← Chapters

အခန်း (၇၇)

Vol. 6 Ch. 77

အခန်း (၇၇)

Vol. 6 Ch. 77

မီးလျှံသားရဲလေးသည် ဥခွံကို စားပြီးနောက်တွင် ကျန်းချန်ဆီ ပြေးလာပြီး ချစ်စဖွယ်အမူအရာဖြင့် ခေါင်းဝှေ့ကာ ချွဲနေခဲ့သည်။

၎င်းက သူ့ကို ပေါက်ဖွားစေသည့် ပိုင်ရှင် ကျန်းချန်ကို အလွန် ချစ်ခင်ပုံရ၏။

ကျန်းချန်က မီးလျှံသားရဲလေး၏ ခေါင်းကို ပုတ်ကာ ပြုံး၍ ပြောလိုက်သည်။

"ကောင်လေး.. အခုကစပြီး မင်းကို ရှောင်ဟော်လို့ ခေါ်မယ်"

မီးလျှံသားရဲလေးက ခေါင်းကို စောင်းငဲ့လိုက်ပြီး ခဏလောက် စဉ်းစားနေဟန် ပြုပြီးမှ အဆုံးသတ်တွင် တွန့်ဆုတ်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။

သူက ကျန်းချန်ပေးသည့် နာမည်ကို သဘောမကျပုံရ၏။

"ငါ့စကားကို နားလည်နိုင်တာလား"

ကျန်းချန်က အံ့အားသင့်စွာ ကြည့်လိုက်ပြီး ချက်ချင်း မေးလိုက်သည်။

"ရှောင်ဟော်.. မင်းရဲ့ ခန္ဓာကိုယ်ကို သေးငယ်သွားအောင် လုပ်လို့မရဘူးလား"

ဤကောင်လေး ကြီးလာသည်နှင့်အမျှ သူ၏ အရွယ်အစားကလည်း ပို၍ ကြီးလာမည်မှာ သေချာသည်။

အရွယ်အစားကို မပြောင်းလဲနိုင်လျှင် သူ့နောက်ကနေ တစ်ကောက်ကောက် လျှောက်လိုက်၍ အဆင်ပြေနိုင်မည် မဟုတ်ပေ။

ကျန်းချန်စကားကို ကြားလျှင် မီးလျှံသားရဲလေး၏ ခန္ဓာကိုယ်သည် အလျင်အမြန် ကျုံ့သွားခဲ့ပြီး မွေးဖွားလာစဥ်က အရွယ်အစား အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

"မဆိုးဘူးပဲ"

ကျန်းချန်က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

ဤအတိုင်းဆိုလျှင် ဤအကောင်လေးကို အပြင်သို့ ခေါ်သွားရသည်မှာ ပို၍ လွယ်ကူသွားပြီ ဖြစ်၏။

မီးလျှံသားရဲလေးကို အချိန်အတော်ကြာအောင် စနောက်ပြီးနောက်တွင် တစ်နေ့လုံး အလုပ်ရှုပ်နေခဲ့သည့် ကျန်းချန်သည် အဆုံးသတ်တွင် အိပ်ရာပေါ်၌ အိပ်ပျော်သွားခဲ့သည်။

နောက်တစ်နေ့ မနက်စောစောတွင် ကျန်းချန်သည် အပြင်ဘက်မှ တံခါးခေါက်သံကြောင့် နိုးလာခဲ့၏။

ကျန်းချန်က အလျင်အမြန် သန့်ရှင်းရေးလုပ်ပြီး တံခါးကို ဖွင့်လိုက်ရာ တံခါးဝတွင် မုန့်ချင်းရွှယ် ရပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုအချိန်မှာပင် ပူပြင်းသည့် အရှိန်အဝါများ ထွက်ပေါ်နေသည့် မီးလျှံသားရဲလေးသည် အခန်းထဲကနေ တိုက်ရိုက် ပြေးထွက်လာခဲ့သည်။

သူက မုန့်ချင်းရွှယ်ရဲ့ ပခုံးပေါ်ကို လိမ္မာပါးနပ်စွာ ခုန်တက်သွားပြီး သူ့ရဲ့ လက်သည်းငယ်လေးများကို ဝှေ့ယမ်းပြီး မုန့်ချင်းရွှယ်ကို နှုတ်ဆက်လိုက်သည်။

"မီးလျှံသားရဲပေါက်လေး"

မုန့်ချင်းရွှယ်က သူ့ပခုံးပေါ်မှ ကောင်လေးကို ကြည့်ပြီး ကျန်းချန်ကို အံ့အားသင့်စွာ ကြည့်လိုက်၏။

"နင် တကယ် ဥကို သားဖောက်နိုင်ခဲ့တာလား"

"ကောင်းကင်ဝါးညွန့် စိတ်ဝိညာဉ်နို့ရည်ကို ရှာတွေ့သ၍ ဥဖောက်ဖို့ သိပ်မခက်ပါဘူးလို့ ငါပြောခဲ့တာပဲလေ"

ကျန်းချန်က ပေါ့ပါးစွာ ပြုံး၍ မေးလိုက်သည်။

"မနက်စောစောစီးစီး ဘာကိစ္စရှိလို့ ငါ့ကို လာခေါ်တာလဲ"

"ညီအစ်မ ချင်းရွှမ်းက မင်းကို ခေါ်ခိုင်းလိုက်တယ်"

မုန့်ချင်းရွှယ်၏ အာရုံသည် ဤအချိန်တွင် သူမ ပခုံးပေါ်ရှိ ချစ်စရာကောင်းသည့် မီးလျှံသားရဲလေးဆီသို့ လုံးဝ ရောက်ရှိနေခဲ့သည်။

သူမက ကျန်းချန်ကိုပင် မကြည့်ဘဲ မီးလျှံသားရဲလေးကို ပွေ့ဖက်ကာ ပြောလိုက်၏။

"လခြမ်းတံဆိပ် ကုန်သွယ်ရေး ခန်းမက သူတို့ရဲ့ လူတစ်ယောက်ကို အပြာရောင်နှင်းခဲ စွန့်စားရေး အဖွဲ့ဆီ စေလွှတ်လိုက်တယ်.. သူတို့က မင်းကို တွေ့ချင်နေကြတယ်"

"လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ"

ကျန်းချန်က မုန့်ချင်းရွှယ်၏ စကားကို ကြားလျှင် အံ့အားသင့်သွားခဲ့သည်။

လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမသည် မဟာရှားနိုင်ငံတော်၏ အကြီးမားဆုံး ကုန်သွယ်ရေး အဖွဲ့များ ထဲမှ တစ်ဖွဲ့ ဖြစ်သည်။

ထိုအဖွဲ့က အင်အား အလွန် ကြီးမားပြီး ၎င်းတို့၏ ဌာနခွဲများသည် မဟာရှား နိုင်ငံတော်၏ စီရင်စု ကိုးခုရှိ မြို့အားလုံးနီးပါးကို လွှမ်းခြုံထား၏။

မဟာရှားနိုင်ငံတော်တွင် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ နာမည်ကို မကြားဖူးတဲ့သူ မရှိသလောက်ဟုပင် ပြော၍ရသည်။

ကျန်းချန်က အနည်းငယ် ထူးဆန်းနေခဲ့၏။

သူက လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမနှင့် ဘယ်တုန်းကမှ အဆက်အဆံ မရှိခဲ့ပေ။

လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ လူတွေက အဘယ်ကြောင့် သူ့ဆီ ရောက်လာရပါသနည်း။

ကျန်းချန်က မီးလျှံသားရဲလေးနှင့် ပျော်ရွှင်နေသည့် မုန့်ချင်းရွှယ်ကို ဂရုမစိုက်တော့ဘဲ အပြင်ကို တိုက်ရိုက် လျှောက်လာခဲ့ပြီး အပြာရောင်နှင်းခဲ စွန့်စားရေးအဖွဲ့၏ ဧည့်ခန်းမ ထဲကို ဝင်လာခဲ့သည်။

ကျန်းချန်က ဧည့်ခန်းထဲ လျှောက်ဝင်လာသောအခါ ယဲ့ချင်းရွှမ်းက အသက်သုံးဆယ်ကျော် အရွယ် လူတစ်ယောက်နှင့် စကားပြောနေသည်ကို တွေ့လိုက်ရ၏။

"ကျန်းချန်.. ရှင်ရောက်လာပြီပေါ့"

ယဲ့ချင်းရွှမ်းက ဆွေးနွေးခန်းထဲကို လျှောက်ဝင်လာသည့် ကျန်းချန်ကို ပြုံးရွှင်စွာ ကြည့်၍ ပြောလိုက်သည်။

"ရှင့်ကို မိတ်ဆက်ပေးရဦးမယ်.. ဒါက လဲ့ရှစ်မြို့က လခြမ်းတံဆိပ် ကုန်သွယ်ရေး ခန်းမရဲ့ ဥက္ကဌစွေ့ပဲ"

"ဆရာကျန်း.. ကျနော်က လဲ့ရှစ်မြို့က လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ စွေ့ဖူပါ.. လာရောက် နှောင့်ယှက်မိတာကို ခွင့်လွှတ်ပေးပါ.. ဆရာကျန်း အပြစ်မယူပါနဲ့နော်"

လူလတ်ပိုင်းအရွယ်လူက အမြန်ထရပ်ပြီး ကျန်းချန်ကို အလွန်ယဉ်ကျေးစွာ ပြောလိုက်သည်။

"ဥက္ကစွေ့.. အားနာလွန်းနေပါပြီ"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး စွေ့ဖူကို ကြည့်ကာ ပြောလိုက်သည်။

"ဥက္ကဌစွေ့.. ငါ့ကို ပြောစရာရှိရင် ပြောပါ"

"ဆရာကျန်းက အရမ်း ပွင့်လင်းနေမှတော့ ကျွန်တော်လည်း ဝေ့ဝိုက်မနေတော့ပါဘူး"

"တကယ်တော့ ကျွန်တော်တို့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမမှာ တတိယအဆင့် ဝိညာဥ်စုဆောင်းခြင်း အစီအရင်ကို တည်ဆောက်ဖို့ အစီအရင်သခင် တစ်ယောက်ကို အရေးတကြီး လိုအပ်နေလို့ပါ"

စွေ့ဖူက ကျန်းချန်ကို အရိုးခံအတိုင်း ပြောလိုက်သည်။

"ဆရာကျန်းက ကျွန်တော့်နောက်ကို လိုက်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်.. ကျွန်တော်တို့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမက ကောင်းမွန်တဲ့ အကျိုးအမြတ်ကို ပေးပါ့မယ်"

အခန်း(၇၇)ပြီး၏

All Chapters