← Chapters

အခန်း (၉၁)

Vol. 7 Ch. 91

အခန်း (၉၁)

Vol. 7 Ch. 91

"မင်း... မင်း ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်လာအောင် လေ့ကျင့်ဖူးလား"

မုန့်သုန်ရှင်း၏ ကျန်းချန်ကို ကြည့်နေသည့် အကြည့်တွင် မယုံကြည်နိုင်လောက်အောင် ကြောက်ရွံ့သော အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။

အစောပိုင်းက လက်သီးချက်တွင် ကိုယ်ခံပညာကို အသုံးမပြုခဲ့သော်လည်း ခွန်အား ဆယ်ရာခိုင်နှုန်း နီးပါးကို အသုံးပြုထားခဲ့၏။

သို့တိုင် သူ၏ ထိုးချက်သည် ကျန်းချန်ကို ခြေတစ်လှမ်းပင် နောက်ဆုတ်မသွားစေသည့် အပြင် သူ့ကိုယ်တိုင်ကပါ အနောက်သို့ ခြေလှမ်း အတော်လေး ဆုတ်လိုက်ရသည်။

သူ၏ လက်ပင် အတော်လေး နာကျင်သွားခဲ့၏။

အစောပိုင်းက သူ ထိုးလိုက်သည့် ထိုးချက်သည် လူတစ်ယောက်ကို မထိုးမိဘဲ အလွန်မာကျောသည့် ကျောက်ရုပ်တုကြီးကို ထိုးမိလိုက်သလိုမျိုး ခံစားခဲ့ရသည်။

ဤမျှ အင်အားကြီးမားသည့် ခန္ဓာကိုယ်သည် ချီကာကွယ်ရေး အဆင့်မှ ကျင့်ကြံသူတစ်ယောက်တွင် မရှိသင့်ပေ။

မူလဘူတ နယ်ပယ်အဆင့်မှ ကျင့်ကြံသူ တချို့ပင် ခန္ဓာကိုယ် အင်အား ဤမျှလောက် မသန်မာနိုင်ချေ။

ထိုအတွက် ဖြစ်နိုင်ချေ တစ်ခုသာ ရှိသည်။

ဤကောင်လေးသည် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို လေ့ကျင့်ခဲ့ခြင်း ဖြစ်ရပေမည်။

သို့သော် ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံသည့် နည်းလမ်းများသည် ရှန်းဝူတိုက်ကြီးတွင် ပျောက်ကွယ်သွားသည်မှာ ကြာပြီ ဖြစ်သည်။

အဘယ်​ကြောင့်ဆိုသော် ရုပ်ပိုင်းဆိုင်ရာ ကျင့်စဥ်များသည် အလွန်ရှားပါးရုံသာမက လေ့ကျင့်ရန်လည်း အလွန်ခက်ခဲသောကြောင့်ပင်။

"ဒီကောင် သူ့ရဲ့ ခန္ဓာကိုယ်ကို ဒီလောက်ထိ သန်မာအောင် ဘယ်လိုတောင် လေ့ကျင့်ခဲ့တာလဲ"

"ဟုတ်တယ်.. ငါ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်လာအောင် လေ့ကျင့်ခဲ့တယ်"

ကျန်းချန်က မုန်သုန်ရှင်းကို ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။

"မင်း ဆက်တိုက်ချင်သေးလား.. ငါ အရင်က ပြောထားတဲ့အတိုင်းပဲ.. မင်း ငါ့ကို တစ်လှမ်းလေး နောက်ဆုတ်သွားအောင် လုပ်နိုင်ရင်တောင် ငါ အရှုံးပေးမယ်"

ကျန်းချန်က မုန်သုန်ရှင်း သူ့ကို လက်သီးဖြင့် ထပ်ထိုးရန် မျှော်လင့်နေခဲ့သည်။

မုန့်သုန်ရှင်းသည် ချီကာကွယ်ရေး အဆင့်မှ ကျင့်ကြံသူ တစ်ယောက် ဖြစ်၏။

မုန့်သုန်ရှင်း၏ အစောပိုင်းက ထိုးချက်သည် သူ၏ မပျက်စီးနိုင်သော ခန္ဓာကိုယ် လေ့ကျင့်မှု နည်းစနစ်၏ အတွေ့အကြုံ ရမှတ်ကို တိုက်ရိုက် တိုးမြင့်စေခဲ့သည်။

ဤအတွေ့အကြုံရမှတ် တိုးတက်နှုန်းသည် သူ့ဘာသာသူ ထိုးသည်ထက် အများကြီး ပို၍ မြန်ဆန်သည်။

မုန့်သုန်ရှင်းသာ နောက်ထပ် နှစ်ချက်လောက် ထပ်မံ ထိုးခဲ့လျှင် သူ၏ မပျက်စီးနိုင်သော ခန္ဓာကိုယ်သည် တတိယအဆင့်သို့ ရောက်ရှိသွားပေမည်။

"ကျန်းချန်က ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို လေ့ကျင့်ထားတာကိုး.. ဒါကြောင့် သူ့ရဲ့ ခန္ဓာကိုယ်က ဒီလောက်ထိ သန်မာနေတာပဲ.. အံ့သြစရာ မဟုတ်တော့ဘူး"

"ဒါပေမယ့် ရှန်းဝူတိုက်ကြီးမှာ ရုပ်ပိုင်းဆိုင်ရာ ကျင့်စဥ်တွေ ပျောက်ကွယ်သွားတာ ကြာခဲ့ပြီ"

"ဒါဆို သူ့ရဲ့ ခန္ဓာကိုယ်ကို ဒီလောက်ထိ အစွမ်းထက်အောင် သူဘယ်လို လေ့ကျင့်ခဲ့တာလဲ"

ကျန်းချန်က ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်လာအောင် လေ့ကျင့်ခဲ့မှန်း ဝန်ခံလိုက်လျှင် ရေတွက်၍ မရနိုင်သည့် ကျောင်းသားများသည် အံ့အားသင့်သွားကြသည်။

ကျန်းချန်က တိုက်ပွဲဝင် စွမ်းရည် ရှိရုံသာမက ရုပ်ပိုင်းဆိုင်ရာ သန်စွမ်းမှုတွင်လည်း အစွမ်းထက်မည်ဟု သူတို့ ဘယ်တုန်းကမှ မထင်ခဲ့ကြပေ။

မုန့်သုန်ရှင်းက သက်ပြင်းရှည်ကြီး တစ်ခုကို ချလိုက်သည်။

သူက ကျန်းချန်ကို ခပ်တင်းတင်း ကြည့်ရင်း ပြောလိုက်သည်။

"ကောင်းပြီလေ.. မင်းရဲ့ ခန္ဓာကိုယ်က ဘယ်လောက်ထိ အစွမ်းထက်နေပြီလဲ ဆိုတာ ကြည့်ရသေးတာပေါ့"

မုန့်သုန်ရှင်းက စကားပြောနေရင်း သူ၏ ခွန်အားကို အမြင့်ဆုံးအဆင့်ထိ ချက်ချင်း မြှင့်တင်လိုက်သည်။

"အဝါရောင်၊ အဆင့်မြင့် အဆင့်.. အံ့ဖွယ်တိမ်လက်သီး"

မုန့်သုန်ရှင်းက မာန်သွင်း၍ အော်ဟစ်လိုက်ရာ သူ၏ လက်သီးကနေ ပြင်းထန်သည့် စွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့၏။

သူ၏ လက်သီးစွမ်းအင်သည် မြွေတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုမြွေက ပါးစပ်ကိုဖြဲကာ ကျန်းချန်ဆီသို့ ဦးတည်၍ ဝင်ရောက်လာခဲ့သည်။

"ဝုန်းး"

မုန့်သုန်ရှင်း၏ လက်သီးချက်သည် မျက်စိတစ်မှိတ်အတွင်း ကျန်းချန်၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့၏။

တစ်ခဏချင်းမှာပင် အစောပိုင်းကထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်သည့် တန်ပြန်အားတစ်ခုသည် ကျန်းချန်ဆီကနေ ထွက်ပေါ်လာခဲ့သည်။

မုန့်သုန်ရှင်း၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး လူတစ်ကိုယ်လုံးသည် နောက်သို့ မီတာ အနည်းငယ်ခန့် လွင့်စင်သွားခဲ့၏။

သူ၏ မျက်နှာကလည်း ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။

"ဒါ မင်းရဲ့ အပြင်းထန်ဆုံး တိုက်ခိုက်မှုလား"

"မလုံလောက်သေးဘူး"

ကျန်းချန်က ခေါင်းခါယမ်းလိုက်ပြီး လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

"မင်းရဲ့ လက်သီးချက်က ခြင်ကိုက်သလောက်ပဲ.. ဘာမှ မထူးခြားဘူး"

"ကျန်းချန်.. ဒီနေ့ မင်းကို နောက်ဆုတ်သွားအောင် မလုပ်နိုင်ဘူးလို့ ငါမယုံဘူး"

ကျန်းချန်၏ လှောင်ပြုံးကို ခံစားလိုက်ရ၍ မုန့်သုန်ရှင်း၏ မျက်နှာသည် ချက်ချင်းပင် အကျည်းတန်သွားခဲ့သည်။

သူက သူ့လက်ကို လှုပ်ရှားလိုက်ရာ ထူးခြားသည့် ပုံစံနှင့် ဓားရှည်တစ်လက်သည် လက်ထဲတွင် ရုတ်တရက် ပေါ်လာ၏။

မုန့်သုန်ရှင်းက ဓားရှည်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ပြီး ကျန်းချန်ကို သူ၏ အပြင်းထန်ဆုံး တိုက်ကွက်ဖြင့် တိုက်ခိုက်ရန် ပြင်ဆင်နေချိန်တွငိ အေးစက်သော အသံတစ်သံသည် သူ၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

"မုန့်သုန်ရှင်း.. နင် ရပ်လိုက်စမ်း.. နင် အရှက်ရဖို့ မလုံလောက်သေးဘူးလား"

အခန်း(၉၁) ပြီး၏။

All Chapters