← Chapters

အခန်း (၉၂)

Vol. 7 Ch. 92

အခန်း (၉၂)

Vol. 7 Ch. 92

ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် မုန့်သုန်ရှင်း အနည်းငယ် ထိတ်လန့်သွားသည်။

သူက အသံလာရာဆီသို့ ကြည့်လိုက်ရာ ခြံဝင်းထဲကနေ ထွက်လာသည့် သူ့အမ မုန့်ချင်းရွှယ်ကို တွေ့လိုက်ရ၏။

"အမ.. အမ အဆင်ပြေရဲ့လား"

မုန့်သုန်ရှင်းက သူ့ရှေ့မှာ ပေါ်လာသည့် မုန့်ချင်းရွှယ်ကို ကြည့်ပြီး မျက်လုံးထဲတွင် ဝမ်းသာသည့် အသွင်အပြင်များ ချက်ချင်း ပေါ်လာခဲ့သည်။

"ငါက ဘာဖြစ်ရမှာလဲ"

မုန်ချင်းရွှယ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။

"နင် ငါ့ကို ဒုက္ခမပေးသရွေ့ ငါ အဆင်ပြေတယ်"

"အမ.. သူတို့က အမကို ကျန်းချန်ရဲ့ အစေခံ ဖြစ်သွားပြီလို့ ပြောနေတာ ကျွန်တော် ကြားလိုက်ရတယ်.. ဘယ်လိုဖြစ်တာလဲ"

မုန့်သုန်ရှင်းက ကျန်းချန်ကို ပြင်းထန်စွာ စိုက်ကြည့်ပြီး ပြောလိုက်သည်။

"သူက အမကို လှည့်စားဖို့ တစ်ခုခု လုပ်ခဲ့တာလား...အဲဒီလိုဆိုရင် ကျွန်တော် သူ့ကို ဘယ်တော့မှ အလွှတ်ပေးမှာ မဟုတ်ဘူး"

"ဒါ ငါ့ရဲ့ဆန္ဒပဲ.. ငါ့ကိစ္စကို နင်ဝင်ပါစရာ မလိုဘူး"

မုန့်ချင်းရွှယ်က အေးစက်စက် ပြောလိုက်သည်။

"မင်းက ချီကာကွယ်ရေးအဆင့်ကို ရောက်နေပြီဆိုတော့ ဒီမှာ ပြဿနာ လာလုပ်နေမယ့်အစား လင်ယွင်မျှော်စင်ကို သွားပြီး အတွင်းနန်းတော်ရဲ့ ကျောင်းသား ဖြစ်လာအောင် အမြန်ဆုံး ကြိုးစားသင့်တယ်"

မုန့်သုန်ရှင်းက မယုံကြည်နိုင်သော အမူအရာဖြင့် မုန့်ချင်းရွှယ်ကို ကြည့်ပြီး ပြောလိုက်သည်။

"အမ.. အမ ဘယ်လိုလုပ်ပြီး.."

"တိတ်စမ်း"

မုန့်ချင်းရွှယ်က မုန့်သုန်ရှင်း၏ စကားကို တိုက်ရိုက် ဖြတ်ပြောလိုက်သည်။

သူမက မျက်ခုံးပင့်၍ ပြောလိုက်၏။

"မုန့်သုန်ရှင်း.. နင်က အတောင်ပေါက်လာပြီ ဆိုတော့ ငါ့စကားကိုတောင် နားမထောင်တော့ဘူးပေါ့.. ဟုတ်လား"

"ကျန်းချန်.. မင်း ငါ့အစ်မကို မဟုတ်တာလုပ်ရဲရင် ငါ့အသက်နဲ့ လဲရရင်တောင် မင်းကို ဘယ်တော့မှ အလွှတ်ပေးမှာ မဟုတ်ဘူး"

မုန့်ချင်းရွှယ်၏ ဒေါသကို မြင်လျှင် မုန့်သုန်ရှင်းသည် ကျန်းချန်ကို ဘုကြည့် ကြည့်ကာ လှည့်ထွက်သွားခဲ့သည်။

"ကျန်းချန်.. ကျေးဇူးတင်ပါတယ်"

မုန့်သုန်ရှင်း ထွက်သွားပြီးနောက်တွင် မုန့်ချင်းရွှယ်သည် သူ့ဘေးမှ ကျန်းချန်ကို ကျေးဇူးတင်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။

သူမကို ဆယ်စုနှစ်ကျော် ဒုက္ခပေးနေသည့် ထိုက်ယင်အထူးခန္ဓာကိုယ် ပြဿနာကို ကျန်းချန်က အလွယ်တကူ ဖြေရှင်းပေးနိုင်မည်ဟု မုန့်ချင်းရွှေ ကိုယ်တိုင်ပင် မထင်ထားခဲ့ပေ။

"မင်းက ငါ့ရဲ့ အစေခံပဲလေ.. ဒါကြောင့် မင်းကို ကယ်တင်ပေးတာက သဘာဝကျပါတယ်"

ကျန်းချန်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။

"အပြင်စည်းနန်းတော်မှာ နေရတာ နည်းနည်း ငြီးငွေ့စရာ ကောင်းလာပြီ.. ငါ အခု အတွင်းနန်းတော်ကို သွားသင့်ပြီထင်တယ်"

"နင် တကယ် အတွင်းနန်းတော်ကို ဝင်ချင်တာလား.. အတွင်းနန်းတော်ရဲ့ ကျောင်းသားတွေက အရင်းအမြစ်တွေ ပိုရရုံသာမက လင်ယွင်ကျောင်းတော်က ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ စစ်မှန်တဲ့ အမွေအနှစ်တွေကိုလည်း ရရှိနိုင်တယ်"

"ဥပမာ လင်ယွင်ကျောင်းတော်ရဲ့ အတွင်းစည်းနန်းတော်မှာ ဓား အမှတ်အသား ခန်းမတစ်ခုရှိတယ်.. အဲဒီကို အတွင်းနန်းတော်ရဲ့ ကျောင်းသားတွေက ဓားဆန္ဒကို နားလည်ဖို့အတွက် သွားနိုင်ကြတယ်"

"ပိုအရေးကြီးတာက သိပ်မကြာခင်မှာ မဟာရှားနိုင်ငံရဲ့ စီရင်စုကိုးခု ပြိုင်ပွဲ ကျင်းပတော့မယ်.. အတွင်းနန်းတော်ရဲ့ ကျောင်းသား ဖြစ်မှပဲ စီရင်စုကိုးခု ပြိုင်ပွဲကို ပါဝင်ခွင့် ရလိမ့်မယ်"

"ပြိုင်ပွဲမှာ ထူးချွန်သူတွေက မဟာရှားနိုင်ငံရဲ့ မြင့်မြတ်တဲ့နေရာဖြစ်တဲ့ ယန်ဟွမ် ကျောင်းတော်ရဲ့ ကျောင်းသားတွေ ဖြစ်လာနိုင်ပြီး ပိုမိုကျယ်ပြန်တဲ့ အသိပညာတွေကို ဆည်းပူးနိုင်မှာ ဖြစ်တယ်"

မုန့်ချင်းရွှယ်က ကျန်းချန်ကို ရှင်းပြလိုက်၏။

ကျန်းချန်က ရုတ်တရက် စိတ်ဝင်စားကာ ပြောလိုက်သည်။

"ဒီလိုဆိုရင် ငါ လင်ယွင်မျှော်စင်ကို သွားပြီး အတွင်းနန်းတော်ရဲ့ ကျောင်းသား ဖြစ်အောင် လုပ်တော့မယ်"

စကားဆုံးသည်နှင့် ကျန်းချန်သည် မုန့်ချင်းရွှယ်နှင့် အတူ လင်ယွင်ကျောင်းတော်၏ လင်ယွင်မျှော်စင် ဆီသို့ လျှောက်လာခဲ့ကြသည်။

လင်ယွင်ကျောင်းတော်တွင် အပြင်စည်းနန်းတော်မှ ကျောင်းသားတစ်ယောက်သည် အတွင်းစည်း နန်းတော်၏ ကျောင်းသားအဖြစ် တိုးမြှင့်ခံချင်လျှင် အကဲဖြတ်မှုမှာ တကယ်ကို ရိုးရှင်း၏။

ကျန်းချန်တို့ လင်ယွင်မျှော်စင်ကို ရောက်လာသောအခါတွင် ထိုနေရာသည် လူအုပ်ကြီးဖြင့် စည်ကားနေခဲ့သည်။

မုန့်ချင်းရွှယ်၏ မောင်လေး မုန့်သုန်ရှင်းလည်း လင်ယွင်မျှော်စင် ရှေ့သို့ ရောက်နေခဲ့၏။

"ကျန်းချန်.. မင်းလည်း လင်ယွင်မျှော်စင်မှာ အကဲဖြတ်ခံဖို့ ရောက်လာတာလား"

သူ့အမနှင့် အတူ သူ့ဆီသို့ လျှောက်လာသည့် ကျန်းချန်ကို မြင်လျှင် မုန့်သုန်ရှင်းသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"ဟုတ်တယ်"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။

"အပြင်စည်း နန်းတော်မှာနေရတာ တကယ်ကို ငြီးငွေ့စရာ ကောင်းတယ်.. ငါ အတွင်းနန်းတော်ကို သွားပြီး အပျော်ရှာချင်တယ်"

ကျန်းချန် ထိုသို့ပြောလိုက်သည်နှင့် ပတ်ဝန်းကျင်မှ အကြည့် အားလုံးသည် သူ့အပေါ်သို့ စုပြုံ၍ ရောက်ရှိလာကြသည်။

အခန်း(၉၂) ပြီး၏

All Chapters