တိုက်ပွဲ၏ အဆုံးသတ်
Vol. 124 Ch. 1856
ဆူဇီမိုသည် သူ၏ မနောကျင့်ကြံရေး နည်းစနစ်ကို လှည့်ပတ်ပြီး တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်၏။
သူ၏ နှာရောင်ကနေ နီရဲနေသော နတ်ဘုရားဆန်ဆန် လက်နက်တစ်ခု ပစ်လွင့်ထွက်ပေါ်လာခဲ့၏။ သိပ်မကြာခင် ၎င်းက လေထဲမှာ ပေါ်ထွက်၍ လွင့်မျောလာ၏။
အဲဒါသည် လခြမ်းကွေးသဏ္ဌာန်ရှိသော လက်တစ်ဖဝါးအရွယ် နီရဲနေသော ကြေးခွံတစ်ခုဖြစ်၏။
မြို့ရိုးပေါ်ရှိ ခေါင်းဆောင်တပ်မှူးများ အပါအဝင် လက်ရှိလူတိုင်းသည် ကြေးခွံပုံသဏ္ဌာန်ရှိသော အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခုကို ဘယ်တုန်းကမှ မမြင်ဖူး၊ မကြားဖူးခဲ့ကြပေ။
သို့သော် ထိုကြေးခွံ ဆင်းသက်လာသည့် ခဏမှာပင် လူတိုင်းသည် ရှင်းမပြတတ်သော ရင်တလှပ်လှပ် ခံစားချက်တစ်ခုကို ရရှိလိုက်၏။
“အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ”
နဂါးအသူရာချောက်နက်မြို့တော်၏ ခေါင်းဆောင်တပ်မှူးတစ်ယောက်က မျက်မှောင်ကြုတ်လိုက်၏။
“အဆင့်ငါး မဟူရာအင်မော်တယ်တစ်ယောက်ရဲ့ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်က ဒီလိုကြောက်စရာကောင်းတဲ့ အော်ရာတစ်ခုကို မပိုင်ဆိုင်နိုင်ဘူး”
နီရဲနေသော ကြေးခွံက နဂါးကြေးခွံတစ်ခုဖြစ်သည်ကို မည်သူကမှ မသိရှိကြပေ။
ဒါ့အပြင် အဲဒါသည် နဂါးမျိုးနွယ်၏ ဘက်ပြန်ကြေးခွံဖြစ်၏။
ဘက်ပြန်ကြေးခွံက မနှေးလွန်း မမြန်လွန်းသော အရှိန်အဟုန်ဖြင့် သွေးသူရိယတောင်ကြား၏ ကာကွယ်သူရွှယ်ထံသို့ လွင့်မျောပျံသန်းလာ၏။
သို့သော်လည်း ကာကွယ်သူရွှယ်သည် အန္တရာယ်ကို အာရုံခံမိသွားပြီး အလောတကြီး အော်ပြောလိုက်၏။
“အားလုံးပဲ ကျုပ်ကို ကူကြဦး”
ကာကွယ်သူရွှယ်နှင့် အနီးဆုံးမှာ ရှိနေသည့် လူနှစ်ယောက်က ကောင်းကင်ဘုံကင်းမြီးကောက်ရဲတိုက်၏ ဦးလေးကျန့်နှင့် မဟူရာအလင်းဂိုဏ်း၏ ချောမောလှပသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးဖြစ်လေသည်။
သူတို့နှစ်ယောက်သည် ခဏမျှ တုံ့ဆိုင်းပြီးနောက် သူတို့၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များကို ထိန်းချုပ်ကာ လေထဲမှာ ရှိသော အနီရောင် ကြေးခွံဆီသို့ စေညွှန်လိုက်လေသည်။
တစ်ချိန်တည်းနီးပါးမှာပင် ကာကွယ်သူရွှယ်၊ ဦးလေးကျန့်နှင့် သက်လတ်ပိုင်းအရွယ် အမျိုးသမီး၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များသည် ဘက်ပြန်ကြေးခွံနှင့် ထိတွေ့ရိုက်ခတ်သွား၏။
ဆူဇီမိုက အဲဒါကို သတိထားမိပြီးနောက် နောက်ထပ်မကြည့်တော့ဘဲ တစ်ဘက်သို့ လှည့်သွား၏။
အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ် လေးခုက ကမ္ဘာတုန်လောက်စရာ အသံများ ထွက်ပေါ်လာခြင်း မရှိဘဲ တိတ်တဆိတ် ထိတွေ့ရိုက်ခတ်သွား၏။
သို့သော်လည်း စိတ်ဝိညာဉ်အသိစိတ် ဝဲဂယက်များက လေဟာနယ်ထဲမှာ ပေါ်ထွက်လာ၏။
ထို့နောက် ချက်ချင်း ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုက ပေါ်ထွက်လာခဲ့လေသည်။
အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ် သုံးခုက နီရဲနေသော ကြေးခွံနှင့် ထိတွေ့မိသည့် ခဏမှာပင် ကာကွယ်သူရွှယ်၊ ဦးလေးကျန့်နှင့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးသည် ဆတ်ခနဲ တုန်ယင်သွားပြီး သူတို့၏ မျက်လုံးများက ပြူးကျယ်သွား၏။ သူတို့သည် အလွန်တရာ ကြောက်စရာကောင်းသော တစ်စုံတစ်ရာကို တွေ့ကြုံခံစားလိုက်ရသည့်အလားပင်။
သူတို့သုံးယောက်က ထိတ်လန့်တကြားဖြစ်သွားပြီး သူတို့၏ မျက်လုံးများက ကြောက်ရွံ့မှုဖြင့် ပြည့်နှက်လာ၏။
သူတို့၏ အမူအရာများက သူတို့၏ မျက်နှာပေါ်မှာ မပြောင်းမလဲ တည်မြဲသွားလေသည်။
လူတိုင်း၏ ရှေ့မှောက်မှာပင် သူတို့သုံးယောက်သည် သူတို့၏ ဝိညာဉ်များကို ဆုံးရှုံးလိုက်ရသည့်အလား ခွေယိုင်ကာ လဲကျသွား၏။ သူတို့၏ မျက်လုံးများက ပြူးကျယ်၍ သူတို့က မကျေမချမ်းဖြင့် သေဆုံးသွားလေသည်။
“သူတို့က သေကုန်ပြီလား”
ယန်ဖေးက အရာရာတိုင်းကို မယုံကြည်နိုင်စွာ ကြည့်နေ၏။
သူတို့သုံးယောက်ထံတွင် မည်သည့် အသက်ဓာတ်မှ မရှိတော့သည်ကို သူ၏ စိတ်ဝိညာဉ်အသိစိတ်က ရှင်းလင်းစွာ အာရုံခံမိလိုက်၏။
ကာကွယ်သူရွှယ်နှင့် အခြားနှစ်ယောက်ပေါ်မှာ မည်သည့် ထိခိုက်ဒဏ်ရာမှ မရှိပေ။
သို့သော်လည်း သူတို့သုံးယောက်က သေဆုံးသွားခဲ့ပြီဖြစ်၏။
လူတစ်ယောက်၏ အမြုတေစိတ်ဝိညာဉ်က ဒဏ်ရာအပြင်းအထန် ရရှိသွားလျှင်ဖြစ်စေ.. သူတို့၏ ဝိညာဉ်က ဖျက်ဆီးခံလိုက်ရလျှင်ဖြစ်စေ.. ထိုအခါမှသာ ဤကဲ့သို့ ထူးဆန်းသည့် မြင်ကွင်းတစ်ခုက ပေါ်ထွက်လာတတ်လေသည်။
သို့သော်လည်း အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။
အနီရောင်ကြေးခွံသည်လည်း ထိုသူတို့၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များဖြင့် နေရာမှာပင် ကြေမွသွားခဲ့ပြီဖြစ်ပြီး အဲဒါက ထိုသူတို့၏ အသိစိတ်များနှင့် မထိတွေ့နိုင်ခဲ့ပေ။
ဒါတောင် ကာကွယ်သူရွှယ်နှင့် အခြားနှစ်ယောက်က နေရာမှာပင် သေဆုံးသွားရ၏။
“အဲ.. အဲဒီ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို ထိ.. ထိလို့တောင် မရဘူးလား”
ကျင့်ကြံသူတစ်ယောက်က တုန်ရီနေသော အသံဖြင့် ပြောလိုက်၏။
ချက်ချင်းပင် လူအုပ်ကြီးထဲမှာ လှုပ်လှုပ်ခတ်ခတ် အသံများ ထွက်ပေါ်လာ၏။
နဂါးတစ်ကောင်၏ ဘက်ပြန်ကြေးခွံကို ထိမိသူ မည်သူမဆို သေရပေလိမ့်မည်။
ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ် ကျင့်ကြံမှုသည် အစကတည်းက အဆင့်-၇ မဟူရာအမြုတေနယ်ပယ်မှာ ရောက်ရှိနေသည်ကို ကာကွယ်သူရွှယ်နှင့် အခြားနှစ်ယောက်က မသိရှိကြပေ။
ဒါ့အပြင် သူသည် အစွယ်ခြောက်ချောင်း နတ်ဆင်ခွန်အား၏ ပင်ကိုနတ်ဘုရားစွမ်းအားကို ထုတ်ဖော်လိုက်သည့်အခါ သူ့အမြုတေစိတ်ဝိညာဉ်၏ စွမ်းအားက ဆပွားတိုးလာခဲ့ပြီး အဆင့်-၇ မဟူရာနယ်ပယ်ကိုပင် ကျော်လွန်သွားခဲ့လေပြီ။
ဘက်ပြန်ကြေးခွံ လျှို့ဝှက်အတတ်၏ ကြောက်မက်ဖွယ်ရာကောင်းမှုနှင့် ပေါင်းစပ်လိုက်သောအခါ သူတို့သုံးယောက်သည် ထိုအမြုတေစိတ်ဝိညာဉ် တိုက်ခိုက်မှုကို လုံးဝ မခုခံနိုင်ခဲ့ကြပေ။
တိုက်ပွဲက ပြီးဆုံးမသွားသေးပေ။
ဆူဇီမိုက အဲဒါကို မျှော်လင့်ထားခဲ့ပြီးသားဖြစ်၏။ သူက တစ်ဘက်သို့ လှည့်သွားခဲ့ပြီဖြစ်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို နောက်တစ်ဖန် လှည့်ပတ်ကာ နောက်ထပ် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခုကို စုဖွဲ့လိုက်၏။
ဇီး..
ဆူဇီမို၏ နှာရောင်ပေါ်မှာ ရွှေရောင်အလင်းတစ်ခု တောက်ပလာပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်က သိပ်သည်းကျစ်လစ်လာခဲ့၏။ ရွှေရောင်စကြာ သင်္ကေတတစ်ခုက နတ်ဘုရားဆန်ဆန် အော်ရာတစ်ခုနှင့်အတူ အလျင်အမြန် ဆင်းသက်လာခဲ့၏။
ရူလိုင်းဓမ္မချိပ်စည်း..
ရှေးကျသော ရွှေရောင် သင်္ကေတသည် ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့် ပြည့်နှက်နေပြီး ၎င်းက ခြောက်သွေ့နေသော ပေါင်းပင်များကို ခြေမွှလိုက်သည့်အလား တတိယခေါင်းဆောင်၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို ခြေမွှဖျက်ဆီးပစ်လိုက်၏။
အဲဒါသည် ဗုဒ္ဓကျောင်းတော်များ၏ လျှို့ဝှက်အတတ်တစ်ခုဖြစ်၏။
သူသည် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို ကျင့်ကြံပြီးနောက် ရူလိုင်းဓမ္မချိပ်စည်း၏ စွမ်းအားက ဆပွားတိုးလာခဲ့၏။
တတိယခေါင်းဆောင်၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်သည် အဲဒါကို ခုခံနိုင်ခြင်း မရှိဘဲ ချက်ချင်းပင် ပျက်ပြယ်သွား၏။
“အား..”
တတိယခေါင်းဆောင်က တုန်လှုပ်သွားပြီး လှည့်ထွက်ပြေးချင်လေသည်။
သို့သော်လည်း သူ၏ အမြန်နှုန်းက ရူလိုင်းဓမ္မချိပ်စည်းကို မယှဉ်နိုင်ပေ။
ရွှေရောင်အမှတ်သင်္ကေတက ဆင်းသက်လာခဲ့ပြီး သူ၏ နောက်ကျောပေါ်တွင် တံဆိပ်ခတ်လိုက်လေသည်။
ချက်ချင်းပင် ကြီးမားသော စိတ်ဝိညာဉ်အသိစိတ်တစ်ခုက သူ၏ အသိစိတ်ကို ကြေမွသွားစေပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို ဝါးမျိုလိုက်လေသည်။
တတိယခေါင်းဆောင်သည် ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးစဉ်မှာပင် မည်သည့် အသက်ဓာတ်မှ မကျန်ရှိတော့ဘဲ မြေပြင်ပေါ်သို့ သူက လဲကျသွား၏။
တစ်ခဏချင်းမှာပင် အဆင့်-၇ မဟူရာအင်မော်တယ် ငါးယောက်ထဲမှ လေးယောက်က သေဆုံးသွားလေသည်။
မြို့ရိုးပေါ်မှ လူတိုင်းက ကြက်သေသေနေကြ၏။
အမြုတေစိတ်ဝိညာဉ်များအကြား တိုက်ပွဲတစ်ပွဲသည် အလွန်တရာ အန္တရာယ်များကြောင်း ကျင့်ကြံသူများ အားလုံးက သိရှိထားကြ၏။
သို့သော်လည်း အဆင့်-၇ မဟူရာအင်မော်တယ်များသည် သူတို့၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များကို အသုံးပြုပြီးနောက် ပို၍ပင် မြန်ဆန်စွာနှင့် ပို၍ပင် တည့်တိုးဆန်စွာ သေဆုံးကုန်ကြလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။
တိုက်ပွဲက ပြီးဆုံးမသွားသေးပေ။
ကောင်းကင်ဘုံမီးနန်းတော်မှ အဆင့်-၇ မဟူရာအင်မော်တယ် ထုတ်ဖော်လိုက်သည့် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်က လက်သီးဆုပ်အရွယ် အဖြူရောင်မီးတောက်တစ်ခု ဖြစ်လေသည်။
ထိုအမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်က ဆင်းသက်လာသည့်အချိန်မှာ အခြားလေးယောက်က သေဆုံးသွားခဲ့လေပြီ။
ကောင်းကင်ဘုံမီးနန်းတော်၏ အဆင့်-၇ မဟူရာအင်မော်တယ်က အလွန်တရာ လျင်မြန်စွာ တုံ့ပြန်ပြီး တိုက်ပွဲ၏ နောက်ဆုံးရလဒ်ကို စဉ်းစားလိုခြင်း သို့မဟုတ် ကြည့်ရှုလိုခြင်း မရှိတော့ဘဲ လှည့်ထွက်ပြေးလိုက်၏။
ဆူဇီမိုက အေးစက်စက် အမူအရာတစ်ခုနှင့်အတူ သူ၏ နှာရောင်ကို ညင်သာစွာ ထိပြီး သူ၏ အသိစိတ်ထဲကနေ ကျိန်းစပ်နေသော မိုးကြိုးလျှပ်စီးဖြင့် တောက်ပနေသည့် ကျာပွတ်တစ်ခုကို ဆွဲထုတ်လိုက်၏။
ဖြောင်း..
ဆူဇီမိုသည် သူ၏ မိုးကြိုးကျာပွတ်ကို လွှဲယမ်းပြီး အဖြူရောင်မီးတောက်ကို ပစ်ရိုက်ချလိုက်၏။
မီးတောက်က နေရာမှာပင် ကြေမွသွားပြီး မီးပွားများက လွင့်စင်ထွက်သွား၏။
စိတ်ဝိညာဉ်နှိမ်နင်းကျာပွတ်…
ကောင်းကင်ဘုံမီးနန်းတော်၏ အဆင့် ၇ မဟူရာအင်မော်တယ်သည် သူက အရင်ဆုံး လှည့်ထွက်ပြေးခဲ့သောကြောင့် မိုးကြိုးကျာပွတ်၏ သက်ရောက်မှု ဧရိယာကနေ ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့၏။ အဲဒါကြောင့် သူ့အသက်က ချမ်းသာရာရခဲ့လေသည်။
ထိုလူ၏ မျက်နှာက ဖြူဖျော့နေပြီး သူ၏ စိတ်ကို လျှော့ချရဲခြင်း မရှိပေ။ သူက ဆူဇီမို လိုက်လာမည်ကို စိုးရိမ်၍ ကြောက်လန့်တကြားဖြင့် နဂါးအသူရာချောက်နက်မြို့တော်ဆီသို့ ပြေးသွားလေသည်။
မလှမ်းမကမ်းမှာ ရှိသော အဆင့်-၆ မဟူရာအင်မော်တယ်များကလည်း ထွက်ပြေးကုန်ကြပြီဖြစ်၏။
တစ်ခဏချင်းမှာပင် နဂါးအသူရာချောက်နက်မြို့တော်၏ အောက်ဘက်ရှိ တိုက်ပွဲနယ်မြေမှာ လူတစ်ယောက်တည်းသာလျှင် ကျန်ရစ်ခဲ့၏။ သူက လေထဲမှာ မတ်တတ်ရပ်ပြီး သိပ်သည်းပြင်းထန်သော အော်ရာတစ်ခုနှင့်အတူ နဂါးအသူရာချောက်နက်မြို့ကို ကြည့်နေ၏။
တိုက်ပွဲနယ်မြေသည် အဆူရာ ငရဲဘုံတစ်ခုကဲ့သို့ အလောင်းများ ပြန့်ကျဲ၍ ရှုပ်ယှက်ခတ်နေလေသည်။
ဤအစိမ်းရောင်ဝတ် ကျင့်ကြံသူသည် အဆူရာ ငရဲဘုံ၏ ဘုရင်တစ်ပါးနှင့်တူပြီး သူ၏ ဂုဏ်သိက္ခာကို မည်သူကမှ ထိပါးလို့ မရသည့်ပုံပင်။
ဤတိုက်ပွဲမှာ အဆင့်-၇ မဟူရာအင်မော်တယ် ခြောက်ယောက်က သေဆုံးသွားခဲ့၏။
အဲဒီမှာ သေဆုံးသွားသော အဆင့်-၅ နှင့် အဆင့်-၆ မဟူရာအင်မော်တယ်များက ပို၍များပြားလေသည်။
သန်မာသော နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ တပ်သားတစ်သောင်းပါ စစ်တပ်တစ်တပ်သည် လုံးဝနီးပါး ချေမှုန်းဖျက်ဆီးခံခဲ့ရပြီး လူရာဂဏန်းတချို့ကသာ ရှင်သန်နိုင်ခဲ့၏။
နဂါးအသူရာချောက်နက်ကြယ်ပေါ်ရှိ အဖွဲ့အစည်းကြီးများအကြား စစ်ပွဲတစ်ပွဲပင်လျှင် ဤကဲ့သို့ ကြောက်စရာကောင်းသော အခြေအနေတစ်ခုအထိ ရောက်ရှိချင်မှ ရောက်ရှိပေလိမ့်မည်။
သူတို့က အဲဒါကို ကိုယ်တိုင်မြင်တွေ့ရခြင်း မရှိလျှင် အဲဒါသည် လူတစ်ယောက်တည်း၏ လက်ချက်ဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်ကို ဘယ်သူက ယုံကြည်နိုင်ပါ့မလဲ။
ကောင်းကင်ဘုံကင်းမြီးကောက်ရဲတိုက်၊ မဟူရာအလင်းဂိုဏ်းနှင့် အခြားသော အဖွဲ့အစည်းကြီးများမှ သခင်လေးများသည် မြို့ရိုးပေါ်မှာ မတ်တတ်ရပ်ပြီး ဖြူဖတ်ဖြူလျော် အမူအရာများနှင့်အတူ ကြောက်ရွံ့တုန်လှုပ်နေကြ၏။
ကံကောင်းထောက်မစွာဖြင့် သူတို့က ဝင်ရောက်မတိုက်ခိုက်ခဲ့ပေ။ မဟုတ်ပါက သူတို့သည် ယခုအချိန်တွင် မြို့ရိုးအောက်ဘက်မှာ သေဆုံးနေသည့် အလောင်းများ ဖြစ်နေပေလိမ့်မည်။
ဤတိုက်ပွဲသည် လက်ရှိလူတိုင်းအပေါ် ကြီးမားသည့် ရိုက်ချက်တစ်ခု ဖြစ်လာခဲ့၏။
နှစ်ပေါင်းများစွာ ကြာပြီးတာတောင် ဤတိုက်ပွဲကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသော အဖွဲ့အစည်းများမှ သခင်လေးအချို့သည် ဆူဇီမိုနှင့် အတိုက်အခံ ပြုလုပ်ရဲတော့မည် မဟုတ်ပေ။ သူ၏ နာမည်ကို ကြားရချိန်မှာတောင် သူတို့က ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာပေလိမ့်မည်။
အစကတော့ နဂါးအသူရာချောက်နက်မြို့တော်၏ အဆင့်မြင့်အင်မော်တယ်များနှင့် မြို့စောင့်တပ်သားများသည် အောက်ဘုံကနေ တက်လှမ်းလာသော ဤလူကို လုံးဝ အလေးအနက်မထားခဲ့ကြပေ။
ယခုအခါမှာတော့ အဆင့်မြင့်အင်မော်တယ်များပင်လျှင် ဤတက်လှမ်းလာသူကို သူတို့နှင့် အဆင့်တူအဖြစ် သတ်မှတ်လိုက်ရပြီဖြစ်၏။
အထက်ဘုံမှာဖြစ်စေ.. အောက်ဘုံမှာဖြစ်စေ.. ခွန်အားကသာ အရာရာဖြစ်လေသည်။
လူတစ်ယောက်က လုံလောက်သည့် ခွန်အားကို ပိုင်ဆိုင်လာသည့်အခါ သူသည် အရာရာတိုင်းကို စီးပိုးခြယ်လှယ်လာနိုင်ပေလိမ့်မည်။
“မင်းတို့တွေကို စိတ်ပျက်အောင် လုပ်လိုက်ရတာ ငါစိတ်တောင်မကောင်းဘူး”
ဆူဇီမိုက နဂါးအသူရာချောက်နက်မြို့ ရှိရာဘက်သို့ သူ၏ လက်သီးနှစ်ဖက်ကို ယှက်ပြီး မထီတရီ ပုံစံဖြင့် ပြောလိုက်၏။
“ဒီလူတွေက ငါ့အသက်ကို ရန်ရှာဖို့အတွက် လုံလောက်တဲ့ အဆင့်မှာ ရှိမနေကြဘူး”