← Chapters

ကျင့်ကြံခြင်း ကမ္ဘာမှ အလိမ်ဖော်စက်

Vol. 70 Ch. 1049

ကျင့်ကြံခြင်း ကမ္ဘာမှ အလိမ်ဖော်စက်

Vol. 70 Ch. 1049

“ငါမှားတယ်.. ငါတကယ်ကိုမှားခဲ့တယ်.. ငါ့ကို ပျိုးထောင်ခဲ့တဲ့မိခင်အတွက် ငါကရှက်စရာပဲ”

ဖေဖေကျန့်က ခန်းမထဲတွင် သူဓားစာခံလုပ်ခဲ့သည့် ဆရာနှင့်ကျောင်းသားများကို အလေးအနက် တောင်းပန်လိုက်သည်။

“ဒီအတွက် ငါထောင်ဒဏ် ဘယ်လောက်ပဲကျကျ ကျေကျေနပ်နပ်ကြီး လက်ခံမှာပါ”

စစ်ဆေးမေးမြန်းခန်းတွင် ဖေဖေကျန့်က သူ၏ ပြစ်မှုများကို ဝန်ခံခဲ့သည်။

သူက မည်သူ့ကိုမှ မထိခိုက်စေသော်လည်း ကျောင်းသားများကို ဓားစာခံလုပ်ခဲ့၍ ရဲစခန်းတွင် အဖမ်းခံထားရဆဲ ဖြစ်သည်။

တရားရုံးတွင် သက်သေအသစ်က ထွက်ဆိုခြင်းမပြုမီ အထိ ဖေဖေကျန့်သည် လူသတ်မှု သံသယကို ရှင်းလင်းနိုင်မည်မဟုတ်ပေ။

ဤအချိန်တွင် ကောင်းထျန်း၊ ကျိုးရီနှင့် ငွေရောင်လေးတို့သည် စစ်ဆေးမေးမြန်းခန်းရှိ ဖေဖေကျန့်၏ ရှေ့တွင် ရှိနေသည်။

ငွေရောင်လေးက ဖေဖေကျန့်၏ စကားများကို မှတ်တမ်းတင်ရန်အတွက် တာဝန်ယူခဲ့သည်။

ဆိုရလျှင် ငွေရောင်လေးသည် သူ၏ဝတ္တုအတွက် ကုန်ကြမ်းများကို စုဆောင်းနေခြင်း ဖြစ်၏။

သူက မကြာသေးမီကပင် ဝတ္တုကို စတင်ရေးသားခဲ့သော်လည်း အရည်အချင်းရှိသူ တစ်ယောက် မဟုတ်ပေ။

ထို့ကြောင့် စကားလုံးပေါင်း တစ်သိန်းကျော် ရေးသားခဲ့သော်လည်း ဝဘ်ဆိုက်နှင့် ယခုထိ စာချုပ်မချုပ်ရသေးပေ။

ငွေရောင်လေးက သူ့တွင် ကုန်ကြမ်းအဖြစ် ကိုးကားစရာ အလုံအလောက် မရှိ၍ဟု ထင်ခဲ့သည်။

ထို့ကြောင့် ငွေရောင်လေးက ရဲစခန်းတွင် မှတ်တမ်း ကူရေးပေးခြင်းကို ကုန်ကြမ်းစုဆောင်းရန် နည်းလမ်းတစ်ခု အဖြစ် မှတ်ယူခဲ့သည်။

ကောင်းထျန်းနှင့် ကျိုးရီတို့၏ စစ်ဆေးမှုများတွင် မတူညီသော ရည်ရွယ်ချက်များ ရှိကြသည်။

သူတို့နှစ်ယောက်သည် ကိုယ့်အကန့်နှင့်ကိုယ် ခွဲခြားမေးမြန်းခဲ့ကြသည်။

ကောင်းထျန်းက ဓားစာခံအခြေအနေ အကြောင်းကိုသာ မေးမြန်းခဲ့ပြီး ကျိုးရီက မှော်ရတနာဒီဇိုင်း ခိုးယူသည့်ကိစ္စနှင့် ပတ်သတ်၍ မေးမြန်းခဲ့သည်။

“လွန်ခဲ့တဲ့သုံးနှစ်က ဒီဇိုင်းခိုးယူတဲ့ ကိစ္စကြောင့် ကျောင်းသားတွေကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တာလား”

ကောင်းထျန်းက မေးခွန်းထုတ်လိုက်သည်။

“မှန်ပါတယ်.. ဒီကိစ္စအတွက် ကြီးကြီးမားမား ပေးဆပ်ရမယ်ဆိုရင်တောင် အမှန်တရားကိုသိဖို့ ငါ့အတွက် လိုအပ်တယ်”

လက်နှစ်ဖက်တွင် ဝိညာဉ်အချုပ်အနှောင်များဖြင့် ချုပ်နှောင်ခံထားရသည့် ဖေဖေကျန့်က ပြန်ဖြေလိုက်သည်။

ကနဦးတွင် မိစ္ဆာအင်ပါယာကွာဖီ တစ်ဦးတည်းသာ ဤကဲ့သို့ချုပ်နှောင်မှုမျိုး ရှိခဲ့သည်။

သို့သော်လည်းလွန်ခဲ့သည့် လအနည်းငယ်မှစ၍ ကျိုးရီဖမ်းပေးခဲ့သော ရာဇဝတ်ကောင်များ၏ နယ်ပယ်အဆင့်သည် ပိုမိုမြင့်မားလာသည်။

နောက်ပိုင်းတွင် ဝမ်လင်းနှင့်ဝမ်မင်တို့သည် အဆိုပါပြဿနာကို ဆွေးနွေးခဲ့ကြပြီး ဝမ်မင်သည် ဝိညာဉ်အချုပ်အနှောင်လက်ထိပ်များကို အစုလိုက်အပြုံလိုက် ထုတ်ယူရန်အတွက် သုတေသနပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။

ဆိုရလျှင် ဝိညာဉ်အချုပ်အနှောင်သည် ယခုအခါတွင် ပေါပေါလောလော အသုံးပြုနိုင်သည့် ပစ္စည်းတစ်ခု ဖြစ်လာခဲ့သည်။

“တကယ်လို့ သက်သေအသစ်တွေ မရခဲ့ဘူးဆိုရင်ရော ဒီကိစ္စကို ဆက်လုပ်မှာလား”

ကောင်းထျန်းက မေးခွန်းထုတ်လိုက်သည်။

ဖေဖေကျန့်က ခဏမျှ စဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်သည်။

“အဲဒါကတော့ ပြောရခက်တယ်”

“ဘာပဲဖြစ်ဖြစ် တရားဝင်နည်းလမ်းတွေနဲ့ပဲ ကြိုးစားသင့်တယ်.. အဲဒါမှ မှန်ကန်တဲ့နည်းလမ်းပဲ”

ကောင်းထျန်းက ပြောလိုက်သည်။

“ငါနားလည်ပါတယ်.. ဒါပေမဲ့ ငါ့မှာရွေးချယ်စရာ မရှိခဲ့ဘူး.. ငါအသနားခံစာတွေ တင်ပြီး ကြိုးစားခဲ့ပေမဲ့လည်း ဖြစ်နိုင်ချေရှိတဲ့ သက်သေတွေ မရှိတဲ့အတွက် ဘာမှမဖြစ်လာခဲ့ဘူး.. ဒါ့ပြင်ငါရှာဖွေခဲ့တဲ့ သက်ရှိ သက်သေတွေအားလုံးက ငါမရောက်ခင်မှာပဲ တခြားသူတစ်ဦးရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်.. သေသွားတဲ့သူတွေက ငါ့သားကို ဒုက္ခပေးတဲ့သူတွေ ဖြစ်ပေမဲ့ ငါတစ်ယောက်မှ မသတ်ခဲ့ပါဘူး.. အဲဒီထဲမှာ လျူရီလည်း အပါအဝင်ပါပဲ.. အစတုန်းကတော့ သူရှေ့ ထွက်မလာတဲ့အတွက် စခရင်ကနေ သူ့ကို ဖမ်းဆီးဖို့ ဆုံးဖြတ်တယ်.. ဒါပေမဲ့ ငါရောက်သွားတဲ့အချိန်မှာ သူသေဆုံးနေပြီ”

“ငါနားလည်ပြီ”

ကောင်းထျန်းက ခေါင်းညိမ့်လိုက်သည်။

သူက ဖေဖေကျန့်၏ ပြောဆိုချက်များကို သူရရှိထားသည့် အချက်အလက်များနှင့် နှိုင်းယှဉ်ကြည့်ခဲ့သည်။

ထို့ကြောင့် ဖေဖေကျန့်၏ ပြောစကားများက မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ယင်းမှာ ရဲတပ်ဖွဲ့က ရရှိထားသည့် အချက်အလက်များနှင့် အတူတူနီးပါးပင် ဖြစ်၏။

ကောင်းထျန်းနှင့် အခြားသူများ စစ်ဆေးမေးမြန်းခန်းတွင် သိချင်သော အရာတစ်ခုသာ ရှိသည်။

ယင်းမှာ ဖေဖေကျန့်၏ ကျင့်ကြံခြင်းနယ်ပယ်အဆင့်က ပုံမှန်မဟုတ်ဘဲ တိုးမြင့်လာသောအချက် ဖြစ်သည်။

“ဒါနဲ့ ကျင့်ကြံခြင်းနယ်ပယ်အဆင့်က ဘာလို့ ဒီလောက်ထိ မြန်မြန် တိုးတက်လာတယ်ဆိုတာ ရှင်းပြလို့ရမလား.. သူ့အလိုလိုတိုးတက်လာတယ်လို့တော့ မပြောနဲ့နော်.. ဒါက ဝတ္တုမဟုတ်သလို မင်းကလည်း အဓိကဇာတ်ဆောင် မဟုတ်ဘူး”

ကောင်းထျန်းက ဖေဖေကျန့်ကို စိုက်ကြည့်၍ ပြောလိုက်သည်။

ဤမေးခွန်းကို သူတင်မကဘဲ ဤအမှုကို လိုက်နေကြသော ရဲအရာရှိများကလည်း သိချင်နေကြသည်။

“ငါပြောရင် မင်းယုံကြည်မလားတော့ မသိဘူး”

ကောင်းထျန်း၏ မေးခွန်းကို ဖြေသောအချိန်တွင် ဖေဖေကျန့်သည် အနည်းငယ် စိတ်ရှုပ်နေပုံရသည်။

သူက ကောင်းထျန်း၏မျက်လုံးကို စေ့စေ့ကြည့်ကာ ပြောလိုက်သည်။

“ဒါက အေးခဲထားတဲ့ဖက်ထုပ်တစ်ထုပ်ကြောင့်ပဲ”

“အေးခဲထားတဲ့ ဖက်ထုပ်.. ဟုတ်လား”

စစ်ကြောရေးစခန်း အတွင်းနှင့်အပြင်ရှိ အရာရှိအားလုံးက အံ့ဩသွားကြသည်။

“ဒီကိစ္စက ဘယ်လိုစဖြစ်တာလဲ”

ကောင်းထျန်းက မေးခွန်းထုတ်လိုက်သည်။

“ဒါက လွန်ခဲ့တဲ့ရက်အနည်းငယ် စက်တင်ဘာ ၁၄ ရက်နေ့က စတင်ဖြစ်ပွားခဲ့တာပါ”

ဖေဖေကျန့်က သူကျင့်ကြံခြင်းနယ်ပယ်အဆင့် တိုးတက်လာပုံနှင့်ပတ်သတ်၍ အရာအားလုံးကို ပြောပြခဲ့သည်။

“ဒီနှစ်ထဲမှာ ငါက ငါ့သားရဲ့အမှုကို ပြန်လည်ချေပဖို့အတွက် အစွမ်းကုန်ကြိုးစားခဲ့တယ်.. ငါ့ရဲ့ နေထိုင်မှုစရိတ်နဲ့ စားသောက်စရိတ် အားလုံးကို စုံစမ်းရေးမှာပဲ သုံးစွဲခဲ့ရတယ်.. ဒါကြောင့် ငါက ဒိတ်လွန်နေတဲ့ အေးခဲ အစားအစာတွေကိုပဲ ဈေးသက်သက်သာသာနဲ့ ဝယ်ယူလေ့ရှိတယ်.. အဲဒီနေ့က ငါ အခါတိုင်းလိုပဲ အေးခဲ အစားအစာ ဖက်ထုပ် တစ်ထုပ် ဝယ်လိုက်တာပဲ.. အဲဒီဖက်ထုပ်ကို စားပြီးတာနဲ့ ငါ့တစ်ကိုယ်လုံး ပွက်ပွက်ဆူလာသလို ခံစားလိုက်ရတယ်.. ငါ့ရဲ့ကျင့်ကြံခြင်းနယ်ပယ်အဆင့်က ခုန်ပေါက်တိုးတက်သွားပြီး ငါ့ရဲ့ခန္ဓာကိုယ်ကလည်း စွမ်းအားတွေနဲ့ ပြည့်လာခဲ့တယ်.. ဖြစ်ရပ်ကတော့ အဲဒါပါပဲ.. ငါရဲ့ ကျင့်ကြံခြင်း နယ်ပယ်အဆင့်က အဲဒီအေးခဲဖက်ထုပ် စားပြီးနောက်မှာ တိုးတက်လာခဲ့တယ်”

“..........”

သူ၏စကားကိုကြားလျှင် ကောင်းထျန်း ငွေရောင်လေးနှင့် ကျိုးရီတို့သည် အေးစက်သောလေထုကို ရှူရှိုက်လိုက်ရသည်။

ဖေဖေကျန့်၏စကားက အမှန်ပင်။

ဖေဖေကျန့်၏ ကျင့်ကြံခြင်းနယ်ပယ် တိုးတက်ရသည့် အကြောင်းအရင်းမှာ အေးခဲထားသည့် ဖက်ထုပ်တစ်ထုပ်ကြောင့်သာ ဖြစ်သည်။

အဓိကအချက်အနေဖြင့် ဖေဖေကျန့်၏ ထွက်ဆိုချက်သည် ရဲတပ်ဖွဲ့၏ အချက်အလက်များနှင့်လည်း ကိုက်ညီနေသည်။

အဘယ်ကြောင့်ဆိုသော် ဖေဖေကျန့်ကို ဖမ်းဆီးပြီးနောက်တွင် ရဲများသည် သူနေထိုင်သော တိုက်ခန်းတွင် အေးခဲဖက်ထုပ်အခွံတစ်ခုကို တွေ့ရှိခဲ့ရသောကြောင့်ပင်။

ထိုဖက်ထုပ်ကို ဖေဖေကျန့်က စတိုးဆိုင်၏ ဒိတ်လွန်နေသောကုန်ပစ္စည်းကဏ္ဍမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က စတိုးဆိုင်သည် ဖေဖေကျန့်ကို ၆၀% လျှော့ဈေးဖြင့် ရောင်းချခဲ့ကြောင်း သူတို့က အတည်ပြုနိုင်ခဲ့သည်။

ဖေဖေကျန့်၏ စကားက သာမန်အားဖြင့် ယုံရခက်သော်လည်း ကောင်းထျန်းက ပြတ်သားစွာ ယုံကြည်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဖေဖေကျန့်ကို စစ်ဆေးမေးမြန်းနေသည့်အချိန်တွင် မုသားဖော်စက်ဖြင့် စစ်ဆေးခဲ့သောကြောင့်ဖြစ်သည်။

ထိုစက်က တိကျသော စစ်ဆေးရေးကိရိယာတစ်ခု ဖြစ်ပြီး ဖေဖေကျန့်၏ စကားတွင် လိမ်ညာမှုများကို မတွေ့ရှိခဲ့ကြောင်း ပြသခဲ့သည်။

မုသားဖော်စက်သည် မေးခွန်းတစ်ခုအား အမှန်အတိုင်းမဖြေသရွေ့ ပီပီ ဟူသောမြည်သံကို သတိပေးချက်အနေဖြင့် ထုတ်လွှတ်မည် ဖြစ်သည်။

သူတို့က မုသားဖော်စက်ကို တစ်နေရာတွင် လျှို့ဝှက်ထားခြင်းဖြစ်၍ အကျဉ်းသားအနေဖြင့် ကြိုတင်မသိရှိနိုင်ပေ။

ထို့ကြောင့် ကောင်းထျန်းနှင့် ကျန်အရာရှိများသည် ဖေဖေကျန့်အမှန်အတိုင်း ထွက်ဆိုနေသည်ကို သိ၍ အံ့ဩသွားကြသည်။

အေးခဲထားသော ဖက်ထုပ်တစ်ထုပ်တွင် အဘယ်ကြောင့် ဤမျှ အစွမ်းသတ္တိများ ရှိနေရပါသနည်း။

“လခွမ်း.. ဖက်ထုပ်ထဲမှာ ဘာတွေပါလဲ.. တရုတ်နံနံလား.. ဝက်သားလား.. ဒါမှမဟုတ် မှိုနဲ့ စားဖွယ်သုံးမျိုးလား.. ငါဒီညဖက်ထုပ်စားမှ ဖြစ်တော့မယ်”

စစ်ကြောရေးအပြင်ဘက်ရှိ အရာရှိများသည် စိတ်လှုပ်ရှားနေကြသည်။

အထူးသဖြင့် ရဲဗျူရို ဌာနမှ အကြီးအကဲကျိုးကျွီ ကိုယ်တိုင်ပင်ဖြစ်၏။

သူသည်လည်း ဤအမှုကို စိတ်ဝင်စားနေပြီး ဖေဖေကျန့်ကျင့်ကြံခြင်းအဆင့် တိုးတက်လာရခြင်း လျှို့ဝှက်ချက်ကို သိလိုက်ရသောအခါ အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့သည်။

သူက ကျင့်ကြံခြင်းနယ်ပယ်အဆင့် စံချိန်မမှီသောကြောင့်သာ ရာထူးတိုးရန် နှေးကွေးခဲ့ခြင်းဖြစ်၏။

အမှန်တကယ်တွင် အခြားအဓိက အကြောင်းအရင်းတစ်ခုလည်း ရှိသည်။

ယင်းမှာ သူက ကျင့်ကြံခြင်းတွင် တစ်ဆို့နေခြင်းပင်။

ဆိုရလျှင် အကြီးအကဲကျိုးသည် အခြေတည်စိတ်ဝိညာဉ်အဆင့်တွင် အချိန်အတော်ကြာအောင် အဆင့်မတက်ဘဲ ရှိနေခဲ့သည်။

သူက ဟွာရှို့မဟာမိတ်ကဲ့သို့ ဗဟိုဌာနချုပ်သို့ ရွှေ့ပြောင်းလိုလျှင် လိုက်နာရမည့် စံသတ်မှတ်ချက်တစ်ခု ရှိသည်။

ယင်းမှာ သူ၏ ကျင့်ကြံခြင်းနယ်ပယ်အဆင့်သည် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် သို့မဟုတ် ထိုအထက်တွင် ရှိနေရမည်ဖြစ်သည်။

ကောင်းထျန်း နှင့် ကျိုးရီတို့က အချင်းချင်း တီးတိုးတိုင်ပင်ပြီးနောက်တွင် ဖေဖေကျန့်ကို ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးရန်အတွက် သဘောတူလိုက်သည်။

အေးခဲထားသော ဖက်ထုပ်ကြောင့်သာ အမှန်တကယ်ဖြစ်ခဲ့လျှင် ဖေဖေကျန့်၏ အစာအိမ်အရည်များကို စမ်းသပ်ခြင်းဖြင့် ဖက်ထုပ်၏ ပါဝင်ပစ္စည်းများကို ခွဲခြမ်းစိတ်ဖြာနိုင်မည်ဖြစ်သည်။

“အင်း.. ငါ့အလှည့်တော့ ပြီးသွားပြီ.. ဒါရိုက်တာကျိုးရဲ့အလှည့်ရောက်ပြီ”

ကောင်းထျန်းက မတ်တပ် ထရပ်လိုက်သည်။

“ပြီးသွားပြီလား”

ကျိုုးရီက ကောင်းထျန်းကို မေးလိုက်သည်။

“အင်း”

ကောင်းထျန်းက ခေါင်းညိမ့်ပြလိုက်သည်။

ဓားစာခံအခြေအနေနှင့် ပတ်သတ်၍ သက်သေအထောက်အထားများကို အတည်ပြုနိုင်ပြီ ဖြစ်၍ မေးခွန်းများဆက်လက် မေးမြန်းရန် မလိုအပ်တော့ဟု ကောင်းထျန်းက ခံစားလိုက်ရသည်။

ထိုကြောင့် လွန်ခဲ့သည့် သုံးနှစ်ကအမှုကို သူက ပိုမိုစိတ်ဝင်စားခဲ့သည်။

သို့သော် သူနှင့်မသက်ဆိုင်သောကြောင့် ထိုအမှုကို ကျိုးရီနှင့်သာ လွှဲအပ်ခဲ့သည်။

“ပထမဆုံးအနေနဲ့ ကျောင်းသား ကျန့်ကျင်းရွှယ်ရဲ့ မိသားစုအခြေအနေကို အခုထက်ပိုပြီး နားလည်ချင်ပါတယ်.. ကျောင်းသား ကျန့်ကျင်းရွှယ်ရဲ့အမေ ဟဲရှို့လန်နဲ့ ဘာကြောင့်ကွာရှင်းခဲ့တယ် ဆိုတာ မေးလို့ရမလား”

ကျိုးရီ၏ ပထမမေးခွန်းကအနည်းငယ် ကိုယ်ရေးကိုယ်တာ ဆန်နေသော်လည်း လိုအပ်၍ မေးရခြင်း ဖြစ်သည်။

မိသားစုအခြေအနေသည် ကျောင်းသား ကျန့်ကျင်းရွှယ် သူ့ကိုယ်သူ သတ်သေရန် ဆုံးဖြတ်ခဲ့ရခြင်း၏ အဓိကအကြောင်းအရင်း ဖြစ်နိုင်သည် မဟုတ်ပါလော။

“အားလန်နဲ့ငါက စရိုက်မတူတာကြောင့် ကွာရှင်းခဲ့တာပါ”

ဖေဖေကျန့်က ပြန်ဖြေလိုက်သည်။

ထိုအချိန်တွင် ကျိုးရီနှင့် အခြားလူများသည် မုသားဖော်စက်မှ သတိပေးသံကို ၎င်းတို့၏ နားကျပ်မှတဆင့် ချက်ချင်းပင်ကြားလိုက်ရသည်။

“ပီပီ.. ပီပီ”

“ဖေဖေကျန့်.. ကျေးဇူးပြုပြီး အမှန်အတိုင်း ဖြေဆိုပေးပါ”

ကျိုးရီ၏ စကားကိုကြားလျှင် ဖေဖေကျန့်က အနည်းငယ်စိတ်ရှုပ်သွားခဲ့သည်။

“ဘာဖြစ်လို့လဲဆိုတော့ အားလန်က ငါသူ့ကို လိမ်လည်ထားတာကို သိသွားလို့ပါ”

“ပီပီ ပီပီ”

“အမှန်အတိုင်းဖြေပေးပါ.. ဖေဖေကျန့်”

“ဘာလို့လဲဆိုတော့ ငါက ယောက်ျားတွေကို ကြိုက်တာ သူတွေ့လိုက်ရလို့ပဲ”

“ပီပီ ပီပီ”

“အမှန်အတိုင်းထွက်ဆိုပေးပါ.. ဖေဖေကျန့်”

ဖေဖေကျန့်က မျက်ရည်ကျလုမတတ် ဖြစ်လာသည်။

“လခွမ်းပဲ.. ငါအမှန်အတိုင်းပဲ ပြောပြတော့မယ်.. ငါတို့နှစ်ယောက်ရဲ့ လိင်ဆက်ဆံမှုက ကျေနပ်စရာ မရှိတာကြောင့်ပဲ.. ဟုတ်တယ်.. အဓိကကတော့ ငါ့ရဲ့အမှားပဲ.. ငါက ပန်းသေနေတာကြာပြီလေ.. ဒီလောက်ဆို အဆင်ပြေတယ်မဟုတ်လား”

ယခုတစ်ကြိမ်တွင်မူ မုသားဖော်စက်က အသံမမြည်တော့ပေ။

အပိုင်း(၁၀၄၉) ပြီး၏

All Chapters