← Chapters

အခန်း (၈၅)

Vol. 6 Ch. 85

အခန်း (၈၅)

Vol. 6 Ch. 85

"ကျန်းချန်.. သိပ်ပြီးမာန်တက်မနေနဲ့"

"ငါ့ကိုနှင်ထုတ်ရအောင် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကို မင်းအမေလင် ဖွင့်ထားတယ်လို့များ ထင်နေလား"

"ဒီဆေးဖက်ဝင်ပစ္စည်းနှစ်ခုကို မင်းဝယ်လိုက်တာဆိုတော့ ပိုက်ဆံရော ပေးပြီးပြီလား.. ပိုက်ဆံမပေးရသေးရင် ဒီဆေးဖက်ဝင် ပစ္စည်းနှစ်ခုက မင်းပစ္စည်း မဟုတ်သေးဘူး"

ကျန်းချန်က ချင်းရွှယ်ခန်းမ ကိစ္စကို ပြောလိုက်သောအခါ ပိုင်ကျိရွှယ်၏ မျက်နှာတွင် ရှက်ရွံ့သော အရိပ်အယောင်များ ပေါ်လာခဲ့၏။

သူက အေးစက်စွာ ပြုံးလိုက်ပြီး ဝန်ထမ်းမိန်းကလေးကို ချက်ချင်း ပြောလိုက်သည်။

"မိန်းကလေး.. ဒီ ရွှယ်ဖုန်း အဆီအနှစ် ကျောက်တုံးနဲ့ နဂါးသွေး ဂျင်ဆင်းကို ငါလိုချင်တယ်"

သို့သော် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ ချောမောသော ဝန်ထမ်းမိန်းကလေးသည် ပိုင်ကျိရွှယ်၏ စကားကို ကြားသော်လည်း မလှုပ်မယှက် ဖြစ်နေခဲ့၏။

သူမက ပိုင်ကျိရွှယ်ကို ပြုံးကာ ပြောလိုက်သည်။

"စိတ်မကောင်းပါဘူး.. ကျမတို့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမမှာ လိုက်နာရမဲ့ စည်းမျဥ်းတချို့ ရှိပါတယ်.. ရွှယ်ဖုန်းအဆီအနှစ် ကျောက်တုံးနဲ့ နဂါးသွေးဂျင်ဆင်းကို ဒီက လူကြီးမင်းက အရင် ရွေးချယ်ထားတာ ဖြစ်တဲ့အတွက် ပေးလို့မရပါဘူး"

ထိုစကားကို ကြားလျှင် ပိုင်ကျိရွှယ်၏ အမူအရာက တင်းမာသွားခဲ့သည်။

သူက ခန္ဓာကိုယ်ထဲကနေ တံဆိပ်ပြား တစ်ခုကို ချက်ချင်း ထုတ်ယူလိုက်ကာ ဝန်ထမ်းမိန်းကလေးကို ထီမထင်ဟန်ဖြင့် ကြည့်၍ ပြောလိုက်သည်။

"ငါ့မှာ လခြမ်းတံဆိပ် ကုန်သွယ်ရေး ခန်းမရဲ့ ဗီအိုင်ပီ တံဆိပ်ပြား ရှိတယ်.. ဒါနဲ့ဆို မင်းငါ့အတွက် ဆေးဖက်ဝင် ပစ္စည်းတွေကို ရောင်းပေးနိုင်ပြီလား"

"ဒါ.."

ဝန်ထမ်းမိန်းကလေးက ရုတ်တရက် အခက်အခဲ ဖြစ်သွားခဲ့၏။

ရိုးသားစွာပြောရလျှင် ပိုင်ကျိရွှယ်လို အပိုးမကျိုးသည့် ကောင်ကို သူမသည် သဘောမကျခဲ့ပေ။

သို့သော်လဲ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမတွင် ပြတ်သားသော စည်းမျဉ်းများ ရှိသည်။

လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ ဗီအိုင်ပီ တံဆိပ်ပြား ကိုင်ဆောင်ထားသူများသည် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမတွင် လျှော့စျေးနှင့် ပထမဦးဆုံး ဝယ်ယူခွင့်ကို ခံစားနိုင်၏။

ဆိုရလျှင် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ ဗီအိုင်ပီ တံဆိပ်ပြား ကိုင်ဆောင်နိုင်သူများသည် သူမလို အောက်ခြေမှဝန်ထမ်း တစ်ယောက် စော်ကားနိုင်သည့်သူမျိုး မဟုတ်ပေ။

"ဒါ လင်ယွင်မြို့စားရဲ့သား ပိုင်ကျိရွှယ် မဟုတ်လား"

"ဟုတ်တယ်.. ဘေးက ကောင်လေးက ဘယ်သူလဲ.. ပိုင်ကျိရွှယ်ဆီကနေ တစ်ခုခုကို လုယူချင်နေတာလား"

"တကယ် ဘာပြောရမှန်းတောင် မသိတော့ဘူး.. ဒီလင်ယွင်မြို့မှာ ပိုင်ကျိရွှယ်နဲ့ အဆင်မပြေတာက သေချင်နေတာပဲ မဟုတ်လား"

ကျန်းချန်နဲ့ ပိုင်ကျိရွှယ်တို့၏ ထိပ်တိုက် တွေ့ဆုံမှုသည် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမထဲရှိ တခြားသော ဧည့်သည်များ၏ အာရုံကို အလျင်အမြန် ဆွဲဆောင်သွားခဲ့သည်။

သူတို့က တီးတိုး ပြောဆိုနေကြပြီး ကျန်းချန်ကို ကြည့်နေသည့် အကြည့်တွင် သနားသည့် အရိပ်အယောင်များပင် ရှိနေခဲ့၏။

ပတ်ဝန်းကျင်မှ စကားသံများသည် ပိုင်ကျိရွှယ်ကို ပို၍ပင် မာန်တက်စေခဲ့သည်။

သူက ဝန်ထမ်းမိန်းကလေးကို အထက်စီးလေသံဖြင့် အော်ငေါက်လိုက်၏။

"ငါ့အတွက် ရွှယ်ဖုန်း အဆီအနှစ် ကျောက်တုံးနဲ့ နဂါးသွေး ဂျင်ဆင်းကို အမြန် ယူလာပေးစမ်း.. တွေဝေနေရင် ငါ ချက်ချင်း မင်းကို လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းကနေ ထွက်သွားခိုင်းလိုက်မယ်"

ချောမောသည့် ဝန်ထမ်းမိန်းကလေးသည် ပိုင်ကျိရွှယ်၏ စကားကို ကြားလျှင် မျက်နှာတစ်ခုလုံး ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။

"လင်ယွင်မြို့စားရဲ့ သားဖြစ်ပြီး အမျိုးသမီး တစ်ယောက်ကို ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်နေတာ မင်း မရှက်ဘူးလား"

"သူမက လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကနေ မောင်းထုတ်ခံရမှာ မဟုတ်သလို မင်းလည်း ငါ့ရဲ့ ရွှယ်ဖုန်း အဆီအနှစ် ကျောက်တုံးနဲ့ နဂါးသွေး ဂျင်ဆင်းကို လုယူနိုင်မှာမဟုတ်ဘူး"

ထို့နောက် ကျန်းချန်က ပိုင်ကျိရွှယ်ကို အေးစက်စွာ ကြည့်၍ ပြောလိုက်သည်။

"မင်းကို ငါ့ရှေ့ကနေ ထွက်သွားဖို့ ဆယ်စက္ကန့် အချိန်ပေးမယ်.. မဟုတ်ရင်.. လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကနေ နှင်ထုတ်ခံရလိမ့်မယ်လို့ ငါ အာမခံတယ်"

"ဟားဟား... ကျန်းချန်...မင်း စကားကြီး စကားကျယ် လျောက်ပြောနေတာ လျှာခေါက်မှာ မကြောက်ဘူးလား"

ပိုင်ကျိရွှယ်က ရယ်မောလိုက်သည်။

သူက သူ့လက်ထဲမှ တံဆိပ်ပြားကို မြှောက်ပြကာ အထက်စီးဆန်သော အမူအရာဖြင့် ပြောလိုက်သည်။

"ငါက လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ ဗီအိုင်ပီ ဧည့်သည်ပဲ.. ငါ့ကို ဘယ်သူက ဒီကနေ နှင်ထုတ်ရဲမှာလဲ"

ကျန်းချန်က ပိုင်ကျိရွှယ်၏ လက်ထဲမှ တံဆိပ်ပြားကို ကြည့်လိုက်သည်။

ဤတံဆိပ်ပြား၏ ပုံသဏ္ဍာန်က ယွဲ့ယန်ကျိုး သူ့ကိုပေးထားသည့် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အမြင့်ဆုံး ရွှေတံဆိပ်ပြားနှင့် အနည်းငယ် ဆင်တူ၏။

ပိုင်ကျိရွှယ်၏ လက်ထဲမှ တံဆိပ်ပြားကမူ ကြေးရောင် တံဆိပ်ပြား တစ်ခုသာ ဖြစ်သည်။

ယင်းက သူ၏ အမြင့်ဆုံးအဆင့် ရွှေတံဆိပ်ပြားနှင့် မယှဉ်နိုင်ပေ။

ထိုကြေးတံဆိပ်ပြားက သူ့တံဆိပ်ပြားထက် ဘယ်နှစ်ဆင့် နိမ့်ကျမှန်း မသိနိုင်ချေ။

သူက ချက်ချင်းပင် ပိုင်ကျိရွှယ်ကို ကြည့်ကာ မထီမဲ့မြင် ပြုံးလိုက်သည်။

"ဒါက လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ အနိမ့်ဆုံးအဆင့် ကြေးတံဆိပ်ပြားလေးပဲလေ.. ဒီတံဆိပ်ပြားလောက်နဲ့ ဘာလို့ ငါ့ရှေ့မှာ ဟန်ရေးလာပြနေတာလဲ"

အခန်း(၈၅) ပြီး၏

All Chapters