နတ်ဘုရားစွမ်းပကား
Vol. 124 Ch. 1851
မြို့ရိုးပေါ်တွင်..
ထိုမြင်ကွင်းကို တွေ့မြင်သော ကျင့်ကြံသူများ အားလုံးက တုန်လှုပ်သွားကြ၏။
နတ်ဆိုးဝံပုလွေတပ်ဖွဲ့သည် နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ နှစ်ပေါင်းများစွာ စိုးမိုးခြယ်လှယ်ခဲ့ကြ၏။ မဟာဓားပြလေးဖွဲ့ထဲမှ တစ်ဖွဲ့အနေဖြင့် သူတို့သည် အဖွဲ့အစည်းကြီးသုံးခုကိုပင် ဖျက်ဆီးခဲ့ဖူးလေသည်။ သူတို့က ကြမ်းကြုတ်ခက်ထန်ပြီး ရက်စက်တတ်ကြကာ လူများကို ယင်ကောင်များကဲ့သို့ သတ်ဖြတ်တတ်ကြလေသည်။
သူတို့သည် ဤကဲ့သို့သော ကြီးမားသည့် ဆုံးရှုံးမှုနှင့် တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။
အဆင့်ငါး မဟူရာအင်မော်တယ်တစ်ယောက်ကို ကိုင်တွယ်ဖို့အတွက် နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ ခေါင်းဆောင်နှစ်ယောက်သည် ဤကဲ့သို့ ကြီးမားသော အင်အားတစ်ရပ်ကို စုစည်းပြီး လူအယောက်တစ်သောင်းပါ စစ်တပ်တစ်တပ်ကို ကိုယ်တိုင်ဦးဆောင်လာခဲ့ခြင်းမှာ သူတို့သည် မည်သည့် အမှားအယွင်းမှ မရှိဘဲ သူတို့၏ ဩဇာတိက္ကမကို တည်ဆောက်လိုသောကြောင့် ဖြစ်၏။
သို့သော်လည်း တိုက်ပွဲဖြစ်ပွားလာသည့် ခဏမှာပင် ဤအခြေအနေသို့ ကျဆင်းသွားလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။
ယနေ့တိုက်ပွဲ၏ ရလဒ်က မည်သို့ပင်ဖြစ်စေ.. နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ ခေါင်းဆောင်နှစ်ယောက်သည် ဆူဇီမိုကို သတ်ဖြတ်နိုင်ခဲ့မည်ဆိုလျှင်တောင် နတ်ဆိုးဝံပုလွေတပ်ဖွဲ့က ရှုံးနိမ့်ရဦးမည်ဖြစ်၏။
ရှုဝမ်သည် မီးတောက်ပင်လယ်များကြားမှာ လှုပ်ရှားရုန်းကန်နေသည့် နတ်ဆိုးဝံပုလွေတပ်သားများကို ကြည့်ပြီး ညင်သာစွာ ပြောလိုက်၏။
“ကောင်းကင်ဘုံတာအိုမှာ ဝဋ်ဆိုတာ ရှိတယ်.. ဒီနေ့ အဖြစ်အပျက်က နတ်ဆိုးဝံပုလွေတပ်ဖွဲ့ရဲ့ ဝဋ်ပြန်လိုက်ခံရတာ ဖြစ်လိမ့်မယ်လို့ ငါထင်တယ်”
လူတိုင်းက တိတ်ဆိတ်ငြိမ်သက်နေကြ၏။
ဤနှစ်များအတွင်း နတ်ဆိုးဝံပုလွေတပ်ဖွဲ့သည် မရေမတွက်နိုင်သော လူများကို မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့် လုယက်ခြင်းများ ပြုလုပ်ခဲ့ကြ၏။ သူတို့သည် မရေမတွက်နိုင်သော ပြစ်မှုများကို ကျူးလွန်ခဲ့ကြလေသည်။
နဂါးအသူရာချောက်နက်မြို့ရှေ့မှ မြင်ကွင်းသည် အလွန်တရာ ဆိုးဝါးသည်ဆိုလျှင်တောင် လူတိုင်းသည် နတ်ဆိုးဝံပုလွေတပ်သားများအပေါ် သနားကရုဏာသက်မှု နည်းနည်းလေးမှ မခံစားရပေ။
ဆူဇီမိုနောက်သို့ ဆယ်နှစ်ကြာအောင် လိုက်ပါလာခဲ့သည့် သွမ့်ထျန်လျန်နှင့် ငဝါကြီးက ထိုမြင်ကွင်းကို ကြည့်ပြီး သူတို့၏ မျက်နှာများက ရှုံ့မဲ့နေကြ၏။
ယွဲ့ဟောက်နှင့် အခြားသူများကလည်း ပို၍ပင် တုန်လှုပ်နေကြ၏။
သူတို့သည် ဆူဇီမို၏ နည်းလမ်းများအပေါ် အတော်လေး နက်နက်ရှိုင်းရှိုင်း နားလည်နေပြီဟု သူတို့ကိုယ်သူတို့ တွေးထင်ထားခဲ့ကြ၏။
သို့သော် ယခု သူတို့သုံးယောက် နားလည်သဘောပေါက်ထားသည့်အရာသည် ရေခဲတောင်၏ ထိပ်ဖျားမျှသာ ဖြစ်နိုင်ကြောင်း သိရှိလိုက်လေသည်။
ခေါင်းဆောင်တပ်မှူးလျှိုက အမူအရာကင်းမဲ့နေ၏။
သူသည် ဆူဇီမို ဘယ်လိုတောင် ညှင်းပန်းနှိပ်စက်ခံရပြီး သတ်ဖြတ်ခံရမည်ကို ကြည့်ရှုကြစေလိုသော ရည်ရွယ်ချက်ဖြင့် မြို့ရိုးပေါ်မှ တိုက်ပွဲကို စောင့်ကြည့်ရန် သူက လူတိုင်းကို လှုံ့ဆော်ခဲ့ခြင်း ဖြစ်၏။
သို့သော် လက်ရှိအခြေအနေက ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူက ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။
တကယ်တော့ ခေါင်းဆောင်တပ်မှူးလျှိုက သူ၏ ရင်ထဲမှာ အနည်းငယ် စိတ်လှုပ်ရှားတက်ကြွနေ၏။
ဤအင်မော်တယ်ပညာရပ်က အရမ်းကို စွမ်းအားကြီးမားလေသည်။
သူက ဤအင်မော်တယ်နည်းစနစ်ကို ရရှိနိုင်မည်ဆိုလျှင် ယနေ့ အလောင်းအစားမှာ ဆုံးရှုံးရခြင်းက ဘာမှပြောပလောက်စရာ မဟုတ်တော့ပေ။
ယန်ဖေးကို သူငှားရမ်းခဲ့ရသည့် လောင်ကျွမ်းပင်လယ် ကောင်းကင်ပုံဖော် နည်းစနစ်သည် အရည်အသွေးနိမ့် မဟူရာအဆင့် နည်းစနစ်တစ်ခုသာ ဖြစ်၏။ သူ့ရှေ့မှ ဤအင်မော်တယ်နည်းစနစ်နှင့် ယှဉ်လျှင် အဲဒါသည် မိုးနှင့်မြေလို ကွာခြားနေလေသည်။
လူအုပ်ကြီးထဲမှာ သွေးသူရိယတောင်ကြား၏ ကာကွယ်သူ ရွှယ်က စိတ်သက်သာစွာ သက်ပြင်းချပြီး သူ့ကိုယ်သူ ကံကောင်းလှသည်ဟု တွေးလိုက်၏။
ကံကောင်းစွာနှင့် သူက အလျင်စလို မပြုမူခဲ့ပေ။
သူ၏ အစွမ်းအစအရ သူသည် ဤတာအိုနည်းစနစ်၏ အောက်မှာ သေဆုံးသွားမည် မဟုတ်သော်လည်း သူက အလွန်တရာ ဆိုးဆိုးဝါးဝါးပုံစံအထိ လောင်ကျွမ်းခံရဦးမည်ဖြစ်၏။
သို့သော် ယခု သူက ထိုကဲ့သို့သော အမှားအယွင်း မရှိခဲ့ပေ။
သူ့အပြင် အခြားသော အဖွဲ့အစည်းများမှ ကျင့်ကြံသူများကလည်း ဂနာမငြိမ်ဖြစ်နေကြပြီဖြစ်၏။
အမျိုးမျိုးသော အဖွဲ့အစည်းများမှ လူတိုင်းသည် ဆူဇီမို၏ သိုလှောင်အိတ်ထဲရှိ အင်ကြင်းသစ်ရွက်ကို ငမ်းငမ်းတက် လိုချင်နေကြဆဲဖြစ်၏။
အဲဒါကို သတိထားမိပြီး ရှုဝမ်က မျက်မှောင်ကြုတ်ကာ စိုးရိမ်ပူပန်သည့်ပုံပေါ်လာ၏။
မိုးကြိုးတုန်ခါလှိုင်းခန်းမမှ အပြာရောင်ဝတ် အမျိုးသမီးကလည်း သူမ၏ ခေါင်းကို ခါယမ်းပြီး ညင်သာစွာ ပြောလိုက်၏။
“အဲဒီ အင်မော်တယ်ပညာရပ်က တုန်လှုပ်စရာကောင်းတယ်ဆိုရင်တောင် အဲဒီလူက ဒီနေ့ သေခြင်းတရားကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
“အဲဒီ အင်မော်တယ်ပညာရပ်က တုန်လှုပ်စရာကောင်းတယ်ဆိုပေမဲ့ အဲဒါက စွမ်းအင်အမြောက်အများကိုလည်း သုံးစွဲရမှာပဲ.. သူ့ရဲ့ ကျင့်ကြံမှုက အဆင့်ငါး မဟူရာအင်မော်တယ်နယ်ပယ်မှာ ရှိနေတော့ သူက အခုချိန်မှာ အရမ်းကို အားနည်းနေပြီး အရှိန်ကုန်တော့မယ့် မြားတစ်စင်းဖြစ်နေပြီလို့ ငါထင်တယ်”
ရှုဝမ်က ညင်သာစွာ သက်ပြင်းချလိုက်၏။
အဲဒါသည် သူမ စိုးရိမ်ပူပန်နေသည့်အရာပင် ဖြစ်လေသည်။ သူမနှင့် အပြာရောင်ဝတ် အမျိုးသမီးက အဲဒါကို တွေးမိသည်ဆိုလျှင် အခြားသော အဖွဲ့အစည်းများနှင့် နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ ခေါင်းဆောင်နှစ်ယောက်ကပါ အဲဒါကို တွေးမိနိုင်ကြမည်ဖြစ်၏။
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် စတုရတီတာအိုမီးကို သူ၏ အစွမ်းကုန်နှင့် ထုတ်ဖော်ရခြင်းသည် ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်အပေါ် တကယ်ပင် အားအင်ကြီးမားစွာ ကုန်ခမ်းစေပေလိမ့်မည်။
သို့သော်လည်း ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်သည် အဆင့်ငါး မဟူရာအမြုတေနယ်ပယ်မှာ မဟုတ်ဘဲ အဆင့်ခုနှစ်မှာ ရှိနေသည်ကို မည်သူကမှ မသိရှိကြပေ။
သူသည် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို ကျင့်ကြံခဲ့ပြီး နဂါးဖီးနစ် အမြုတေစိတ်ဝိညာဉ်နှင့် အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်ကို ပေါင်းစည်းထားခဲ့၏။ မီးပဒေသာနှင့် တမလွန်မီးရောင်၏ စွမ်းအားကို ပေါင်းစည်းလိုက်ခြင်းနှင့်အတူ သူ၏ အမြုတေစိတ်ဝိညာဉ်သည် ပို၍ပင် သိပ်သည်းကျစ်လစ်လာပြီး သာမန်အဆင့်ခုနှစ် မဟူရာအင်မော်တယ်များထက်ပင် ပို၍ ကြောက်စရာကောင်းလေသည်။
စတုရတီတာအိုမီးကို ထုတ်ဖော်ရခြင်းက သူ့အပေါ် သက်ရောက်မှုများစွာ မရှိခဲ့ပေ။
မီးတောက်ပင်လယ်က တဖြည်းဖြည်း အားပျော့လာခဲ့၏။
နတ်ဆိုးဝံပုလွေတပ်ဖွဲ့မှ အဆင့်ခြောက် မဟူရာအင်မော်တယ်အချို့သည် မီးမြှိုက်ခံရကာ မည်းတူးသွားပြီး ပုံပျက်ပန်းပျက်ဖြစ်နေကြ၏။ သူတို့၏ ဝှက်ဖဲများနှင့် အသက်ကယ်နည်းလမ်းများအပေါ် မှီခို၍ သူတို့က အသက်ရှင်နိုင်ခဲ့ကြ၏။
ခေါင်းဆောင်နှစ်ယောက်၏ အမူအရာက သုန်မှုန်နေပြီး အကြမ်းဖျင်း ရေတွက်ကြည့်လိုက်၏။
နတ်ဆိုးဝံပုလွေတပ်ဖွဲ့မှာ အသက်ရှင်နိုင်ခဲ့သောသူ လူရာဂဏန်းတချို့သာ ရှိတော့လေသည်။
နတ်ဆိုးဝံပုလွေတပ်သားအများစုသည် မီးတောက်ပင်လယ်ထဲမှာ သေဆုံးသွားပြီဖြစ်၏။
ထိုမီးက လူအယောက်တစ်သောင်းပါ စစ်တပ်ကို လူတစ်ထောင်ပင် မကျန်အောင် လောင်ကျွမ်းပြာချပစ်ခဲ့၏။
ကြေးခွံနက် မိစ္ဆာဝံပုလွေတစ်သောင်းထဲမှ ထက်ဝက်ကျော်သည် သေသူသေ.. ဒဏ်ရာရသူရ ဖြစ်ကုန်ကြလေပြီ။ ကျန်ရှိနေသော ဝံပုလွေများကလည်း ကြောက်ရွံ့စွာဖြင့် ထွက်ပြေးကုန်ကြပြီဖြစ်၏။
ကျန်ရှိနေသော နတ်ဆိုးဝံပုလွေတပ်သား ရာချီသည် အားလုံးနီးပါး ဒဏ်ရာအပြင်းအထန် ရရှိထားကြပြီဖြစ်၏။ မီးက သူတို့၏ ခန္ဓာကိုယ်ကို ထိုးဖောက်ပြီး သူတို့အားလုံးက မြေပြင်ပေါ်မှာ ခြေပစ်လက်ပစ်ထိုင်နေကြ၏။ သူတို့သည် ထိတ်လန့်တကြား အမူအရာများနှင့်အတူ ချောင်းဆိုးလိုက်တိုင်း အမည်းရောင် မီးခိုးများက အူထွက်လာတတ်၏။ သူတို့က သူတို့၏ တိုက်ခိုက်ရည်ခွန်အားကို ဆုံးရှုံးသွားခဲ့လေပြီ။
အဲဒါက အရမ်းကို ကြောက်စရာကောင်း၏။
နဂါးအသူရာချောက်နက်ကြယ်၏ အဖွဲ့အစည်းကြီးများနှင့် တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားလျှင်တောင် နတ်ဆိုးဝံပုလွေတပ်ဖွဲ့သည် ဤကဲ့သို့သော အခြေအနေထိ ကျဆင်းသွားလိမ့်မည် မဟုတ်ပေ။
သို့သော် ယခု အရာရာတိုင်းသည် လူတစ်ယောက်တည်း၏ တိုက်ခိုက်မှုကြောင့် ဖြစ်၏။
“ဆူ.. ဇီ.. မို..”
တတိယခေါင်းဆောင်၏ မျက်လုံးက အမျက်ဒေါသကြောင့် ပြူးကျယ်သွားပြီး မျက်ထောင့်နီဖြင့် ကြည့်ကာ သူက ဟိန်းဟောက်လိုက်၏။
“ငါ မင်းကို သတ်မယ်.. ငါ့ရဲ့ သေဆုံးသွားတဲ့ နတ်ဆိုးဝံပုလွေညီအစ်ကိုတွေအတွက် မင်းရဲ့ သွေးနဲ့ ယဇ်ပူဇော်မယ်”
တတိယခေါင်းဆောင်သည် သူ၏ ရွှေရောင်တင်းပုတ်နှစ်လက်ကို လက်နှစ်ဖက်ဖြင့် ကိုင်ဆွဲပြီး အံကို တင်းတင်းကြိတ်လိုက်၏။ သူက ကြောက်မက်ဖွယ်ရာကောင်းသော အမူအရာတစ်ခုနှင့်အတူ ဆူဇီမိုထံသို့ ခြေလျင် ပြေးဝင်သွားလေသည်။
ဆူဇီမို နောက်တစ်ဖန် ဟိန်းဟောက်လိုက်လျှင် သူ စီးနေသည့် ကြေးခွံနက် မိစ္ဆာဝံပုလွေက အကြောက်လွန်ပြီး သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာမှာကို သူက စိုးရိမ်နေ၏။
အဲဒါကြောင့် သူက ထိုဝံပုလွေကို မစီးနင်းဖို့ ဆုံးဖြတ်လိုက်လေသည်။
စတုတ္ထခေါင်းဆောင်၏ အမူအရာကလည်း ရေခဲတမျှ အေးစက်နေ၏။ သူက မည်သည့်စကားမှ မဆိုတော့ဘဲ ကြေးခွံနက် မိစ္ဆာဝံပုလွေ၏ ကျောပေါ်ကနေ ခုန်ဆင်းကာ ရှေ့သို့ တက်လှမ်းလာ၏။ သူ၏ ခါးပေါ်မှ ဆေဘာလက်ကိုင်ကို သူ၏ ညာဘက်လက်ဖြင့် ဆုပ်ကိုင်ပြီး သူ၏ ခါးကို အနည်းငယ် ကွေးညွှတ်ကာ ဆူဇီမိုထံသို့ ပြေးဝင်လာလေသည်။
“ဟမ်”
ဆူဇီမိုက လှောင်ရယ်လိုက်ပြီး လေထဲမှာ မတ်တတ်ရပ်ကာ ပြေးဝင်လာသော တတိယခေါင်းဆောင်ကို ငုံ့ကြည့်နေ၏။
“မင်းက ငါ့ကို သတ်ချင်သေးတာလား.. ဒီနေ့ မင်းတို့နှစ်ယောက်ကို နဂါးအသူရာချောက်နက်မြို့တော်အောက်မှာ ငါမြုပ်နှံပေးမယ်”
ရွှစ်..
ဖျတ်ခနဲဆို ဆူဇီမိုက ရုန်းကန်ပေါက်ကွဲအားတစ်ခုနှင့်အတူ အောက်သို့ ထိုးဆင်းလာခဲ့၏။
“သေစမ်း”
တတိယခေါင်းဆောင်က အကြောက်အလန့်ကင်းမဲ့ပြီး သူ၏ လက်ထဲရှိ ရွှေရောင်တင်းပုတ်ကို ကိုင်မြှောက်ကာ သူ၏ သွေးချီကို လှည့်ပတ်၍ အောက်သို့ ထိုးဆင်းလာသော ဆူဇီမိုကို ပစ်ရိုက်ချလိုက်၏။
ဆူဇီမိုက လေထဲမှာ ရှိနေဆဲဖြစ်ပြီး သူ၏ နှာရောင်က တောက်ပသွားကာ လေးထောင့်စပ်စပ် ကြေးမီးဖိုတစ်လုံးက ပစ်လွင့်ထွက်ပေါ်လာ၏။
သူက အဲဒါကို ဖမ်းဆွဲပြီး တတိယခေါင်းဆောင်၏ ရွှေရောင်တင်းပုတ်ထံသို့ စက်ဝိုင်းခြမ်းပုံသဏ္ဌာန် လွှဲရိုက်လိုက်၏။
ချွမ်း..
ရွှေရောင်တင်းပုတ်သည် စတုရန်းကြေးမီးဖိုနှင့် ထိခတ်သွားပြီး စူးရှသော မြည်သံတစ်သံ ထွက်ပေါ်လာ၏။
မြင်နိုင်သော တုန်ခါလှိုင်းတစ်ခုက ဓမ္မရတနာနှစ်ခုကြားကနေ ပေါက်ကွဲထွက်ပေါ်လာပြီး အဘက်ဘက်သို့ ဖြန့်ကြက်သွား၏။
ဆူဇီမိုသည် သူ၏ အစိမ်းရောင်ကြာပန်း မျိုးဆက်သွေး ထုတ်ဖော်ခံရမည်ကို စိုးရိမ်၍ ဤတစ်ခေါက်မှာ သူ၏ သွေးချီကို အသုံးမပြုပေ။
ထိုသို့ဆိုလျှင်တောင် သူ၏ ရုန်းကန်ပေါက်ကွဲအားနှင့်အတူ အစိမ်းရောင်ကြာပန်းခန္ဓာနှင့် စတုရန်းကြေးမီးဖိုနှင့်အတူ သူသည် ဤထိတွေ့ရိုက်ခတ်မှုမှာ အသာစီးရရှိနေဆဲဖြစ်၏။
ဆူဇီမိုသည် ပြိုင်ဘက်ကင်းစွမ်းပကားတစ်ခုနှင်အတူ နတ်ဘုရားတစ်ပါးကဲ့သို့ ကောင်းကင်ထက်ကနေ ဆင်းသက်လာ၏။
တတိယခေါင်းဆောင်က ဆတ်ခနဲ တုန်ယင်သွားပြီး နောက်သို့ ခြေလှမ်းဝက်ဆုတ်လိုက်ရ၏။
သိပ်သည်းပြင်းထန်သော အင်အားတစ်ခုက ဆင်းသက်ရောက်ရှိလာပြီး သူ၏ ခြေတစ်ဖက်လုံးက မြေကြီးထဲသို့ နစ်ဝင်သွား၏။
တတိယခေါင်းဆောင်၏ မျက်လုံးက တုန်လှုပ်မှုဖြင့် ပြည့်နှက်သွား၏။
ဤပိန်ပိန်ပါးပါး ခန္ဓာကိုယ်က ဤကဲ့သို့ ကြောက်စရာကောင်းသော ကြမ်းကြုတ်ရက်စက်သော စွမ်းအားတစ်ခုကို ထုတ်ဖော်နိုင်လိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။
“နောက်တစ်ခေါက်လောက်”
တတိယခေါင်းဆောင်ကို အသက်ရှူဖို့ အခွင့်အရေး မပေးလိုဘဲ ဆူဇီမိုသည် စတုရန်းကြေးမီးဖိုကို နောက်တစ်ဖန် ကိုင်မြှောက်ကာ ပစ်ရိုက်ချလိုက်၏။
တတိယခေါင်းဆောင်က သူ၏ အခြားသော ရွှေရောင်တင်းပုတ်ကို လွှဲယမ်းကာ ခုခံလိုက်ရ၏။
ချွမ်း..
နောက်ထပ် ကျယ်လောင်သော မြည်သံတစ်သံ ထွက်ပေါ်လာ၏။
တတိယခေါင်းဆောင်က ညည်းတွားအော်ဟစ်လိုက်ပြီး သူ၏ သွားများက ယိုင်နဲ့ကာ သွေးများက စီးကျလာ၏။ သူ၏ လက်နှစ်ဖက်စလုံးက အနည်းငယ် တုန်ယင်၍ နာကျင်ကိုက်ခဲနေ၏။
သူ၏ အကြည့်က သူ၏ ရွှေရောင်တင်းပုတ်ပေါ်သို့ အလိုလိုဆင်းသက်သွားပြီး သူ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားလေသည်။
သူ၏ ရွှေရောင်တင်းပုတ်ပေါ်မှ သံဆူးကြိုးများသည် ယိုယွင်းပျက်စီးနေသော စတုရန်းကြေးမီးဖိုနှင့် နှစ်ကြိမ်ထိတွေ့ရိုက်ခတ်ပြီးနောက် ပြားကပ်သွားခဲ့ပြီဖြစ်၏။
အဲဒါက ဆေဘာ၊ လှံ၊ ဓားနှင့် လှံပုဆိန်ကဲ့သို့ အခြားသော လက်နက်များသာဆိုလျှင် ထိုလက်နက်များသည် စတုရန်းကြေးမီးဖို၏ ရိုက်ချက်ဖြင့် ကျိုးကြေသွားလိမ့်မည်ဆိုတာကို တတိယခေါင်းဆောင်က မသိရှိပေ။