← Chapters

အခန်း (၈၁)

Vol. 6 Ch. 81

အခန်း (၈၁)

Vol. 6 Ch. 81

"ဘယ်လို"

ကျန်းချန်၏ စကားလုံးများက ခြံဝင်းထဲရှိ လူအားလုံးကို ချက်ချင်းပင် ကြောင်တောင်တောင် ဖြစ်သွားစေခဲ့သည်။

သူတို့အားလုံးက ကျန်းချန်ကို အံ့အားသင့်စွာ ကြည့်နေကြ၏။

"ဒီကောင်လေးက သူတို့ အားလုံးရှေ့မှာ ခရမ်းရောင်မိုးကြိုး ဆေးလုံးကို သန့်စင်ပြမယ်တဲ့လား"

"ခရမ်းရောင်မိုးကြိုး ဆေးလုံးက စတုတ္ထအဆင့် အလယ်အလတ် ဆေးလုံးပဲ"

"မဟာရှားနိုင်ငံရဲ့ နာမည်ကျော် စတုတ္ထအဆင့် အဂ္ဂိရတ်သခင်တချို့တောင် ခရမ်းရောင်မိုးကြိုးဆေးလုံးကို အလွယ်တကူ သန့်စင်နိုင်မှာ မဟုတ်ဘူး"

"ဒီကောင်လေးက ခရမ်းရောင်မိုးကြိုး ဆေးလုံးကို ဘယ်လိုလုပ် သန့်စင်နိုင်မှာလဲ"

"ကောင်လေး.. ငါ့တစ်သက်မှာ ဘယ်သူ့ကိုမှ မလေးစားဖူးဘူး.. ဒါပေမယ့် ဒီနေ့ မင်းကိုတော့ တကယ် လေးစားမိတယ်"

"မင်းရဲ့ လေလုံးထွားတဲ့ စွမ်းရည်က မဟာရှားနိုင်ငံ တစ်ခုလုံးနဲ့ ယှဥ်ကြည့်ရင်တောင် ပြိုင်ဘက်ကင်းလို့ သတ်မှတ်နိုင်တယ်"

ခုံးမော့ရှန်းက အေးစက်စွာ ရယ်မောလိုက်သည်။

သူက သူ့ဘေးမှ အဖြူရောင်ဝတ် လူလတ်ပိုင်းအရွယ် လူကို တိုက်ရိုက် ပြောလိုက်သည်။

"ဦးလေးယွဲ့.. ဒီကောင်လေးက လေလုံးပဲ ထွားတတ်တဲ့ အမှိုက်ကောင်ပဲ.. သူ ဒီမှာရှိနေတာက မိုးကြိုးအတောင်ပံ လင်းယုန်ကို ကုသရာမှာ အနှောင့်အယှက် ဖြစ်လိမ့်မယ်.. သူ့ကို မောင်းထုတ်လိုက်တော့ ဦးလေးယွဲ့"

အဖြူရောင်ဝတ် လူလတ်ပိုင်းအရွယ် လူက ခုံးမော့ရှန်း၏ စကားကို ဂရုမစိုက်ခဲ့ပေ။

သူက ကျန်းချန်ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးမှ စွေ့ဖူကို ပြောလိုက်သည်။

"စွေ့ဖူ.. ခရမ်းရောင်မိုးကြိုးဆေးလုံးအတွက် ပစ္စည်းအချို့ကို သွားပြင်ဆင်လိုက်ပါ"

သူက တစ်သက်လုံး လူပေါင်းများစွာကို ဖတ်ရှုခဲ့သော်လည်း သူ့ရှေ့မှ လူငယ်ကဲ့သို့ တည်ငြိမ်ပြီး ယုံကြည်မှုအပြည့်ရှိသည့် သူမျိုး တစ်ခါမှ မတွေ့ဖူးပေ။

အဖြူရောင်ဝတ် လူလတ်ပိုင်းအရွယ် လူသည် သူ့ရှေ့မှ ကောင်လေးက ခုံးမော့ရှန်း ပြောသလို လေလုံးထွားသည့်ကောင် မဟုတ်ဟု ရုတ်တရက် ခံစားမိလိုက်သည်။

ဤလူငယ်လေးသည် ခရမ်းရောင်မိုးကြိုးဆေးလုံးကို အမှန်တကယ် သန့်စင်ကောင်း သန့်စင်နိုင်ပေလိမ့်မည်။

တကယ်သာ သန့်စင်နိုင်လျှင် သူ့ရှေ့မှ လူငယ်လေးသည် အဂ္ဂိရတ်ပညာရပ်တွင် ပါရမီရှင်တစ်ယောက် ဖြစ်မည်မှာ သေချာ၏။

အဖြူရောင်ဝတ် လူလတ်ပိုင်းအရွယ် လူက ကျန်းချန်၏ စွမ်းဆောင်ရည်ကို အတော်လေး မျှော်လင့်နေမိသည်။

"နှစ်စုံ မလိုပါဘူး.. တစ်စုံဆို ရပါပြီ"

ကျန်းချန်က သူ့လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

သူ၏ စကားလုံးများက အထက်စီးဆန်နေပုံရ၏။

ကျန်းချန်၏ စကားကို ကြားလျှင် ခြံဝင်းထဲရှိ လူအားလုံး၏ နှုတ်ခမ်းများသည် ရွဲ့မလိုပင် ဖြစ်သွားခဲ့သည်။

"ဒီကောင်လေးက ပစ္စည်းတစ်စုံစာပဲ လိုတယ်လို့ ပြောနေတာလား"

"ဒါဆို သူက ခရမ်းရောင်မိုးကြိုးဆေးလုံးကို တစ်ကြိမ်ထဲနဲ့ သန့်စင်ချင်နေတာပေါ့"

"ဒါ.. ဒါက အရမ်း ရူးသွပ်ချင်စရာပဲ"

ဆေးလုံးက အဆင့်မြင့်လေလေ၊ အဂ္ဂိရတ်သခင်များ အတွက် အောင်မြင်မှုနှုန်း နည်းလေလေ ဖြစ်သည်။

ယေဘုယျအားဖြင့် စတုတ္ထအဆင့် အဂ္ဂိရတ်သခင် တစ်ယောက်သည် စတုတ္ထအဆင့် ဆေးလုံးကို သန့်စင်လျှင် ဆယ်ကြိမ်တွင် ရှစ်ကြိမ်လောက် ကျရှုံးတတ်သည်။

ဤကောင်လေးက တကယ်ပဲ စတုတ္ထအဆင့် အဂ္ဂိရတ်သခင် ဆိုလျှင်ပင် ကံတရားမှလွဲရင် အောင်မြင်ဖို့ အခွင့်အရေး လုံးဝ မရှိပေ။

"ညီငယ်လေး.. မင်း.. မင်း သေချာရဲ့လား"

အဖြူရောင်ဝတ် လူလတ်ပိုင်းအရွယ် လူသည်လည်း ကျန်းချန်၏ စကားကြောင့် အံ့သြထိတ်လန့်သွားခဲ့သည်။

"သေချာတာပေါ့"

ကျန်းချန်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးကာ ပြောလိုက်သည်။

"ကျနော်က ဆေးလုံးသန့်စင်ရာမှာ ဘယ်တော့မှ မကျရှုံးဖူးဘူး"

[အရမ်းကို မာနကြီးတယ်.. အရမ်းကို ယုံကြည်မှုရှိတယ်.. တော်တော် လေလုံးထွားတဲ့ ကောင်လေးပဲ]

"ဒီလိုဆိုရင်လည်း မင်းရဲ့ ကျွမ်းကျင်မှုက မင်းပြောသလောက်စွဲမက်ဖို့ကောင်းလား ဆိုတာ ငါကြည့်ပါရစေ"

သူက အသက်ကို ဝအောင်ရှူပြီး အခုထိ ငေးကြောင်နေသည့် စွေ့ဖူကို ကြည့်ကာ ပြောလိုက်သည်။

"စွေ့ဖူ အမြန်သွားပြီး ခရမ်းရောင်မိုးကြိုးဆေးလုံး အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ယူလာခဲ့ပါ"

"ဟုတ်ကဲ့ ဆရာယွဲ့"

စွေ့ဖူက ခြံဝင်းထဲကနေ ချက်ချင်း ပြေးထွက်သွားခဲ့သည်။

မိနစ်အနည်းငယ်အကြာတွင် စွေ့ဖူက ခရမ်းရောင်မိုးကြိုးဆေးလုံး သန့်စင်ရန် အတွက် လိုအပ်သည့် ပစ္စည်းများကို ယူကာ ပြန်လာခဲ့၏။

ကျန်းချန်က ပစ္စည်းများကို စွေ့ဖူထံမှ ယူပြီးနောက် ဆေးမီးဖိုကို ထုတ်ယူကာ တခြားသူများကို လျစ်လျူရှုထားလိုက်ပြီး ဆေးလုံး သန့်စင်ရန် စတင်လိုက်သည်။

ကျန်းချန်က လျင်မြန်စွာပင် လှုပ်ရှားနေခဲ့သည်။

စနစ်၏ အောင်မြင်နှုန်း အဆတစ်ရာဖြင့်ဆိုလျှင် အဂ္ဂိရတ် လုပ်ငန်းစဉ်တွင် တစ်ခါတစ်ရံ ပြဿနာတစ်ခုခု ကြုံတွေ့ခဲ့လျှင်ပင် အပြည့်အဝ ဖြေရှင်းနိုင်မည် ဖြစ်၏။

နာရီဝက်အကြာတွင် ကျန်းချန်သည် ဆေးလုံးကို သိပ်သည်းအောင် လက်ဟန်စည်းတံဆိပ် ခတ်လိုက်သည်နှင့် ကြွယ်ဝသော ဆေးလုံးရနံ့သည် ခြံဝင်းတစ်ခုလုံးကို ချက်ချင်းပင် လွှမ်းမိုးသွားခဲ့၏။

"ဒီကောင်လေး... တကယ်ပဲ စတုတ္ထအဆင့် အလယ်အလတ်ဆေးလုံး၊ ခရမ်းရောင်မိုးကြိုး ဆေးလုံးကို သန့်စင်​လိုက်တာလား.."

"လခွမ်း.. တစ်ခါတည်း အောင်မြင်သွားတယ်လား"

သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း ခြံဝင်းထဲရှိ လူအားလုံးသည် မျက်လုံးများ ပြူးကျယ်သွားကြသည်။

သူတို့၏ မျက်လုံးထဲတွင် မကြုံစဖူး အံ့သြထိတ်လန့်သော အရိပ်အယောင်များ ရှိနေခဲ့၏။

အခန်း(၈၁) ပြီး၏

All Chapters