တံခါးပိတ်ကျင့်ကြံခြင်း
Vol. 124 Ch. 1860
ဆူဇီမိုက လက်ကာပြပြီး ယွဲ့ဟောက်နှင့် အခြားနှစ်ယောက်ကို ပြောလိုက်၏။
“ကျုပ်က အဆင့်-၅ မဟူရာအမြုတေနယ်ပယ်မှာပဲရှိသေးတယ်... ကျုပ်က ခင်ဗျားတို့ကိုတောင် မယှဥ်နိုင်တာ... ကျုပ်ခေါင်းဆောင်မဖြစ်နိုင်ဘူး”
“အစ်ကိုဆူ... ရှင်ဘယ်လိုပြောနေတာလဲ”
ကူဝမ်ကျွင်းက အလောတကြီးဝင်ပြောလိုက်၏။
“အခြားသူတွေကတော့ ရှင့်ရဲ့အစွမ်းအစကို သိချင်မှသိလိမ့်မယ်... ဒါပေမဲ့ ကျွန်မတို့က မသိဘူးလို့ ထင်နေလို့လား... ကျွန်မတို့ရဲ့ခေါင်းဆောင်အဖြစ် ရှင့်ရဲ့အမိန့်ကို ဘယ်သူကမှ မနာခံဘဲနေရဲမှာမဟုတ်ဘူး”
ဆူဇီမိုက ခေါင်းခါပြလိုက်ဆဲ ဖြစ်၏။
“ခင်ဗျားတို့တွေက ဒီနေရာမှာ စခန်းချချင်တယ်ဆိုရင် အဲ့ဒါက အဆင်ပြေတယ်... ဒါပေမဲ့ ကျုပ်ကတော့ ခေါင်းဆောင်လုပ်မှာ မဟုတ်ဘူး”
ယွဲ့ဟောက်နှင့် အခြားနှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြ၏။ ဆူဇီမို၏ ပြတ်သားသောစိတ်ထားကို တွေ့မြင်ရသောအခါ သူတို့က သူ့ကိုထပ်မံ၍ မဖျောင်းဖျတော့ပေ။
တကယ်တော့... ဆူဇီမိုသည် ဤကိစ္စကိုငြင်းပယ်ရခြင်းမှာ သူ့ကိုယ်ပိုင် ထည့်သွင်းစဥ်းစားစရာအချက်များ ရှိနေသောကြောင့်ဖြစ်၏။
တစ်နေ့မှာ သူသည် နဂါးအသူရာချောက်နက်ကြယ်ကနေ ထွက်ခွာသွားပေလိမ့်မည်။
သူသည် နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ အနှောင်အဖွဲ့များစွာကို မထားရစ်ခဲ့လိုပေ။
သူက နေနှိမ်နှင်းရဲတိုက်၏ ခေါင်းဆောင်ဖြစ်လာမည်ဆိုလျှင် အဲ့ဒါသည် သူ့အတွက်ဖြစ်စေ... နေနှိမ်နှင်းရဲတိုက်အတွက်ဖြစ်စေ… ကောင်းသောအရာတစ််ခု ဟုတ်ချင်မှဟုတ်ပေလိမ့်မည်။
ဆူဇီမိုက သွမ့်ထျန်လျန်ကို လှည့်ကြည့်လိုက်၏။
“နေနှိမ်နှင်းရဲတိုက်က ဒီတာအိုရောင်းရင်းတွေကို ခေါ်သွားပြီးတော့ နေရာချပေးလိုက်”
“ဆရာဆူ... မပူပါနဲ့ ကျုပ်ကိုသာအပ်လိုက်”
သွမ့်ထျန်လန်က သူ၏ရင်ဘတ်ကိုပုတ်ပြလိုက်၏။
အဲ့ဒီနောက်ဆူဇီမိုက ယွဲ့ဟောက်ကို ပြောလိုက်၏။
“ဒီအထီးကျန်ကုန်းမြေတွေက အတော်လေးတိတ်ဆိတ်ငြိမ်သက်တယ်... ခင်ဗျားတို့တွေက ဒီနေရာမှာ အေးအေးဆေးဆေးကျင့်ကြံပြီးတော့ ခင်ဗျားတို့ရဲ့ခွန်အားကို မြှင့်တင်လို့ရတယ်”
ခဏမျှစဥ်းစားပြီးနောက် သူက သိုလှောင်အိတ်တချို့ကို ထုတ်ယူကာ သွမ့်ထျန်လန်၊ ယွဲ့ဟောက်နှင့် အခြားသူများကို ကမ်းပေးလိုက်၏။
“အဲ့ဒီထဲမှာ အမြုတေစုဖွဲ့ဆေးလုံး တချို့ရှိတယ်... အဲ့ဒါကိုယူထားပြီး ခင်ဗျားတို့ရဲ့ကျင့်ကြံမှုကို တတ်နိုင်သမျှ မြန်မြန် မြှင့်တင်ဖို့ လောလောဆယ်ကျင့်ကြံနေကြပေါ့”
“ညီကိုဆူ... ဒါက...”
ယွဲ့ဟောက်က အနည်းငယ် ရှက်ရွံ့သွားပြီး ငြင်းပယ်ဖို့ပြင်လိုက်၏။
သို့သော်လည်း ဆူဇီမိုက သူ၏ လိုဏ်ဂူခန်းဝါရှိရာဘက်သို့ လှည့်ထွက်သွားပြီဖြစ်၏။
“နောက်ပြီး.... ကျုပ်တံခါးပိတ်ကျင့်ကြံလိုက်ဦးမယ်... အရေးကြီးတာတစ်ခုခု မရှိဘူးဆိုရင် ကျုပ်ကိုလာမရှာကြနဲ့”
“ကျေးဇူးတင်ပါတယ် ဆရာဆူ”
သွမ့်ထျန်လန်က ဝမ်းသာအားရစွာဖြင့် အော်ပြောလိုက်၏။
သူသည် နဂါးအသူရာချောက်နက်မြို့တော်သို့ ဆူဇီမိုနှင့်လိုက်ခဲ့ရာမှာ အကျိုးဆောင်မှုများစွာ မရှိခဲ့သော်လည်း သူသည် တစ်လမ်းလုံး ရင်တမမနှင့် လိပ်ပြာလွင့်မတတ် ကြောက်လန့်နေခဲ့ရ၏။
ဆူဇီမိုသည် သူ့ကိုနှစ်သိမ့်သည့်အနေဖြင့် အမြုတေစုဖွဲ့ဆေးလုံးတချို့ ပေးခဲ့လေသည်။
သွမ့်ထျန်လန်က သိုလှောင်အိတ်ကိုဖွင့်၍ တစ်ချက်ကြည့်လိုက်၏။
သူ၏ အကြည့်က ချက်ချင်းပင် အေးခဲတောင့်တင်းသွားလေသည်။
အစကတော့... ဆူဇီမိုသည် သူ့အား အမြုတေစုဖွဲ့ဆေးလုံး တချို့ သို့မဟုတ် တစ်ရာလောက် ဆုလာဘ်ချီးမြှင့်လျှင် အတော်လေးကောင်းမည်ဟု သူကတွေးထားခဲ့၏။
ဘာပဲပြောပြာ နှင်းလေတောင်ကြောရိုးမှာတုန်းက သူသည် အမြုတေစုဖွဲ့ဆေးလုံးတစ်ရာကို စုဆောင်းမိဖို့အတွက် နှစ်ပေါင်းအတော်အတန်အချိန်ယူရလေသည်။
သို့သော်လည်း သိုလှောင်အိတ်ထဲရှိ အမြုတေစုဖွဲ့ဆေးလုံး အရေအတွက်က ဤမျှအထိ တုန်လှုပ်စရာကောင်းနေလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။
သွမ့်ထျန်လန်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီးနောက် အကြမ်းဖျင်းရေတွက်လိုက်၏။
တစ်သောင်း...။
အမြုတေစုဖွဲ့ဆေးလုံး တစ်သောင်းဖြစ်လေသည်။
သိပ်သည်းပြင်းထန်သော ဝမ်းသာပျော်ရွှင်မှု လှိုင်းတစ်လှိုင်းက သွမ့်ထျန်လန်၏ ရင်ထဲမှာ လှိုက်တက်လာပြီး သူက နေရာမှာပင် သတိလစ်မတတ်ဖြစ်သွားရ၏။
တစ်ဘက်မှာတော့ ယွဲ့ဟောက်နှင့် အခြားသူများက သူတို့ရရှိထားသည့် သိုလှောင်အိတ်များကိုဖွင့်ကြည့်ပြီး သူတို့၏ အမူအရာများကလည်း တုန်လှုပ်သွားကြ၏။
ယွဲ့ဟောက်အတွက်ပေးထားသော သိုလှောင်အိတ်ထဲမှာ အမြုတေစုဖွဲ့ဆေးလုံး တစ်သိန်းပါရှိလေသည်။
ရှန်ဖေးနှင့် ကူဝမ်ကျွင်းအတွက်ပေးခဲ့သော သိုလှောင်အိတ်များထဲမှာ အမြုတေစုဖွဲ့ဆေးလုံး ငါးသောင်းစီပါရှိလေသည်။
ယွဲ့ဟောက်အနေဖြင့် အမြုတေစုဖွဲ့ဆေးလုံး တစ်သိန်းသည် နှစ်ပေါင်းရာချီ ကျင့်ကြံဖို့အတွက် လုံလောက်လေသည်။
တကယ်တော့... ဆူဇီမို၏ သိုလှောင်အိတ်ထဲတွင် အမြုတေစုဖွဲ့ဆေးလုံး ဆယ်သန်းနီးပါးရှိလေသည်။ သို့သော်လည်း သူက ယွဲ့ဟောက်နှင့် အခြားသူများကို သိပ်ပြီးများများစားစားမပေးခဲ့ပေ။
ယွဲ့ဟောက် ၊ သွမ့်ထျန်လန်နှင့် အခြားသူများ၏ ကိုယ်ကာယနှင့် ကျင့်ကြံမှုနယ်ပယ်များအရ တစ်နေ့မှာ သူတို့ချေဖျက်နိုင်သည့် အမြုတေစုဖွဲ့ဆေးလုံး အရေအတွက်က အကန့်အသတ်ရှိလေသည်။
ဥပမာအားဖြင့် သွမ့်ထျန်လန်သည် အမြုတေစုဖွဲ့ဆေးလုံးတစ်လုံးကို ချေဖျက်ဖို့အတွက် နှစ်လကျော်ကြာအချိန်ယူရပေလိမ့်မည်။
ယွဲ့ဟောက်က ပို၍မြန်ဆန်သော်လည်း သူပင်လျှင် တစ်နေ့မှာအလွန်ဆုံး ဆေးလုံးတစ်လုံးကိုသာ သန့်စင်ချေဖျက်နိုင်မည်ဖြစ်၏။
သူတို့ကို အမြုတေစုဖွဲ့ဆေးလုံး အလွန်များပြားစွာပေးခဲ့မည်ဆိုလျှင် အဲ့ဒါကသူတို့အတွက် အကျိုးရှိချင်မှရှိပေလိမ့်မည်။
သို့သော်လည်း ဆူဇီမိုအတွက်တော့... ကွဲပြားခြားနားလေသည်။
သူသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာဖြစ်ပြီး အဆင့်-၄ မဟူရာအမြုတေနယ်ပယ်မှာ ရှိခဲ့စဥ်ကပင် သူက တစ်နေ့မှာ အမြုတေစုဖွဲ့ဆေးလုံး ဆယ်လုံးကို သန့်စင်ချေဖျက်နိုင်၏။
ယခု... သူက အဆင့်-၅ မဟူရာအမြုတေနယ်ပယ်သို့ ရောက်ရှိလာပြီး သူ့အတွက် အမြုတေစုဖွဲ့ဆေးလုံး လိုအပ်ချက်ကလည်း ပို၍ပင်များပြားလာ၏။
သူသည် တစ်နေ့မှာ အမြုတေစုဖွဲ့ဆေးလုံး တစ်ရာကို သန့်စင်ချေဖျက်နိုင်မည်ဖြစ်၏။
သူသည် တစ်နှစ်ကျင့်ကြံဖို့အတွက် အမြုတေစုဖွဲ့ဆေးလုံး သုံးသောင်းကျော်ကို သုံးစွဲရပေလိမ့်မည်။
ထိုလိုအပ်ချက်က အလွန်တရာတုန်လှုပ်စရာကောင်းသော်လည်း ယုတ္တိတန်လေသည်။
ဖန်တီးခြင်းကြာပဒုမ္မာက အဆင့်-၉ အထိ ကြီးပြင်းလာခဲ့ပြီဖြစ်၏။
ဆူဇီမို၏ လက်ရှိကျင့်ကြံမှုသည် သူကိုယ်တိုင်အပြင် ဖန်တီးခြင်းကြာပဒုမ္မာ၏ ကြီးထွားမှုနှင့်လည်း သက်ဆိုင်နေ၏။
ဖန်တီးခြင်းကြာပဒုမ္မာအနေဖြင့် ကြီးထွားလာဖို့က လွယ်ကူသည် မဟုတ်ပေ။
ကံကောင်းစွာဖြင့် ဤခရီးစဥ်မှာ အမြုတေစုဖွဲ့ဆေးလုံး မြောက်မြားစွာကိုရရှိခဲ့ပြီး သူ၏ ကျင့်ကြံမှုကို ဆက်လက်ထောက်ပံ့နိုင်မည်ဖြစ်၏။
..........
သွေးသူရိယတောင်ကြားတွင်...။
မှောင်မည်းတိတ်ဆိတ်နေသော အခန်းတစ်ခန်းထဲမှာ လူသုံးယောက်က ထိုင်နေကြ၏။
သူတို့ထဲမှ တစ်ယောက်သည် အတော်လေးရုပ်ရည်ချောမောသော်လည်း သူ့မှာလက်တစ်ဖက်သာရှိပြီး အင်္ကျီလက်စတစ်ဖက်က ဗလာကျင်းနေ၏။
အဲ့ဒါက သွေးသူရိယတောင်ကြား၏ သခင်လေး ချန်ရွှမ်ယန်ဖြစ်လေသည်။
တစ်လအကြာမှာ ချန်ရွှမ်ယန်၏ ဒဏ်ရာများက သိသိသာသာသက်သာပျောက်ကင်းသွားပြီး သူ၏ မျက်နှာက သွေးရောင်တချို့ပြန်လည်ရရှိလာပြီဖြစ်၏။
သို့သော်လည်း သူ၏ လက်တစ်ဖက်က ဖြတ်တောက်ခံလိုက်ရပြီး သူသည် ကမ္ဘာမြေအင်မော်တယ်နယ်ပယ်ထိ မကျင့်ကြံနိုင်သရွေ့ အဲ့ဒါကို ပြန်ပေါက်စေနိုင်လိမ့်မည် မဟုတ်ပေ။
ချန်ရွှမ်ယန်၏ ရှေ့မှာ အဆင့်-၇ မဟူရာအင်မော်တယ်တစ်ယောက်က ထိုင်နေ၏။ သူက သွေးသူရိယတောင်ကြား၏ နောက်ထပ်ကာကွယ်သူတစ်ယောက်... ဝေ့ရှန်ဖြစ်လေသည်။
အလယ်မှာတစ်စုံတစ်ယောက်က ထိုင်နေ၏။
သို့သော်လည်း ထိုလူက အမှောင်ထုထဲမှာ ပုန်းကွယ်နေပြီး သူ၏ ရုပ်ရည်သွင်ပြင်ကို ရှင်းရှင်းလင်းလင်း မတွေ့မြင်ရပေ။
အဲ့ဒါက သွေးသူရိယတောင်ကြား၏ တောင်ကြားသခင်ဖြစ်၏။
နဂါးအသူရာချောက်နက်မြို့တော်မှ တိုက်ပွဲသတင်းက ပျံ့နှံ့သွားခဲ့ပြီဖြစ်၏။
နတ်ဆိုးဝုံပလွေတပ်ဖွဲ့က ဤတိုက်ပွဲမှာ အကြီးမားဆုံး နစ်နာဆုံးရှုံးခဲ့ရလေသည်။
ဒုတိယက သွေးသူရိယတောင်ကြားဖြစ်၏။
သူတို့သည် စစ်သည်ငါးထောင်နီးပါး ဆုံးရှုံးခဲ့ရသည်ကို အသာထား.... သူတို့သည်အဆင့်-၇ မဟူရာအင်မော်တယ် ကာကွယ်သူတစ်ယောက်ကိုပင် ဆုံးရှုံးခဲ့ရလေသည်။
ချန်ရွှမ်ယန်ကလည်း လက်တစ်ဖက်ကို ဆုံးရှုံးခဲ့ရ၏။
သွေးသူရိယတောင်ကြားကို တည်ထောင်ခဲ့စဥ်ကတည်းက သူတို့သည် မရေမတွက်နိုင်သော တိုက်ပွဲများစွာကို ဆင်နွဲခဲ့ရ၏။ သို့သော်လည်း သူတို့သည် ဤကဲ့သို့သော ကြီးမားသည့်ရိုက်ချက်တစ်ခုနှင့် တစ်ခါမှ မကြုံတွေ့ခဲ့ရဖူးပေ။
အခန်းထဲရှိလေထုက အနည်းငယ်သိပ်သည်းလေးလံနေ၏။
“အဖေ... အဲ့ဒါနဲ့ပတ်သက်ပြီး ကျုပ်တို့ဘာလုပ်သင့်သလဲ”
ချန်ရွှမ်ယန်က မနေနိုင်ဘဲ စတင်၍မေးလိုက်၏။
“ကျုပ်တို့က ဒီတိုင်းတော့ငြိမ်မနေနိုင်ဘူး... ကျုပ်တို့က ဆူဇီမိုကို အပိုင်းပိုင်းမဆုတ်ဖြဲနိုင်ဘူးဆိုရင်... ကျုပ်တို့သွေးသူရိယတောင်ကြားက လူတိုင်းရဲ့လှောင်ပြောင်သရော်ခြင်းကို ခံရတော့မယ်”
ဝေ့ရှန်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“တောင်ကြားသခင်... သွေးသူရိယတောင်ကြားနဲ့ နတ်ဆိုးဝံပုလွေတပ်ဖွဲ့ရဲ့ နာမည်ဂုဏ်သတင်းက အောက်ဆုံးထိ ထိုးဆင်းသွားခဲ့ပြီ”
“အဖွဲ့အစည်းတွေနဲ့ ကျင့်ကြံသူအတော်များများက ကျုပ်တို့ရဲ့ ခွန်အားကို မေးခွန်းထုတ်ပြီး ကျုပ်တို့ရဲ့နေရာကို ရယူချင်နေကြပြီ”
“အဖွဲ့အစည်းတချို့က သွေးသူရိယတောင်ကြားရဲ့နေရာကို အစားထိုးဝင်ယူဖို့တောင် ကြံစည်နေကြပြီလို့ ကျုပ်ကြားထားတယ်”
သွေးသူရိယတောင်ကြား၏ တောင်ကြားသခင်က ခဏမျှငြိမ်သက်နေပြီးနောက် မေးလိုက်လေသည်။
“မင်းတို့တွေရော ဘယ်လိုထင်ကြလဲ”
“အဖေ... ဆူဇီမိုကိုချက်ချင်းရှာဖွေရမယ်လို့ ကျုပ်အကြံပြုတယ်... ကျုပ်တို့က မြေလှန်ရှာရမယ်ဆိုရင်တောင်မှာ သူ့ကိုတွေ့အောင်ရှာရမယ်”
ချန်ရွှမ်ယန်က မုန်းတီးစွာဖြင့် ပြောလိုက်၏။
ဝေ့ချန်က တိတ်ဆိတ်ငြိမ်သက်၍ အဲ့ဒါနှင့်ပတ်သက်၍ သဘောတူခြင်းမရှိသည့်ပုံပင်။
သွေးသူရိယတောင်ကြား၏ တောင်ကြားသခင်က မှင်သေသေဖြင့် ပြောလိုက်၏။
“ဆူဇီမိုက ပုန်းကွယ်နေချင်တယ်ဆိုရင် ငါတို့သွေးသူရိယတောင်ကြားရဲ့ ခွန်အားနဲ့မပြောနဲ့ အဖွဲ့အစည်းကြီးရှစ်ခုတောင်မှ သူ့ကိုရှာတွေ့ချင်မှတွေ့လိမ့်မယ်”
“ဒီကောင်လေးက တကယ့်ကို ငုပ်လျှိုးနေတဲ့ အန္တရာယ်တစ်ခုပဲ... ကံကောင်းတာကတော့... သူ့ရဲ့ကျင့်ကြံမှုက သိပ်ပြီးတော့မမြင့်မားသေးဘူး... သူက ကြီးမားတဲ့ပြဿနာတစ်ရပ် မဖြစ်နိုင်သေးဘူး”
“ရွှမ်ယန်.... မပူနဲ့ အဲ့ဒီကောင်လေး နောက်တစ်ခါပေါ်လာတာနဲ့ သူ့ကိုငါကိုယ်တိုင်အသက်ရှင်လျက်ဖမ်းပြီး မင်းကိုကိုင်တွယ်ခွင့်ပေးမယ်”
“ကျေးဇူးတင်ပါတယ်အဖေ”
ချန်ရွှမ်ယန်က အလောတကြီး ဒူးထောက်ချလိုက်၏။
သူ့အဖေ ဝင်ပါလာမည်ဆိုလျှင် ဆူဇီမိုသည် ပေါ်ထွက်လာရဲသည့်ခဏမှာပင် သေချာပေါက်သေရပေလိမ့်မည်။
သွေးသူရိယတောင်ကြား၏ တောင်ကြားသခင်က ခဏမျှစဥ်းစားတွေးတောလိုက်၏။
“အဲ့ဒီကောင်လေးက ခဏတော့ ပုန်းနေနိုင်မှာပါ... ဒါပေမဲ့ သူက သူ့လက်ကျန်ဘဝတစ်လျှောက်လုံးတော့ ပုန်းနေနိုင်မှာ မဟုတ်ဘူး… တစ်နေ့... သူပြန်ပြီးပေါ်လာလိမ့်မယ် အဲ့ဒီအချိန်က သူသေရမယ့်အချိန်ပဲ”
“အခုချိန်မှာ ငါတို့လုပ်စရာရှိတာက စိတ်ရှည်လက်ရှည်စောင့်ဆိုင်းဖို့ပဲ”
ဝေ့ရှန်ကလည်း ခေါင်းညိတ်ပြလိုက်၏။
“ဒီကောင်းလေးရဲ့ကျင့်ကြံမှုက သိပ်ပြီးမမြင့်မားသေးဘူး... သူကပုန်းကွယ်နေပြီးတော့ နှစ်ပေါင်းရာချီ ဒါမှမဟုတ် နှစ်ပေါင်းထောင်ချီ ကျင့်ကြံနေမယ်ဆိုရင်တောင် သူ့အနေနဲ့ တစ်ခုခုရရှိဖို့ ခဲယဥ်းလိမ့်မယ်... အခုချိန်မှာ အရေးကြီးဆုံးက သွေးသူရိယတောင်ကြားရဲ့ အဆင့်အတန်းနဲ့ခွန်အားကို တည်ငြိမ်အောင်လုပ်ဖို့ပဲ”
သွေးသူရိယတောင်ကြား၏ တောင်ကြားသခင်က ပြောလိုက်၏။
“ဝေ့ရှန်... ငါတို့အပေါ် မကောင်းကြံစည်နေတဲ့ အဲ့ဒီအဖွဲ့အစည်းတွေကို သွားပြီးကိုင်တွယ်လိုက်... သွေးသူရိယတောင်ကြားရဲ့ စွမ်ပကားကို စိန်ခေါ်ချင်တဲ့ဘယ်သူ့ကိုမဆို သနားညှာတာမှုမရှိ သတ်ပစ်ရမယ်”
“နားလည်ပါပြီ”
ဝေ့ရှန်က မတ်တတ်ထရပ်ပြီး ရန်လိုခက်ထန်သော အကြည့်တစ်ခုနှင့်အတူ ပြန်ဖြေလိုက်၏။