အခန်း (၈၄)
Vol. 6 Ch. 84
ကျန်းချန်တို့ နှစ်ယောက် လင်ယွင်ကျောင်းတော်ကို ပြန်ရောက်သည့်ညတွင် မုန့်ချင်းရွှယ်၏ ထိုက်ယင် အထူးခန္ဓာကိုယ်က ရုတ်တရက် ထဖောက်လာ၍ မုန့်ချင်းရွှယ် သတိလစ်သွားခဲ့၏။
ထို့ကြောင့် နောက်တစ်နေ့ မနက်စောစောတွင် ကျန်းချန်သည် ပေတန်းခန်းမကို တန်းသွားခဲ့ပြီး ထန်ရှန့်ကို ရှာဖွေကာ ဒဏ္ဍာရီလာ ရွှယ်ယန်ဆေးလုံးကို သန့်စင်ရန်အတွက် လိုအပ်သည့် ပစ္စည်းများကို စုဆောင်းရန် ပြင်ဆင်ခဲ့သည်။
"ညီနောင် ကျန်းချန်.. မင်းပြောတဲ့ ပစ္စည်းတွေထဲမှာ ရွှယ်ဖုန်းအဆီအနှစ် ကျောက်တုံးနဲ့ နဂါးသွေး ဂျင်ဆင်းက အရမ်း ရှားပါးတယ်.. ငါတို့ ပေတန်းခန်းမမှာ မရှိဘူး"
"ဒီဆေးဖက်ဝင် ပစ္စည်းနှစ်ခုက လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမဆီမှာပဲ ရနိုင်မယ်လို့ ထင်တယ်"
ထန်ရှန့်က ခေါင်းခါလိုက်ပြီး ခါးသီးစွာ ပြုံးကာ ကျန်းချန်ကို ကြည့်လိုက်သည်။
"ငါ လူတစ်ယောက်ကို လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမဆီစေလွှတ်ပြီး ဒီဆေးဖက်ဝင် ပစ္စည်းနှစ်ခုကို ဝယ်ခိုင်းလိုက်မယ်"
"မလိုပါဘူး.. ငါကိုယ်တိုင်ပဲ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမဆီ သွားလိုက်ပါ့မယ်"
ကျန်းချန်က သူ့လက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏။
သူ့လက်ထဲတွင် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အမြင့်ဆုံး တံဆိပ်ပြား ရှိနေသည်ဖြစ်ရာ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမဆီ သွားပြီး ဆေးဖက်ဝင် ပစ္စည်းနှစ်ခုကို ရယူရန်မှာ လွယ်ကူသည် မဟုတ်ပါလား။
ပေတန်းခန်းမကနေ ထွက်ခွာလာပြီးနောက် ကျန်းချန်သည် လမ်းအနည်းငယ် လျှောက်ပြီးနောက်တွင် အလွန်အမင်း အလှဆင်ထားသည့် အဆောက်အအုံတစ်ခု ဆီသို့ ရောက်လာခဲ့သည်။
ဤအဆောက်အအုံ၏ တံခါးဝတွင် လခြမ်းတံဆိပ် ကုန်သွယ်ရေးအဖွဲ့ ဟူသည့် ဖောင်းကြွ စာလုံးကြီးများက ထင်ရှားစွာ ရှိနေခဲ့၏။
"ဧည့်သည်.. ဘာများ ကူညီပေးရမလဲရှင့်"
ကျန်းချန်က လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမထဲကို ဝင်လိုက်သည်နှင့် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ လှပသော အရောင်းဝန်ထမ်း မိန်းမလှလေးက ပြုံးရွှင်သော မျက်နှာထားဖြင့် ကျန်းချန်ဆီ လျှောက်လာခဲ့သည်။
ကျန်းချန်က ခေါင်းညိတ်ပြလိုက်ပြီး "ရွှယ်ဖုန်းအဆီအနှစ်ကျောက်တုံးနှင့် နဂါးသွေး ဂျင်ဆင်း ရှိလား"ဟု မေးခွန်းထုတ်လိုက်သည်။
"ခဏလေးစောင့်ပေးပါ.. ဧည့်သည်ရှင့်"
အရောင်းဝန်ထမ်းမလေးက ချိုသာစွာ ပြောလိုက်ပြီး ကောင်တာထဲမှ ပစ္စည်းစာရင်းကို ထုတ်ယူကာ လှန်လှောကြည့်လိုက်သည်။
နှစ်မိနစ်လောက်ကြာပြီးနောက်တွင် သူမက ကျန်းချန်ကိုပြုံးရွှင်စွာ ပြောလိုက်သည်။
"ဧည့်သည် ကံကောင်းပါတယ်...ကျမတို့ ကုန်သွယ်ရေးခန်းမမှာ ရွှယ်ဖုန်း အဆီအနှစ် ကျောက်တုံးနဲ့ နဂါးသွေး ဂျင်ဆင်း တစ်စုံစာ ကျန်ရှိပါတယ်"
"ဒီဆေးဖက်ဝင်ပစ္စည်း နှစ်ခုကို ရယူဖို့ ကူညီပေးတဲ့အတွက် မိန်းကလေးကိုလဲ ကျေးဇူးတင်ပါတယ်"
ကျန်းချန်က အဓိပ္ပါယ်မရှိသည့် စကားများ မပြောဘဲ လှပသည့် အရောင်းဝန်ထမ်းမလေးကို တိုက်ရိုက် ပြောလိုက်သည်။
"ခဏလေး"
"ငါ ဒီရွှယ်ဖုန်း အဆီအနှစ် ကျောက်တုံးနဲ့ နဂါးသွေး ဂျင်ဆင်းကို လိုချင်တယ်"
ထိုအချိန်မှာပင် ကျန်းချန်၏ နောက်ကနေ အေးစက်စက် အော်ဟစ်သံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
ကျန်းချန် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူက လှည့်ကြည့်လိုက်ရာ သူ့ဆီသို့ လျှောက်လာနေသည့် အဖြူရောင်ဝတ်စုံဝတ် အနည်းငယ် ရင်းနှီးသည့် ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရ၏။
"ပိုင်ကျိရွှယ်.. ဒါဘာသဘောလဲ"
ကျန်းချန်က အဖြူရောင်ဝတ် ကောင်လေးကို ကြည့်ပြီး သူ၏ မျက်လုံးများ ရုတ်တရက် အေးစက်သွားခဲ့သည်။
အဖြူရောင်ဝတ် ကောင်လေးက တခြားသူ မဟုတ်ပေ။
ချင်းရွှယ်ခန်းမတွင် သူ့နှင့် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး နောက်ဆုံးတွင် ယန်ချင်းရွှယ်၏ နှင်ထုတ်ခြင်းကို ခံခဲ့ရသည့် ပိုင်ကျိရွှယ် ဖြစ်သည်။
"ဘာသဘောမှမဟုတ်ဘူး"
ပိုင်ကျိရွှယ်၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။
သူက လှောင်ရယ်၍ ပြောလိုက်သည်။
"ငါလည်း ဒီရွှယ်ဖုန်း အဆီအနှစ် ကျောက်တုံးနဲ့ နဂါးသွေးဂျင်ဆင်းကို သဘောကျလို့လေ.. ဘာလဲ ငါလည်း ဝယ်လို့ မရဘူးလား"
ပိုင်ကျိရွှယ်သည် ကျန်းချန်ကို အလွန်အမင်း မုန်းတီးသူ ဖြစ်၏။
သူက လင်ယွင်ကျောင်းတော်၏ အဂ္ဂိရတ်ပါရမီရှင် တစ်ယောက် ဖြစ်ပြီး ကံကောင်းစွာဖြင့် ယန်ချင်းရွှယ်၏ လမ်းညွှန်မှုကို ခံယူခွင့်ရခဲ့သောကြောင့် သူ၏ အနာဂတ်သည် အတိုင်းအဆမရှိ ဖြစ်နေခဲ့သည်။
သို့သော် ဤအရာအားလုံးသည် သူ့ရှေ့မှ ကောင်လေးကြောင့် ပျက်စီးသွားခဲ့၏။
ယန်ချင်းရွှယ်သည် သူ့ရှေ့မှ ကောင်လေးကြောင့် သူ့ကို ချင်းရွှယ်ခန်းမကနေပင် နှင်ထုတ်ခဲ့သည်။
ယင်းက အမြဲတစေ မာနထောင်လွှားတတ်သည့် ပိုင်ကျိရွှယ် အတွက် အရှက်ရစရာ ဖြစ်ခဲ့၏။
ယခု လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမတွင် ကျန်းချန်နှင့် ထပ်တွေ့ရာ ပိုင်ကျိရွှယ်သည် ကျန်းချန်ကို အလွှတ်ပေးရန် အစီအစဉ် မရှိတော့ဘဲ ကျန်းချန်ကို သင်ခန်းစာ တစ်ခုခု ပေးချင်နေခဲ့သည်။
"မင်း သဘောကျတာနဲ့ ဝယ်လို့ရသွားရောလား"
"လူတိုင်းက ပစ္စည်းတွေ ဝယ်ဖို့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကို လာကြတာပဲ.. အရင်လာတဲ့သူ အရင်ရမယ်.. နောက်မှရောက်လာတဲ့သူ နောက်မှရမယ်"
"ငါက ရွှယ်ဖုန်း အဆီအနှစ် ကျောက်တုံးနဲ့ နဂါးသွေးဂျင်ဆင်းကို အရင်ဝယ်ထားပြီးပြီ.. ငါယူထားပြီးသားပစ္စည်းကို မင်း သဘောကျတိုင်း ယူလို့မရဘူး"
"မင်းကို အကြံပေးချင်တာက ချင်းရွှယ်ခန်းမမှာ နောက်ဆုံးအကြိမ်ကလိုမျိုး နှင်ထုတ်ခံရတာကို မလိုချင်ရင် တတ်နိုင်သလောက် ငါနဲ့ ဝေးဝေးမှာနေပါ"
ကျန်းချန်က ပိုင်ကျိရွှယ်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
သူ၏ တိုးညင်းသော အသံသည် ခန်းမထဲတွင် တိုက်ရိုက် ပဲ့တင်ထပ်သွားခဲ့၏။
အခန်း(၈၄) ပြီး၏