ကြီးမားသောတိုက်ပွဲ
Vol. 124 Ch. 1848
နဂါးအသူရာချောက်နက်မြို့တော်၏ အောက်ဘက်တွင်...။
ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ သူ့ရှေ့မှာရှိသော နတ်ဆိုးဝံပုလွေတပ်ဖွဲ့ကို ကြည့်နေ၏။
သူက ပြုံးရုံသာပြုံးပြလိုက်လေသည်။
“မင်းတို့တွေက... တပ်သားတစ်သောင်းကို စေလွှတ်လိုက်တယ်ဆိုတော့... ငါ့ကို တော်တော်လေး မြင့်မြင့်မားမား သတ်မှတ်ထားကြတာပဲ”
“မင်းက ဆူဇီမိုလား”
နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ တတိယခေါင်းဆောင်က ကြမ်းကြုတ်ခက်ထန်သောအကြည့်နှင့်အတူ ကျယ်လောင်စွာမေးလိုက်၏။
ဆူဇီမိုက မျက်ခုံးအနည်းငယ်ပင့်ပြီး ပြန်မေးလိုက်၏။
“မင်းကရောဘယ်သူလဲ”
“ဟားဟားဟားဟား...”
တတိယခေါင်းဆောင်က အော်ဟစ်ရယ်မောလိုက်၏။
“မင်းလိုမျိုး အဆင့်-၅ မဟူရာအင်မော်တယ်တစ်ယောက်က ငါ့နာမည်ကိုသိဖို့မထိုက်တန်ဘူး... မင်းသေပြီးမှပဲ ငရဲကိုသွားပြီး ယမမင်းကိုမေးကြည့်လိုက်”
“အို...”
ဆူဇီမိုက မှင်သေသေဖြင့် ပြန်မေးလိုက်၏။
“ဒါဆို... မင်းက ဘာမဟုတ်တဲ့ကောင်ပေါ့”
“မင်း...”
တတိယခေါင်းဆောင်၏ မျက်လုံးက အမျက်ဒေါသဖြင့်ပြူးကျယ်သွားပြီး သူ၏အောက်ဘက်ရှိ ကြေးခွံနက်မိစ္ဆာဝံပုလွေကို ထိန်းချုပ်ကာ ဆူဇီမို၏ ခေါင်းကို နင်းချေရန်အတွက် ရှေ့သို့ပြေးဝင်ဖို့ပြင်လိုက်၏။
“နံပါတ်သုံး”
ထိုစဥ်မှာပင် စတုတ္ထခေါင်းဆောင်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်လေသည်။
“နဂါးအသူရာချောက်နက်မြို့မှာ အရေးကြီးတဲ့ပုဂ္ဂိုလ်တော်တော်များများက စောင့်ကြည့်နေကြတယ်... သူက အဆင့်-၅ မဟူရာအင်မော်တယ်တစ်ယောက်ပဲကို... အဲ့ဒါကို တခြားညီကိုတွေ လုပ်ပါစေ... မင်းကဘာလို့အဲ့ဒါကို ကိုယ်တိုင်လုပ်မှာလဲ... မင်းက ဟာသတစ်ခုဖြစ်သွားလိမ့်မယ်”
“ကောင်းပြီလေ..”
သူတို့၏ စစ်တပ်ထဲကနေ ဝံပုလွေစီးနင်းသူတစ်ယောက်က ပေါ်ထွက်လာ၏။
သူက ကတုံးပြောင်တစ်ယောက်ဖြစ်ပြီး သူ၏မျက်နှာက အနည်းငယ်နီမြန်းကာ စွမ်းအားကြီးမား၍ သန်မာသည့်ပုံပေါ်လေသည်။
“တတိယခေါင်းဆောင်... သစ်သီးတစ်လုံးကိုခွဲဖို့အတွက် ပေါင်တူမလိုပါဘူး... ခင်ဗျားတို့နှစ်ယောက်အတွက် သူ့ရဲ့ခေါင်းကို ကျုပ်ဖြတ်ယူလာပေးတာကို စောင့်နေကြပါ”
ကတုံးပြောင်ကျင့်ကြံသူသည် အဆင့်-၅ မဟူရာအမြုတေနယ်ပယ်မှာသာရှိသော်လည်း သူ၏ တိုက်ခိုက်ရည်ခွန်အားက အလွန်တရာ သန်မာလေသည်။
တိုက်ပွဲတစ်ပွဲမှာ သူသည် သူ၏ အသက်ကိုပင် လုံးဝဂရုမစိုက်ဘဲ တစောက်ကန်းတစ်ယောက်ကဲ့သို့ တိုက်ခိုက်တတ်လေသည်။
နတ်ဆိုးဝံပုလွေတပ်ဖွဲ့ထဲမှာ အဆင့်-၆ မဟူရာအင်မော်တယ်အချို့ပင်လျှင် သူနှင့်အတိုက်အခံ မပြုလုပ်လိုကြပေ။
တတိယခေါင်းဆောင်က ထွက်သက်ရှည်တစ်ချက်မှုတ်ထုတ်ပြီး ခေါင်းညိတ်ပြလိုက်၏။
“ကောင်းပြီလေ... ကတုံး ငါမင်းကို အသက်ဆယ်ရှိုက်စာအချိန်ပေးမယ်... ငါသူ့ကိုသေစေချင်တယ်”
“နားလည်ပါပြီ”
ကတုံးပြောင်အမျိုးသားက ကျယ်လောင်စွာပြန်ဖြေလိုက်ပြီး သူ၏ ကြေးခွံနက်မိစ္ဆာဝံပုလွေကို စီးနင်းလိုက်လေသည်။ သူ၏ သိုလှောင်အိတ်ကိုပုတ်ပြီး သူက ဧရာမဝံပုလွေသွား ကြေးတုတ်တစ်ချောင်းကို ထုတ်ယူကာ ဆူဇီမိုထံသို့ ပြေးဝင်သွားလေသည်။
သူတို့ကိုသတင်းပို့ပေးသော ကျင့်ကြံသူသည် ဆူဇီမိုက ပေါ်ထွက်လာခဲ့ပြီး ကျင့်ကြံသူတစ်အုပ်စုကိုဦးဆောင်ကာ တောင်တစ်သိန်းရိုးမတွင် သွေးသူရိယတောင်ကြားစစ်တပ်ကို အပြင်းအထန် ပျက်စီးထိခိုက်စေခဲ့သည်ဟုသာ တင်ပြခဲ့လေသည်။
နတ်ဆိုးဝံပုလွေတပ်ဖွဲ့မှလူများသည် တောင်တစ်သိန်းရိုးမမှာ ဖြစ်ပျက်ခဲ့သည့် အခြေအနေအတိအကျကို မသိကြပေ။
အဲ့ဒါထက် သွေးသူရိယတောင်ကြားတပ်ဖွဲ့သည် လူတစ်ယောက်တည်းလိုလိုကြောင့် ဖျက်ဆီးချေမှုန်းခံခဲ့ရသည်ကို သူတို့က မသိရှိကြပေ။
နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ ခေါင်းဆောင်နှစ်ယောက်က ဤအကြောင်းအရာကို သိရှိထားမည်ဆိုလျှင် သို့မဟုတ် ညစျေးမှာဖြစ်ပျက်ခဲ့သည့်အရာကို သူတို့သိရှိထားမည်ဆိုလျှင် သူတို့သည် အဆင့်-၅ မဟူရာအင်မော်တယ်တစ်ယောက်ကို သေချာပေါက်စေလွှတ်လိမ့်မည် မဟုတ်ပေ။
ကတုံးပြောင်အမျိုးသားက အလွန်တရာယုံကြည်မှုရှိလေသည်။
သူသည် အဆင့်-၅ မဟူရာအင်မော်တယ်မြောက်မြားစွာကို သတ်ဖြတ်ခဲ့ဖူးလေသည်။
အရင်က သူ့ကိုကျော်ကြားစေခဲ့သည့်တိုက်ပွဲမှာသူသည် သူ့အသက်ကို စွန့်ပြီး အဆင့်-၆ မဟူရာအင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့၏။
ထိုအချိန်မှစ၍ ကတုံးပြောင်အမျိုးသားက နတ်ဆိုးဝံပုလွေတပ်ဖွဲ့ထဲမှာ နာမည်ကြီးကျော်ကြားလာခဲ့၏။
သူ့ရှေ့မှ ဆူဇီမိုက အားနည်းသည့်ပုံပေါ်လေသည်။
သူက အနားသို့ချဥ်းကပ်နိုင်သည်နှင့်အမျှ သုံးချီအတွင်း ဤကောင်လေးကိုသတ်ဖြတ်နိုင်ဖို့အတွက် လုံလောက်ပေလိမ့်မည်။
“ဝူး....”
ကတုံးပြောင်အမျိုးသား၏ စိတ်ဆန္ဒကိုအာရုံခံမိသွားပြီး သူ၏ အောက်ဘက်ရှိ ကြေးခွံနက်မိစ္ဆာဝံပုလွေက နောက်တစ်ဖန်ဟိန်းဟောက်၍ ၎င်း၏ သွေးချီက တလိပ်လိပ်ထိုးတက်လာ၏။ ၎င်း၏ ခြေလက်များဆီသို့ ခွန်အားကိုပို့လွှတ်ပြီး ၎င်း၏ အရှိန်အဟုန်ကို နောက်တစ်ဖန်မြှင့်တင်လိုက်၏။
တစ်ခဏချင်းမှာပင် ကတုံးပြောင်အမျိုးသားက သူ၏ ကြေးခွံနက်မိစ္ဆာဝံပုလွေနှင့်အတူ ဆူဇီမိုရှေ့သို့ရောက်ရှိလာ၏။
ဖြစ်စဥ်တစ်လျှောက်လုံးမှာ ဆူဇီမိုက လုံးဝတုံ့ပြန်မလာခဲ့ပေ။ သူက နေရာမှာပင် မလှုပ်မယှက်မတ်တတ်ရပ်ပြီး ပြေးဝင်လာနေသော ကြောက်စရာကောင်းသည့် ကတုံးပြောင်အမျိုးသားကို ကြည့်နေ၏။
တကယ်ဆို... သူ၏ မျက်လုံးထဲမှာ မည်သည့် ဝဲဂယက်မှ ပေါ်ထွက်မလာပေ။
“လခွမ်းပဲ... အဲ့ဒီလူက အကြောက်လွန်နေပြီပဲ”
တတိယခေါင်းဆောင်က ဟာသနှော၍ ငေါက်ငမ်းလိုက်၏။
ကတုံးပြောင်အမျိုးသားက တိုက်ခိုက်စရာပင် မလိုလောက်ပေ။
သူက ကြေးခွံနက်မိစ္ဆာဝံပုလွေနှင့်အတူ ရှေ့သို့ အရှိန်အဟုန်နှင့်ပြေးဝင်လာသည်နှင့် ထိုသူကိုနေရာမှာပင် နင်းချေသတ်ဖြတ်နိုင်ပေလိမ့်မည်။
မြို့ရိုးထက်တွင်...။
ဆူဇီမို၏ နည်းလမ်းများကို တွေ့မြင်ဖူးထားသော ယွဲ့ဟောက် ၊ သွမ့်ထျန်လန်နှင့် အခြားသူများသည် ဤလူက သူ့အတွက်ခြိမ်းခြောက်မှုမဖြစ်နိုင်သည်ကို ပြောနိုင်ကြလေသည်။
သို့သော်လည်း သူတို့က ဆူဇီမိုအတွက် စိုးရိမ်ပူပန်နေကြဆဲ ဖြစ်၏။
ကြမ်းကြုတ်ခက်ထန်သော ကြေးခွံနက်မိစ္ဆာဝံပုလွေက ဆူဇီမိုနှင့် အလွန်တရာနီးကပ်နေပြီး ထိုသူ၏ အနက်ရောင်ဆံပင်ကပင် တဖျတ်ဖျတ်လွင့်လာခဲ့ပြီကို မြို့ရိုးပေါ်ရှိလူတိုင်းက ရှင်းလင်းစွာတွေ့မြင်နေရ၏။
သို့သော်လည်း ဆူဇီမိုက လှုပ်ရှားမှုမရှိသေးပေ။
ကြေးခွံနက်မိစ္ဆာဝံပုလွေ၏ ပါးစပ်က ဆူဇီမို၏ ပါးနှင့် ထိတွေ့မည့်ဆဲဆဲမှာပင် သူက ရုတ််တရက်ရှေ့သို့ခုန်တက်ပြီး သူ၏ ဒူးကို ရှေ့သို့ပစ်ထုတ်လိုက်၏။
ထိုအခိုက်အတန့်မှာ ဆူဇီမို၏ ခန္ဓာကိုယ်က အရမ်းကို ဆန့်ထွက်သွားသည်ဟု ထင်ရ၏။
အစိမ်းရောင်ကျင့်ကြံသူက ပျောက်ကွယ်သွားပြီး သူ၏ နေရာမှာ ဒုန်းစိုင်းပြေးဝင်လာသော နတ်မြင်းတစ်ကောင်အစားထိုးဝင်ရောက်လာသည်ဟု ကျင့်ကြံသူများက ထင်ယောင်ထင်မှားမြင်မိလာ၏။
ဘန်း...
ကြေးခွံနက်မိစ္ဆာဝံပုလွေက ဆူဇီမိုနှင့် ပြင်းထန်စွာ ထိတွေ့သွား၏။
သူတို့နှစ်ယောက်က လေထဲမှာရပ်တန့်သွားသည်ဟုထင်ရလေသည်။
ကြေးခွံနက်မိစ္ဆာဝံပုလွေ၏ ကြီးမားသောခန္ဓာကိုယ်နှင့်ယှဥ်လျှင် ဆူဇီမိုက အလွန်တရာသေးငယ်နေ၏။
သို့သော်လည်း နောက်ခဏ၌ အားလုံး၏ အကြည့်အောက်မှာ ကြေးခွံနက်မိစ္ဆာဝံပုလွေ၏ ကြီးမားသောခန္ဓာကိုယ်က အပိုင်းပိုင်းအတစ်တစ် အသားစများအဖြစ် ပေါက်ကွဲထွက်သွား၏။
သိပ်သည်းပြင်းထန်သော သွေးနံ့နှင့်အတူ သွေးမြူတစ်ခုက ဖြန့်ကြက်သွားလေသည်။
“အို...”
ထိုသည်ကိုတွေ့မြင်သောအခါ နတ်ဆိုးဝံပုလွေတပ်ဖွဲ့ထဲမှ ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာ၏။
ကြေးခွံနက်မိစ္ဆာဝံပုလွေသည် သားရဲတောကောင်တစ်ကောင်ဖြစ်ပြီး မွေးရာပါသန်မာလေသည်။ ၎င်း၏ ကြေးခွံနက်များနှင့် ပေါင်းစပ်ထားသောအခါ ၎င်းက လက်နက်များကိုပင် မမှုပေ။
ယခုတော့... ၎င်းသည်အားနည်းသည်ဟုထင်ရသော ကျင့်ကြံသူတစ်ယောက်၏ ပစ်တိုက်ချက်ဖြင့် နေရာမှာပင် အပိုင်းပိုင်းအတစ်တစ်ကြေမွသွားလေသည်။
ကြေးခွံနက်မိစ္ဆာဝံပုလေပေါ်မှ ကတုံးပြောင်အမျိုးသားကတော့ သူက တုန်လှုပ်သွားပြီး အဲ့ဒါကိုလုံးဝထင်မှတ်မထားပေ။ သူက လေထဲကနေပြုတ်ကျလာခဲ့၏။
ရုတ်တရက်ဆိုသလို...။
သူ၏ ပုံရိပ်က ရပ်တန့်သွားလေသည်။
ကတုံးပြောင်အမျိုးသားက အလိုလိုငုံ့ကြည့်လိုက်၏။
သူ၏ ခြေချင်းဝတ်ပေါ်မှာ ဖြူဖွေးသောလက်ဖဝါးတစ်ဖက် ပေါ်ထွက်လာပြီး အဲ့ဒါက သံမဏိခြေကွင်းတစ်ကွင်းကဲ့သို့ တင်းကျပ်စွာဖမ်းဆုပ်လာခဲ့၏။
“အား...”
ရုတ်တရက် ကတုံးပြောင်အမျိုးသားက စူးစူးဝါးဝါး အော်လိုက်၏။
ကြောက်စရာကောင်းသော ထိုအော်သံနှင့်အတူ အရိုးများကျိုးပဲ့သံကပါ တွဲဖက်လာ၏။
သူ၏ ခြေချင်းဝတ်သည် ထိုသူ၏ လက်ဝါးညှစ်အားဖြင့် ကျိုးကြေသွားလေသည်။
ကတုံးပြောင်အမျိုးသားက နာကျင်မှုဖြင့် သတိလစ်လုမတတ်ဖြစ်သွားရ၏။
သူမတုံ့ပြန်နိုင်ခင်မှာပင် သူ၏ ခန္ဓာကိုယ်က အထိန်းအကွပ်မဲ့စွာ လည်ထွက်သွားသည်ဟု ခံစားလိုက်ရ၏။
ဘုန်း...
ဆူဇီမိုသည် ကတုံးပြောင်အမျိုးသား၏ ခြေချင်းဝတ်ကိုဖမ်းဆုပ်ပြီး လေထဲမှာလွှဲယမ်းကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာပစ်ပေါက်ချလိုက်၏။
လူပုံသဏ္ဌာန်တွင်းချိုင့်တစ်ခုက ပေါ်ထွက်လာခဲ့လေသည်။
ကတုံးပြောင်အမျိုးသား၏ အရွတ်များနှင့် အရိုးများက ကျိုးပဲ့သွားပြီး သူ၏ ကိုယ်တွင်းအင်္ဂါများက စုတ်ပြဲသွားလေသည်။
သူက ဘယ်လိုမှအသက်ရှင်နိုင်တော့မည် မဟုတ်ပေ။
မြို့ရိုးပေါ်ရှိ ကျင့်ကြံသူများစွာက ထိုမြင်ကွင်းကိုကြည့်ပြီး သူတို့၏ မျက်နှာများက ရှုံ့မဲ့သွားကြ၏။
ထိုအခိုက်အတန့်မှာ ဆူဇီမိုပြသလိုက်သောနည်းလမ်းသည် ညစျေးမှာ သူပြသခဲ့သည့်အရာထက် များစွာပို၍ကြောက်စရာကောင်းနေ၏။
ကြမ်းကြုတ်ခက်ထန်ခြင်း ၊ သိပ်သည်းပြင်းထန်ခြင်း ၊ ရှင်းလင်းခြင်းနှင့် တိကျခြင်း။
ဖြစ်စဥ်တစ်ခုလုံးမှာ ဆူဇီမိုတိုက်ခိုက်ချိန်မှ ကတုံးပြောင်အမျိုးသားသေဆုံးချိန်အထိ သူသည် မလိုအပ်သော မည်သည့်လှုပ်ရှားမှုကိုမှ မပြုလုပ်ခဲ့ဘဲ သူ၏ လှုပ်ရှားမှုတိုင်းက ရေကဲ့သို့ ချောမွတ်ပြေပြစ်နေ၏။
တတိယခေါင်းဆောင်၏ မျက်နှာပေါ်ရှိအပြုံးက ယခုအချိန်ထိပျက်ပြယ်မသွားသေးဘဲ သူ၏ အမူအရာက အေးခဲတောင့်တင်းသွား၏။
စတုတ္ထခေါင်းဆောင်က သူ၏ မျက်လုံးကိုမှေးကျဥ်းပြီး အဲ့ဒီမှာ အေးစက်စက်အလင်းတစ်ချက် ပေါ်ထွက်လာ၏။
ဆူဇီမိုသည် မလှမ်းမကမ်းမှာရှိသော နတ်ဆိုးဝံပုလွေတပ်ဖွဲ့ကိုကြည့်ပြီး မထီတရီပုံစံဖြင့် ပြောလိုက်လေသည်။
“အလကားသက်သက်အသေခံဖို့အတွက် ဒီလိုဘာမဟုတ်တဲ့ကောင်တွေကို မလွှတ်စမ်းပါနဲ့”
“တော်တော်မောက်မာနေတာပဲ”
“စောင်းကြွနေတဲ့အရူး သေဖို့သာပြင်ထားပေတော့”
ဤတစ်ခေါက်မှာတော့ ခေါင်းဆောင်နှစ်ယောက်က အမိန့်မပေးရသေးခင်မှာပင် လူအုပ်ကြီးထဲမှ ဝံပုလွေစီးနင်းသူဆယ်ယောက်ကျော်က အဲ့ဒါကို သည်းမခံနိုင်တော့ဘဲ ဆူဇီမိုထံသို့ပြေးဝင်လာကြ၏။
“ဟမ့်...”
ဆူဇီမိုက အေးစက်စွာနှာတစ်ချက်မှုတ်ပြီး မြေပြင်ကို ဆောင့်နင်းလိုက်၏။
ဘုန်းခနဲမြည်သံနှင့်အတူ မြေပြင်တစ်ခုလုံးက တုန်ခါသွားလေသည်။
ကတုံးပြောင်အမျိုးသား၏ ဝံပုလွေသွားကြေးတုတ်က ဆူဇီမို၏ လက်ထဲသို့ ကန်တက်လာ၏။
အဲ့ဒီနောက်သူက အစိမ်းရောင် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး လူအုပ်ကြီးထဲသို့ ပြေးဝင်သွားလေသည်။
သူက ဝံပုလွေသွားကြေးတုတ်ကိုကိုင်ဆွဲပြီး ဘယ်ညာလွှဲယမ်းလိုက်၏။
ဘန်း... ဘန်း....ဘန်း...
တိုက်ပွဲမြေပြင်ပေါ်မှာ လက်ဆတ်သောသွေးများက အဘက်ဘက်သို့ ပြန့်ကျဲသွား၏။
ဝံပုလွေသွားကြေးတုတ်၏ ရိုက်ချက်ဖြင့် ပုံရိပ်များက တစ်ခုပြီးတစ်ခု လွင့်စင်ထွက်သွားလေသည်။ သူတို့က မြေပြင်ပေါ်သို့ ကျဆင်းသွားသည့်အခါ သူတို့၏ ခန္ဓာကိုယ်များမှာ အပေါက်များစွာရှိနေပြီး အလွန်တရာကြောက်စရာကောင်းသောပုံစံဖြင့် သွေးများက ပန်းထွက်နေ၏။
တစ်ခဏချင်းမှာပင် နတ်ဆိုးဝံပုလွေတပ်သားဆယ်ယောက်ကျော်ကျော်က ဖရိုဖရဲ ဖြစ်သွားလေသည်။