ပြင်းထန်သောငလျှင်
Vol. 70 Ch. 1047
အဖြေအတွက် ဝမ်လင်းငယ်ငယ်က ခေါက်ဆွဲခြောက် နှစ်သက်သည့်အချိန်ကို ပြန်လည်ခြေရာခံရမည်ဖြစ်သည်။
အဆုံးသတ်တွင် ပိုးဟပ်ဝမ်ချမ်းနှင့် ၎င်း၏ပိုးဟပ်ဂိုဏ်းတို့ ထိပ်ဆုံးသို့ ရောက်လာသည့် အဓိကအကြောင်းအရင်းမှာ ဝမ်လင်း စားခဲ့သော ခေါက်ဆွဲခြောက်အိတ်ထဲမှ အကြွင်းအကျန်များကြောင့် ဖြစ်သည်။
အင်မော်တယ်ဘုရင်၏ ခေါက်ဆွဲခြောက် အကြွင်းအကျန်များသည် မြင့်မြတ်သော ရတနာများဟုပင် ဆိုရမည်။
၎င်းက ပိုးဟပ်လေးတစ်ကောင်ကို ယုန်အရွယ်အစားထိ ကြီးထွားရန် လုံလောက်သည်ထက်ပင် ပိုနေခဲ့သည်။
ပိုးဟပ်များ အင်အားကြီးထွားလာခြင်းမှာ သူ၏အမှားဖြစ်သည်ကို သိသောကြောင့် ဝမ်လင်းက တာဝန်ယူရန်အတွက် ယခုအခါတွင် ရှေ့ထွက်လာခြင်း ဖြစ်သည်။
ရိုးသားစွာဝန်ခံရလျှင် ချန်းချောင်နှင့် ကော်ဟောက်တို့က ပိုးဟပ်ကို သက်သေအဖြစ် အသုံးပြုရန် မဆွေးနွေးခဲ့လျှင် ဝမ်လင်းအနေဖြင့် ဤကိစ္စကို မှတ်မိမည်မဟုတ်ပေ။
ပိုးဟပ်ဂိုဏ်း အလွန်သောင်းကျန်းခဲ့စဉ်က ဝမ်လင်းသည် ပိုးဟပ်ပြဿနာကို သူကိုယ်တိုင် ဖြေရှင်းရန် တွေးခဲ့ဖူးသည်။
အဆုံးသတ်တွင် လီကျန့်ထန်၏ လွတ်လပ်သောတပ်ရင်းသည် ပိုးဟပ်ဝမ်ချမ်းကို ဖမ်းဆီး ထိန်းချုပ်နိုင်ခဲ့သည်။
ယင်းက ဤကမ္ဘာအတွက် ကောင်းချီးတစ်ခုဟုပင် ဆိုရမည်။
အဘယ်ကြောင့်ဆိုသော် ဝမ်လင်းသာ မဆင်မခြင်လှုပ်ရှားလိုက်လျှင် ကမ္ဘာပေါ်ရှိ ပိုးဟပ်များ အားလုံး ချက်ချင်းပျက်စီးသွားပေလိမ့်မည်။
ဆိုရလျှင် သက်ရှိသတ္တဝါတိုင်းသည် အကြောင်းတရားတစ်ခုကြောင့် တည်ရှိနေရခြင်းပင်။
ပိုးဟပ်များသည် ပိုးမွှားများ ဖြစ်နေလျှင်ပင် ၎င်းတို့သည် အစာကွင်းစက်၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေဆဲပင်ဖြစ်သည်။
၎င်းတို့ကို ထိန်းချုပ်ထားနိုင်သရွေ့ ၎င်းတို့အားလုံးကို သတ်ပစ်ရန် မလိုအပ်ပေ။
ယခုလည်း ဝမ်လင်းသည် ပိုးဟပ်ဝမ်ချမ်းကို ကိုယ်ပိုင်လုပ်ဆောင်ချက်များဖြင့် အပြစ်များ ဖြေဖျောက်စေလိုသောကြောင့် သူကြာရှည်စွာ အသုံးမပြုခဲ့သော အင်မော်တယ်ကြောင်အဖြစ် ပြန်လည် ရှေ့ထွက်လာခဲ့သည်။
ထို့ကြောင့် ဝမ်လင်း ရုတ်တရက် ထွက်ပေါ်လာသည်ကိုမြင်လျှင် ကြောင်များအားလုံး အံ့အားသင့်သွားကြသည်။
ဘုန်းကြီးက အလွန်တရာ စိတ်လှုပ်ရှားကာ မြေပေါ်တွင်ပြားပြားဝပ်၍ ဂါရဝပြုလိုက်သည်။
ဝမ်လင်း၏ အသွင်တစ်ခုဖြစ်သည့် အင်မော်တယ်ကြောင်သည် ကြောင်ကမ္ဘာတွင် ဒဏ္ဍာရီတစ်ခုလို ဖြစ်နေခဲ့ပြီး ကိစ္စကြီးကြီးမားမား ဖြစ်ပျက်သောအခါများတွင် ပေါ်လာလေ့ရှိသည်။
ဝမ်လင်းကို တွေ့သည်နှင့် ကြောင်များအားလုံးသည် ချက်ချင်းပင် ဂါရဝပြုလိုက်ကြပြီး လီကျန့်ထန်သည်လည်း ခြွင်းချက် မရှိခဲ့ပေ။
လီကျန့်ထန်က ဝမ်လင်းကို ဒူးထောက် ဂါရဝပြုလိုက်ရာ ပိုးဟပ်ဝမ်ချမ်းက အံ့ဩသွားခဲ့သည်။
“ဒါဆိုမင်းက ကြောင်တွေရဲ့ နောက်ကွယ်က ဘော့စ်ပေါ့.. လီကျန့်ထန်က ငါ့ရဲ့လက်အောက်ငယ်သားတွေကို လွယ်လွယ်နဲ့ မဖြိုခွဲနိုင်လောက်ဘူးလို့ ငါအရင်က သံသယဖြစ်ခဲ့ဖူးတယ်.. ဒီအတိုင်းဆို ငါ့သံသယက မှန်နေလောက်တယ်”
ဝမ်လင်း ပေါ်လာပြီးနောက်တွင် ပိုးဟပ်ဝမ်ချမ်းက ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။
ဝမ်လင်းက ပိုးဟပ်ဝမ်ချမ်းကို စိုက်ကြည့်လိုက်သော်လည်း ပါးစပ်ကိုမဖွင့်ခဲ့ပေ။
ထိုအချိန်မှာပင် ပိုးဟပ်ဝမ်ချမ်း၏ စိတ်ထဲ၌ အသံတစ်သံက ထွက်ပေါ်လာသည်။
အင်မော်တယ်ကြောင်၏ ဂုဏ်သိက္ခာနှင့်အညီ ဝမ်လင်းက စိတ်ချင်းဆက်သွယ်၍ ပြောဆိုရန်သာ ရွေးချယ်ခဲ့ပြီး ပိုးဟပ်ဝမ်ချမ်းကို တရားရုံးတွင် ထွက်ဆိုရန်အတွက် သက်သေရှာပေးရန် တောင်းဆိုခဲ့သည်။
သို့သော်လည်း ပိုးဟပ်ဝမ်ချမ်းသည် အလွန်တင်းမာသောသဘောထားရှိနေဆဲပင်။
“အရင်က သဘောတူထားတဲ့ စည်းမျဉ်းတွေကို မပြောင်းနိုင်ဘူးနော်.. ဒါမှမဟုတ်ရင်တော့ သက်သေရှာပေးဖို့ မမျှော်လင့်နဲ့တော့.. ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငါ့ကို သေအောင်သတ်နိုင်မှာမဟုတ်ဘူး.. ငါ့စကားကို မယုံရင် စမ်းကြည့်လိုက်လို့ရတယ်”
ပိုးဟပ်ဝမ်ချမ်း၏ မာန်တက်သောစကားကြောင့် ဝမ်လင်းကမှင်တက်သွားခဲ့သည်။
သူ၏ စားကြွင်းစားကျန်များကို အမှီပြုပြီး ကြီးပျင်းလာရသည့်ပိုးဟပ်က အဘယ်ကြောင့် ဤမျှအထိ မာနကြီးနေရပါသနည်း။
ယခုအခါတွင် ၎င်းက အာဏာရှင် တစ်ယောက်လိုပင် အမှန်အကန် ပြုမူနေခဲ့သည်။
ဝမ်လင်းက ပိုးဟပ်ဝမ်ချမ်းကို သင်ခန်းစာတစ်ခု သင်ပေးရမည်ဟု ခံစားလိုက်ရသည်။
ထို့ကြောင့် နောက်ထပ် အခိုက်အတန့်မှာပင် ဝမ်လင်းသည် သူ၏ ကြောင်ခြေထောက်ကို မြှောက်လိုက်ပြီး ငါးကန်ထဲမှ ပိုးဟပ်ဘုရင်ဝမ်ချမ်းကို လွှတ်ပေးရန် လီကျန့်ထန်ကို အမိန့်ပေးလိုက်သည်။
ဝမ်လင်း၏ အမိန့်ကြောင့် ပိုးဟပ်ဘုရင်ဝမ်ချမ်းက အံ့အားသင့်သွားခဲ့သည်။
ရုတ်တရက် ထွက်ပေါ်လာသော ကြောင်ဖြူလေးက ကျင့်ကြံခြင်းနယ်ပယ်အဆင့် မည်မျှရှိနေမှန်း သူ မသိသော်လည်း လီကျန့်ထန်ကို လွှမ်းမိုးနိုင်သောကြောင့် လီကျန့်ထန်ထက် ပိုမြင့်သော အဆင့်တွင် ရှိနေနိုင်သည် မဟုတ်ပါလော။
“အင်မော်တယ်ကြောင်က ရွှေအမြုတေအဆင့်လား.. ဒါမှမဟုတ် အခြေတည်စိတ်ဝိညာဉ်အဆင့်လား”
ပိုးဟပ်ဘုရင်ဝမ်ချမ်းက ဝမ်လင်း၏ နယ်ပယ်အဆင့်ကို သူ့ဘာသာသူ အကဲဖြတ်နေပြီး ဤကြောင်ဖြူလေး၏ အဆင့်က အမြင့်ဆုံးအားဖြင့် အခြေတည်စိတ်ဝိညာဉ် အဆင့်မျှသာ ဖြစ်လောက်သည်ဟု မှန်းဆခဲ့သည်။
အင်မော်တယ်ကြောင်က မည်မျှအစွမ်းထက်မှန်း သူအတိအကျ မသိသော်လည်း စိတ်ဝိညာဉ်သားရဲ၏ ကျင့်ကြံခြင်းနယ်ပယ်အဆင့်သည် အလွန် မမြင့်မားလောက်ပေ။
ဆိုရလျှင် ပိုးဟပ်ဘုရင်ဝမ်ချမ်းသည် ယခင်က အိမ်မွေးတိရိစ္ဆာန်လေ့ကျင့်ရေး အဖွဲ့အစည်းရှိ ဝိညာဉ်သားရဲအားလုံးနှင့် ရင်ဆိုင်ဖူးပြီး ၎င်းတို့ထဲမှ မည်သူမျှ သူ့ကို တိုက်ရိုက်မသတ်ဖြတ်နိုင်ခဲ့ပေ။
သူက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ၏ ထိုးနှက်ခြင်းကိုပင် ခံနိုင်ရည်ရှိခဲ့သော ပိုးဟပ်တစ်ကောင်ဖြစ်သည်။
“ကြောင်စုတ်က သူ့ကိုယ်သူ ဘာထင်နေလဲမသိဘူး.. ရယ်စရာကောင်းလိုက်တာကွာ”
ရွှေငါးကန်မှ လွတ်မြောက်ပြီးနောက်တွင် ပိုးဟပ်ဘုရင်ဝမ်ချမ်းသည် လွတ်လပ်သောလေကို တဖန်ပြန်၍ ရှူရှိုက်နိုင်ခဲ့သည်။
သူက ဝမ်လင်းကို စိုက်ကြည့်ကာ အလွန်မာန်တက်သည့် အမူအရာဖြင့် ပြောလိုက်သည်။
“ပြောစမ်းပါဦး.. မင်းက ဘယ်လိုတိုက်ချင်တာလဲ.. မင်းသိထားဖို့က ငါက ဘယ်လိုသတ်သတ် မသေနိုင်တဲ့ အင်မော်တယ်ပိုးဟပ်ပဲ”
ကြောင်များအားလုံး “..........”
လီကျန့်ထန်က အင်မော်တယ်ကြောင် တိုက်ခိုက်သည်ကို တစ်ခါမှမတွေ့ဖူးပေ။
ဆိုရလျှင် အင်မော်တယ်ကြောင်သည် လီကျန့်ထန်၏ မျိုးဆက်မှ ကြောင်အိုကြီးများသာ သိသည့် ကြောင်ကမ္ဘာမှဒဏ္ဍာရီတစ်ပုဒ်ထက် မပိုခဲ့ပေ။
မွေးကင်းစ ကြောင်လေးများသည် အင်မော်တယ်ကြောင်နှင့် ပတ်သတ်သည့် အကြောင်းများကို ကြောင်အိုကြီးထံမှ ပုံပြင်များသဖွယ်သာ ကြားခဲ့ရသည်။
သို့ရာတွင် လီကျန့်ထန်နှင့် သူ၏လွတ်လပ်သောတပ်ဖွဲ့ရှိ ကြောင်များသည် ဝမ်လင်းကို သုံးကြိမ်ထက်မနည်း တွေ့ဖူးခဲ့ကြသည်။
ထို့ကြောင့်လည်း ကြောင်အတော်များများသည် လီကျန့်ထန်၏ နောက်လိုက်လုပ်ရန် ဆန္ဒရှိခဲ့ကြခြင်း ဖြစ်၏။
သူတို့၏မျက်လုံးထဲတွင် လီကျန့်ထန်သည် အင်မော်တယ်ကြောင်၏ နှစ်သက်သဘောကျခြင်းကို ခံရသည့် ကြောင်တစ်ကောင်ဖြစ်သည်။
ဘုရင်ကြီး သဘောကျသည့် စစ်သေနာပတိလီ၏ နောက်ကိုသာ လိုက်နိုင်ခဲ့လျှင် သူတို့အတွက် ကောင်းသောအရာများ ဖြစ်လာနိုင်သည် မဟုတ်ပါလော။
သို့ရာတွင် ပိုးဟပ်ဘုရင်ဝမ်ချမ်းသည် ကြောင်လောကမှ ကြောင်များ၏ ယုံကြည်ချက်များကို မသိရှိခဲ့ပေ။
သူက ဝမ်လင်းကိုပင် ကဲ့ရဲ့စပြုလာပြီး သူ့ကိုယ်သူ ဘယ်လိုသတ်သတ် မသေနိုင်ကြောင်း ယုံကြည်နေခဲ့သည်။
“ဒါဆိုဘယ်လိုလဲ.. ငါတို့တွေ အလောင်းအစား လုပ်လိုက်ရအောင်.. မင်းငါ့ကို တစ်ချက်လောက်ထိုးနိုင်ရင် ငါသက်သေရှာပေးမယ်”
ဝမ်လင်းက ဤကဲ့သို့ မာနကြီးသောပိုးဟပ်ကို ပထမဆုံးမြင်ဖူးခြင်း ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ ပိုးဟပ်ဘုရင်ဝမ်ချမ်းသည် သူ့ကိုယ်သူယုံကြည်နေခဲ့သည်။
သူ၏ အံ့ဩဖွယ်ယုံကြည်မှုသည် ဝမ်လင်းကိုပင် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။
ဟုတ်ပါသည်၊ သူက ပိုးဟပ်ဘုရင်ဝမ်ချမ်းကို သတ်ပစ်မည်မဟုတ်ချေ။
သူက ပိုးဟပ်ဘုရင် ဝမ်ချမ်းကို သင်ခန်းစာတစ်ခု ပေးရန်သာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။
ဝမ်လင်းက အတိုင်းအတာ တစ်ခုအထိ ခွန်အားကို စုဆောင်းပြီးနောက်တွင် ကမ္ဘာဦးချီကို သူ့ခြေသည်းဆီ ပို့လွှတ်လိုက်သည်။
နက်ပြာရောင် လေစီးကြောင်းများက သူ၏ ခြေဖဝါးကနေ ထွက်လာပြီး ရောင်စုံအခိုးအငွေ့များ ဖြစ်ပေါ်လာသည်။
ဝိညာဉ်စွမ်းအင် ရုပ်လုံးပေါ်လာခြင်း..
ကြောင်များက ရောင်စုံ အခိုးအငွေ့များကို ကြည့်ကာ မှင်တက်သွားခဲ့သည်။
အဆုံးသတ်တွင် အင်မော်တယ်ကြောင်သည် အင်မော်တယ်ကြောင်ဟုသာ ပြောနိုင်တော့သည်။
အခိုးအငွေ့ အသွင်ဖြစ်နေသော စိတ်ဝိညာဉ်ချီသည် ဝိညာဉ်စွမ်းအင် သိပ်သည်းမှုကို သက်သေပြနေခြင်း ဖြစ်သည်။
ယင်းမှာ အဆင့်လွန် ကျင့်ကြံသူတစ်ဦး၏ လက္ခဏာဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဝိညာဉ်စွမ်းအင်ကို ရုပ်လုံးပေါ်အောင် လုပ်ဆောင်နိုင်သည့် ကျင့်ကြံသူ အရေအတွက်မှာ အလွန် နည်းပါးသောကြောင့် ဖြစ်သည်။
ဤမြင်ကွင်းကိုကြည့်ကာ ပိုးဟပ်ဘုရင် ဝမ်ချမ်းက အေးစက်သောချွေးများပင် ထွက်လာနေသည်။
ဤကြောင်ဖြူက ယခင်က သူမြင်ဖူးသော စိတ်ဝိညာဉ်သားရဲများနှင့် ကွာခြားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ကြောင်မဟုတ်သည့် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူပင်လျှင် ဤကဲ့သို့ ဝိညာဉ်စွမ်းအင်ကို ဖော်ထုတ်နိုင်လိမ့်မည် မဟုတ်ပေ။
“ဒီကြောင်ဖြူက ပကတိအင်မော်တယ် အဆင့်လား.. ဒါကဘယ်လိုဖြစ်နိုင်မှာလဲ”
ပိုးဟပ်ဘုရင်ဝမ်ချမ်းက ထိတ်လန့်လာခဲ့သည်။
အကယ်၍သာ အမှန်တကယ် ဖြစ်လာခဲ့လျှင် ဤအင်မော်တယ်ကြောင်ကို ကျင့်ကြံခြင်းစွယ်စုံကျမ်းတွင် မှတ်တမ်းတင်ခံရတော့မည် ဖြစ်သည်။
ဤလောက၌ ဤကဲ့သို့ သက်ရှိသတ္တဝါတစ်ကောင် မည်သို့ရှိနိုင်ပါအံ့နည်း။
“အဆင်သင့်ဖြစ်ပြီလား”
နောက်ထပ် အခိုက်အတန့်တွင် ဝမ်လင်းက ပါးစပ်ကိုဖွင့်၍ ပထမဆုံးအကြိမ် စကားပြောဆိုခဲ့သည်။
ပိုးဟပ်ဘုရင်ဝမ်ချမ်းက သူ့မေးခွန်းကို မဖြေခင်မှာပင် ဝိညာဉ်စွမ်းအား သိပ်သည်းစွာ စုဝေးနေသည့် သူ၏ခြေထောက်သည် ပိုးဟပ်ဘုရင်ဝမ်ချမ်း ဆီသို့ ပျံသန်းနေပြီ ဖြစ်သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် အမှတ်၅၉ အထက်တန်းကျောင်းကို ဗဟိုပြု၍ ဧရာမ ငလျင်ကြီးက လှုပ်ခတ်သွားခဲ့သည်။
ဝမ်လင်း၏ ခြေထောက်က ပိုးဟပ်ဘုရင်ဝမ်ချမ်း၏ ခေါင်းပေါ်ကို ကျရောက်ခါနီးတွင် ပိုးဟပ်ဘုရင် ဝမ်ချမ်းသည် အကြောက်လွန်၍ မေ့လဲသွားခဲ့သည်။
ထို့နောက်တွင် ဝမ်လင်းသည် သူ၏ ခြေထောက်ကို အချိန်မီပြန်လည် ရုပ်သိမ်းလိုက်သည်။
ရုတ်တရက် ငလျင်လှုပ်လာမည်ဟု မည်သူမှ မမျှော်လင့်ထားပေ။
စုန့်ဟိုင်မြို့သည် ကမ်းရိုးတန်းမြို့တစ်မြို့သာ ဖြစ်ပြီး ကမ္ဘာမြေ အပေါ်ယံလွှာရှိ မြေငလျင် အက်ကြောင်းများပေါ်တွင် မတည်ရှိပေ။
ငလျင်လှုပ်သည် ဆိုသည်မှာ စုန်ဟိုင်မြို့အတွက် အလွန်ရှားပါးသော ဖြစ်ရပ်ဖြစ်သည်။
ဤငလျင်သည် ပြင်းအား 12.0 ရှိပြီး ၂ စက္ကန့်အကြာ လှုပ်ခတ်သွားခဲ့သည်။
ထိခိုက်မှုတစ်စုံတစ်ရာ မရှိသော်လည်း ထိုငလျင်သည် ဘူမိဗေဒပညာရှင်များ၏ ကျင့်ကြံခြင်း စွယ်စုံကျမ်းတွင် မှတ်တမ်းတင်ခံလိုက်ရပြီး လူသားကျင့်ကြံသူများကို သဘာဝပတ်ဝန်းကျင်အား ကာကွယ်ရန် တွေးတောစေခဲ့သည်။
ဝမ်လင်းနှင့် လီကျန့်ထန်၏ ကြောင်တပ်ရင်းမှ ကြောင်များသာလျှင် ဤပြင်းထန်သောငလျင်သည် ပိုးဟပ်တစ်ကောင်ကို ကြောက်လန့်စေရန်အတွက် ဖြစ်ကြောင်း သိရှိခဲ့ကြသည်။
အပိုင်း(၁၀၄၇) ပြီး၏