← Chapters

အခန်း (၈၆)

Vol. 6 Ch. 86

အခန်း (၈၆)

Vol. 6 Ch. 86

ကျန်းချန်၏ အထက်စီး လေသံကြောင့် လူတိုင်းက ကျန်းချန်ကို စိတ်ဝင်တစား ကြည့်နေခဲ့ကြသည်။

လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမသည် မဟာရှားနိုင်ငံတွင် အကြီးဆုံး ကုန်သွယ်ရေးခန်းမ ဖြစ်ပြီး အင်အားကြီးမားရုံသာမက အတိုင်းအဆမရှိ ကြွယ်ဝချမ်းသာ၏။

မဟာရှားနိုင်ငံတွင် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ ဗီအိုင်ပီ ဧည့်သည် မဖြစ်ချင်သည့်သူ မရှိသလောက်ပင်။

လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အသုံးအများဆုံး ကြေးရောင် ဗီအိုင်ပီ တံဆိပ်ပြားသည် အဆင့်အတန်း၏ သင်္ကေတတစ်ခု ဖြစ်၏။

သူတို့ရှေ့မှ ကောင်လေးသည် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ ကြေးရောင် ဗီအိုင်ပီ တံဆိပ်ပြားကို အဘယ်ကြောင့် မထီမဲ့မြင်ပြုရပါသနည်း။

"ဟားဟား.. ကျန်းချန်.. မင်း ဦးနှောက်ပျက်နေပြီလို့ ငါထင်တယ်"

ပိုင်ကျိရွှယ်က မထီမဲ့မြင် ရယ်မောလိုက်သည်။

"ငါက မင်းရှေ့မှာ ဟန်ရေးပြဖို့ အရည်အချင်း မရှိဘူးဆိုတော့မင်းက ငါ့ထက်မြင့်တဲ့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ ငွေရောင် ဗီအိုင်ပီ တံဆိပ်ပြားကို ထုတ်ပြနိုင်လို့လား"

ကျန်းချန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

"ငါ့မှာ ငွေရောင် ဗီအိုင်ပီ တံဆိပ်ပြားတော့ မရှိဘူး.. ဒါပေမယ့် မင်းကို ဒီကနေ ထွက်သွားအောင် မောင်းထုတ်နိုင်တယ်"

"ကျန်းချန်.. ငါ့ရှေ့မှာ စကားကို ဗလောင်းဗလဲ မပြောနဲ့"

ပိုင်ကျိရွှယ်က မဲ့ပြုံး ပြုံးလိုက်သည်။

သူက ကျန်းချန်ကို အထင်သေးစွာ စိုက်ကြည့်၍ ပြောလိုက်သည်။

"မကြာခင်မှာ ငါတို့ထဲက မောင်းထုတ်ခံရမဲ့ သူက ဘယ်သူလဲဆိုတာ မင်း သိလာပါလိမ့်မယ်"

"ဘာတွေဖြစ်နေတာလဲ"

ထိုအချိန်မှာပင် ဒေါသရိပ်လွှမ်းသော အသံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

လူတိုင်းက အသံလာရာဆီသို့ လိုက်ကြည့်လိုက်ရာ လူလတ်ပိုင်းအရွယ် လူတစ်ယောက်က ခန်းမဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာနေသည်ကို တွေ့လိုက်ရ၏။

ဒီလူလတ်ပိုင်းအရွယ် လူက တခြားသူ မဟုတ်ပေ။

လင်ယွင်မြို့ရှိ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ ဥက္ကဌ ဝူကျန့်နန် ပင်ဖြစ်သည်။

"ဥက္ကဌဝူ.. မင်း အချိန်ကိုက် ရောက်လာလို့ တော်သေးတယ်.. ငါက မင်းတို့ လခြမ်းအမှတ်တံဆိပ် ကုန်သွယ်ရေးခန်းမက ရွှယ်ဖုန်း အဆီအနှစ် ကျောက်တုံးနဲ့ နဂါးသွေး ဂျင်ဆင်းကို ဝယ်ဖို့ လာခဲ့တာပဲ"

"စည်းမျဉ်းအရ ငါ့မှာ မင်းတို့ ကုန်သွယ်ရေးခန်းမရဲ့ ဗီအိုင်ပီ တံဆိပ်ပြားလည်း ရှိတဲ့အတွက် ဦးစားပေး ရွေးချယ်ခွင့် ရှိတယ် မဟုတ်လား"

"ဒါပေမယ့်လဲ ဒီကောင်လေးက ငါ့ကို ဒီမှာ ပြဿနာလာရှာနေတယ်.. သူ့ကို ငါ့ကိုယ်စား မောင်းထုတ်ပေးလို့ရမလား"

ပိုင်ကျိရွှယ်က သူ့ဆီကို လျှောက်လာနေသည့် ဝူကျန့်နန်ကို ကြည့်ကာ တိုက်ရိုက် ပြောလိုက်သည်။

"သခင်လေးပိုင်.. ကျွန်တော်တို့ လခြမ်းတံဆိပ် ကုန်သွယ်ရေး ခန်းမက စီးပွားရေးလုပ်ဖို့ တံခါးဖွင့်ထားတာပါ.. ကျွန်တော်တို့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမထဲကို ဝင်လာသရွေ့ ကျွန်တော်တို့ရဲ့ ဧည့်သည်ပါပဲ"

ဝူကျန့်နန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

"ဒါပေမယ့် သခင်လေးပိုင်မှာ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ ဗီအိုင်ပီတံဆိပ်ပြား ရှိတော့ ပထမဦးဆုံး ဝယ်ယူခွင့် ရှိတာ သဘာဝကျပါတယ်.. ရွှယ်ဖုန်း အဆီအနှစ် ကျောက်တုံးနဲ့ နဂါးသွေး ဂျင်ဆင်းကို မင်းအတွက် ယူလာခိုင်းလိုက်ပါ့မယ်"

ဝူကျန့်နန်က စကားဆုံးသည်နှင့် ဝန်ထမ်းမိန်းကလေးကို ဆေးပစ္စည်း နှစ်မျိုး ယူလာခိုင်းလိုက်၏။

"ခဏနေဦး"

ထိုအချိန်မှာပင် ဝူကျန့်နန်၏ နားထဲသို့ တိုးညင်းသည့် အသံတစ်သံ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

ဝူကျန့်နန်က သူ့ခေါင်းကို အနည်းငယ် စောင်းငဲ့၍ ကြည့်လိုက်၏။

သူ၏ အကြည့်က ကျန်းချန်ဆီ ရောက်ရှိသွားခဲ့သည်။

"ညီငယ်လေး မင်းမှာ တစ်ခုခု ပြောစရာရှိနေပုံပဲ"

"ဟုတ်ပါတယ်"

ကျန်းချန်က ခေါင်းညိတ်၍ ပြောလိုက်သည်။

"ရွှယ်ဖုန်း အဆီအနှစ် ကျောက်တုံးနဲ့ နဂါးသွေးဂျင်ဆင်းက ကျွန်တော့်ရဲ့ ပစ္စည်းပါ...မင်း သူ့ကို ရောင်းလို့မရဘူး"

"ကျန်းချန်.. မင်း ဝက်ဝံသည်းခြေနဲ့ ကျားအသည်းကို စားထားတာလား.. လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမမှာ ရိုင်းရိုင်စိုင်းစိုင်း ပြုမူဝံ့တယ်ပေါ့လေ"

ပိုင်ကျိရွှယ်က ရုတ်တရက် လှောင်ရယ်လိုက်၏။

"ငါ့ကို မရောင်းရဘူးလို့ ဥက္ကဌဝူကို ပြောရအောင် မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ"

"ယန်ချင်းရွှယ်ရဲ့ ချင်းရွှမ်းခန်းမကနေ မင်းကို ထွက်သွားအောင်လုပ်နိုင်တယ်လို့ ငါ အရင်က ပြောခဲ့ဖူးတယ်.. ဒီနေ့လည်း လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကနေ မင်းကို ထွက်သွားအောင် ငါလုပ်နိုင်တယ်"

ကျန်းချန်က စကားဆုံးသည်နှင့် ယွဲ့ယန်ကျိုး သူ့ကိုပေးထားသည့် အမြင့်ဆုံးအဆင့် ရွှေတံဆိပ်ပြားကို ချက်ချင်း ထုတ်ယူလိုက်၏။

သူက အမြင့်ဆုံးအဆင့် တံဆိပ်ပြားကို ဝူကျန့်နန် ရှေ့တွင် ချထားလိုက်ပြီး ပိုင်ကျိရွှယ်ကို ညွှန်ပြလိုက်သည်။

"ဥက္ကဌဝူ...ကျွန်တော် မေးချင်တာက ကျွန်တော့် လက်ထဲက ဒီတံဆိပ်​ပြားက သူ့ကို ဒီနေရာကနေ ထွက်သွားခိုင်းနိုင်လားဆိုတာပဲ"

ဝူကျန့်နန်က ကျန်းချန် လွယ်လင့်တကူ ထုတ်ယူလိုက်သည့် အမြင့်ဆုံး တံဆိပ်ပြားကို စိုက်ကြည့်နေခဲ့၏။

သူ၏ မျက်လုံးထဲတွင် ကြောက်လန့်သောအရိပ်အယောင်က ဖုံးဖိမရဘဲ ရှိနေခဲ့သည်။

သူ့ရှေ့မှ လူငယ်လေးသည် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အမြင့်ဆုံးအဆင့် ဖြစ်သည့် ရွှေတံဆိပ်ပြားကို ကိုင်ဆောင်ထားပါသလော။

ထိုအချိန်တွင် ဝူကျန့်နန်၏ စိတ်နှလုံးသည် အလွန်အမင်း တုန်လှုပ်သွားပြီး သူ၏ နဖူးပေါ်ကနေ ချွေးစက်များလည်း ထွက်ကျလာခဲ့၏။

အခန်း(၈၆) ပြီး၏

All Chapters