မိန်းကလေးလျန့်
Vol. 70 Ch. 1048
ဝမ်လင်း၏လက်ချက်ဖြင့် ပိုးဟပ်ဝမ်ချမ်းသည် အလွန်ထိတ်လန့်ကာ မေ့မြောသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် စုန့်ဟိုင်မြို့ရှိ ငလျင်စောင့်ကြည့်ရေး စင်တာမှ စောင့်ကြည့်ရေးမှူးများသည် ရုတ်တရက်ဖြစ်ပေါ်လာသော ငလျင်ကြောင့် မှော်ကိရိယာများ ကျိုးပျက်သွားသဖြင့် အံ့ဩသွားကြသည်။
“ငလျင်က ဘာလို့ ရုတ်တရက်ကြီး ထလှုပ်ရတာလဲ”
စောင့်ကြည့်ရေးဌာနမှ ညွှန်ကြားရေးမှူးက လေးနက်သောအမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
မြေငလျင် အဖြစ်အပျက်က ၃ စက္ကန့်မျှသာ ကြာမြင့်ခဲ့သော်လည်း စုန့်ဟိုင်မြို့ကို ထိခိုက်မှုမရှိစေခဲ့ပေ။
သို့သော် ဤကဲ့သို့ငလျင်မျိုး အခြားမြို့များတွင် ဖြစ်ပျက်ခဲ့လျှင်မူ ထိုမြို့များသည် ပြိုကျပျက်စီးသွားနိုင်ပေသည်။
အမြင့်ဆုံးစံနှုန်းရှိသည် ငလျင်ကာကွယ်ရေး နည်းပညာကို မြို့ကြီးများတွင်သာ သုံးထားကြသည်။
အဆောက်အဦတိုင်းတွင် အခြေခံအားဖြင့် အလိုအလျောက်တည်ငြိမ်စေသော အစီအရင်တစ်ခု ပါရှိ၏။
၎င်းက ငလျင်လှုပ်နေစဉ်တွင် အတွင်းပိုင်းရှိ အရာအားလုံးကို အလေးချိန်မဲ့ ဖြစ်သွားစေနိုင်၏။
ဆိုလိုသည်မှာ အဆောက်အဦးပြိုကျလျှင်ပင် အထဲရှိလူများကို ထိခိုက်စေမည် မဟုတ်ပေ။
သို့သော် ဤကဲ့သို့ အရေးပေါ်ကာကွယ်ရေး နည်းပညာမျိုးသည် စုန့်ဟိုင်မြို့နှင့် ကျင့်ဟွာမြို့တို့ ကဲ့သို့ မြို့ကြီးများတွင်သာ အသုံးပြုရသေး၏။
ထိုနည်းပညာက အလွန်အကုန်အကျ များသောကြောင့် တစ်နိုင်ငံလုံး အသုံးပြုရန် အတွက် အနည်းဆုံး ၃နှစ်ခန့် ကြာမြင့်နိုင်သေးသည်။
“ဥက္ကဌချီဆီကို သုတေသန အစီအရင်ခံစာကို ချက်ချင်းရေးတင်လိုက်ပါ.. ဒီငလျင်က ရုတ်တရက် ကောက်ကာငင်ကာ ထလှုပ်တဲ့ ငလျင်ပဲ.. ဒါက ကျင့်ကြံသူတွေရဲ့ နေထိုင်မှုပတ်ဝန်းကျင် အပေါ်မှာ သိသိသာသာ သက်ရောက်မှုရှိလာမှာကို ငါစိုးရိမ်မိတယ်”
ဒါရိုက်တာကျန်း၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာ ရှိနေသည်။
ဖြစ်ရပ်များစွာတွင် သတိပေးချက်မရှိဘဲ ရုတ်တရက် ဖြစ်ပျက်တတ်သော အဖြစ်အပျက်မျိုးသည် ပို၍ ကြီးမားသော ကပ်ဆိုးတစ်ခု၏ လက္ခဏာတစ်ရပ် ဖြစ်သည် မဟုတ်ပါလော။
ဤနှစ်များ တစ်လျှောက်လုံးတွင် ကျင့်ကြံခြင်းလောကရှိ သယံဇာတများကို လူသားများသည် အလွန်အကျွံ အသုံးချခဲ့ကြသည်။
ထို့ကြောင့် သတ္တဝါများစွာသည် မျိုးတုန်းလုနီးပါး မျိုးစိတ်များ ဖြစ်လာခဲ့ကြသည်။
ဤသို့ အထိန်းအကွပ်မဲ့ သုံးစွဲမှုသည် ဂေဟစနစ်အပေါ် များစွာထိခိုက်နစ်နာစေခဲ့သည်။
သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ခြင်းသည် လူသားအားလုံး၏ ပြဿနာတစ်ရပ်ဖြစ်ပြီး အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုက်ရိုက် သက်ဆိုင်နေသည်။
ဒါရိုက်တာကျန်းချိုးဟွာ အနေဖြင့် ဤကိစ္စကို သေချာအာရုံစိုက်ရုံမှ လွဲ၍ အခြား ရွေးချယ်စရာမရှိပေ။
ထို့အပြင် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း စိတ်ဝိညာဉ်ချီသည် အလျင်အမြန် ကုန်ဆုံးလာခဲ့သည်။
စိတ်ဝိညာဉ်ချီ လုံးဝ ခြောက်ခန်းသွားရန် နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ဦးမည်ဟု ခန့်မှန်းထားသော်လည်း ပြဿနာကို သိနှင့်နေပြီးသားဖြစ်၍ ကမ္ဘာပေါ်ရှိကျင့်ကြံသူတိုင်းသည် တစ်ချိန်ချိန်တွင် ထိုပြဿနာကို ရင်ဆိုင်ရမည် ဖြစ်သည်။
ဒါရိုက်တာကျန်းချိုးဟွာသည် လူတိုင်းကို သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနှင့် ပတ်သတ်၍ စဉ်းစားကြရန် တိုက်တွန်းလိုခဲ့သည်။
လာမည့်ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး ထိပ်သီးအစည်းအဝေးတွင် ဒါရိုက်တာကျန်းသည် ဤအချက်ကို အဓိကထား၍ ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် ဤတစ်ကြိမ် ဝမ်လင်း၏ လုပ်ရပ်သည် ကျင့်ကြံသူများ ကြားတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပညာပေးမှုကို ဖြစ်ပေါ်စေခဲ့သည်။
ယင်းမှာ သူ မမျှော်လင့်ထားသော အရာဖြစ်သည်။
ထို့ပြင် ဝမ်လင်းကိုယ်တိုင်ပင် သူ၏လုပ်ရပ်က နွေရာသီအားလပ်ရက်အိမ်စာများကို သက်ရောက်မှု ရှိလာလိမ့်မည်ဟု ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ပေ။
ဝမ်လင်းအိမ်ပြန်ရောက်သောအခါတွင် ဆရာမဖန်သည် အတန်းချက်ဂရုတွင် မက်ဆေ့ချ် တစ်စောင်ကို ပေးပို့ထားခဲ့သည်။
သူမက လူတိုင်းကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ခေါင်းစဉ်ဖြင့် စကားလုံး ၃၀၀၀ ထက် မနည်း စာစီစာကုံး ရေးသားရန် ပြောဆိုထားခဲ့သည်။
ထိုမက်ဆေ့ချ်ကို မြင်လျှင် ဝမ်လင်း စိတ်ပျက်သွားခဲ့သည်။
စောစောကသာ ကြိုသိခဲ့လျှင် သူ့အနေဖြင့် ဤမျှလောက်ခွန်အားကို အသုံးချလိုက်မည် မဟုတ်ပေ။
ဟုတ်ပါသည်၊ ယခုအခါတွင် အလွန်နောက်ကျသွားပြီဖြစ်သည်။
နာရီဝက်ခန့် အကြာတွင် ပိုးဟပ်ဝမ်ချမ်းသည် သတိပြန်လည်လာပြီဖြစ်သည်။
သတိရလာပြီးနောက်တွင် ပိုးဟပ်ဝမ်ချမ်းက သက်ပြင်းချလိုက်သည်။
ပိုးဟပ်ဘုရင်ဝမ်ချမ်းသည် ဝမ်လင်း၏ ခေါက်ဆွဲခြောက် အကြွင်းအကျန်များကို စား၍ ကြီးပျင်းလာသောကြောင့် အခြားသူများထက် ပိုမိုအသက်ပြင်း၏။
ဝမ်လင်း၏ခြေထောက်က ပိုးဟပ်ဘုရင် ဝမ်ချမ်း၏ ကိုယ်ပေါ်သို့ တိုက်ရိုက် မကျရောက်ခဲ့သော်လည်း ထိုဖိအားက ပိုးဟပ်ဘုရင်ဝမ်ချမ်းကို ပန်ကိတ်ကဲ့သို့ ပြားချပ်သွားစေခဲ့သည်။
သို့သော်လည်း ပိုးဟပ်ဘုရင်ဝမ်ချမ်းသည် အသက်ရှင်လျက်ရှိနေဆဲပင်။
နာရီဝက်ခန့်အကြာတွင် ပိုးဟပ်ဘုရင်ဝမ်ချမ်း၏ ပြားချပ်နေသောခန္ဓာကိုယ်သည် လေထိုးလိုက်သော အရုပ်ကဲ့သို့ ဖောင်းကားလာသည်ကို ဝမ်လင်း တွေ့လိုက်ရသည်။
“ငါအသက်ရှင်နေသေးတာလား”
ပြန်လည်ကောင်းမွန်လာသော ပိုးဟပ်ဘုရင်ဝမ်ချမ်းသည် သေဆုံးလုနီးပါး ခံစားရပြီးနောက်တွင် သူ၏ အစောပိုင်းယုံကြည်မှုများ ပျောက်ဆုံးသွားခဲ့သည်။
သူက သူ၏ခံနိုင်ရည်အားကို အလွန်ယုံကြည်မှု ရှိသော်လည်း ယခုအခါတွင် သေလုနီးပါး ဖြစ်ခဲ့ရသည်။
ထိုခဏမှာပင် သေလွန်သွားရှာပြီ ဖြစ်သည့် သူ့အမေကိုပင် ပြန်လည် အမှတ်ရမိသည်။
ထိုအချိန်က သူ၏မိခင်သည် ကျင့်ကြံသူတစ်ဦး၏ တက်နင်းမှုကို အကြိမ် ၃၆၀၀ ခံခဲ့ရပြီး ထိုနာကျင်မှုကြောင့်ပင် သေဆုံးသွားခဲ့သည်။
ငယ်ငယ်ရွယ်ရွယ်နှင့် မိခင်ကို ဆုံးရှုံးလိုက်ရသဖြင့် ပိုးဟပ်ဘုရင်ဝမ်ချမ်းသည် လူသားများကို နာကျည်းသွားခဲ့သည်။
ထိုအချိန်မှစ၍ ဝမ်ချမ်း၏ စိတ်ထားသည် ပိုမိုခက်ထန်လာသည်။
သူနှင့် သူ၏မွေးချင်းများသည် ကျင့်ကြံသူများ၏ အသတ်ခံရမည်ကို စိုးရိမ်သဖြင့် သူ့မိခင်၏ ပြားချပ်နေသော ခန္ဓာကိုယ်အောက်တွင် ပုန်းအောင်းနေခဲ့ကြပြီး ထိုကျင့်ကြံသူ ထွက်ခွာသွားမှသာ မိခင်ကို မြေမြှုပ်ရန် မြောင်းထဲသို့ ဆွဲယူသွားခဲ့ရသည်။
ထို့နောက်တွင် ပိုးဟပ်ဘုရင်ဝမ်ချမ်းသည် မည်သည့်နည်းနှင့် မဆို အသက်ရှင်ရန် ကြိုးစားမည်ဟု သူ့ကိုယ်သူ ဆုံးဖြတ်လိုက်တော့သည်။
သူက အစားအစာ မရွေးဘဲ စားသောက်ခဲ့ပြီး ဘယ်သူသတ်သတ် မသေနိုင်သော အင်မော်တယ်ပိုးဟပ် အဖြစ် ကြီးထွားလာစေရမည်ဟု သူ့ကိုယ်သူ ကျိန်ဆိုခဲ့သည်။
ပိုးဟပ်ဘုရင်ဝမ်ချမ်းသည် ငယ်စဉ်ကဆိုးရွားလှသော သူ၏ဘဝကိုပြန်လည် မြင်ယောင်နေမိသည်။
သို့သော် ယခုအချိန်သည် အတိတ်ကို ပြန်လည်အမှတ်ရနေရမည့် အချိန်မဟုတ်သေးပေ။
သူ့အမေက ပြားချပ်နေသည်အထိ အနင်းခံလိုက်ရ၍ သူက လူသားများကို အလွန်အမင်း နာကျည်းမုန်းတီးနေခဲ့ခြင်းပင်။
“ဘယ်လိုလဲ.. ကူညီမှာလား.. မကူညီဘူးလား”
နောက်ထပ် အခိုက်အတန့်တွင် ဝမ်လင်း၏ မေးခွန်းက ထွက်ပေါ်လာသည်။
ထိုအသံကြောင့် ပိုးဟပ်ဘုရင် ဝမ်ချမ်း၏ တစ်ကိုယ်လုံးက တုန်လှုပ်သွားခဲ့သည်။
သူ့ရှေ့မှ ကြောင်ဖြူလေးက သူ့ကိုတစ်ချက်မှ မထိရသေးသော်လည်း ပိုးဟပ်ဘုရင်ဝမ်ချမ်းသည် ဒဏ်ရာရရှိနေပြီဖြစ်သည်။
ဝမ်လင်းက သာမန်မေးခွန်းတစ်ခု အဖြစ်သာ မေးလိုက်သော်လည်း ပိုးဟပ်ဘုရင်ဝမ်ချမ်း၏ နားထဲတွင်မူ ပြင်းထန်သော စစ်ကြောရေးတစ်ခုမှ မေးခွန်းတစ်ခု ကဲ့သို့ ကြားနေရသည်။
“ငါ.. ငါကူညီပါ့မယ်”
ပိုးဟပ်ဘုရင်ဝမ်ချမ်းက တုန်ယင်သော အသံဖြင့် ပြန်ဖြေလိုက်သည်။
လက်ရှိအချိန်တွင် သူ့၌ အခြားရွေးချယ်စရာ မရှိမှန်းသူကောင်းစွာသိသည်။
များမကြာမီမှာပင် ကျိုးရီသည် ဝမ်လင်းထံမှ သက်သေနှင့်ပတ်သက်သည့် သတင်းကို ရရှိခဲ့သည်။
“ဆရာက မျှော်လင့်ထားတဲ့အတိုင်းပဲ.. ဒီလိုအချိန်မှာတောင် သက်သေအသစ်ကို ရှာနိုင်တယ်”
ကျိုးရီက စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ပေ။
ဝမ်လင်းက သက်သေအသစ် တွေ့ရှိကြောင်း မက်ဆေ့ချ်ပို့ခဲ့သည်ကို ကျိုးရီက အခြားလူများအား ပြောပြလိုက်သည်။
ထိုသတင်းကိုကြားလျှင် အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေသော မှော်ရတနာတည်ဆောက်ပြုပြင်ခြင်း တက္ကသိုလ်မှ ဆရာများနှင့် ကျောင်းအုပ်ကြီးတို့က အံ့အားသင့်သွားကြသည်။
“သက်သေအသစ်.. ဟုတ်လား.. သက်သေအသစ် တကယ်ပဲရှိနေတာလား”
ကျောင်းအုပ်ကြီး ကျိုးသုန်ယဲ့က ယုံရခက်ခက် ဖြစ်နေသည်။
ဤအမှုတွင် အရေးအကြီးဆုံး သက်သေဖြစ်သည့် လျူရီသည် ယခုအခါတွင် သေဆုံးသွားပြီဖြစ်ပြီး လူသတ်တရားခံအဖြစ် သံသယရှိသူမှာ ဖေဖေကျန့် ဖြစ်သည်။
လမ်းစပျောက်သွားသည့် အမှုအခြေအနေတွင် သက်သေအသစ်က မည်ကဲ့သို့ ပေါ်လာရပါသနည်း။
“မစ္စတာကျန့်.. မင်းရဲ့သား အပြစ်ကင်းစင်တယ် ဆိုတာကို ရဲတွေက သက်သေအသစ်ရှာတွေ့ပြီ.. ဒါကြောင့် ကျေးဇူးပြုပြီး ခန်းမအတွင်းမှာရှိတဲ့ ကျောင်းသားအားလုံးကို လွှတ်ပေးပါတော့.. ဒီကိစ္စပြီးရင် ရဲတွေက မင်းကို သေချာရှင်းပြပါလိမ့်မယ်.. ငါကျိုးရီ အာမခံပါတယ်.. မင်းအတွက် ဘာမှ ဆုံးရှုံးစရာမရှိစေရဘူး”
ကျိုးရီက ဖေဖေကျန့်နှင့် စတင် ညှိနှိုင်းခဲ့သည်။
ထို့နောက်တွင် ပတ်ဝန်းကျင်က မိနစ်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီး ခန်းမတံခါးက တဖြည်းဖြည်း ပွင့်လာခဲ့သည်။
ဖေဖေကျန့်က မျက်လုံးထဲတွင် မျက်ရည်များ ဝဲလျက်ရှိနေပြီး လက်နှစ်ဖက်ကို မြှောက်ကာ ထွက်လာခဲ့သည်။
လွန်ခဲ့သောသုံးနှစ်က ရဲများသည် သူ့သားကို မှားယွင်း၍ အပြစ်တင်ခဲ့ကြသည်။
သုံးနှစ်အကြာတွင်မူ ရဲများသည် သူ့သားကို အမှားလုပ်မိကြောင်း ဝန်ခံရန် သူလုပ်ဆောင်နိုင်ခဲ့သည်။
“ဒါရိုက်တာကျိုး.. သက်သေအသစ်က ဘယ်လိုရသွားတာလဲ”
ကောင်းထျန်းက မေးလိုက်သည်။
“လျူရီ အသတ်ခံရတာကို မြင်တွေ့ခဲ့တဲ့ လျန့်လေး ဆိုတဲ့အမျိုးသမီးငယ်လေးကို ရှာတွေ့ခဲ့တယ်”
ကျိုးရီက ပြန်ဖြေလိုက်သည်။
“လျန့်လေးက ဘယ်သူလဲ”
“ပိုးဟပ်တစ်ကောင်ပါ”
“..........”
အပိုင်း(၁၀၄၈) ပြီး၏