← Chapters

ဖရဲသီးစားတဲ့သူတွေလို့ ဘာကြောင့်ခေါ်တာလဲ

Vol. 70 Ch. 1044

ဖရဲသီးစားတဲ့သူတွေလို့ ဘာကြောင့်ခေါ်တာလဲ

Vol. 70 Ch. 1044

လျူရီသည် နတ်အပန်းဖြေတိုက်ခန်းမှ အခြားသော မှော်ရတနာ တည်ဆောက်ပြုပြင်ခြင်းတက္ကသိုလ်မှ ကျောင်းသားများကဲ့သို့ပင် အခန်းအတွင်း၌ အသတ်ခံခဲ့ရသည်။

အသတ်ခံရချိန်တွင် ဖောက်ထွင်းခံထားရသည့် အရိပ်အယောင်မျိုး မတွေ့ရပေ။

ဤလူသတ်သမား၏ နည်းစနစ်က ချက်ချင်း သတ်ဖြတ်နိုင်၍ အလွန် ကြောက်မက်ဖွယ် ကောင်းသည်ဟု ဆိုရမည်။

၎င်း၏ခွန်အား၊ စေ့ဆော်မှုနှင့် ဖောက်ထွင်းဝင်ရောက်မှုပုံစံ တို့ကို ပေါင်းစည်းလိုက်လျှင် ဖေဖေကျန့်သည် အဓိကသံသယဖြစ်ဖွယ် ရှိသည်။

ယခုအခါတွင် လွန်ခဲ့သောသုံးနှစ်က ဒီဇိုင်းခိုးယူမှု ကိစ္စတွင် ပါဝင်သူအားလုံး နီးပါး သေဆုံးသွားခဲ့ပြီ ဖြစ်၏။

အကယ်၍ ဖေဖေကျန့်သာ ၎င်းတို့ကို လက်စားချေရန်အတွက် သတ်ဖြတ်ခဲ့မည်ဆိုလျှင် လွန်ခဲ့သောသုံးနှစ်က အဖြစ်အပျက်ကို လူတိုင်းသိစေရန် အတွက် တက္ကသိုလ်ကျောင်းသားများအား ဓားစာခံလုပ်ကာ တကူးတက စီစဉ်နေရန် မလိုအပ်ပေ။

နောက်ကွယ်ကနေ ပစ်မှတ်အားလုံးကို သတ်လိုက်ရုံဖြင့် လက်စားချေရန် လုံလောက်နေပြီ မဟုတ်ပါလော။

ထို့ကြောင့် ဤအမှုတွင် အခြေအနေက ရှင်းလင်းသွားပြီဖြစ်သည်။

ကောင်းထျန်း၊ ငွေရောင်လေးနှင့် ကျိုးရီတို့သည် လျူရီအသတ်ခံရသည့် သတင်းကို ကြားပြီးနောက်တွင် ထိုကဲ့သို့အတွေးမျိုး ရှိခဲ့ကြသည်။

သို့သော် ယခုအချိန်ထိ နောက်ကွယ်မှလူက မည်သူမှန်း သူတို့မသိသေးပေ။

ခန်းမထဲမှ ဖေဖေကျန့်သည်လည်း အေးစက်သောချွေးများ ထွက်လာသည်။

လျူရီက ဆန္ဒအလျောက် ထွက်လာမည်ကို သူစောင့်ဆိုင်းနေခဲ့သည်။

သို့သော် အချိန်အတော်ကြာပြီးနောက်မှာပင် လျူရီသည် ထွက်ပေါ်လာမည့် အရိပ်အယောင် မပြသသောကြောင့် ဖေဖေကျန့်က ဖန်သားပြင်၏ အခြားအစွန်းတစ်ဖက်ရှိ လျူရီကို တိုက်ရိုက်ဖမ်းဆီးကာ စစ်ဆေးမေးမြန်းရန် အတွက် သူ၏မှော်ပညာကို စတင် အသုံးပြုရန်ပြင်ဆင်ခဲ့သည်။

အဆုံးသတ်တွင် ဖေဖေကျန့်၏ ဝိညာဉ်အာရုံက လျူရီ နေထိုင်သည့်နေရာကို စိမ့်ဝင်သွားခဲ့သည်။

ထိုအခါ၌ ကွန်ပျူတာရှေ့တွင် သေဆုံးနေသော လျူရီကို တွေ့လိုက်ရသည်။

လျူရီက လည်ချောင်းကို ဖြတ်ခံထားရပြီး ဒဏ်ရာမှသွေးများကလည်း မျက်နှာကျက်ပေါ်တွင် စင်နေခဲ့သည်။

မျက်နှာကျက်ကနေ နီမြန်းသောသွေးများ တစ်စက်ပြီးတစ်စက် အဆက်မပြတ် ကျနေသည်မှာ သရဲကားထဲမှ ဇာတ်ဝင်ခန်း တစ်ခုလိုပင် ဖြစ်နေခဲ့၏။

ဖေဖေကျန့်က အံ့ဩသွားပြီးနောက်တွင် သူ၏ဝိညာဉ်အာရုံများကို ရုပ်သိမ်းကာ ဆုတ်ခွာလာခဲ့သည်။

လျူရီ သေသွားပြီဖြစ်၍ အမှု၏ မူလစီရင်ချက်အား ပယ်ဖျက်ရာတွင် အရေးအကြီးဆုံးပုဂ္ဂိုလ်မှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ယင်းမှာ ဖေဖေကျန့်အတွက် ကြီးမားသောထိုးနှက်ချက် တစ်ခုပင်။

လျူရီကို သတ်ဖြတ်လိုက်သူက မည်သူနည်း။

ထိုလူက သူ့ထက်ပင် ခြေလှမ်းအနည်းငယ် ကြိုဦးနေခဲ့သည်။

ဖေဖေကျန့်က ကျိန်စာအတိုက်ခံထားရသကဲ့သို့ ကျိန်စာတစ်ခု၏ မမြင်နိုင်သောစွမ်းအားက သူ၏ လှုပ်ရှားမှုတိုင်းကို အနှောင့်အယှက် ပေးနေသလို ခံစားနေရ၏။

ဤတစ်ကြိမ်တွင်သာ အမှုကို အမှန်အတိုင်း မဖော်ထုတ်နိုင်ခဲ့လျှင် သုံးနှစ်ကြာ မတရားခံခဲ့ရသည့် သူ့သား၏ အမှုကိစ္စကို ဘယ်သောအခါမှ ဖော်ထုတ်နိုင်တော့မည် မဟုတ်ပေ။

ယခုအခါတွင် အမှုကိစ္စသည် အွန်လိုင်းလူထု၏ စိတ်ဝင်စားမှုအထွတ်အထိပ်ကို ရောက်ရှိနေပြီ ဖြစ်သည်။

အွန်လိုင်းအသုံးပြုသူများသည် ၎င်းတို့ စိတ်ဝင်စားသည့်အရာများကို ၇ ရက်သာလျှင် အာရုံစိုက်လေ့ ရှိကြသည်ကို လူတိုင်းသိသည်။

မည်မျှပင် ကြီးကျယ်သောကိစ္စရပ်ဖြစ်ပါစေ၊ တစ်ပတ်ကြာလျှင် နစ်မြုပ်သွားလိမ့်မည်သာ ဖြစ်၏။

တကယ်တမ်းတွင် အမှုကိစ္စ၏ အခြေအနေသည် ဖေဖေကျန့်စိတ်ပူထားသလောက် အဆိုးရွားကြီး မဟုတ်သေးပေ။

ထိုအတွက် အလွန်အရေးပါသည့်အကြောင်းအရင်းမှာ ကျိုးရီရောက်ရှိလာခြင်းပင် ဖြစ်သည်။

နာမည်ကျော်ကျိုးရီ ရောက်ရှိလာခြင်းသည် အမှုကို ၁၀၀% ပြီးပြည့်စုံစွာ ဖြေရှင်းနိုင်မည့် အဓိပ္ပါယ်ပင် မဟုတ်ပါလော။

ယခုအခါတွင် ဖေဖေကျန့်၏ ကျေးဇူးကြောင့် တစ်နိုင်ငံလုံးသည် ဤအဖြစ်အပျက်ကို သိလိုက်ရသည်။

လူအများက လွန်ခဲ့သောသုံးနှစ်က ဒီဇိုင်းခိုးယူသောအမှု၏ အမှန်တရားကို ပိုမို အာရုံစိုက်လာကြသည်။

အွန်လိုင်းပေါ်တွင် ဖွင့်ထားသော ချက်ဂရုများတွင်လည်း မှော်ရတနာတည်ဆောက်ပြုပြင်ခြင်း တက္ကသိုလ်မှ အကြောင်းအရာနှင့် ပတ်သတ်သည့် မက်ဆေ့ချ်များနှင့်သာပြည့်လျှံနေခဲ့သည်။

ချန်းချောင်က အိမ်စာခိုးယူသည့်ကိစ္စနှင့် ပတ်သတ်၍ ဆရာမဖန်၏ လက်ထဲတွင် အဖမ်းခံရပြီးနောက် အလွန်စိတ်ဓာတ်ကျခဲ့သည်။

သို့သော်လည်း မှော်ရတနာ တည်ဆောက်ပြုပြင်ခြင်းတက္ကသိုလ်မှ ဖြစ်ရပ်ကြောင့် သူ၏ အုံ့မှိုင်းနေသောစိတ်များသည် အနည်းငယ် ပြေလျော့သွားခဲ့၏။

သိပ္ပံနည်းကျသုတေသနပြုချက်များအရ လူတို့သည် ဖရဲသီးကို စားသောအခါ (အတင်းအဖျင်းကိုတင်စား၍ခေါ်ဝေါ်) ဦးနှောက်များသည် ဒိုပါမင်းဟု ခေါ်သော ဟော်မုန်းတစ်မျိုးကိုထုတ်လွှတ်ကာ စိတ်ကို ပျော်ရွှင်စေသည်ဟု ဆိုကြသည်။

ထို့အတူ သကြားစားခြင်းသည်လည်း အနည်းနှင့်အများ သက်ရောက်မှု ရှိ၏။

ဆိုလိုသည်မှာ အတင်းပြောပြီးနောက် သကြားစားခြင်းသည် လူအများကို ပျော်ရွှင်စေသည်ဟု ဆိုလိုခြင်းပင်။

ဖရဲသီးကို လူအများက အဘယ်ကြောင့် ကြိုက်နှစ်သက်ရပါသနည်း။

အကြောင်းအရင်းမှာ ဖရဲသီးက ချိုသောကြောင့် ဖြစ်သည်။

ချိုသောအရာသည် လူအများကို ပျော်ရွှင်စေသည် မဟုတ်ပါလော။

“ဒီဇိုင်းခိုးယူခြင်း ကိစ္စမှာ စီနီယာကျန့်က အမှန်တကယ် မတရားခံရတာ ဖြစ်နိုင်တယ်”

ချန်းချောင်က ချက်ဂရုထဲတွင် ပြောလိုက်သည်။

သူ၏စကားများက အခြားမည်သူ့ကိုမှ မသက်ရောက်စေသော်လည်း ဝမ်လင်းကိုမူ တုန်လှုပ်သွားစေသည်။

ချန်းချောင်းတွင် မွေးရာပါ မဟုတ်သည့် ကောင်းချီးပေးသောပါးစပ် ရှိနေသည် မဟုတ်ပါလော။

နောက်ဆုံးအချိန်က ချန်းချောင်၏ မှတ်ဉာဏ်များကို စူးစမ်းလေ့လာပြီးနောက်တွင် ဝမ်လင်းသည် ဤကောင်းချီးပေးသောပါးစပ်ကို အသိအမှတ်ပြုပြီး နားလည်မှု အသစ်တစ်ခုကို ရရှိခဲ့သည်။

“ဒီကိစ္စမှာ လျူရီက အဓိကသော့ချက်ပဲ.. ဒါပေမဲ့ သူက အခုထိ ရှေ့ထွက်မလာသေးဘူး.. ဒါကြောင့် ဖေဖေကျန့်က လျူရီရှေ့ထွက်လာဖို့ အတွက် ကျောင်းသားတွေကို ဓားစာခံလုပ်ထားခဲ့တာပဲ.. လျူရီ ရှေ့ထွက်လာဖို့ ဆန္ဒရှိနေသရွေ့ အရာအားလုံး အဆင်ပြေသွားမှာပါ.. ဒါမှ မဟုတ်ရင်တော့ လျူရီတစ်ယောက် သေပြီလို့ပဲ မှတ်ရတော့မယ်”

ချန်းချောင်က ထပ်လောင်း ပြောကြားခဲ့သည်။

ဝမ်လင်း “..........”

ကော်ဟောက် “လျူရီ တကယ်သေသွားပြီ ချန်းချောင်”

ချန်းချောင် “လခွမ်း.. ငါက ဒီတိုင်းပဲ ပြောလိုက်တာ.. မနောက်စမ်းပါနဲ့”

ကော်ဟောက် “ချန်းချောင် မင်းပြောတာ တကယ်အမှန်ပဲ..လျူရီ သေပြီလို့ ရဲဌာနမှာရှိတဲ့ ငါ့ဦးလေးတစ်ယောက်က ပြောပြခဲ့တယ်.. ဒါ့အပြင် သူသေသွားတဲ့ပုံစံက နတ်အပန်းဖြေ တိုက်ခန်းမှာ သေသွားတဲ့ ဘွဲ့ရတွေနဲ့ တစ်ထပ်တည်းပဲ.. လက်ရှိမှာတော့ ရဲတွေက လျူရီရဲ့ အကြောင်းကို ဖော်ထုတ်ထားတဲ့ ဖေဖေကျန့်ကိုပဲ သံသယကြီးကြီး ရှိနေကြတယ်”

ဝမ်လင်း အံ့ဩသွားခဲ့သည်။

“..........”

ချန်းချောင်၏ ကောင်းချီးပေးသောပါးစပ်နှင့် ကော်ဟောက်၏ ဦးလေးများ အစွမ်းဖြင့်သာဆိုလျှင် ၎င်းတို့နှစ်ဦးသည် စုံထောက်အေဂျင်စီကိုပင် လုံးဝဖွင့်လှစ်၍ ရနေပြီဖြစ်သည်။

အကယ်၍ ၎င်းတို့သာ ဆယ်စုနှစ်အနည်းငယ် စော၍ မွေးဖွားလာခဲ့မည်ဆိုလျှင် ကမ္ဘာကြီးက စုံထောက်ကိုနန်ကိုတောင် လိုအပ်လိမ့်မည် မဟုတ်ပေ။

“အခုက အခြေအနေ ပြောင်းသွားခဲ့ပြီ.. စောစောကပဲ အွန်လိုင်းမှာ အမှုကိစ္စကို ခွဲခြမ်းစိတ်ဖြာသူ တော်တော်များများကို ငါတွေ့ခဲ့တယ်.. လျူရီက ဒီအမှုမှာ အဓိကကျတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ဖေဖေကျန့်က လျူရီကို အားကိုးပြီး အမှုကို ပယ်ဖျက်ချင်ခဲ့တယ်.. သူက အမှန်ကိုပြောချင်သည်ဖြစ်စေ မပြောချင်သည်ဖြစ်စေ အနည်းဆုံးတော့ ဖေဖေကျန့် အတွက် လျူရီက အသက်ရှင်ဖို့ လိုအပ်တယ် မဟုတ်လား”

ငွေရောင်လေးက ချက်ဂရုထဲသို့ မက်ဆေ့ချ်ပို့၍ ပြောလိုက်သည်။

“အဲဒီတုန်းက ဆုရ ကျောင်းသား ဖူဖူရှန့်ကတော့ ဘာမှမသိဘဲ လျူရီက တစ်လျှောက်လုံး ကြိုးကိုင်ထားတယ်လို့ ပြောနေတယ်.. အဆုံးသတ်မှာတော့ အဓိကကျတဲ့ ပုဂ္ဂိုလ်က သေဆုံးသွားပြီ.. အမှန်တရား အတွက် သက်သေခံပေးမယ့်သူလည်း တစ်ယောက်မှ မရှိတော့ဘူး”

“မရှိတာတော့ မဟုတ်ဘူး.. ဖြစ်နိုင်ချေ တစ်ခုတော့ ရှိမယ်လို့ငါထင်တယ်”

ချန်းချောင်က ရုတ်တရက် ပြောလိုက်သည်။

“ဘာလို့လဲ”

“လွန်ခဲ့တဲ့သုံးနှစ်က အခင်းဖြစ်ပွားတဲ့နေရာမှာ အခြားသက်သေတွေ ရှိနေနိုင်တယ်.. လျူရီ ကွယ်လွန်ချိန်မှာလည်း တခြားသက်သေတွေ ရှိကောင်းရှိနိုင်တယ်”

ချန်းချောင်က ပြန်လည်ဖြေကြားခဲ့သည်။

ဝမ်လင်းက မေးခွန်းသင်္ကေတများစွာကို ပေးပို့လိုက်သည်။

“???”

“ငါပြောချင်တာက လူသားသက်သေတွေ မဟုတ်ဘူး.. နတ်အပန်းဖြေတိုက်ခန်းလို အဆောက်အဦဟောင်းတွေမှာ ပိုးဟပ်နဲ့ ပုရွက်ဆိတ်တွေက မလွဲမသွေ ရှိနေမှာပဲ မဟုတ်လား.. လွန်ခဲ့တဲ့ သုံးနှစ်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေအပြင် လျူရီအသတ်ခံရစဉ်ကလည်း အခင်းဖြစ်ပွားရာမှာ သူတို့ရှိနေနိုင်တယ်”

ချန်းချောင်က နောက်ထပ် အနည်းငယ် တွေးခေါ်ပြီးနောက်တွင် ထပ်လောင်း ပြောကြားခဲ့သည်။

“သက်ရှိသတ္တဝါတွေနဲ့ ဆက်သွယ်တဲ့ နည်းလမ်း ရှိတယ် ဆိုတာကို ငါကြားဖူးတယ်.. ကော်ဟောက်က ငါ့ထက် ဒီအကြောင်းကို ပိုသိမှာပါ.. အခုအချိန်မှာ ကြောင်နက်ခေါင်းဆောင်က စုန့်ဟိုင်မြို့ရဲ့ အဓိကခရိုင်အားလုံးကို လွှမ်းခြုံဖို့အတွက် သူတို့ရဲ့လုပ်ငန်းကို တိုးချဲ့နေပြီလို့ ငါကြားထားတယ်.. ပိုးဟပ်တွေ ပုရွက်ဆိတ်တွေကို ရှာဖွေတာက သူတို့အတွက် လွယ်လွယ်လေးလို့ ငါထင်တယ်.. သူတို့ကို ငှားရမ်းတဲ့လူတွေက ပိုးဟပ်နဲ့ ခြင်တွေလို ပိုးမွှားတွေကို မုန်းတီးနေကြတဲ့ လူတွေပဲ.. အများစုကတော့ ပိုးမွှားတွေကို အသက်ရှင်လျက် ဖမ်းမိစေလိုကြတယ်.. ဒါကြောင့် ကြောင်တွေက ပိုးမွှားတွေကို ဖမ်းတဲ့အခါမှာ အထူးသတိထားခဲ့တယ်.. အဆုံးသတ်ကျရင်တော့ ကြောင်တွေက ပိုးမွှားတွေကို ဖောက်သည်တွေ လက်ထဲ အရှင်လတ်လတ် ပေးအပ်ခဲ့ကြတယ်”

ဝမ်လင်း “..........”

အပိုင်း(၁၀၄၄) ပြီး၏

All Chapters