာဖြစ်နေတာလဲ ဆိုတာ မင်းကို ငါမေးပါရစေ”

“တက္ကသိုလ်မှာပါ”

“ဒါဆို ကျောင်းပေါင်းတစ်ရာ အထွေထွေအုပ်ချုပ်ရေးက ဘယ်နယ်ပယ်ကို ကြီးကြပ်ရလဲဆိုတာ မင်းတို့မေ့နေကြလား”

လက်ထောက်အဖွဲ့ခေါင်းဆောင် “..........”

“ကောင်းပြီ.. ဘာမှဆက်မပြောနဲ့ ငါအားလုံးနားလည်တယ်.. မင်းတို့အလုပ်ကို ငါခိုးယူမှာမဟုတ်ဘူး”

ကျိုးရီက လက်ထောက်အဖွဲ့ခေါင်းဆောင်၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။

“လက်ထောက်အဖွဲ့ခေါင်းဆောင်လျူ.. မစိုးရိမ်ပါနဲ့.. ဓားစာခံတွေကို ကယ်တင်တာက မင်းတို့ရဲတွေရဲ့ အလုပ်ပဲ.. ငါ့ရဲ့အလုပ်ကတော့ လွန်ခဲ့တဲ့သုံးနှစ်က အမှုကို စုံစမ်းစစ်ဆေးဖို့ပဲ .. ဒါကြောင့် ငါတို့ကြားမှာ ပြဿနာဖြစ်စရာ အကြောင်းမရှိဘူး”

ထိုသို့ပြောပြီးနောက်တွင် ကျိုးရီသည် အတွင်းရေးမှူး တာခန်း အမြန်ချောပို့ဖြင့် ပေးပို့လိုက်သော ထောက်ခံချက်စာရွက်စာတမ်းကို ပုတ်ပြလိုက်သည်။

“ဒါက ကျောင်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့က အတွင်းရေးမှူးတာခန်း ကိုယ်တိုင် ထောက်ခံချက်ပေးထားတဲ့ စာရွက်စာတမ်းပဲ.. သူက လွန်ခဲ့တဲ့သုံးနှစ်က ကိစ္စနဲ့ပတ်သတ်ပြီး သေချာ စုံစမ်းချင်နေတယ်.. မင်းရဲ့အထက်လူကြီး ဖြစ်တဲ့ အကြီးအကဲကျိုး အနေနဲ့လည်း ဘာမှကန့်ကွက်စရာ မရှိဘူးလို့ ငါယုံကြည်ပါတယ်”

“..........”

ထို့နောက် လက်ထောက်အဖွဲ့ခေါင်းဆောင်လျူသည် တုန်ရီသောလက်ဖြင့် ထောက်ခံချက် စာရွက်စာတမ်းကို ယူလိုက်သည်။

ယခုအခါတွင် စောစောက သူ၏သတ္တိသည် လုံးဝပျောက်ကွယ်သွားပြီ ဖြစ်သည်။

ကျိုးရီ “ဒါနဲ့ လက်ရှိအခြေအနေက ဘယ်လိုလဲ”

လက်ထောက်အဖွဲ့ခေါင်းဆောင်လျူ “လှုပ်ရှားမှုမရှိတာ ကြာပြီ ဒါရိုက်တာကျိုး.. ဓားစာခံတွေရဲ့ အသက်အန္တရာယ်ကို လက်ရှိအချိန်ထိတော့ ခြိမ်းခြောက်မှု မရှိသေးဘူး.. ဒါပေမဲ့အင်မော်တယ် ရွေ့လျားကင်းလှည့်အဖွဲ့က အရေးယူဆောင်ရွက်ဖို့ ပြင်ဆင်ထားပြီ.. ဘာလို့လဲဆိုတော့ သံသယရှိသူရဲ့ ကျင့်ကြံခြင်းနယ်ပယ် အဆင့်က ပုံမှန်မဟုတ်တဲ့ တိုးတက်မှုတွေ ရှိနေလို့ပဲ.. ဒါက ဓားစာခံတွေ အတွက် အသက်အန္တရာယ်ရှိနိုင်တယ်”

“ကျန့်ထျန်းချမ်းက လွန်ခဲ့တဲ့သုံးနှစ်က အမှုအတွက် သက်သေအသစ်တွေ ထုတ်ဖော်ခဲ့သေးလား”

“အခုထိတော့ မထုတ်ဖော်သေးဘူး”

“အစောပိုင်းက သူပြောခဲ့တဲ့ လျူရီကရော.. ကျန့်ထျန်းချမ်းက အခြောက်တိုက် သက်သက် စွပ်စွဲနေတာဆိုရင် သူ့စကားကိုချေပဖို့အတွက် ထွက်လာရမှာ မဟုတ်လား”

“လျူရီကို ရှာဖို့အတွက် လူတွေ စေလွှတ်ထားပြီးပါပြီ”

လက်ထောက်အဖွဲ့ခေါင်းဆောင်လျူက ပြန်လည် ဖြေကြားခဲ့သည်။

ထိုအချိန်မှာပင် ရဲအရာရှိတစ်ဦးက ပျာယာခတ်သော အမူအရာဖြင့် ပြေးဝင်လာသည်။

“လက်ထောက်အဖွဲ့ခေါင်းဆောင်လျူ.. ပြဿနာတက်ပြီ”

“ဘာဖြစ်လို့လဲ”

“လျူရီကို ကျွန်တော်တို့ တွေ့ပြီ.. သူနေအိမ်မှာ ရှိနေတယ်”

“သူ့ကိုခေါ်ခဲ့လေ”

“ခေါ်ဖို့မဖြစ်နိုင်ဘူး.. သူသေသွားပြီ.. သူသေတဲ့ပုံစံက တိုက်ခန်းမှာ သေသွားတဲ့လူတွေနဲ့ ပုံစံအတူတူပဲ”

“ဒါဖြစ်နိုင်ပါ့မလား”

ဤအမှုက ပို၍ စိတ်ဝင်စားဖွယ်ကောင်းလာသည်ဟု ကျိုးရီတွေးမိခဲ့သည်။

အကြောင်းအရင်းမှာ ဖေဖေကျန့်အပြင် ဤအမှုတွင် နောက်ထပ် အင်အားစု ရှိနေသောကြောင့်ပင်။

အပိုင်း(၁၀၄၃) ပြီး၏

All Chapters