← Chapters

အခန်း (၇၈)

Vol. 6 Ch. 78

အခန်း (၇၈)

Vol. 6 Ch. 78

စွေ့ဖူ လာရောက်ရသည့် အကြောင်းရင်းကို သိရပြီးနောက်တွင် ကျန်းချန်သည် စွေ့ဖူ၏ ဖိတ်ကြားမှုကို ဝမ်းသာစွာပင် လက်ခံလိုက်သည်။

လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမသည် အင်အား အလွန်ကြီးမားပြီး မဟာရှားနိုင်ငံတော်ရှိ ကူးသန်းရောင်းဝယ်ရေး၏ တစ်ဝက်နီးပါးကို သိမ်းပိုက်ထားသော အဖွဲ့အစည်း ဖြစ်သည်။

လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကို ကူညီနိုင်လျှင် သူ့အတွက် အကျိုးရှိပြီး အန္တရာယ် မရှိသည်မှာ သေချာ၏။

မိနစ်နှစ်ဆယ်အကြာတွင် စွေ့ဖူသည် ကျန်းချန်ကို လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ နောက်ဖေးရှိ ခြံဝင်းတစ်ခု ဆီသို့ ခေါ်လာခဲ့သည်။

ခြံဝင်းထဲကို ဝင်လိုက်သည်နှင့် ခြံဝင်းထဲတွင် လူတစ်ဒါဇင်ခန့် ရပ်နေသည်ကို ကျန်းချန် တွေ့လိုက်ရ၏။

ရှေ့ဆုံးတွင် အဖြူရောင်ဝတ် လူလတ်ပိုင်းအရွယ် လူတစ်ယောက်နှင့် အသက်နှစ်ဆယ်ကျော်အရွယ် ခရမ်းရောင်ဝတ် လူငယ်တစ်ယောက်တို့ ဘေးချင်းယှဉ်၍ ရပ်နေကြသည်။

သူတို့နောက်တွင် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အဝတ်အစားကို ဝတ်ဆင်ထားသည့် လူတစ်ဒါဇင်ခန့် ရှိ၏။

သူတို့က လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အဂ္ဂိရတ် သခင်များနှင့် သားရဲသခင်များ ဖြစ်နိုင်ပေသည်။

သို့သော် အဆင့်သိပ်မမြင့်မားဘဲ ဒုတိယအဆင့်သာ ဖြစ်ပုံရ၏။

ထိုအချိန်တွင် သူတို့အားလုံး၏ အကြည့်သည် ခြံဝင်း အလယ်တွင် ရှိသည့် ဧရာမ လင်းယုန်တစ်ကောင် ဆီသို့ ရောက်ရှိနေကြသည်။

လင်းယုန်က အလွန်တရာ ကြီးမားပြီး အတောင်ပံများပင် ပေတစ်ထောင်ကျော် ရှည်လျား၏။

လင်းယုန်၏ အတောင်ပံတွင် မှိန်ဖျော့ဖျော့ မိုးကြိုးအလင်းများဖြင့် တစ်လက်လက် တောက်ပနေခဲ့သည်။

ဤလင်းယုန်၏ အမွေးအတောင်များက ရှုပ်ပွနေပြီး ခန္ဓာကိုယ်တွင် သွေးများ ဖုံးလွှမ်းနေကာ အသက်ရှူနှုန်းကလည်း အတော်လေး နှေးကွေးနေ၏။

တစ်ချက်ကြည့်ရုံဖြင့်ပင် အပြင်းအထန် ဒဏ်ရာရနေသည်ကို သိနိုင်သည်။

တတိယအဆင့် သားရဲ၊ မိုးကြိုးအတောင်ပံ လင်းယုန်။

ကျန်းချန်က ခြံဝင်းအလယ်ရှိ ဒဏ်ရာရနေသော ဧရာမလင်းယုန်ကြီးကို ကြည့်ကာ အံ့အားသင့်သွားခဲ့၏။

စွေ့ဖူ သူ့ကို ခေါ်လာသည်မှာ သူ့ရှေ့က မိုးကြိုးအတောင်ပံ လင်းယုန်ကြောင့် ဖြစ်နိုင်ပါသလော။

"ဆရာယွဲ့.. ဆရာကျန်းကို ဖိတ်ခေါ်လာခဲ့ပါပြီ"

ကျန်းချန် အံ့အားသင့်နေချိန်မှာပင် စွေ့ဖူက သူ့ကို အဖြူရောင်ဝတ် လူလတ်ပိုင်းအရွယ် လူဆီသို့ ခေါ်သွားပြီး ရိုသေလေးစားစွာ ပြောလိုက်သည်။

အဖြူရောင်ဝတ် လူလတ်ပိုင်းအရွယ် လူက အသက်လေးဆယ်ဝန်းကျင်ရှိပြီး ချောမောခန့်ညားကာ ကြည်ညိုဖွယ်ကောင်းသော ရုပ်ဆင်းသဏ္ဍာန် ရှိသည်။

သူ၏ခန္ဓာကိုယ်ကလဲ နားလည်ရခက်သည့် အရှိန်အဝါကို ထုတ်လွှတ်နေ၏။

ကျန်းချန်၏ စိတ်နှလုံးက တုန်လှုပ်သွားခဲ့သည်။

ဤအဖြူရောင်ဝတ် လူလတ်ပိုင်းအရွယ် လူက အလွန်ပင် အင်အားကြီးမား၏။

အနည်းဆုံး မူလဘူတ နယ်ပယ် အဆင့် ကျင့်ကြံသူ ဖြစ်နိုင်သည်။

"ဥက္ကဌစွေ့ ဒီကောင်လေးက မင်းရှာလာတဲ့ တတိယအဆင့် အစီအရင်သခင်လို့ ငါ့ကို မပြောနဲ့နော်"

ကျန်းချန်က သူ့ရှေ့က အဖြူရောင်ဝတ် လူလတ်ပိုင်းအရွယ် လူကို ကြည့်နေစဥ်မှာပင် ရုတ်တရက် မထီမဲ့မြင် အသံတစ်သံ ထွက်ပေါ်လာ၏။

ကျန်းချန်က သူ့ခေါင်းကို အနည်းငယ် မော့၍ ကြည့်လိုက်ရာ အဖြူရောင်ဝတ် လူလတ်ပိုင်းအရွယ် လူ၏ နံဘေးရှိ ခရမ်းရောင်ဝတ် လူငယ်က မထီမဲ့မြင် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"ဆရာခုံး.. ဆရာကျန်းက တကယ်ပဲ တတိယအဆင့် အစီအရင်သခင်ပါ.. သူက လဲ့ရှစ်မြို့ရဲ့ တစ်ဦးတည်းသော တတိယအဆင့် အစီအရင်သခင်လည်း ဖြစ်တယ်"

ခရမ်းရောင်ဝတ်လူငယ်၏ စကားကြောင့် စွေ့ဖူက အနည်းငယ် မျက်မှောင်ကြုတ်ကာ ရှင်းပြလိုက်သည်။

"ဥက္ကဌစွေ့.. အစီအရင်ပညာရပ်က အလွန်ကျယ်ပြောပြီး နက်နဲတယ်.. ဆယ်နှစ် ဒါမှမဟုတ် ရှစ်နှစ်လောက် လေ့လာရင်တောင် တတိယအဆင့် အစီအရင်သခင် ဖြစ်လာဖို့ မလွယ်ဘူး"

"မဟာရှားနိုင်ငံရဲ့ ကုန်းမိသားစုက အစီအရင် ပါရမီရှင်တွေ ထဲမှာတောင် အသက်နှစ်ဆယ်မှာ တတိယအဆင့် အစီအရင်သခင် အဖြစ် ရောက်ရှိနိုင်တဲ့သူ အနည်းငယ်ပဲ ရှိတယ်"

"ဟက်.. ဒီကောင်လေးက ကုန်းမိသားစုရဲ့ အစီအရင်ပါရမီရှင်တွေနဲ့ ယှဉ်နိုင်တယ်လို့တော့ ငါ့ကိုမပြောနဲ့နော်"

ခရမ်းရောင်ဝတ် လူငယ်က ရုတ်တရက် ပျက်ရယ်ပြုကာ ပြောလိုက်သည်။

"ငါက တတိယအဆင့် အစီအရင်သခင် ဟုတ်ဟုတ် မဟုတ်ဟုတ် မင်းနဲ့ ဘာဆိုင်လဲ.. ချီးလာမပေါက်နဲ့"

ကျန်းချန်က ခရမ်းရောင်ဝတ် လူငယ်ကို အေးစက်စက် ကြည့်လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။

"ကောင်လေး...လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမက မင်းကို ဒီမိုးကြိုးအတောင်ပံ လင်းယုန်ကို ကုသရာမှာ ကူညီပေးဖို့ ဖိတ်ခေါ်လာတာပဲ"

"သားရဲသခင် တစ်ယောက်အနေနဲ့ ငါက မိုးကြိုးအတောင်ပံ လင်းယုန် အတွက် ကုသမှု နည်းလမ်းတစ်မျိုးကို ဖော်ထုတ်ထားတယ်.. အဲဒီအတွက် တတိယအဆင့် ဝိညာဉ်စုဆောင်းခြင်း အစီအရင်ရဲ့ အကူအညီကို လိုအပ်တယ်"

"မင်း တတိယအဆင့် ဝိညာဉ်စုဆောင်းခြင်း အစီအရင်ကို မတည်ဆောက်နိုင်ရင် အရှက်မရခင် အခုကတည်းက နောက်ဆုတ်လိုက်တာ ပိုကောင်းလိမ့်မယ်"

"အကယ်၍သာ ကုသမှုလုပ်ငန်းစဉ်အတွင်း တစ်ခုခု မှားယွင်းသွားခဲ့ရင် အကျိုးဆက်ကို မင်း ခံယူနိုင်မှာမဟုတ်ဘူး"

ခရမ်းရောင်ဝတ် လူငယ်က ကျန်းချန်ကို စိုက်ကြည့်၍ ပြောလိုက်သည်။

သူ၏ မျက်လုံးထဲတွင် ရေခဲကဲ့သို့ အေးစက်သော အအေးဓာတ်များ ရှိနေ၏။

[ဒီကောင်က ငါ့ရှေ့မှာ ဒီလိုမျိုး ပြောရဲတယ်.. ဒါက သေချင်နေတာပဲ]

ဂျန်ချန်က ခရမ်းရောင်ဝတ် လူငယ်ကို မထီမဲ့မြင် ကြည့်ကာ ပြောလိုက်သည်။

"ငါ့ကို အထက်စီးကနေ ဆက်ဆံရအောင် မင်းက ဘာကောင်လဲ.. ငါ့ကို ကူညီစေချင်ရင်တောင် မင်းက ထိုက်တန်မှုမရှိဘူး"

အခန်း(၇၈) ပြီး၏

All Chapters