← Chapters

အခန်း (၉၆)

Vol. 7 Ch. 96

အခန်း (၉၆)

Vol. 7 Ch. 96

စနစ်၏ အကြောင်းကြားချက်အရ ကျန်းချန်က ဓားဆန္ဒ၏ နက်နဲသော အနှစ်သာရကို ကျွမ်းကျင်သွားပြီဟု ချက်ချင်း ခံစားလိုက်ရသည်။

ကျန်းချန်က သက်ပြင်းချလိုက်၏။

ဓားဆန္ဒဆိုသည်မှာ ဓားပညာရပ်တွင် အစွမ်းအထက်ဆုံးသော ပညာရပ်များထဲမှ တစ်ခု ဖြစ်၏။

ဓားသမား တစ်ယောက်သည် တစ်သက်လုံး ကြိုးစားအားထုတ်လျှင်ပင် ဓားဆန္ဒ၏ အပေါ်ယံလောက်ကို နားလည်နိုင်ဖို့ မလွယ်ကူပေ။

သို့သော်လည်း ကျန်းချန်က ဓားဆန္ဒပါဝင်သည့် ဓားအမှတ်အသား ကျောက်တုံးကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ဓားဆန္ဒကို အောင်မြင်စွာ သဘောပေါက်သွားခဲ့၏။

ဤသည်ကိုသာ ရှန်းဝူတိုက်ကြီး၏ ပါရမီရှင် ဓားသမားတိုင်း သိခဲ့လျှင် သွေးအန်ကုန်မည်လား မပြောတတ်ပေ။

ဓားဆန္ဒကို နားလည်ပြီးနောက်တွင် ကျန်းချန်သည် ဓားအမှတ်အသား ကျောက်တုံးကို ခဏမျှ ဆက်လက် လေ့လာခဲ့သည်။

ဓားအမှတ်အသားကို လေ့လာခြင်းဖြင့် အတွေ့အကြုံအမှတ်များ ထပ်မရနိုင်တော့မှန်း သိလိုက်ရသည့်အခါမှသာ သူက ဓားအမှတ်အသား ခန်းမထဲကနေ ထွက်လာခဲ့သည်။

"ဘာလို့ ဒီလောက် မြန်မြန်ဆန်ဆန် ထွက်လာခဲ့တာလဲ"

ဓားအမှတ်အသား ခန်းမထဲကို ဝင်ပြီး ဆယ်မိနစ်အတွင်း ပြန်ထွက်လာသည့် ကျန်းချန်ကို ကြည့်ကာ မုန့်ချင်းရွှယ်၏ လှပသော မျက်လုံးလေးထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။

ဓားဆန္ဒကို နားလည်ဖို့ဆိုသည်မှာ ညတွင်းချင်း ပြီးမြောက်နိုင်သော ကိစ္စမဟုတ်ပေ။

ယေဘုယျအားဖြင့် ဓားဆန္ဒကို နားလည်ရန်အတွက် ဓားအမှတ်အသား ခန်းမထဲကို ဝင်လာသည့် ကျောင်းသားအားလုံးသည် ဓားအမှတ်အသား ခန်းမတွင် တစ်ရက်တာလုံးနီးပါး ကုန်ဆုံးကြလေ့ရှိသည်။

နှိုင်းယှဉ်ကြည့်ရင် ကျောင်းသားအမှတ် ၁၀၀၀၀ ဟူသော ပမာဏသည် နည်းနည်းပါးပါး ပမာဏ မဟုတ်ပေ။

ပျမ်းမျှတွက်ကြည့်လျှင် လင်ယွင်ကျောင်းတော်၏ အတွင်းနန်းတော်ရှိ ကျောင်းသားတစ်ယောက်သည် တစ်လအတွင်း ကျောင်းသားအမှတ် ၁၀၀၀၀ မရနိုင်ချေ။

"ခုနက ဓားအမှတ်အသား ခန်းမထဲမှာ နည်းနည်းပါးပါး ဉာဏ်အလင်းရသွားတယ်.. ပြန်သွားပြီး ဖြည်းဖြည်းချင်း လေ့လာရုံပဲ လိုတော့တယ်လေ.. ဒါကြောင့် အထဲမှာ ဆက်နေစရာ မလိုတော့ဘူး"

ကျန်းချန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"ဘယ်လို"

မုန့်ချင်းရွှယ်၏ လှပသည့် မျက်လုံးလေးများသည် ရုတ်တရက် ပြူးကျယ်သွားပြီး ကျန်းချန်ကို မယုံကြည်နိုင်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။

သူမက နားကြားမှားသလားဟုပင် ထင်မိခဲ့၏။

"ဒီကောင် ဓားအမှတ်အသား ခန်းမထဲမှာ ဆယ်မိနစ်ပဲ နေပြီး နားလည်သွားပြီတဲ့လား"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

"လင်ယွင်ကျောင်းတော်ရဲ့ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ ဓားဆန္ဒကို နားလည်ဖို့ဆိုတာက ငါ့အတွက်တော့ ပုံမှန်ပဲ မဟုတ်လား"

[ပုံမှန် ဟုတ်လား.. နင်ကလူရောဟုတ်ရဲ့လား]

ဤအချိန်တွင် အမြဲတမ်း ဥပေက္ခပြုလေ့ရှိသည့် မုန့်ချင်းရွှယ်ပင် အနည်းငယ် ရူးသွပ်မလို ဖြစ်သွားခဲ့သည်။

မုန့်ချင်းရွှယ်က ဓားအမှတ်အသား ခန်းမထဲမှ ဓားဆန္ဒကို ခန်းမထဲ ဆယ်ကြိမ်ထက်မနည်း ဝင်ပြီးမှ နားလည်ခဲ့သည်။

သို့တိုင် သူမသည် ဓားဆန္ဒ၏ အပေါ်ယံကိုသာ နားလည်နိုင်ခဲ့၏။

သူမ ရှေ့မှ ကောင်လေးကမူ ဓားအမှတ်အသား ခန်းမထဲကို ပထမဆုံးအကြိမ် ဝင်ရောက်ပြီး ဆယ်မိနစ် အကြာမှာပင် ပြန်ထွက်လာခဲ့ကာ ဓားဆန္ဒကို နားလည်သွားပြီဟု သူမကိုပြောနေခဲ့သည်။

[ဒါ.. ဒါက အရမ်းကို ထိတ်လန့်စရာ ကောင်းတဲ့ အရည်အချင်းပဲ]

"ကျန်းချန်လား"

ကျန်းချန်က မုန့်ချင်းရွှယ်နှင့် စကားပြောနေချိန်တွင် အေးစက်စက် အသံတစ်သံသည် သူ၏ နားထဲသို့ ရုတ်တရက် ရောက်လာခဲ့၏။

ရုတ်တရက် ကြားလိုက်ရသော အသံကြောင့် ကျန်းချန်က အနည်းငယ် အံ့အားသင့်သွား၏။

သူက အသံလာရာဆီ ကြည့်လိုက်ရာ ခံ့ညားချောမောသည့် လူငယ်တစ်ယောက်သည် ဓားအမှတ်အသား ခန်းမဆီသို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

ကျန်းချန်က သူ့ရှေ့မှ လူငယ်ကို ကြည့်ကာ မျက်လုံး အနည်းငယ် ကျဉ်းမြောင်းသွားခဲ့၏။

ထိုလူငယ်က တခြားသူ မဟုတ်ပေ။

စန်းရှန်မြို့တွင် ယခင်က နံပါတ်တစ် လူငယ်ဖြစ်ခဲ့ပြီး လင်ယွင်စာရင်း၌ နံပါတ်သုံးနေရာတွင် ရပ်တည်နေသည့် လင်းယွီ ဖြစ်သည်။

ကျန်းချန်က အတွင်းနန်းတော်ထဲ ဝင်ပြီး သိပ်မကြာခင်မှာပင် လင်းယွီနှင့် တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူတို့နှစ်ယောက်က ကမ္ဘာမကြေ ရန်သူဟုပင် သတ်မှတ်၍ရ၏။

"ကျန်းချန်.. ငါမင်းကို ရှာနေတဲ့အချိန်မှာ မင်းက အလိုလို တံခါးဝကို ရောက်လာမယ်လို့ မထင်ထားမိဘူး.. မင်းကို တွေ့ရတာ ငါ့အတွက် အတော်လေး အဆင်ပြေသွားတယ်"

လင်းယွီက ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

သူ့တစ်ကိုယ်လုံးတွင် ချက်ချင်းဆိုသလို လူသတ်ငွေ့များ ပြည့်နှက်သွားခဲ့သည်။

"ဟုတ်လား"

ကျန်းချန်က လင်းယွီကို မထီတထီ ကြည့်ပြီး အထက်စီးဆန်စွာ ပြောလိုက်သည်။

"ငါ အခု မင်းရှေ့မှာ ဒီအတိုင်း ရပ်နေရင်တောင် မင်းက ငါ့ကို ဘာလုပ်နိုင်မှာမို့လဲ"

အခန်း(၉၆) ပြီး၏

All Chapters