ပြန်လည်ပြုပြင်ခြင်း
Vol. 124 Ch. 1859
ဆူဇီမိုသည် တခြားတစ်နေရာရာမှာ ကြန့်ကြာမနေဘဲ လူသူကင်းမဲ့ကုန်းမြေများသို့ ပြန်ရောက်လာ၏။
သူသည် နဂါးအသူရာချောက်နက်မြို့သို့ သွားရောက်သော ဤခရီးစဉ်ကနေ အကျိုးအမြတ်များစွာ ရရှိခဲ့လေသည်။
သည့်ယခင်က သူသည် သူ၏ သိုလှောင်အိတ်ထဲရှိ အင်မော်တယ်ဆေးပင်များ အားလုံးကို ပေးချေပြီး အမြုတေစုဖွဲ့ဆေးလုံး ငါးသိန်းနီးပါးကို ရရှိထားခဲ့၏။
နဂါးအသူရာချောက်နက်မြို့တော်မှ တိုက်ပွဲတွင် သူသည် အဆင့်-၇ မဟူရာအင်မော်တယ်များ၏ သိုလှောင်အိတ်များကို ရရှိခဲ့လေသည်။
လမ်းတစ်လျှောက်မှာ သူသည် လုပ်စရာ ဘာမှမရှိသည့်အတွက် သူရရှိထားသည့် အရာများကို အကြမ်းဖျင်းရေတွက်ကြည့်ခဲ့ပြီးပြီဖြစ်၏။
ထိုသိုလှောင်အိတ်များထဲမှာ အမြုတေစုဖွဲ့ဆေးလုံး ဆယ်သန်းနီးပါး ရှိလေသည်။
အဲဒီမှာ အင်မော်တယ်ဆေးပင်များက ပို၍ပင် များပြား၏။
အဲဒီမှာ အမြုတေစိတ်ဝိညာဉ်ကျောက်တုံး စုစုပေါင်း ၆၄တုံးလည်း ပါဝင်လေသည်။
သွေးသူရိယတောင်ကြားစစ်တပ်ကနေ သူရရှိထားသော အမြုတေစိတ်ဝိညာဉ်ကျောက်တုံး ၁၃လုံးနှင့် ထပ်ပေါင်းပါက ယခုအခါ သူ့တွင် အမြုတေစိတ်ဝိညာဉ်ကျောက်တုံး ၇၇တုံး ရှိလာခဲ့ပြီဖြစ်၏။
တကယ်တော့ ထိုသိုလှောင်အိတ်များထဲမှာ ဓမ္မရတနာများနှင့် ကျင့်ကြံရေး နည်းစနစ်များလည်း ပါရှိလေသည်။
သို့သော်လည်း ထိုဓမ္မရတနာများက ဆူဇီမို၏ စိတ်အာရုံကို မရရှိပေ။
ဆူဇီမိုသည် ကျင့်ကြံရေး နည်းစနစ်များနှင့် လျှို့ဝှက်အတတ်များကို လှန်လှောကြည့်ရှုလိုက်သော်လည်း အဲဒီမှာ သူကျင့်ကြံဖို့ ထိုက်တန်သည့် မည်သည့်အရာကိုမှ မတွေ့ပေ။
အဲဒါက ပုံမှန်သာဖြစ်၏။
ထိုကျင့်ကြံရေး နည်းစနစ်များက စွမ်းအားကြီးမားသော ကျင့်ကြံရေး နည်းစနစ်များ သို့မဟုတ် လျှို့ဝှက်အတတ်များ ဖြစ်နေမည်ဆိုလျှင် သူတို့က ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့ရလိမ့်မည် မဟုတ်ပေ။
ကံဆိုးစွာနှင့် ဆူဇီမိုသည် နတ်ဆိုးဝံပုလွေတပ်သားများ၏ သိုလှောင်အိတ်များကို သိမ်းဆည်းဖို့ အချိန်မရခဲ့ပေ။
ဤတိုက်ပွဲကနေ သူ ရရှိလာခဲ့သော အဖိုးတန်ဆုံးအရာ သုံးခုရှိလေသည်။
တစ်ခုသည် စိတ်ဝိညာဉ်ရတနာအပိုင်းအစ ဖြစ်၏။ တစ်ခုက နက်မှောင်နေသော ဓားကျိုးဖြစ်ပြီး နောက်တစ်ခုက အင်ကြင်းပင်၏ သစ်ရွက်ဖြစ်၏။
ဆူဇီမိုသည် အထီးကျန်ကုန်းမြေများသို့ ပြန်လည်ရောက်ရှိလာပြီး သီးခြားအထိုင်ချကျင့်ကြံဖို့ ဝင်ရောက်သွားလေသည်။
သူသည် စိတ်ဝိညာဉ်ရတနာအပိုင်းအစကို စတုရန်းကြေးမီးဖိုထဲသို့ ပစ်ထည့်ပြီး အဲဒါကို တိတ်တဆိတ် စောင့်ကြည့်လိုက်၏။
ထင်မှတ်ထားသည့်အတိုင်းပင်.. စတုရန်းကြေးမီးဖိုအတွင်းမှာ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး စိတ်ဝိညာဉ်ရတနာအပိုင်းအစကို အရည်ဖျော်ကာ ၎င်း၏ အဆီအနှစ်ကို စုပ်ယူလိုက်၏။
စတုရန်းကြေးမီးဖိုသည် ထိုစိတ်ဝိညာဉ်ရတနာအပိုင်းအစကို အရည်ဖျော်ချပြီးနောက် များစွာပြောင်းလဲသွားခြင်း မရှိပေ။
သို့သော်လည်း ယိုယွင်းပျက်စီးနေသော မီးဖိုနံရံများပေါ်ရှိ အက်ကွဲကြောင်းတစ်ခုက ပြန်လည်ကောင်းမွန်သွား၏။
မီးဖို၏ နံရံများက အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီး ဆူဇီမိုအနေဖြင့် အဲဒါကို နားလည်ဖို့က ခဲယဉ်းလေသည်။
တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ သူက အနက်ရောင် ဓားကျိုးကို စတုရန်းကြေးမီးဖိုထဲသို့ နောက်တစ်ဖန် ပစ်ထည့်လိုက်၏။
သိပ်မကြာခင် စတုရန်းကြေးမီးဖိုက အနက်ရောင် ဓားကျိုးကို တစ်ဖန် အရည်ဖျော်ချပစ်လိုက်၏။
ဤတစ်ခေါက်မှာတော့ ဆူဇီမိုသည် မီးဖို၏ ကြေမွနေသော နံရံကို စိုက်ကြည့်နေ၏။
ထင်မှတ်ထားသည့်အတိုင်းပင်.. ။
မီးဖို၏ နံရံတစ်ဖက်ပေါ်မှာ အက်ကွဲကြောင်းတစ်ခုက တဖြည်းဖြည်း ကောင်းမွန်လာခဲ့၏။
တကယ်တော့ မီးဖိုနံရံပေါ်တွင် အက်ကွဲကြောင်းများစွာရှိပြီး သူတို့ထဲမှ နှစ်ခုကိုသာ ပြန်လည်ပြုပြင်နိုင်ခဲ့ခြင်း ဖြစ်၏။ အဲဒါက ပြောပလောက်အောင် မဟုတ်ပေ။
စတုရန်းကြေးမီးဖိုက များစွာပြောင်းလဲသွားခြင်း မရှိပေ။
သို့သော်လည်း အနည်းဆုံးတော့ ဆူဇီမို၏ ခန့်မှန်းချက်ကို အဲဒါက အတည်ပြုပေးနိုင်ခဲ့၏။
သူသည် စတုရန်းကြေးမီးဖိုကို ပြုပြင်ချင်သည်ဆိုလျှင် သူသည် အနည်းဆုံး အသိစိတ်ရှိသော ဓမ္မရတနာတစ်ခုကို ရှာဖွေရပေမည်။
ထိုကဲ့သို့သော ပုံစံဖြင့် စတုရန်းကြေးမီးဖိုသည် တစ်နေ့မှာ သူ၏ မူလပုံစံသို့ ပြန်လည်ရောက်ရှိလာနိုင်ခြေရှိ၏။
တကယ်တော့ ၎င်းသည် အသိစိတ်ရှိသော ဓမ္မရတနာများထက် ပိုမိုကောင်းမွန်သည့် လက်နက်များကို ဝါးမျိုနိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။
ဥပမာအားဖြင့် သူသည် အထက်ဘုံသို့ တက်လှမ်းလာစဉ် ဘုရင်ယွင်ယို၏ အမဲလိုက်ခံခဲ့ရတုန်းက သူသည် ကြယ်တာရာကောင်းကင်ထဲမှာ မဟူရာတွင်းနက်ထဲသို့ ကျဆင်းသွားခဲ့၏။
အကြောင်းအခွင့် တိုက်ဆိုင်စွာဖြင့် စတုရန်းကြေးမီးဖိုသည် အင်မော်တယ်ဘုရင်လက်နက်တစ်ခုကို ဝါးမျိုနိုင်ခဲ့လေသည်။
ထိုလက်နက်သည် စတုရန်းကြေးမီးဖို၏ နံရံတစ်ဖက်ကို ပြန်လည်ပြုပြင်ပေးနိုင်ခဲ့၏။
ထို့ကြောင့်ပင်လျှင် သူသည် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို ရရှိခဲ့ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို တည်ငြိမ်စေနိုင်ခဲ့ခြင်းဖြစ်၏။ တကယ်ဆို အဲဒါကြောင့်ပင် သူသည် မဟူရာတွင်းနက်ထဲကနေ လွတ်မြောက်လာနိုင်ခဲ့ခြင်းဖြစ်၏။
သို့သော်လည်း ဤကဲ့သို့သော အခွင့်အလမ်းများကို အကြောင်းအခွင့် အတော်လေး တိုက်ဆိုင်မှသာ ရရှိနိုင်ပေလိမ့်မည်။
သူ၏ လက်ရှိကျင့်ကြံမှုအရ သူသည် အင်မော်တယ်ဘုရင်လက်နက်တစ်ခုကို မပြောနှင့်.. အကောင်းအတိုင်းကျန်ရှိနေသော အသိစိတ်ရှိသည့် ဓမ္မရတနာတစ်ခုကိုပင် ထိတွေ့ခွင့် မရနိုင်ပေ။
ဆူဇီမိုသည် စတုရန်းကြေးမီးဖိုနှင့် ပတ်သက်၍ သိချင်စိတ် ပိုမိုပြင်းပြလာ၏။
စတုရန်းကြေးမီးဖိုက ပြန်လည်ကောင်းမွန်လာသည့်အချိန်မှာ ဘယ်လောက်တောင် လျှို့ဝှက်ဆန်းကြယ်လာမလဲ သူက တွေ့ချင်၊ မြင်ချင်နေ၏။
ဤအချိန်အတောအတွင်း သူသည် သိုင်းတာအိုပင်မခန္ဓာနှင့် ဆက်သွယ်မှု မရရှိခဲ့သေးပေ။
အဲဒါသည် သူ့ အမြုတေစိတ်ဝိညာဉ်၏ ကျင့်ကြံမှုက လုံလောက်အောင် မမြင့်မားသောကြောင့် သို့မဟုတ် အခြားတစ်စုံတစ်ရာကြောင့်လား သူမပြောတတ်ပေ။
သို့သော်လည်း ဆူဇီမိုက စိုးရိမ်ပူပန်နေခြင်း မရှိပေ။
ထျန်ဟွမ်ကုန်းမြေတိုက်မှာ သိုင်းတာအိုပင်မခန္ဓာကို ခြိမ်းခြောက်နိုင်သည့်သူ တစ်ယောက်မှမရှိပေ။
နောက်ထပ်တစ်ခုက အင်ကြင်းပင်၏ သစ်ရွက်ဖြစ်လေသည်။
အင်ကြင်းသစ်ရွက်သည် ဆူဇီမိုအတွက် တစ်မူထူးခြားသော အဓိပ္ပာယ်တစ်ခုကို ဆောင်ပေးနိုင်၏။
သူ၏ အစစ်အမှန်ပုံစံသည် ဖန်တီးခြင်းကြာပဒုမ္မာဖြစ်သည်ဟု ဆိုနိုင်လေသည်။ သူက အင်ကြင်းသစ်ရွက်ကို သန့်စင်မွမ်းမံနိုင်မည်ဆိုလျှင် ဖန်တီးခြင်းကြာပဒုမ္မာ၏ ကြီးထွားမှုကလည်း သိသိသာသာ တိုးလာပေလိမ့်မည်။
ပို၍ အရေးကြီးသည်မှာ အင်ကြင်းပင်သည် ဗုဒ္ဓကျောင်းတော်များ၏ အထွတ်အမြတ် အပင်သုံးပင်ထဲမှ တစ်ပင်ဖြစ်၏။
ဒဏ္ဍာရီအရဆို.. ဗုဒ္ဓသည် အင်ကြင်းပင်အောက်မှာ လွတ်မြောက်ခြင်းလမ်းသို့ ဝင်ရောက်သွားခဲ့၏။
သူက ထိုသစ်ရွက်ကို သန့်စင်မွမ်းမံနိုင်မည်ဆိုလျှင် သူသည် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို ကျင့်ကြံခြင်းမှာ အသိအမြင်သစ်များကို သေချာပေါက် ရရှိလာပေလိမ့်မည်။
တစ်လကြာပြီးနောက်..
ဆူဇီမိုသည် တံခါးပိတ်ကျင့်ကြံနေစဉ် ရင်ထဲမှာ တစ်မျိုးဖြစ်သွားလေသည်။ သူက ထိုင်ရာကနေ ထပြီး သူ၏ လိုဏ်ဂူခန်းဝါထဲကနေ လျှောက်လှမ်းထွက်လိုက်၏။
“သခင်..”
ငွေဘီလူးက မလှမ်းမကမ်းကနေ စောင့်ကြပ်နေပြီး ဆူဇီမို ထွက်လာသည်ကို မြင်သောအခါ အလောတကြီး ရှေ့သို့ တက်လာခဲ့၏။
“တစ်ယောက်ယောက် ဒီကို လာနေတာပဲ”
ဆူဇီမိုက ပြောလိုက်၏။
“ဟမ်”
ငွေဘီလူး၏ အကြည့်က ကြမ်းကြုတ်ခက်ထန်လာပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။
“မပူပါနဲ့ သခင်.. ကျုပ် တစ်ချက်သွားကြည့်လိုက်မယ်.. အဲဒီ အပြင်လူတွေက ခင်ဗျား ကျင့်ကြံနေတာကို မနှောင့်ယှက်နိုင်စေရဘူး”
“မလိုတော့ဘူး”
ဆူဇီမိုက လက်ကာပြလိုက်၏။
“ဒီနေရာကို သိတဲ့လူက များများစားစား မရှိဘူး.. သွမ့်ထျန်လျန်နဲ့ တခြားသူတွေ ပြန်ရောက်လာတာဖြစ်ရမယ်”
“ဝုတ်.. ဝုတ်.. ဝုတ်”
သိပ်မကြာခင် သူသည် ငဝါကြီး၏ ဝမ်းသာအားရ အော်ဟစ်သံကို ကြားလိုက်ရ၏။
ခပ်လှမ်းလှမ်းကနေ လူပေါင်းများစွာက လျှောက်လှမ်းလာနေကြ၏။
သွမ့်ထျန်လျန်က ယင်ကျောက်၏ ကျောပေါ်မှာ စီးနင်းပြီး ငဝါကြီးနှင့်အတူ ရှေ့ကနေ လျှောက်လှမ်းလာ၏။
သွမ့်ထျန်လျန်သည် ကျေနပ်သဘောကျနေပြီး သူ့နောက်ဘက်မှ လူတိုင်းကို ဟောင်ဖွာ ဟောင်ဖွာနှင့် စကားများ ပြောဆိုနေ၏။
သွမ့်ထျန်လျန်နှင့် ငဝါကြီး၏ ဘေးမှာ ရင်းနှီးနေကျ မျက်နှာသုံးခုကို တွေ့မြင်လိုက်ရ၏။
ယွဲ့ဟောက်၊ ရှန်ဖေးနှင့် ကူဝမ်ကျွင်းတို့ဖြစ်၏။
“မင်္ဂလာပါ ညီကိုဆူ”
ယွဲ့ဟောက်က ဆူဇီမိုကို တွေ့မြင်သောအခါ ကျေနပ်သဘောကျသွားပြီး ရှေ့သို့ အလောတကြီး ပြေးတက်လိုက်၏။
ရှန်ဖေးနှင့် ကူဝမ်ကျွင်းကလည်း လိုက်ပါလာပြီး ဦးညွှတ်လိုက်ကြ၏။
သူတို့သုံးယောက်၏ နောက်ဘက်မှာ ကျင့်ကြံသူပေါင်းထောင်ချီပါလာခဲ့လေသည်။
သူတို့အများစုက မဟူရာအမြုတေနယ်ပယ်၏ အဆင့်တစ်၊ အဆင့်နှစ်နှင့် အဆင့်သုံးတို့ ဖြစ်ကြ၏။
လူတစ်ထောင်ကျော်ကသာလျှင် ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး သူတို့က အဆင့်လေး သို့မဟုတ် အဆင့်ငါး မဟူရာအင်မော်တယ်နယ်ပယ်မှာ ရှိကြ၏။ သူတို့က အတော်လေး သန်မာသည့်ပုံပေါ်လေသည်။
ထိုကျင့်ကြံသူများက သူတို့၏ မျက်လုံးထဲရှိ စူးစမ်းလိုမှု၊ အံ့အားသင့်မှုနှင့် အထင်ကြီးလေးစားမှုတို့နှင့်အတူ ဆူဇီမိုကို ကြည့်နေ၏။
သူတို့အားလုံးသည် နေနှိမ်နင်းရဲတိုက်မှ လာကြခြင်း ဖြစ်လေသည်။
ဤအချိန်အတောအတွင်း ယွဲ့ဟောက်နှင့် အခြားသူများသည် တောင်တစ်သိန်းရိုးမှနှင့် နဂါးအသူရာချောက်နက်မြို့တော်မှ တိုက်ပွဲအကြောင်း လူတိုင်းကို ပြန်ပြောပြခဲ့ပြီးပြီဖြစ်၏။
အကျယ်တဝံ့ပြောဆိုနေခြင်း မရှိလျှင်တောင် ဤကဲ့သို့ ကြီးမားသော တိုက်ပွဲတစ်ခုက လူတိုင်းကို တုန်လှုပ်သွားစေနိုင်၏။ ဒါ့အပြင် ကြွားလုံးထုတ်ပြောဆိုမည့် သွမ့်ထျန်လျန်လိုလူကလည်း ရှိနေလေသည်။
နေနှိမ်နင်းရဲတိုက်မှ လူတိုင်းသည် ဆူဇီမိုကို တွေ့ချင် မြင်ချင်နေကြသည်မှာ ကြာခဲ့ပြီဖြစ်၏။
သူတို့၏ ရင်ထဲမှာ သွေးသူရိယတောင်ကြားမှ စစ်သည်ငါးသောင်းကို သတ်ဖြတ်ပြီး နတ်ဆိုးဝံပုလွေတပ်ဖွဲ့မှ စစ်သည်တစ်သောင်းကို မီးလောင်တိုက်သွင်းနိုင်ခဲ့သည့် ပညာရှင်က စွမ်းအားကြီးမား၍ သူရဲကောင်းဆန်ရပေမည်။ တကယ်ဆို ထိုသူသည် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ပါရှိသည့် မွန်းစတားတစ်ကောင်ပင် ဖြစ်နေနိုင်၏။
သို့သော် ယခု ဒဏ္ဍာရီလာ ရက်စက်ကြမ်းတမ်းသော ဤလူက သူတို့ရှေ့မှာ နူးညံ့သိမ်မွေ့ပုံရသော စာပေသမားတစ်ယောက်ပုံစံဖြစ်နေ၏။
“ကျုပ်တို့က မဖိတ်ခေါ်ဘဲ လာခဲ့မိတယ်.. ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ညီအစ်ကိုဆူ”
ယွဲ့ဟောက်က ပြောလိုက်၏။
“ပြောနေစရာမှ မလိုတာ”
ဆူဇီမိုက ပြုံး၍ ယွဲ့ဟောက်၏ နောက်ဘက်ရှိ လူတိုင်းကို ကြည့်ကာ မေးလိုက်၏။
“သူတို့က..”
ကူဝမ်ကျွင်းက ပြုံး၍ ပြောလိုက်၏။
“အစ်ကိုဆူ.. သူတို့က နေနှိမ်နင်းရဲတိုက်က ကျမတို့ရဲ့ ကျင့်ကြံသူတွေပဲ.. ကျမတို့ ညီအစ်ကို မောင်နှမသုံးယောက်က ရှင်နဲ့အတူ ခိုလှုံဖို့အတွက် သူတို့ကိုပါ ခေါ်လာခဲ့တာ.. ကျေးဇူးပြုပြီး ကျွန်မတို့ကို လက်ခံပေးပါ”
ယွဲ့ဟောက်က ပြောလိုက်၏။
“ကျုပ်တို့ရဲ့ နေနှိမ်နင်းရဲတိုက်က နတ်ဆိုးဝံပုလွေတပ်ဖွဲ့နဲ့ သွေးသူရိယတောင်ကြားရဲ့ ပစ်မှတ်ထားခံရမှာကို စိုးရိမ်ရတယ်.. အဲဒါကြောင့် ကျုပ်တို့က တစ်နေရာမှာ ခဏနေပြီးရင် ရွှေ့ပြောင်းရတယ်.. အခု ကြီးကြီးမားမား ကိစ္စတွေ ဖြစ်ပျက်ခဲ့ပြီးတဲ့နောက် ကျုပ်တို့က နေရာရွှေ့ပြောင်းဖို့ ရည်ရွယ်ခဲ့ကြတယ်.. ကျုပ်တို့က ခင်ဗျားနဲ့ ပူးပေါင်းဖို့ကို တွေးမိသွားပြီး ရောက်လာခဲ့တာပဲ ညီအစ်ကိုဆူ”
“ခေါင်းဆောင်ဆူ”
ရှန်ဖေးက သူ၏ ခေါ်ဝေါ်ပုံကို ပြောင်းလဲလိုက်လေသည်။
“ဒီနေ့ကစပြီး ခင်ဗျားက ကျုပ်တို့ရဲ့ ခေါင်းဆောင်ပဲ”