အခန်း (၈၇)
Vol. 6 Ch. 87
လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အမြင့်ဆုံးအဆင့် ရွှေတံဆိပ်ပြား။
ဤသည်က လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အမြင့်ဆုံး အဆင့် ဗီအိုင်ပီ တံဆိပ်ပြား ဖြစ်သည်။
အမြင့်ဆုံးအဆင့် ရွှေတံဆိပ်ပြား ကိုင်ဆောင်ထားသူများသည် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ မည်သည့် ဌာနခွဲမှာမဆို အခမဲ့ သုံးစွဲနိုင်ရုံသာမက ကုန်သွယ်ရေးခန်းမ၏ အကြီးအကဲများနှင့် တန်းတူညီသည့် အခွင့်အရေးများလည်း ရှိကြသည်။
လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အမြင့်ဆုံးအဆင့် ရွှေတံဆိပ်ပြား၏ အရေအတွက်က အလွန်နည်းပါးပြီး မဟာရှား နိုင်ငံတစ်ခုလုံးမှာပင် လက်တစ်ဖက်စာ ရေတွက်၍ရသည့် လူအနည်းငယ်သာ လက်ခံရရှိထား၏။
သာမန် အပြင်လူများအတွက်မူ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမတွင် အမြင့်ဆုံး ရွှေတံဆိပ်ပြား ရှိသေးမှန်းပင် မသိကြပေ။
ဝူကျန့်နန်က လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမတွင် ဆယ်နှစ်ကျော်ကြာအောင် အလုပ်လုပ်ခဲ့သူ ဖြစ်သော်လည်း ဤအမြင့်ဆုံးအဆင့် ရွှေတံဆိပ်ပြားကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်၏။
"ဒီ... ဒီက လူကြီးမင်း.. ကျနော် ဝူကျန့်နန် မျက်စိကန်းနေလို့ မထီမဲ့မြင်ပြုပြီး လျစ်လျူခဲ့မိပါတယ်.. ကျနော့်ကို ခွင့်လွှတ်ပေးပါ"
ဝူကျန့်နန်က မှင်တက်နေရာမှ သတိပြန်ဝင်လာပြီးနောက်တွင် ချက်ချင်းပင် အမှားလုပ်မိသည့် ကလေးတစ်ယောက်လို ကျန်းချန်၏ ရှေ့တွင် ရိုကျိုးစွာ ရပ်နေခဲ့သည်။
သူတို့ရှေ့မှ မယုံကြည်နိုင်စရာ မြင်ကွင်းကို ကြည့်ရင်း ပိုင်ကျိရွှယ်တင် မကဘဲ ပတ်ဝန်းကျင်မှ ကြည့်ရှုသူများကလည်း မျက်လုံးများ ပြုတ်ထွက်လုမတတ် အံ့အားသင့်သွားကြ၏။
ဝူကျန့်နန်က မည်သူနည်း။
၎င်းက လင်ယွင်မြို့ရှိ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ ဥက္ကဌ ဖြစ်သည်။
အဆင့်အတန်းအရဆိုရင် လင်ယွင်မြို့၏ မြို့စားနှင့် တန်းတူနီးပါး ဖြစ်၏။
သို့သော် ထိုကဲ့သို့ လူသည် ကျန်းချန် ပြသသည့် တံဆိပ်ပြားကို မြင်ပြီးနောက်တွင် အစေခံတစ်ယောက်ကဲ့သို့ ဖြစ်သွားခဲ့သည်။
"ဒါ.. ဒါက ဘယ်လို အခြေအနေမျိုးလဲဟ"
"ဥက္ကဌဝူ.. မင်းတို့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမမှာ ရွှေရောင် ဗီအိုင်ပီ တံဆိပ်ပြားမှ မရှိတာ.. ဒါကြောင့် သူ့လက်ထဲက ဗီအိုင်ပီ တံဆိပ်ပြားက အတုပဲ ဖြစ်ရမယ်...သူလှည့်စားတာကို မခံပါနဲ့"
ခဏကြာအောင် မှင်တက်နေပြီးနောက်တွင် ပိုင်ကျိရွှယ်သည် အဆုံးသတ်၌ သတိပြန်ဝင်လာပြီး မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်သည်။
"ငါတို့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမမှာ ရွှေရောင် ဗီအိုင်ပီ တံဆိပ်ပြား ရှိမရှိ ဆိုတာ မင်းထက် ငါ ပိုသိတယ်"
ဝူကျန့်နန်က ပိုင်ကျိရွှယ်ကို အေးစက်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။
"သခင်လေးပိုင်.. ငါတို့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမက မင်းကို မကြိုဆိုဘူး.. ဒီကနေ ထွက်သွားလို့ရပြီ"
ပိုင်ကျိရွှယ်၏ အမူအရာက တင်းမာသွားပြီး ဝူကျန့်နန်ကို မယုံကြည်နိုင်သည့် အမူအရာဖြင့် စိုက်ကြည့်ကာ မေးလိုက်သည်။
"ဝူကျန့်နန်...မင်း... မင်း ဘာတွေ ပေါက်ကရ လျှောက်ပြောနေတာလဲ"
"သခင်လေးပိုင်.. ငါ တူညီတဲ့ စကားမျိုး ဒုတိယအကြိမ်မြောက် ထပ်မပြောချင်ဘူး"
ထိုခဏတွင် ဝူကျန့်နန်၏ အမူအရာက အေးစက်သွားပြီး "မင်းကိုယ်တိုင် ထွက်သွားမှာလား ဒါမှမဟုတ် ငါကိုယ်တိုင် မင်းကို ဆွဲထုတ်ရမလား"ဟု မေးလိုက်သည်။
"ဝူကျန့်နန်... မင်း သိပ်အနိုင်မကျင့်နဲ့"
ပိုင်ကျိရွှယ်က ဝူကျန့်နန်ကို ဒေါသတကြီး စိုက်ကြည့်ကာ ပြောလိုက်သည်။
"ငါက လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ ဗီအိုင်ပီ တစ်ယောက်ပါ.. မင်းက လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ ဌာနခွဲ ဥက္ကဌပဲလေ.. မင်းမှာ ငါ့ကို မောင်းထုတ်ဖို့ ဘယ်လို အရည်အချင်းတွေ ရှိနေလို့လဲ"
"ဥက္ကဌဝူ...မင်းရဲ့ စွမ်းဆောင်ရည်က အရမ်း နိမ့်ကျနေတာပဲ.. ဒီခွေးကောင်ကို မောင်းထုတ်ပြီး ရွှယ်ဖုန်း အဆီအနှစ်ကျောက်တုံး နဲ့ နဂါးသွေး ဂျင်ဆင်းကို ငါ့အတွက် အမြန် ယူလာပေးစမ်းပါ.. ငါ သူ့နဲ့ ဒီမှာ အချိန်ဖြုန်းမနေချင်ဘူး"
ထိုအချိန်တွင် ကျန်းချန်၏ အလွန်အမင်း မကျေနပ်သော အသံသည် ဝူကျန့်နန်၏ နားထဲတွင် တိုက်ရိုက် ထွက်ပေါ်လာခဲ့၏။
ကျန်းချန်၏ ကျေနပ်မှုမရှိသော လေသံကို ကြားရလျှင် ဝူကျန့်နန်၏ နှလုံးသားသည် တုန်လှုပ်သွားခဲ့သည်။
ထို့ကြောင့် ဝူကျန့်နန်က ပိုင်ကျိရွှယ်နှင့် အဓိပ္ပါယ်မရှိသည့် စကားများ မပြောတော့ဘဲ ပိုင်ကျိရွှယ်ဘေးတွင် တစ်ခဏအတွင်း ပေါ်လာခဲ့၏။
ထိုခဏတွင် ပိုင်ကျိရွှယ်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး အလျင်အမြန် အော်ဟစ်လိုက်သည်။
"ဝူကျန့်နန်.. မင်း ငါ့ကိုလုပ်ရဲလား"
သို့သော် ပိုင်ကျိရွှယ်၏ အော်ဟစ်သံ မဆုံးခင်မှာပင် ဝူကျန့်နန်သည် ပိုင်ကျိရွှယ်ကို ပခုံးကနေ ဆွဲကိုင်ပြီး မြှောက်လိုက်၏။
ယင်းနောက် ဝူကျန့်နန်က ပိုင်ကျိရွှယ်ကို ဆွဲခေါ်သွားပြီး အမှိုက်ပစ်သကဲ့သို့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အပြင်ဘက်ကို ပစ်ထုတ်လိုက်သည်။
ဤမြင်ကွင်းက လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမထဲရှိ လူများကို ချက်ချင်းပင် တိတ်ဆိတ်သွားစေခဲ့၏။
ကျန်းချန်ကို ကြည့်နေသည့် လူတိုင်း၏ မျက်လုံးများတွင် မယုံကြည်နိုင်လောက်အောင် ကြောက်လန့်မှုများနှင့် ပြည့်နှက်နေခဲ့သည်။
လင်ယွင်မြို့စား၏ သားသည် ဤကောင်လေးရဲ့ စကားတစ်ခွန်းကြောင့် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကနေ ဝူကျန့်နန်၏ ပစ်လွှတ်ခြင်းကို ခံခဲ့ရပါသလော။
"သန်မာလိုက်တာ.. ဒီကောင်လေးက အရမ်းကို အင်အားကြီးတာပဲ"
အခန်း(၈၇) ပြီး၏