မင်းက မင်းရဲ့ဇနီးလောင်းကို သတ်ချင်နေတာလား
Vol. 10 Ch. 127
အခန်း (၁၂၇) မင်းက မင်းရဲ့ဇနီးလောင်းကို သတ်ချင်နေတာလား
မော့ကျန်းသုန့်က ကျန်းလန်ကို အကဲခတ်ကြည့်လိုက်သည်။
သူ့တပည့်လေးက အတိုင်းအတာကို သိရှိနားလည်သူ ဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် တပည့်လေးကို များစွာ သင်ပြပေးစရာ မလိုအပ်ခဲ့ပေ။
သူက တပည့်ဖြစ်သူအပေါ် သင့်တင့်သည့်အကြံဉာဏ်များပေးပြီး ဂရုစိုက်ကာကွယ်ပေးရန်သာ လိုအပ်ခဲ့သည်။
ကျန်းလန်က ကျင့်ကြံခြင်းအဆင့် အနည်းငယ်အားနည်းသော်လည်း အကောင်းအဆိုး အကြောင်းအကျိုး ဝေဖန်ပိုင်းခြားနိုင်သူ ဖြစ်သလို ကိုယ်ပိုင်အတွေးအခေါ်လည်း ကောင်းမွန်သည်။
သူတွေ့ဖူးသမျှ တပည့်များထဲတွင် ကျန်းလန်က အတော်ဆုံး ဖြစ်သလို သူ ဂုဏ်အယူရဆုံး တပည့်လည်း ဖြစ်၏။
မော့ကျန်းသုန့်က…
"စောစောက မင်း ဆရာနဲ့ ဆွေးနွေးစရာ ရှိတယ်ဆိုတာ ဘာများလဲ…"
ကျန်းလန်က အကြောင်းမရှိဘဲ သူ့ထံသို့ လာရောက်တတ်သူ မဟုတ်ပေ။
တစ်ခါတစ်ရံ ဂါရဝပြုသည့်အနေဖြင့် သေရည်ဝယ်လာတတ်သည့်အချိန်များကတော့ ချွင်းချက်ဖြစ်၏။
အမှန်တော့ မော့ကျန်းသုန့်က သေရည်သောက်တတ်သူ မဟုတ်ပေ။ တစ်ခါတစ်ရံ ကျန်းလန်ဝယ်လာမှသာ သောက်လေ့ရှိသူ ဖြစ်သည်။
ကျန်းလန်ကလည်း တပည့်တစ်ယောက်အနေဖြင့် ဂါရဝပြုခြင်းဖြစ်လေရာ သူ့အနေဖြင့် ကျန်းလန်ပေးသည့် သေရည်ကိုတော့ သောက်သင့်သည်ဟု ယူဆသည်။
ထို့ပြင် ကျန်းလန် သေရည်ဝယ်လာပေးခြင်းကို မော့ကျန်းသုန့် သဘောမကျသည့်စိတ်မျိုး မဖြစ်မိပေ။
ကျန်းလန်က သိမ်မွေ့စွာဖြင့်…
"မေးစရာတွေ နည်းနည်းလောက်ရှိနေလို့ပါ ဆရာ…"
ထို့နောက် ကျန်းလန်က မနေ့ညက တွေးထားသည့် အကြောင်းအရာများကို အကြမ်းဖျင်း အပိုင်းများခွဲထုတ်လိုက်ပြီး ဆရာဖြစ်သူကို စကားဆက်ပြောလိုက်သည်။
"ကျွန်တော် အခု အစီအရင်ပညာကိုလေ့လာနေတာ… ၊ ဒါပေမဲ့ ကိုယ့်ဟာကိုယ်လေ့လာရတာ နည်းနည်းခက်ခဲနေတယ်… ၊ အဲဒါ ဆရာရော အစီအရင်ပညာအကြောင်း ကျွမ်းကျင်သလား သိချင်လို့ပါ… ၊ ဆရာ အစီအရင်ပညာကို ကျွမ်းကျင်တယ်ဆိုရင် ကျွန်တော့်ကို နည်းနည်းလောက် သင်ပြပေးလို့ ရမလား…"
မော့ကျန်းသုန့်က ကျန်းလန်ကို ကြည့်လိုက်ရင်း…
"အင်း… ဆရာက မင်းထက်တော့ ပိုသိတာပေါ့…"
ကျန်းလန် အစီအရင်ပညာကို လေ့လာနေကြောင်း မော့ကျန်းသုန့် သိရှိလေသည်။
နဝမတောင်ထွတ်ခန်းမဆောင်နှင့် ရင်ပြင်ထက်တွင် ကျန်းလန်ပြုလုပ်ထားသည့် အစီအရင်များနှင့် အင်းသင်္ကေတများကို သူ လေ့လာပြီးပြီ ဖြစ်၏။
သူ့တပည့်က အချိန်အားတိုင်း ရင်ပြင်နှင့် ခန်းမဆောင်တွင် အစီအရင်များကို ထပ်မံ ထည့်သွင်းနေဆဲ ဖြစ်သည်။
ကျန်းလန်၏ အစီအရင်ပညာတတ်ကျွမ်းမှုက သာမန်အဆင့်မျှသာ ရှိသည်။ သို့ရာတွင် အခြားအဆင့်တူ တပည့်များနှင့်ယှဉ်လျှင် ကျန်းလန်က သာလွန်သည်ဟု ဆိုနိုင်သည်။
ဆရာဖြစ်သူက အစီအရင်ပညာကို သူ့ထက်နားလည်တတ်ကျွမ်းသည်ဟု သိလိုက်ရသဖြင့် ကျန်းလန် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။
သူ့အနေဖြင့် ဆရာဖြစ်သူထံမှ ပညာသင်ယူနိုင်တော့မည် မဟုတ်ပါလား။
သူ့တွင် တာအိုနားလည်ခြင်းလက်ဖက်ခြောက်များ ကျန်ရှိနေသေးသည်။ အစီအရင်ပညာသင်ယူစဉ်တွင် နားလည်မှုမြင့်မားစေရန်အတွက် ထိုလက်ဖက်ခြောက်များကိုစားသုံးပြီး သင်ယူမည်ဟု ဆုံးဖြတ်လိုက်၏။
သို့သော် မော့ကျန်းသုန့် ထပ်မံပြောဆိုလိုက်သည့်စကားက ပျော်ရွှင်နေသည့်ကျန်းလန်၏မျက်နှာကို ရေခဲရေဖြင့် ပက်လိုက်သည့်အလား ဖြစ်သည်။
"ဒါပေမဲ့ မင်းကို သင်မပေးနိုင်ဘူး…"
"ဘာလို့လဲ ဆရာ…"
မော့ကျန်းသုန့်က တည်ကြည်လေးနက်သည့် မျက်နှာထားဖြင့်…
"ဆရာ့ထက်ပိုပြီး အစီအရင်ပညာကျွမ်းကျင်တဲ့သူတစ်ယောက်နဲ့ မင်းကို သင်ယူစေချင်တယ်… ၊ မဟုတ်ရင် မင်း အစီအရင်ပညာကို သေသေချာချာနားမလည်ဘဲ နောက်ပိုင်းကျ လမ်းပျောက်သွားလိမ့်မယ်… ၊ ဒီတော့ကာ… ဆရာ့ကို ရက်နည်းနည်းလောက်အချိန်ပေး… ၊ ပဉ္စမတောင်ထွတ်ကတောင်သခင်မကို မင်းကို အစီအရင်ပညာ သင်ပေးနိုင်မလားဆိုတာ ဆရာမေးကြည့်ပေးမယ်…"
ကျန်းလန် အံ့အားသင့်သွားသည်။
ပဉ္စမတောင်ထွတ်မှ တောင်သခင်မ ၊ တောင်သခင်မ 'မြောင်ယွဲ့' ။
ခွန်လွန်တောင်တွင် တောင်သခင်မ (၂)ယောက်သာ ရှိသည်။
တတိယတောင်ထွတ်၏ တောင်သခင်မ ကျူးချင်နှင့် ပဉ္စမတောင်ထွတ်၏ တောင်သခင်မ မြောင်ယွဲ့တို့ ဖြစ်သည်။
ကျန်းလန်က တောင်သခင်များကို ပန်းချီကားထဲတွင်သာ တွေ့မြင်ဖူးပြီး အပြင်တွင် တွေ့ဆုံဖူးခြင်း မရှိပေ။
ပထမတောင်ထွတ်မှ တောင်သခင် ဖုန်းယီရှောက်တစ်ယောက်သာလျှင် အပြင်တွင် တွေ့ဆုံဖူးသည်။
ကျန်းလန်က…
"ပဉ္စမတောင်ထွတ်က တောင်သခင်မက အစီအရင်ပညာ ကျွမ်းကျင်တာလား…"
မော့ကျန်းသုန့်က…
"သူ့ရဲ့ အစီအရင်ပညာကျွမ်းကျင်မှုက ခွန်လွန်တောင်မှ ထိပ်တန်းအဆင့်ပဲ… ကဲ မင်း ဘာပြောချင်သေးလဲ…"
သူမက ဒီလောက်တောင်တော်သလား...။
ကျန်းလန် အနည်းငယ် အံ့အားသင့်သွားသည်။
အစီအရင်ပညာဆိုသည်က ရေရှည်သင်ယူရသည့် ပညာတစ်ခု ဖြစ်သည်။
တစ်ဖက်ကလည်း အင်မော်တယ်ဖြစ်အောင် ကျင့်ကြံရင်း အစီအရင်ပညာကို ထိပ်တန်းအဆင့်ရောက်အောင် သင်ယူနိုင်သည်မှာ အမှန်တကယ် အထင်ကြီးစရာ ကောင်းလှသည်။
သို့သော် တောင်သခင်မမြောင်ယွဲ့ထံတွင် ပညာသင်ယူရန် ရက်အနည်းငယ် စောင့်ဆိုင်းရဦးမည် ဖြစ်၏။
မည်သို့ပင်ဖြစ်စေ သူ့အပေါ် ဆရာဖြစ်သူ၏ ကျေးဇူးက များပြားလှသည်။
ဆရာဖြစ်သူ၏ ကျေးဇူးဖြင့် အခြားသူထံ ပညာသွားရောက် သင်ယူရခြင်းက ကျန်းလန်ကိုယ်တိုင် ပညာသင်ပေးပါရန် သွားရောက်အကူအညီတောင်းခံခြင်းနှင့် မတူညီပေ။
အခြားသူများအပေါ် ကျေးဇူးကြွေးတင်ခြင်းနှင့် အခြားသူအပေါ်ကျေးဇူးကြွေးတင်ခြင်းကလည်း မတူညီပေ။
အခြားသူများဆိုလျှင် တုန့်ပြန်ကျေးဇူးဆပ်နေရမည် ဖြစ်သော်လည်း ဆရာဖြစ်သူကတော့ ကျန်းလန်ဘက်က အမှားအယွင်မလုပ်သရွေ့ အဆင်ပြေလေသည်။
ကျန်းလန်က…
"ကျေးဇူးတင်ပါတယ် ဆရာ… ဒါနဲ့ ဆရာ ဓားသိုင်းရော ကျွမ်းကျင်သလား…"
နဝမတောင်ထွတ်ကို ကာကွယ်ရန်အတွက် ကျန်းလန်က အစီအရင်ပညာကို သင်ယူလိုခြင်း ဖြစ်သည်။
ဓားသိုင်းပညာကတော့ စွမ်းအားမြင့်မားသူတစ်ယောက် ဖြစ်လာရန်အတွက် လေ့ကျင့်ရမည့် ပညာရပ်ဖြစ်သည်။
အဓိကအားဖြင့် နတ်မိစ္ဆာများ ၊ နတ်လူသားမျိုးနွယ်များနှင့် နဂါးမျိုးနွယ်များ၏ အန္တရယ်မှ မိမိကိုယ်ကို ကာကွယ်နိုင်ရန် ဖြစ်သည်။
ထို့ပြင် နဂါးများကို တိုက်ခိုက်ရန်အတွက် နဂါးသုတ်သင်ဓားသိုင်းက အသင့်တော်ဆုံး ဖြစ်သည်။ အခြားသော တန်ခိုးစွမ်းအားများ ၊ မန္တန်များက နဂါးများနှင့် တိုက်ခိုက်ရာတွင် သိပ်ပြီး ထိရောက်မှု မရှိပေ။
နွားရိုင်းကိုးကောင်စွမ်းအားပြီးလျှင် နဂါးမျိုးနွယ်များကို ကြီးမားစွာ ခြိမ်းခြောက်နိုင်သည်မှာ နဂါးသုတ်သင်ဓားသိုင်းသာလျှင် ရှိသည်။
ထို့ပြင် နဂါးတစ်ကောင်ဖြင့် ရင်ဆိုင်ရမည်ဆိုလျှင် ဓားသိုင်းကိုအသုံးပြုခြင်းက ပိုမိုကောင်းမွန်လေသည်။
မော့ကျန်းသုန့်က…
"ဓားသိုင်းဟုတ်လား… ဒါကတော့ မင်း ဘယ်လိုဓားသိုင်းမျိုး သင်ယူချင်လဲဆိုတဲ့အပေါ် မူတည်တယ်…"
မော့ကျန်းသုန့် အနည်းငယ် မသင်္ကာ ဖြစ်လာမိသည်။
နဂါးမင်းသမီးလေးနှင့် လက်ထပ်မင်္ဂလာပွဲက ကျန်းလန်ကို အတော်လေး ဖိအားပေးလေသလား မပြောတတ်ပေ။
ရုတ်တရက်ကြီး သူ့ထံလာပြီး အစီအရင်ပညာများ ၊ ဓားသိုင်းပညာများ သင်ယူရန် တပည့်ဖြစ်သူက လာရောက်မေးမြန်းနေလေ၏။
ကျန်းလန်က…
"နဂါးသုတ်သင်ဓားသိုင်း…"
"ဟမ်…"
မော့ကျန်းသုန့် အံ့အားသင့်သွား၏။
"နဂါးသုတ်သင်ဓားသိုင်း ဟုတ်လား… ၊ မင်း အဲဒီဓားသိုင်းကို လေ့ကျင့်နေတာလား…"
ကျန်းလန်က ရိုးရိုးသားသားပင် ဝန်ခံလိုက်သည်။
"ဟုတ်တယ် ဆရာ…"
သူ့အနေဖြင့် ဆရာဖြစ်သူကို ဖုံးကွယ်ထားစရာ အကြောင်း မရှိပေ။
မော့ကျန်းသုန့်က…
"မင်း အဲဒီဓားသိုင်းကို ဘယ်အချိန်ကတည်းက လေ့ကျင့်နေတာလဲ…"
နဂါးသုတ်သင်ဓားသိုင်းအကြောင်း မော့ကျန်းသုန့် ကောင်းစွာသိရှိသည်။
သို့သော် ခွန်လွန်တောင်တွင် ထိုဓားသိုင်းကို လေ့ကျင့်ထားသူ တစ်ယောက်သာ ရှိ၏။
ထိုသူ၏ပြောစကားအရ နဂါးသုတ်သင်ဓားသိုင်းကို လေ့ကျင့်တော့မည်ဆိုလျှင် ပထမဆုံး လိုအပ်ချက်မှာ နဂါးများကို မကြောက်ရွံ့ရန်နှင့် နဂါးများကို သတ်ဖြတ်လိုစိတ်ထားရှိရန် ဖြစ်သည် ဆို၏။
ကျန်းလန်က…
"(၂)ရက်လောက်ပဲ ရှိပါသေးတယ် ဆရာ…"
နဂါးမင်းသမီးလေးနှင့် လက်ထပ်မင်္ဂလာကိစ္စကို သိရှိပြီးမှ သူ့တပည့်လေးက နဂါးသုတ်သင်ဓားသိုင်းကို စတင်လေ့ကျင့်ခဲ့ခြင်းလား။
မော့ကျန်းသုန့်က မျက်ခုံးတစ်ချက်ပင့်လိုက်ရင်း…
"ဘာလဲ… မင်းက… မင်းရဲ့ ဇနီးလောင်းကို သတ်ချင်နေတာလား…"
ထိုမေးခွန်းကြောင့် ကျန်းလန် ကြက်သေသေသွားသည်။
သူက ဆရာဖြစ်သူကို တအံ့တသြဖြင့် ကြည့်လိုက်ရင်း…
"မဟုတ်ရပါဘူးဗျာ… ဆရာက အစိုးရိမ်လွန်နေပြန်ပြီ…"
နဂါးသုတ်သင်ဓားသိုင်းကို လုန်ယွိနှင့် စမ်းသပ်တိုက်ခိုက်ကြည့်ရန် ကျန်းလန် စဉ်းစားခဲ့ဖူးသည်။ သို့သော် သူမကို သတ်ဖြတ်ရန်တော့ တစ်ခါမှ မစဉ်းစားခဲ့ဘူးပေ။
ထို့အတူ အခြားသောနဂါးများကိုလည်း သတ်ဖြတ်ရန် ရည်ရွယ်ချက် မရှိပေ။
နဂါးတစ်ကောင်ကိုသတ်မိပါက ပြဿနာအကြီးအကျယ်တက်မည်ဖြစ်လေရာ ကိုယ့်ဒုက္ခကိုယ်ရှာသည့်အလုပ်မျိုးတော့ ကျန်းလန်က ပြုလုပ်မည်မဟုတ်ပေ။
လိုအပ်သည်ဟု ယူသောကြောင့်သာ သူက နဂါးသုတ်သင်ဓားသိုင်းကို လေ့ကျင့်လိုခြင်း ဖြစ်သည်။ ထိုဓားသိုင်းကို လေ့ကျင့်ထားပါက အနည်းဆုံးတော့ နဂါးများကို သတ်ဖြတ်နိုုင်သည့် စွမ်းအားမျိုး ပိုင်ဆိုင်နိုင်မည် မဟုတ်ပါလား။
မော့ကျန်းသုန့်က ပြုံးလိုက်ရင်း…
"အင်း… အဲဒီဓားသိုင်းသင်ထားတာလည်း ကောင်းပါတယ်လေ…"
မော့ကျန်းသုန့်က ကျန်းလန်ကို အပြစ်မဆိုပေ။
သူ့တပည့်အနေဖြင့် နဂါးမျိုးနွယ်များရှေ့တွင် စွမ်းအားနည်းပါးနေခြင်း မရှိသည်က ကောင်းသည့်ကိစ္စပင် ဖြစ်သည်။
လူသားတစ်ယောက်က နဂါးမျိုးနွယ်များရှေ့တွင် စွမ်းအားနည်းနေပါက နဂါးများက ထိုသူကို နှိမ့်ချဆက်ဆံလေ့ ရှိကြသည်။
မော့ကျန်းသုန့်က…
"ဒါဖြင့် ဘယ်တစ်ခုကို အရင်သင်ချင်လဲ… ၊ အစီအရင်ပညာလား… နဂါးသုတ်သင်ဓားသိုင်းလား…"
ကျန်းလန်က…
"အစီအရင်ပညာ အရင်သင်ချင်တယ်… ဆရာ"
နဂါးသုတ်သင်ဓားသိုင်းကို လေ့ကျင့်ခြင်းထက် နဝမတောင်ထွတ်ကို ကာကွယ်ရန်က ပိုမိုအရေးကြီးလေသည်။
"ကောင်းပြီလေ… ဒီရက်ပိုင်း မင်း မူလဝိညာဉ်အဆင့် တက်ရောက်နိုင်အောင် အရင်ဆုံး ကျင့်ကြံလိုက်ပါဦး… ၊ ပြဿနာတစ်ခုခု မရှိဘူးဆိုရင် ပဉ္စမတောင်ထွတ်မှာ အစီအရင်ပညာသင်ယူဖို့ ဆရာ စီစဉ်ပေးမယ်…"
ခဏနားပြီးမှ မော့ကျန်းသုန့်က ကျန်းလန်ကို ဆက်ရှင်းပြသည်။
"နဂါးသုတ်သင်ဓားသိုင်းကို လေ့ကျင့်တာက သိပ်မခက်ပါဘူး… ၊ ဒါပေမဲ့ မင်း အဲဒီဓားသိုင်းကို အဋ္ဌမတောင်ထွတ်မှာ သွားပြီး သင်ယူမှရမယ်…"
"ဟုတ်… ကျေးဇူးပါဆရာ…"
ထို့နောက် ကျန်းလန် ဆရာဖြစ်သူကို နှုတ်ဆက်ကာ တောင်ခြေရှိ သေရည်ဆိုင်သို့ ထွက်ခွာလာခဲ့သည်။
အခြားတောင်ထွတ်များတွင် သွားရောက် ပညာသင်ရမည်ဆိုသောကြောင့် အနည်းငယ် အံ့အားသင့်နေမိသည်။
အခြားတောင်ထွတ်များတွင် ပညာသွားမသင်ခင် မူလဝိညာဉ်အဆင့်သို့ တက်ရောက်နိုင်ရန် အရင်ဆုံး ကြိုးစားရမည် ဖြစ်သည်။ သို့သော် ထိုကိစ္စက ကျန်းလန်အတွက် ကြီးမားသည့် ပြဿနာ မဟုတ်ပေ။
ကျန်းလန် စိတ်ပူနေသည်မှာ အခြားတောင်ထွတ်များက သူနေထိုင်ရာ နဝမတောင်ထွတ်ကဲ့သို့ အန္တရယ်မကင်းမည်ကို စိတ်ပူနေခြင်း ဖြစ်၏။
မည်သို့ပင်ဖြစ်စေ အခြားတောင်ထွတ်များတွင် ပညာသွားသင်မည်ဆိုလျှင် သတိကြီးကြီးတော့ ထားရမည် ဖြစ်သည်။
တောင်ပေါ်လမ်းတစ်လျှောက် နံနက်ခင်းနေရောင်ခြည်က ဖြာကျနေပြီး နွေးထွေးမှုကို ခံစားနေရသည်။ ယနေ့ ရာသီဥတုက အတော်လေးသာယာသည်။
ကျန်းလန် သေရည်ဆိုင်သို့ ရောက်လာသည့်အခါ သူ့ထက်အရင်ရောက်နှင့်နေသည့် ရှောင်ယွိကို တွေ့လိုက်ရသည်။
သူမက စာအုပ်တစ်အုပ်ကို သဲကြီးမဲကြီး ဖတ်နေ၏။
ချစ်စရာကောင်းသည့် မိန်းကလေးငယ်လေးက မနက်စောစောမှာပင် စာတွေကြိုးစားနေပါလားဟု ကျန်းလန် တွေးလိုက်မိသည်။
ကျန်းလန်ရောက်လာသည်နှင့် ရှောင်ယွိက သူမဖတ်နေသည့်စာအုပ်ကို နောက်ကျောဘက်တွင် ချက်ချင်း ဝှက်ထားလိုက်သည်။
"ကျွန်မ ရှင့်ကို မေးခွန်းနည်းနည်းလောက် မေးစရာရှိလို့…"
ကျန်းလန်ကိုတွေ့တွေ့ချင်း ရှောင်ယွိက ပြောလိုက်သည်။
သူက ရှောင်ယွိ၏ ရှေ့တည့်တည့်တွင် မတ်တတ်ရပ်လိုက်ရင်း…
"မေးလေ… ဂိုဏ်းတူအစ်မ…"
ရှောင်ယွိက…
"ရှင်ဘာလို့ နဂါးသုတ်သင်ဓားသိုင်းကို သင်ယူရတာလဲ…"
ကျန်းလန်က…
"ဒီလိုပဲ တစ်ခေါက်ဖတ်ကြည့်လိုက်တာ… သင်ပြီးသား ဖြစ်သွာတာပဲ…"
"................"
အမှန်တကယ်လည်း ကျန်းလန်က ဓားကျမ်းကို တစ်ခေါက်တည်းဖတ်ကြည့်ပြီး သင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် စာကြည့်တိုက်ထဲမှ နဂါးသုတ်သင်ဓားသိုင်းတော့ မဟုတ်ပေ။ စနစ်မှပေးအပ်သည့် ဓားသိုင်းကို သင်ယူခြင်း ဖြစ်၏။
ထို့ပြင် နဂါးသုတ်သင်ဓားသိုင်းကို သင်ယူနိုင်ရန်မှာ ကံတရားအပေါ်တွင်လည်း မူတသည်။
မဟုတ်ပါက ခွန်လွန်တောင်မှ တပည့်များအားလုံး နဂါးသုတ်သင်ဓားသိုင်းကို တတ်မြောက်နေကြပေလိမ့်မည်။
ထိုသို့ဆိုလျှင် နဂါးမျိုးနွယ်များက ခွန်လွန်တောင်၏တည်ရှိမှုကို လုံး၀ လက်ခံနိုင်ကြမည် မဟုတ်ပေ။ ယခုကဲ့သို့ အင်အားကြီးအုပ်စု (၂)စု ချစ်ကြည်ရေးထိမ်းမြားမင်္ဂလာပြုလုပ်နိုင်ရန်ဝေးစွ စစ်မက်ဖြစ်ပွားခြင်းဆီသို့ ဦးတည်ပေလိမ့်မည်။
အမှန်တော့ ရှောင်ယွိ တစ်ညလုံး နဂါးသုတ်သင်ဓားကျမ်းကို ဖတ်ရှုနေခဲ့လေသည်။
ယနေ့မနက် ကျန်းလန် ရောက်မလာခင်အချိန်ထိ သေရည်ဆိုင်ရှေ့တွင် သူမ ထိုဓားကျမ်းကို ဖတ်ရှုလေ့လာနေဆဲ ဖြစ်သည်။ သို့သော် သူမ နဂါးသုတ်သင်ဓားသိုင်းကို သင်ယူနိုင်ခဲ့ခြင်း မရှိပေ။
"ခရက်..."
ထိုစဉ်မှာပင် သေရည်ဆိုင်တံခါး ပွင့်လာ၏။
ဆိုင်ရှင်အဘိုးအို အပြင်သို့ ထွက်လာပြီး...
"ဆိုင်ထဲဝင်လာကြပါ..."
ကျန်းလန်နှင့် ရှောင်ယွိ သေရည်ဆိုင်ထဲသို့ ဝင်လိုက်ကြသည်။
ရှောင်ယွိက...
"အဘိုး... ဒီနေ့ အပြင်မသွားဘူးလား..."
ကျန်းလန်ကလည်း ဆိုင်ရှင်အဘိုးအို ယနေ့ အပြင်သွားမည်မဟုတ်ဟု ခံစားနေရသည်။ အခြေအနေများက ပုံမှန်နှင့်မတူဘဲ တစ်ခုခု ထူးခြားနေဟန် ရှိ၏။
"ကျုပ် လုပ်ရမယ့်အလုပ်တွေ ပြီးသွားပြီ… ဒီတော့ မင်းတို့ နောက်ရက်တွေ ဆိုင်မှာ လာကူစရာ မလိုတော့ဘူး… ၊ ဒီနေ့က မင်းတို့ ဆိုင်မှာ နောက်ဆုံးအလုပ်ဆင်းရမယ့်နေ့ပဲ..."
ဆိုင်ထဲရောက်သည်နှင့် သေရည်ဆိုင်တစ်ခုလုံး ရှုတ်ပွညစ်ပတ်လျှက် ရှိသည်ကို တွေ့လိုက်ရသည်။
သေရည်ဆိုင်ပိုင်ရှင်က…
"မင်းတို့တွေ ဆိုင်ကို အရင်ဆုံး သန့်ရှင်းရေးလုပ်လိုက်ကြဦး…"
ပြောပြီးသည်နှင့် အဘိုးအိုက ဆိုင်အနောက်ဘက်သို့ ထွက်ခွာသွားသည်။
ကျန်းလန် ကြမ်းပြင်ဆီသို့ ငုံ့ကြည့်လိုက်သည်။ ဆိုင်တစ်ခုလုံး သေရည်အိုးများ ၊ စားကြွင်းစားကျန်များဖြင့် ရှုတ်ပွပေကျံလျှက် ရှိသည်။
"လူတွေကလည်း တကယ်ပဲ…"
ကြမ်းပြင်ထက်မှ အမှိုက်သရိုက်များကိုကြည့်ပြီး ကျန်းလန် အပြစ်တင်လိုက်ချင်သော်လည်း တကယ်တမ်းတွင် သူ အရေးမစိုက်ပေ။
ထို့နောက် သန့်ရှင်းရေး စတင်ပြုလုပ်လိုက်သည်။
ရှောင်ယွိကလည်း ကျန်းလန်ဘေးတွင် ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်ရင်း အမှိုက်များကို ကူသိမ်းပေးလိုက်သည်။
ရှောင်ယွိက…
"ဂိုဏ်းတူမောင်လေးက မူလဝိညာဉ်အဆင့်တက်လှမ်းဖို့ ဒီသေရည်ဆိုင်မှာ အခွင့်အရေးလာရှာတာလား…"
ကျန်းလန်က သေရည်အိုးများကို အထုပ်တစ်ခုအတွင်းသို့ စုစည်းထုပ်ပိုးပြီး မတ်တတ်ရပ်လိုက်ရင်း…
"ဟုတ်တယ်... ဒါပေမဲ့ အခွင့်အရေးရဖို့ကတော့ ခက်ပါတယ်..."
ယနေ့က သေရည်ဆိုင်တွင် နောက်ဆုံးအလုပ်ဆင်းရမည့် နေ့ရက်ဖြစ်လေရာ အခွင့်အရေးရရှိပါတော့မလား မသေချာပေ။
ရှောင်ယွိကလည်း ထိုအချက်ကို မေးမြန်းခြင်း ဖြစ်ဟန်တူသည်။
ရှောင်ယွိ မည်သည့်စကားမှ မပြောဘဲ တံမြက်စည်းလှည်းရန်အတွက် ကျန်းလန်ကို တံမြက်စည်းတစ်ချောင်း လှမ်းပေးလိုက်သည်။
သူမဆိုလျှင် မူလဝိညာဉ်အဆင့်ကို မတက်ရောက်မီ အခက်အခဲများစွာ ၊ ပြဿနာများစွာကို ရင်ဆိုင်ခဲ့ရသည်။ မူလဝိညာဉ်အဆင့်တက်ရောက်ရန်မှာ လွယ်ကူသည့်ကိစ္စတော့ မဟုတ်ပေ။
ရှောင်ယွိက…
"ဒါနဲ့... ဂိုဏ်းတူမောင်လေး ဂိုဏ်းထဲရောက်တာ ဘယ်လောက်ကြာပြီလဲ..."
"အင်း... နှစ်ပေါင်း (၁၄၀) လောက်တော့ရှိပြီ…"
ကျန်းလန်က ပြန်ဖြေလိုက်သည်။
"သြော်… ဂိုဏ်းတူမောင်လေးက အတော်လေး အသက်ငယ်သေးတာပဲ…"
".................."
ရှောင်ယွိစကားကြောင့် ကျန်းလန် ဆွံ့အ သွားရလေတော့၏။