ပွဲကောင်းတစ်ပွဲ
Vol. 124 Ch. 1846
“နဂါးအသူရာချောက်နက်မြို့တော်ထဲကနေ ထွက်သွားတော့”
နဂါးအသူရာချောက်နက်မြို့စောင့်တပ်သားလေးယောက်က ဆူဇီမိုရှေ့သို့ အေးစက်စက်အမူအရာများနှင့် ရောက်ရှိလာပြီး အထင်အမြင်သေးသောလေသံဖြင့် ပြောဆိုလိုက်၏။ သူတို့သည် တိရစ္ဆာန်တစ်ကောင်ကို မောင်းထုတ်နေသည့်အလားပင်။
“မင်းတို့...”
ယွဲ့ဟောက်က ဒေါသဖြင့် သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်လိုက်၏။
ခေါင်းဆောင်တပ်မှူးလျှိုသည် အငှားဓားဖြင့် လူသတ်ဖို့ကြိုးစားနေသည်ကို လူတိုင်းက ပြောနိုင်ကြ၏။
ဥပဒေကို မထီမဲ့မြင်ပြုခြင်းဆိုသည်မှာ ခေါင်းဆောင်တပ်မှူးလျှိုဖန်တီးလိုက်သည့် အကြောင်းပြချက်တစ်ခုမျှသာဖြစ်၏။
သူတို့ကို ဤနေရာမှာ အလွယ်တကူတိုက်ခိုက်ခွင့် ပေးမထားဘူးဆိုလျှင်တောင် မဟူရာယင်တောင်အဖွဲ့က သူ့ကိုအရင်ဆုံး ရန်စတိုက်ခိုက်ခဲ့သောကြောင့် ဆူဇီမိုက ပြန်လည်ခုခံတိုက်ခိုက်ရခြင်းဖြစ်၏။
ဆူဇီမိုသည် သူ၏လက်ကို အနည်းငယ်မြှောက်ပြီး ယွဲ့ဟောက်ကို ဆက်မပြောရန်တားလိုက်၏။
သူသည် နဂါးအသူရာချောက်နက်မြို့စောင့်တပ်သားလေးယောက်ကိုကြည့်ပြီး ဂရုမစိုက်ဟန်ဖြင့် ပြုံးလိုက်လေသည်။
“ဒီနေ့မင်းတို့တွေက ငါ့ကို နဂါးအသူရာချောက်နက်မြို့တော်ထဲက မောင်းထုတ်နိုင်တယ်... ဒါပေမဲ့ နောက်ကျရင် ငါပြန်လာခဲ့မယ်... အဲ့ဒီအချိန်ကျရင်... ဘယ်သူကမှ ငါ့ကိုမောင်းမထုတ်နိုင်စေရဘူး”
“စိတ်ကူးသာယဥ်နေလိုက်”
“မင်းက သေရတော့မယ်ဆိုတာတောင်... ကိုယ့်ကိုယ်ကို မသိဘူးလား”
မြို့စောင့်တပ်သားလေးယောက်က လှောင်ရယ်လိုက်ကြ၏။
“မြို့ထဲမှာနေခဲ့ကြ... ကျုပ်နောက်ကို လိုက်လာစရာမလိုဘူး”
ဆူဇီမိုသည် မြို့စောင့်တပ်သားလေးယောက်ကို လျစ်လျုရှုပြီး ယွဲ့ဟောက်နှင့် အခြားနှစ်ယောက်ဘက်သို့လှည့်ကာ ပြောလိုက်၏။
အဲ့ဒီနောက် သူက တည်ကြည်ခိုင်မာသော ခြေလှမ်းများနှင့် အကြောက်အလန့်ကင်းမဲ့သော အမူအရာနှင့်အတူ နန်းတော်ထဲကနေ လျှောက်လှမ်းထွက်သွားလေသည်။
“အစ်ကိုကြီး... ကျမတို့ဘယ်လိုလုပ်ရမလဲ”
ကူဝမ်ကျွင်းသည် နက်ရှိုင်းသော စိုးရိမ်ပူပန်မှုနှင့် တွေဝေရှုပ်ထွေးသော အမူအရာတစ်ခုနှင့်အတူ ဆူဇီမို၏ နောက်ကျောကို ကြည့်နေ၏။
သူမကလည်း အဲ့ဒါကို သိလေသည်။
ဆူဇီမို၏ ထွက်ခွာမှုက အပြီးတိုင်ထွက်ခွာခြင်းဖြစ်ပေလိမ့်မည်။
သူမက နောက်ကနေလိုက်ပါသွားမည်ဆိုလျှင်တောင် အဲ့ဒါက သုံးစားရမည်မဟုတ်ဘဲ သူမကပါ နတ်ဆိုးဝံပုလွေတပ်သားများ၏ အပိုင်းပိုင်းဖိဖြေဆုတ်ဖြဲခြင်းကို ခံရပေလိမ့်မည်။
သို့သော်လည်း ဆူဇီမိုက ဘာပဲပြောပြာ သူမ၏ အသက်သခင်ကျေးဇူးရှင်ဖြစ်၏။ သူတစ်ယောက်တည်း သေရမှာကို သူမက ဒီတိုင်းပဲစောင့်ကြည့်နေရမှာလား။
ဘေးကနေ ယွဲ့ဟောက်က ရုတ်တရက် အသက်တစ်ချက်ရှိုက်ပြီး သူ၏မျက်လုံးများက ကြည်လင်ပြတ်သားလာ၏။
“ညီကိုဆူ... ကျုပ်ခင်ဗျားနဲ့ လိုက်ခဲ့မယ်”
အဲ့ဒီနောက် သူက ရှန်ဖေးနှင့် ကူဝမ်ကျွင်းဘက်သို့ လှည့်လိုက်၏။
“ညီလတ်... ညီမလေး... နေနှိမ်နှင်းရဲတိုက်ကို ငါမင်းတို့လက်ထဲပဲ အပ်ခဲ့တော့မယ်”
ထိုသို့ပြောပြီးသည်နှင့် ယွဲ့ဟောက်က ဆူဇီမိုနောက်သို့ လိုက်ပါသွားလေသည်။
မြို့ပြင်ဘက်က တိုက်ပွဲမှာ သူက သေရလိမ့်မည်ဆိုတာကို ယွဲ့ဟောက်ကသိထား၏။
ထိုသို့ဆိုလျှင်တောင် သူက ဆူဇီမိုနှင့် အတူယှဥ်တွဲကာတိုက်ခိုက်ချင်လေသည်။
ဆူဇီမိုက သူ၏ ခြေလှမ်းကို ရပ်တန့်ပြီး လှည့်ကြည့်ကာ ခေါင်းခါပြလိုက်၏။
“ခင်ဗျားအဲ့လိုလုပ်စရာမလိုဘူး”
“ညီကိုဆူ..”
ယွဲ့ဟောက်က ရယ်မောလိုက်၏။
“ငါ့အသက်ကိုပေးခဲ့တဲ့လူကမင်းပဲ... ငါမင်းနဲ့မတွေ့ခဲ့ဘူးဆိုရင် ငါက သေသွားခဲ့တာကြာလှပြီ... အခု ငါ့ရဲ့ညီကိုက ဒုက္ခရောက်နေပြီဆိုတော့.. ငါက ဘယ်လိုလုပ် သတ္တိကြောင်နေနိုင်ပါ့မလဲ”
သူက စိတ်အေးလက်အေးအမူအရာတစ်ခုရှိနေပြီး သူ၏ လေသံက မာန်မာနဖြင့် ပြည့်နှက်နေ၏။
သူက သေကြေပျက်သုန်းရတော့မည်ဆိုတာကို သိထားလျှင်တောင် သူကရှေ့သို့တက်လှမ်းဦးမည်ဖြစ်၏။
“အစ်ကိုကြီး... ညီကိုဆူ... ကျုပ်တို့ကိုစောင့်ဦး”
ထိုစဥ်မှာပင် ရှန်ဖေးနှင့် ကူဝမ်ကျွင်းတို့က နောက်ကနေလိုက်မီလာကြ၏။
“ကျုပ်တို့က သွေးသောက်ညီကိုမောင်နှမတွေပဲ... ဒီလိုမျိုးတိုက်ပွဲတစ်ခုကို ဘယ်လိုလုပ်လက်လွှတ်ခံနိုင်ပါ့မလဲ”
ရှန်ဖေးက ပြုံးပြလိုက်၏။
ကူဝမ်ကျွင်း၏ မျက်လုံးထဲရှိ ကြောက်ရွံ့မှုနှင့် တွေဝေတုံ့ဆိုင်းမှုကလည်း ပျောက်ကွယ်သွားပြီး သူမကပြုံးလိုက်၏။
“အဲ့ဒါအမှန်ပဲ... ကျွန်မတို့က ဒီနေရာကိုအတူလာခဲ့ကြတယ်... ဒီနေ့ပြန်ရင်လည်း အတူတူပြန်ကြရမှာပေါ့”
ထိုသည်ကိုကြည့်ပြီး ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက စိတ်လှုပ်ရှားသွားကြ၏။
သူတို့သည် မြို့ထဲကနေ ထွက်ခွာသည့်ချိန်မှာပင် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ ဝန်းရံတိုက်ခိုက်ခြင်း သေချာပေါက်ခံရမည်ကို လူတိုင်းက သိရှိထားကြ၏။ သို့သော်လည်း သူတို့သုံးယောက်က နောက်မဆုတ်ဘဲ ဆူဇီမို၏ ဘေးမှာ အခိုင်အမာရပ်တည်ဖို့ ရွေးချယ်လိုက်လေသည်။
ဆူဇီမိုကလည်း ပြုံး၍ ယွဲ့ဟောက်၏ ပခုံးကို ပုတ်လိုက်၏။
“ခင်ဗျားတို့တွေက ကောင်းကြပါတယ်”
ထိုစဥ်မှာပင် ရှုဝမ်က ညင်သာစွာသက်ပြင်းချပြီး ဆူဇီမိုထံသို့ တောင်းပန်လိုသည့်အမူအရာဖြင့် လက်သီးနှစ်ဖက်ကိုယှက်ပြလိုက်၏။
“တာအိုရောင်းရင်း... ကျွန်မက...”
လက်ရှိအခြေအနေရ ရှုဝမ်သည် ဆူဇီမိုကို ဘယ်လောက်ပင်တန်ဖိုးထားသည်ဖြစ်စေ သူမသည် ခေါင်းဆောင်တပ်မှူးလျှိုနှင့် အဖွဲ့အစည်းကြီးသုံးခု၏ ဖိအားအောက်မှာ ဆူဇီမိုကိုကူညီရဲခြင်းရှိလိမ့်မည် မဟုတ်ပေ။
“ရပါတယ်... ကျုပ်နားလည်တယ်”
ဆူဇီမိုက ညင်သာစွာပြုံးပြလိုက်၏။
ခဏမျှစဥ်းစားတွေးတောပြီးနောက် ဆူဇီမိုကပြောလိုက်၏။
“တာအိုရောင်းရင်းရှု... ကျုပ်အကူအညီတစ်ခုတောင်းလို့ရနိုင်မလား”
“ပြောပါ”
ရှုဝမ်က ခပ်မြန်မြန်ပြန်ပြောလိုက်၏။
ဆူဇီမိုက ယွဲ့ဟောက်နှင့် အခြားနှစ်ယောက်အပြင် သွမ့်ထျန်လန်၊ ငဝါကြီးနှင့် ယင်ကျောက်တို့ကို လက်ညိုးထိုးပြလိုက်၏။
“ကျေးဇူးပြုပြီး သူတို့ကိုလောလောဆယ်မှာ ခေါ်ထားပေးပါ... ခင်ဗျားမြို့ထဲကထွက်ရင် သူတို့ကိုပါ ခေါ်ထုတ်သွားပေးပါ”
“တာအိုရောင်းရင်းဆူ... မပူနဲ့ သူတို့ဘေးကင်းလုံခြုံအောင် ကျွန်မသေချာပေါက်စောင့်ရှောက်ပေးမယ်”
ရှုဝမ်က တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်၏။
“ညီကိုဆူ... ဒါက...”
ယွဲ့ဟောက်က မျက်မှောက်ကြုတ်၍ ငြင်းဆန်ချင်၏။
သို့သော်လည်း ဆူဇီမိုက စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကိုပို့လွှတ်ကာ သူ့ကိုဖြတ်ပြီးပြောလိုက်လေသည်။
“ယွဲ့ဟောက်... ခင်ဗျားတို့သုံးယောက်က မြို့ပြင်ကိုကျုပ်နဲ့လိုက်လာမယ်ဆိုရင်... ကျုပ်က စိတ်အာရုံပျက်ယွင်းရလိမ့်မယ်”
“ကျုပ်အစွမ်းအစနဲ့ဆို…နောက်ဆံတင်းစရာမရှိရင် ကျုပ်တစ်ယောက်တည်းက ထွက်ပြေးလွတ်မြောက်ဖို့ပိုလွယ်တယ်... ကျုပ်သာထွက်သွားချင်တယ်ဆိုရင် အချိန်မရွေးထွက်သွားလို့ရတယ်... အဲ့ဒီမှာ နတ်ဆိုးဝံပုလွေတပ်သား ထောင်ချီရှိနေမယ်ဆိုရင်တောင် သူတို့က ကျုပ်ကိုတားဆီးနိုင်မှာ မဟုတ်ဘူး”
အခြားတစ်စုံတစ်ယောက်က ထိုကဲ့သို့သောစကားကို ပြောဆိုမည်ဆိုလျှင် သူတို့က သေချာပေါက် လှောင်ပြောင်သရော်ခံရပေလိမ့်မည်။
သို့သော်လည်း ဆူဇီမိုက ထိုစကားကိုပြောသောအခါ ယွဲ့ဟောက်နှင့်အခြားနှစ်ယောက်က အဲ့ဒါက မှန်ကန်သည်ဟု ခံစားရ၏။
သူတို့သည် ဆူဇီမို၏ နည်းလမ်းများကို အရင်က တွေ့မြင်ခဲ့ဖူးပြီး အဲ့ဒါက အတော်လေးကြောက်စရာကောင်းလေသည်။
သို့သော်လည်း ယနေ့တိုက်ပွဲသည် ယခင်ကထက် ဆယ်ဆကျော်ပို၍အန္တရာယ်များမည်ကို ယွဲ့ဟောက်နှင့် အခြားနှစ်ယောက်က သိထားလေသည်။
ဤတစ်ခေါက်မှာ နတ်ဆိုးဝံပုလွေတပ်ဖွဲ့သည် ကြိုတင်ပြင်ဆင်လာပြီး သွေးသူရိယတောင်ကြား စစ်တပ်ထက် သေချာပေါက် များစွာပို၍ ကြောက်စရာကောင်းနေပေလိမ့်မည်။
ဒါ့အပြင် ထိုအချိန်ကျလျှင် ဆူဇီမိုသည် နတ်ဆိုးဝံပုလွေတပ်ဖွဲ့ကိုသာ ရင်ဆိုင်ရမည်မဟုတ်ဘဲ အခြားသောအဖွဲ့အစည်းများမှ ပညာရှင်များလည်း ပါဝင်လာပေလိမ့်မည်။
ယွဲ့ဟောက်က တွေဝေတုံ့ဆိုင်းနေဆဲ ဖြစ်၏။
ဆူဇီမို၏ အသံက နောက်တစ်ဖန်ထွက်ပေါ်လာ၏။
“ခင်ဗျားတို့ မြို့ထဲကထွက်မယ်ဆိုရင် ရှုဝမ်နောက်ကိုလိုက်သွား... အဲ့ဒါ ခင်ဗျားတို့အတွက် ဘေးကင်းလုံခြုံစေလိမ့်မယ်”
“သွမ့်ထျန်လန်နဲ့ ငဝါကြီးက ကျုပ်ရှိမယ့်နေရာကိုသိတယ်... အဲ့ဒီအချိန်ကျရင် သူတို့က ကျုပ်ကို လာရှာလိမ့်မယ်”
သွမ့်ထျန်လန်က အလောတကြီးခေါင်းညိတ်ပြလိုက်၏။
အစကနေ ယခုချိန်ထိ သူသည် အတူလိုက်ပါတိုက်ခိုက်ဖို့ ရှေ့သို့ထွက်မလာခဲ့ပေ။
အကြောင်းမှာ သူသည် မြို့ထဲကနေ ဆူဇီမိုနှင့်နှင့်အတူထွက်ခွာမည်ဆိုလျှင် သူက ထိုသူ့အတွက် သေချာပေါက်ဝန်ထုပ်ဝန်ပိုးဖြစ်မည်ကို သိရှိထားသောကြောင့်ဖြစ်၏။
“အဲ့ဒီအချိန်ကျရင် အကုန်လုံးပြေလည်သွားမှာပါ”
ဆူဇီမိုက ယုံကြည်ခိုင်မာစွာဖြင့် ထပ်ပြောလိုက်၏။
ယွဲ့ဟောက်နှင့် အခြားနှစ်ယောက်က အကြည့်ချင်းဖလှယ်ပြီးနောက် ခေါင်းညိတ်ပြလိုက်လေသည်။
“မြန်မြန်လုပ် လေးကန်မနေနဲ့”
ထိုစဥ်မှာပင် မြို့စောင့်တပ်သားတစ်ယောက်က လှောင်ရယ့်လိုက်ပြီး လူအုပ်ကြီးထဲမှာ မလှုပ်မယှက်မတ်တတ်ရပ်နေသော ဆူဇီမိုကို အော်ငေါက်လိုက်လေသည်။
“ကောင်လေး... အခုမှကြောက်နေလည်း မရတော့ဘူး... နောက်ကျသွားပြီ”
“မြန်မြန်သွားတော့... မင်းကို ငါတို့ကိုယ်တိုင်ဆွဲမထုတ်ရစေနဲ့”
အခြားသော အစောင့်တပ်သားများကလည်း လှောင်ရယ်လိုက်ကြ၏။
ဆူဇီမို၏ အမူအရာက မှင်သေသေဖြင့် ရှိနေပြီး ရှုဝမ်ကို ခေါင်းညိတ်ပြပြီးနောက် လှည့်ထွက်သွားလေသည်။
လူအုပ်ကြီးထဲမှာ သွေးသူရိယတောင်ကြား၏ ကာကွယ်သူရွှယ်က ဖြစ်စဥ်တစ်ခုလုံးကို စောင့်ကြည့်နေပြီး သူ့ဘာသာသူခေါင်းညိတ်လိုက်၏။
အခြေအနေ၏ ဆင့်ကဲပြောင်းလဲမှုသည် သူတွေးထင်ထားသည်နှင့် သိပ်မကွာပေ။
သူက မတိုက်ခိုက်ဘူးဆိုလျှင်တောင် ဆူဇီမိုသည် နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ အပိုင်းပိုင်းဆုတ်ဖြဲခြင်းကို သေချာပေါက်ခံရပေလိမ့်မည်။
သိပ်မကြာခင် မြို့စောင့်တပ်သားလေးယောက်၏ စောင့်ကြပ်မှုအောက်ကနေ ဆူဇီမိုသည် မြေအောက်နန်းတော်ထဲကနေ လျှောက်လှမ်းထွက်လာပြီး လူတိုင်း၏ မြင်ကွင်းထဲကနေ ပျောက်ကွယ်သွား၏။
နန်းတော်၏ အထက်တွင်...။
ရွှင်မြူးအားရသော အမူအရာနှင့်အတူ ခေါင်းဆောင်တပ်မှူးလျှိုက ညင်သာစွာပြုံး၍ ရုတ်တရက်ထုတ်ဖော်ကြေညာလိုက်၏။
“အားလုံးပဲ... ငါတို့က ဒီညတော့ အိပ်ရဖို့ ကံပါမလာဘူးနဲ့တူတယ်... ငါတို့က မြို့ရိုးပေါ်ကို တက်ပြီး ပွဲကြီးပွဲကောင်းတစ်ပွဲကို သွားစောင့်ကြည့်ကြရင် မကောင်းဘူးလား”
“ကောင်းတာပေါ့”
“အဲ့လိုလုပ်ရမှာပေါ့”
နဂါးအသူရာချောက်နက်မြို့စောင့်တပ်သားများစွာက အော်ဟစ်ရယ်မောလိုက်ကြ၏။
အောက်ဘက်မှာရှိသော အဖွဲ့အစည်းကြီးများ၏ ကျင့်ကြံသူများနှင့် သခင်လေးများကလည်း တစ်ယောက်ပြီးတစ်ယောက် လှုပ်ရှားလိုက်ကြ၏။
ခေါင်းဆောင်တပ်မှူးလျှို၏ စကားကြောင့်မဟုတ်လျှင်ပင် သူတို့သည် မြို့ရိုးထက်ကနေ အဲ့ဒါကိုစောင့်ကြည့်ကြမည်ဖြစ်၏။
ဆူဇီမိုက အင်ကြင်းပင်သစ်ရွက်တစ်ရွက်ကို ပိုင်ဆိုင်ထားလေသည်။ အဲ့ဒါက အဖွဲ့အစည်းကြီးများအားလုံး ငမ်းငမ်းတက်လိုချင်နေကြသော ရတနာတစ်ခုဖြစ်၏။
ခေါင်းဆောင်တပ်မှူးလျှို၏ ရင်ထဲရှိ မကျေမချမ်းမှုက အနည်းငယ်လျော့ကျသွားလေသည်။
သူသည် ယနေ့အလောင်းအစားကို ရှုံးနိမ့်ခဲ့ရသည့်အကြောင်းရင်းမှာ ဆူဇီမိုကြောင့်ပင်ဖြစ်လေသည်။
နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ လက်ချက်ဖြင့် ဆူဇီမိုအပိုင်းပိုင်းဆုတ်ဖြဲခံရသည်ကို သူတွေ့မြင်နိုင်မည်ဆိုလျှင် သူက အတော်လေး နေသာထိုင်သာရှိသွားပေလိမ့်မည်။
အဲ့ဒါက သူကိုယ်တိုင်တိုက်ခိုက်ရသည်ထက် ပို၍ပင် စိတ်ကျေနပ်စရာကောင်းလေသည်။
ခေါင်းဆောင်တပ်မှူးလျှိုသည် သူ့ဘေးမှာရှိသော ယန်ဖေးကိုကြည့်ပြီး ပြုံး၍ပြောလိုက်၏။
“သွားကြရအောင်... ညီကိုယန်... ငါတို့အတူတူသွားကြည့်ကြတာပေါ့... မင်းပြောတာမှန်တယ် ငါက သူ့လိုမျိုး ပုရွက်ဆိတ်တစ်ကောင်ကို ဘာလို့ကိုယ်တိုင်ကိုင်တွယ်နေရမှာလဲ”
“ဟီးဟီး... ငါကသူ့ကို နင်းခြေသတ်ဖြတ်မယ်ဆိုရင်တောင် ငါ့ဖိနပ်က ညစ်ပေသွားမှာစိုးရတယ်”