အခန်း (၉၀)
Vol. 6 Ch. 90
"မုန့်သုန်ရှင်း.. မင်းအမ မျက်နှာကို ထောက်ထားလို့ မင်းကို အရှက်ခွဲဖို့ ငါ့မှာ အစီအစဉ်မရှိဘူး"
"ဒါပေမယ့် မင်းက ကိုယ့်ဘာသာကိုယ် အရှက်ခွဲခံဖို့ တံခါးကိုလာခေါက်နေမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"
ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်လိုက်ပြီး မုန့်သုန်ရှင်းကို တည်ငြိမ်သည့် အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
"မင်း ငါနဲ့ တိုက်ချင်ရင် အခုတိုက်လို့ရပြီ"
ထိုစကားကိုကြားလျှင် မုန့်သုန်ရှင်းက ခဏမျှ အံ့အားသင့်သွားပြီးမှ မေးခွန်းထုတ်လိုက်သည်။
"ဒီနေရာမှာလား"
"ဟုတ်တယ်.. ဒီနေရာမှာပဲ"
ကျန်းချန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"ဒီတစ်ခါ မင်းက ငါ့ကို ရိုက်နှက်ဖို့ လာတာ ဆိုမှတော့ ငါမင်းကို ဘာမှ ပြန်မလုပ်ဘူး.. မင်း ငါ့ကို ခြေတစ်လှမ်း နောက်ဆုတ်သွားအောင် ရိုက်နှက်နိုင်ရင် ငါမင်းကို အရှုံးပေးမယ်"
ကျန်းချန်၏ အထက်စီးဆန်သည့် စကားများကြောင့် ပတ်ဝန်းကျင်မှ ကျောင်းသားများသည် ချက်ချင်းပင် လှောင်ရယ်လိုက်ကြသည်။
"ဟ.. ကျန်းချန် ဒီကောင် ရူးသွားပြီလား"
"မုန့်သုန်ရှင်းက ချီကာကွယ်ရေး နယ်ပယ်အဆင့်ကို ဝင်ရောက်သွားခဲ့ပြီ.. ကျန်းချန်ကို အနိုင်မယူနိုင်ရင်တောင် ခြေတစ်လှမ်း နောက်ဆုတ်သွားအောင် လုပ်ဖို့က မခက်ခဲလောက်ဘူး မဟုတ်လား"
"လခွမ်း...ဒီကောင် အောက်ခြေလွတ်ပြီး လင်ယွင်စာရင်းက ပါရမီရှင်လို့ သူ့ကိုယ်သူ ထင်နေတာလား မသိဘူး"
"ကျန်းချန်.. နောက်ဆုံးအကြိမ်က ငါ့ကို လက်သီးတစ်ချက်ထဲနဲ့ အနိုင်ရခဲ့တာနဲ့ပဲ အမြဲတမ်း အထင်သေးလို့ရမယ် မထင်နဲ့"
ကျန်းချန်က သူ့ကို လုံးဝ အလေးအနက် မထားမှန်း သိရှိပြီးနောက်တွင် မုန့်သုန်ရှင်း၏ မျက်နှာတွင် ဒေါသရိပ်များ ချက်ချင်းပင် ပေါ်လာခဲ့သည်။
"မင်းကို အထင်သေးတာ မဟုတ်ဘူး.. မင်းရဲ့ ခွန်အားက ငါ အလေးအနက် ထားရလောက်အောင် အရည်အချင်း မရှိလို့ပဲ"
"ထားတော့.. မင်း ငါ့ကို စိန်ခေါ်ချင်တယ်မဟုတ်လား"
"စိန်ခေါ်ချင်ရင် အမြန်လုပ်...ငါ့ရဲ့ အချိန်ကို မဖြုန်းတီးနဲ့"
ကျန်းချန်က စိတ်မရှည်သည့် အမူအရာဖြင့် ပြောလိုက်သည်။
"ကျန်းချန်.. ငါ့ကိုအပြစ်မတင်နဲ့.. ဒါက မင်းကိုယ်တိုင် တောင်းဆိုတာပဲ"
"ငါ့ရှေ့မှာ ဒီလောက်တောင် မောက်မာနေမှတော့ ဘယ်လိုမျိုး ပြန်လည် ပေးဆပ်ရမလဲ ဆိုတာ မင်းကို ပြပေးမယ်"
စကားဆုံးသည်နှင့် မုန့်သုန်ရှင်းက မြေပြင်ကို ခြေတစ်ချက်ဆောင့်လိုက်ပြီးနောက် တောင်ပံဖြန့်ကျက်ထားသည့် ငှက်ကြီးတစ်ကောင်ကဲ့သို့ ကျန်းချန်ဆီ ပျံသန်းသွားသည်။
ထို့နောက်တွင် လေထဲမှ မုန့်သုန်ရှင်းသည် သူ၏ ကြမ်းရမ်းသော လက်သီးချက်ကို လျှပ်စီးလို အမြန်နှုန်းဖြင့် ကျန်းချန်၏ ရင်ဘတ်ဆီသို့ ထိုးချလိုက်သည်။
သို့သော်လည်း မုန့်သုန်ရှင်း၏ လက်သီးချက်နှင့် ရင်ဆိုင်ရချိန်တွင် ကျန်းချန်သည် လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး မည်သည့် လှုပ်ရှားမှုမှ မရှိဘဲ နေရာမှာပင် ရပ်နေခဲ့၏။
"လခွမ်း ကျန်းချန်.. ဒီကောင်က ခုခံဖို့အတွက် ချီစွမ်းအင်ကိုတောင် မသုံးဘူးလား"
"သူက ခန္ဓာကိုယ်ခွန်အား သက်သက်နဲ့ မုန့်သုန်ရှင်းရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ချင်နေတာလား"
"ကြည့်ရတာ ဒီကောင် သွက်သွက်ခါအောင် ရူးသွားပြီထင်တယ်"
ကျန်းချန်က မည်သည့် လှုပ်ရှားမှုမှ မရှိဘဲ ရပ်နေသည်ကို မြင်လျှင် အားလုံးက မှင်တက်သွားခဲ့သည်။
၎င်းက ခန္ဓာကိုယ်အပြင်ဘက်တွင် အကာအကွယ် ဖန်တီးရန်အတွက် ချီစွမ်းအားကိုပင် အသုံးမပြုထားခဲ့ပေ။
ဤမြင်ကွင်းကြောင့် ပတ်ဝန်းကျင်ရှိ ကျောင်းသားများ၏ မျက်လုံးများက ပြူးကျယ်သွားပြီး အလွန်အမင်း တုန်လှုပ်သွားကြသည်။
မုန့်သုန်ရှင်းက ယခုအခါတွင် ချီကာကွယ်ရေးအဆင့်သို့ ရောက်ရှိသွားပြီကို သူတို့ သိထားကြသည်။
မူလဘူတ နယ်ပယ်အဆင့်မှ ကျင့်ကြံသူပင် မုန့်သုန်ရှင်း၏ လက်သီးချက်ကို ခန္ဓာကိုယ်အား သက်သက်ဖြင့် တစ်လှမ်းမှ နောက်မဆုတ်ဘဲ ခံနိုင်ရည်ရှိရန်မှာ မဖြစ်နိုင်ပေ။
"ဝုန်း"
လူတိုင်းက ကျန်းချန်၏ လုပ်ရပ်ကြောင့် အံ့အားသင့်နေချိန်မှာပင် ကြည်လင်ပြတ်သားသည့် ထိခိုက်မှုအသံသည် ချက်ချင်းဆိုသလို လေထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။
မကြာခင်မှာပင် မုန့်သုန်ရှင်းက အသံတိတ် ညည်းညူလိုက်သည်ကို လူတိုင်း တွေ့မြင်လိုက်ရသည်။
မုန့်သုန်ရှင်းသည် ခုနစ်လှမ်း၊ ရှစ်လှမ်းခန့် နောက်ဆုတ်သွားခဲ့ရ၏။
၎င်းနှင့် ဆန့်ကျင်ဘက်မှာရှိသည့် ကျန်းချန်ကမူ တည်ငြိမ်သော အမူအရာဖြင့် နေရာမှာပင် ရပ်နေဆဲ ဖြစ်သည်။
"ဒါ.. ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
"ခုနက မုန့်သုန်ရှင်းရဲ့ လက်သီးချက်က ဘယ်လောက်ထိ ပြင်းထန်တယ် ဆိုတာ ငါတို့တွေ မြင်နေတာပဲလေ"
"ဒါတောင် ကျန်းချန်က မုန့်သုန်ရှင်းကို နောက်ဆုတ်သွားအောင် လုပ်နိုင်ခဲ့တယ်"
ဤမြင်ကွင်းက စိတ်လှုပ်ရှားစွာ ကြည့်ရှုနေသည့် ကျောင်းသားအများအပြားကို ချက်ချင်းပင် အံ့အားသင့်သွားစေခဲ့သည်။
ကျန်းချန်က ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို အားကိုးပြီး မုန့်သုန်ရှင်း၏ လက်သီးချက်ကို ခံနိုင်ရည် ရှိလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မထင်ခဲ့ကြပေ။
ထိုထက် သူတို့ကို ပို၍ အံ့အားသင့်စေသည်မှာ ကျန်းချန်သည် ဤထိုးနှက်မှုအောက်တွင် တစ်လှမ်းမှ နောက်မဆုတ်ရုံသာမက မုန့်သုန်ရှင်းကိုပါ လွင့်စင်သွားစေခဲ့ခြင်းပင် ဖြစ်၏။
"ဒီကောင်လေးက တကယ့်ပါရမီရှင်ပဲ"
"သူ့ရဲ့ မိစ္ဆာဆန်တဲ့ ခန္ဓာကိုယ်က မူလဘူတ နယ်ပယ်အဆင့်၂က ကျင့်ကြံသူတွေထက်တောင် ပိုမို အားကောင်းနေသေးတယ်"
အခန်း(၉၀) ပြီး၏