အခန်း (၇၉)
Vol. 6 Ch. 79
"ကောင်လေး.. မင်း ဘာစကားပြောတာလဲ"
ကျန်းချန်၏ စကားကို ကြားလျှင် လူငယ်လေးက ချက်ချင်းပင် ဒေါသထွက်သွားသည်။
ကျန်းချန်ကို ကြည့်နေသည့် သူ့မျက်လုံးများသည် မီးဝင်းဝင်း တောက်နေခဲ့၏။
"ဦးလေးယွဲ့.. ဦးလေးရဲ့ မိုးကြိုးအတောင်ပံ လင်းယုန် ဒဏ်ရာက ကျနော် မကုသနိုင်ပုံပဲ.. ဒါကြောင့် တခြားတစ်ယောက်ကိုသာ ရှာလိုက်ပါ"
ခရမ်းရောင်ဝတ် လူငယ်က စကားဆုံးသည်နှင့် ချာခနဲ လှည့်ထွက်သွားရန် ပြင်လိုက်သည်။
"တူလေး ခုံးမော့ရှန်း.. ခဏလေးနေပါဦး.. ဒီလဲ့ရှစ်မြို့အနီးမှာ တတိယအဆင့် သားရဲသခင်ဆိုလို့ မင်း တစ်ယောက်ပဲ ရှိတယ်"
"ဒါပေမဲ့ ငါ့မိုးကြိုးအတောင်ပံ လင်းယုန် ဒဏ်ရာကို မင်း မကုသနိုင်မှာ ငါ စိုးရိမ်မိတာတော့ အမှန်ပဲ"
အဖြူရောင်ဝတ် လူလတ်ပိုင်းအရွယ် လူက ခုံးမော့ရှန်းကို ပြောပြီးနောက် ကျန်းချန်ကို ကြည့်ကာ မေးလိုက်သည်။
"ညီငယ်လေး.. မင်း ငါ့ကို မျက်နှာသာပေးပြီး ငါ့ရဲ့ မိုးကြိုးအတောင်ပံ လင်းယုန်ရဲ့ ဒဏ်ရာအတွက် ကုသနည်း ပြောပြလို့ရမလား"
"ရပါတယ်"
ကျန်းချန်က ပေါ့ပေါပါးပါးပင် ခေါင်းညိတ်လိုက်သည်။
သူက ခရမ်းရောင်ဝတ်လူငယ်၏ ပညာပြခြင်းကို ခံနေရသည့် အဖြူရောင်ဝတ် လူလတ်ပိုင်းအရွယ် လူကို မျက်နှာသာ ပေးချင်ခဲ့သည်။
"ကျေးဇူးတင်ပါတယ်"
အဖြူရောင်ဝတ် လူလတ်ပိုင်းအရွယ် လူက သူ့ကို ကျေးဇူးတင်စကားပြောပြီးနောက် ခုံးမော့ရှန်းကို ကြည့်ကာ ပြောလိုက်သည်။
"တူလေး ခုံးမော့ရှန်း.. မင်းရော မင်းရဲ့ ကုသမှု အစီအစဉ်ကို ပြောပြနိုင်မလား"
"ဦးလေးယွဲ့.. ဦးလေးရဲ့ မိုးကြိုးအတောင်ပံ လင်းယုန်က ဒဏ်ရာအပြင်းအထန်ရပြီး သေလုမြောပါး ဖြစ်နေပြီ"
"မိုးကြိုးအတောင်ပံ လင်းယုန်ကို ပြန်လည် ကောင်းမွန်စေဖို့ အတွက်ဆိုရင် ကျွန်တော့်ရဲ့ တတိယအဆင့် သားရဲကုထုံးနဲ့ ပူးပေါင်းဖို့အတွက် တတိယအဆင့် မိုးကြိုးဝိညာဉ် ဆေးလုံးနဲ့ တတိယအဆင့် ဝိညာဉ်စုဆောင်းခြင်း အစီအရင်ကို လိုအပ်ပါတယ်"
ခုံးမော့ရှန်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
"ဟက်... မင်း ဘယ်လို အမှိုက်နည်းလမ်းတွေ လျှောက်ပြောနေတာလဲ"
ထိုအချိန်မှာပင် ခုံးမော့ရှန်း၏ နားထဲသို့ လှောင်ရယ်သံ တစ်သံ ဝင်ရောက်လာခဲ့သည်။
"ကောင်လေး.. မင်းက ဘာနားလည်လို့လဲ"
"ငါက တတိယအဆင့် သားရဲသခင်ပဲ.. ငါ့ရဲ့ နည်းလမ်းကို အမှိုက်လို့ ပြောဖို့ မင်းမှာ ဘာအရည်အချင်း ရှိလို့လဲ"
ခုံးမော့ရှန်း၏ မျက်နှာက မည်းမှောင်သွားသည်။
သူ၏ မျက်လုံးများတွင် အေးစက်သော အလင်းများ လင်းလက်သွားခဲ့သည်။
"မင်းက တတိယအဆင့် သားရဲသခင်လား.. ချီး.. မင်းဘယ်လို တတိယအဆင့် သားရဲသခင် ဖြစ်လာတာလဲ.. လာဘ်ထိုးပြီး ရလာတာလား"
ကျန်းချန်က ခုံးမော့ရှန်းကို ရစရာမရှိအောင် ခနဲ့လိုက်သည်။
"ဒီကုသမှုနည်းလမ်းအတိုင်း လုပ်ခဲ့ရင် မိုးကြိုးအတောင်ပံ လင်းယုန် သေချာပေါက် မသာပေါ်မယ်လို့ ငါ အတိအကျ ပြောရဲတယ်"
ကျန်းချန်၏ ပြတ်သားသော စကားကို ကြားလျှင် ခြံဝင်းထဲရှိ လူအားလုံး ခဏမျှ အေးခဲသွားကြသည်။
အဖြူရောင်ဝတ် လူလတ်ပိုင်းအရွယ် လူက မေးလိုက်သည်။
"ညီငယ်လေး.. မင်းလည်း သားရဲသခင်တစ်ယောက်လား"
"မပြောပလောက်တဲ့ အရည်အချင်းလေးပါ.. ကျနော်က စတုတ္ထအဆင့် သားရဲသခင်ပါ"
"ချီး.. ဒီကောင်လေးက စတုတ္ထအဆင့် သားရဲသခင်ပေါ့လေ.. ဒီကောင်လေး လေလုံးထွားနေတာ ဖြစ်နိုင်တယ်မလား"
"ဒါက မသိသာလွန်းနေဘူးလား.. သူ့ဘေးက ခုံးမိသားစုရဲ့ ခုံးမော့ရှန်းတောင် တတိယအဆင့် သားရဲသခင်ပဲ ရှိသေးတာ.. သူက ဘယ်လိုလုပ်ပြီီး စတုတ္ထအဆင့် သားရဲသခင် ဖြစ်နိုင်မှာလဲ"
"တတိယအဆင့် သားရဲသခင် ဆိုရင်တောင် သံသယဖြစ်စရာ ကောင်းနေပြီ.. အခုဟာက စတုတ္ထအဆင့် သားရဲသခင်ဆိုတော့ အဓိပ္ပါယ်မရှိဘူး.. ဟုတ်တယ်မလား"
ခြံဝင်းထဲရှိ လခြမ်းတံဆိပ် ကုန်သွယ်ရေး ခန်းမမှ လူများသည် ကျန်းချန်ကို မထီမဲ့မြင် ရယ်မောလိုက်ကြသည်။
"ဟားဟား... ကောင်လေး.. မင်းက လေလုံးထွားလှချည်လား"
ခုံးမော့ရှန်းက ကမ္ဘာပေါ်ရှိ အရယ်ရဆုံး ဟာသကို ကြားလိုက်ရသလို ကျန်းချန်ကို ကြည့်ကာ ရယ်မောလိုက်သည်။
"မင်းက တတိယအဆင့် အစီအရင်သခင်နဲ့ စတုတ္ထအဆင့် သားရဲသခင် တကယ်ပဲ ဆိုရင် အခုကစပြီး ငါ့နာမည်ကို ပြောင်းပြန် ရေးပေးလိုက်မယ်"
"မိုးကြိုးဝိညာဉ် ဆေးလုံးနဲ့ ဝိညာဉ်စုဆောင်းခြင်း အစီအရင်က မိုးကြိုးအတောင်ပံ လင်းယုန်ကို ပြန်လည်ကောင်းမွန်စေဖို့ အထောက်အကူ ဖြစ်ပေမယ့် ထိန်းချုပ်နိုင်ဖို့ ခဲယဥ်းတယ်"
"မင်းရဲ့ တတိယအဆင့် သားရဲသခင် စွမ်းရည်နဲ့တော့ လုံးဝ ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး"
ကျန်းချန်က ပြတ်သားစွာ ပြောလိုက်သည်။
"ငါ့စကားကို မယုံကြည်ရင် စမ်းကြည့်နိုင်တယ်"
"ဒီကောင်လေးပြောတာ နည်းနည်းတော့ အဓိပ္ပါယ်ရှိသလိုပဲ"
"ဟုတ်တယ်.. မိုးကြိုးဝိညာဉ် ဆေးလုံးကို ဝိညာဉ်စုဆောင်းခြင်း အစီအရင် နဲ့ တစ်ချိန်တည်းမှာ မိုးကြိုးအတောင်ပံ လင်းယုန် အပေါ် အသုံးပြုတာမျိုးကို တတိယအဆင့် သားရဲသခင် မကိုင်တွယ်နိုင်မှာ ငါစိုးရိမ်မိတယ်"
"သားရဲသခင်က ဒီအင်အားကြီးမားတဲ့ စွမ်းအားနှစ်ခုကို မထိန်းချုပ်နိုင်ရင် မိုးကြိုးအတောင်ပံ လင်းယုန်က ဒီအခြေအနေမှာ တကယ်ပဲ သေသွားရလိမ့်မယ်"
ကျန်းချန်၏ စကားကိုကြားပြီးနောက်တွင် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမမှ အဂ္ဂိရတ်သခင်နှင့် သားရဲသခင်များသည် မနေနိုင်တော့ဘဲ အချင်းချင်း ဆွေးနွေးပြောဆိုခဲ့ကြသည်။
ထိုဆွေးနွေးသံများကို ကြားလျှင် ခုံးမော့ရှန်း၏ မျက်နှာသည် ချက်ချင်းပင် လငပုတ်ဖမ်းသလို အလွန်အမင်း မှောင်မိုက်သွားခဲ့သည်။
အခန်း(၇၉) ပြီး၏