အခန်း (၉၇)
Vol. 7 Ch. 97
"ကျန်းချန်.. ငါ့ရှေ့မှာ ဟန်ရေးလာပြနေတာလား"
လင်းယွီက ကျန်းချန်ကို စူးစိုက်၍ ကြည့်ကာ ပြောလိုက်သည်။
"မင်းကို မေးစရာရှိတယ်.. ငါ့အဖေကို မင်းသတ်လိုက်တာလား"
"ငါ့ကို လာထိရင် အသတ်ခံရမှာပဲ"
"သူက ငါ့ကို သတ်ရဲမှတော့ အသတ်ခံရမယ်ဆိုတဲ့ အသိစိတ်လေး ရှိသင့်တယ်"
"ငါ့လက်ထဲမှာ သေတာက သူ့ရဲ့ အပြစ်ကို ခံယူသွားတာပဲ"
ကျန်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ကောင်းတယ်.. သိပ်ကောင်းတယ်"
လင်းယွီက ဒေါသတကြီး ရေရွတ်လိုက်သည်။
သူ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။
"ကျန်းချန်.. မင်း ငါ့အဖေကို သတ်ခဲ့တယ်.. မင်းကို လက်စားမချေဘူးဆိုရင် ငါလင်းယွီက လူမဟုတ်ဘူးလို့ ကျိန်ဆိုတယ်"
လင်းယွီသည် စန်းရှန်မြို့၏ နာမည်ကျော် အမှိုက်ကောင်က ရုတ်တရက်ကြီး မယုံနိုင်လောက်အောင် တိုးတက်လာမည်ဟု ဘယ်တော့မှ မထင်ထားခဲ့ပေ။
သူ၏ အဖေကိုယ်တိုင်ပင် ကျန်းချန်၏ လက်ထဲတွင် သေဆုံးခဲ့ရသည်။
အကျိုးဆက်အနေဖြင့် လင်းမိသားစုသည် စန်းရှန်မြို့ကနေ ဆုတ်ခွာခဲ့ရ၏။
ဤအရာအားလုံးသည် သကောင့်သား ကျန်းချန်ကြောင့်သာ ဖြစ်သည်။
လင်းယွီသည် ကျန်းချန်ကို အမှုန့်ကြိတ်ချင် နေခဲ့၏။
သူက ကျန်းချန်၏ အင်အားကို ကြောက်ရွံ့သည့်အတွက် သူ၏ ရင်ထဲမှ သတ်ဖြတ်လိုစိတ်ကို သည်းခံပြီး ကျင့်ကြံခြင်းတွင် သူ့ကိုယ်သူ မြှုပ်နှံထားခဲ့သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လင်းယွီသည် သူ၏ အလားအလာကို အပြည့်အဝ လှုံ့ဆော်နိုင်ခဲ့၏။
သူက ချီကာကွယ်ရေး အဆင့်၈ ကနေ အဆင့်၉အဖြစ် ကျော်ဖြတ်နိုင်ခဲ့ရုံသာမက ဓားအမှတ်အသား ခန်းမတွင်လည်း ဓားဆန္ဒ၏ သဘောတရားကို အနည်းငယ် နားလည်ခဲ့သည်။
သူ၏ လက်ရှိ အင်အားဖြင့် ဆိုလျှင် မူလဘူတ နယ်ပယ်အဆင့်မှ ကျင့်ကြံသူ တချို့နှင့် ရင်ဆိုင်ရလျှင်ပင် လုံးဝအားမနည်းပေ။
ယခု ကျန်းချန်ကို ဤနေရာတွင် တွေ့လိုက်ရာ သူ့အနေဖြင့် ကျန်းချန်ကို မည်ကဲ့သို့ လွှတ်ပေးနိုင်ပါမည်နည်း။
"မင်းက လက်စားချေချင်တယ်ဆိုရင်လဲ ရတယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
"ဒါပေမယ့်.. အဲဒါက မင်းမှာ အစွမ်းအစ ရှိရဲ့လား ဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်"
"ကျန်းချန်.. ငါ စန်းရှန်မြို့ကနေ ထွက်လာစဥ်မှာ မင်းက ကျန်းမိသားစုရဲ့ အမှိုက်ကောင် အဖြစ်ပဲ ရှိသေးတယ်"
"မင်း အခု ကံကောင်းပြီး အမှိုက်ကောင် ဆိုတဲ့ နာမည်ကနေ လွတ်မြောက်လာရင်တောင် ငါ့ရှေ့မှာ မောက်မာဖို့ အရည်အချင်း မရှိဘူး"
လင်းယွီက ကျန်းချန်ကို သတ်ဖြတ်ချင်သည့် မျက်လုံးများဖြင့် စိုက်ကြည့်ကာ ဆက်ပြောလိုက်သည်။
"ငါနဲ့ တစ်ကြိမ်လောက် သေခြင်းရှင်ခြင်း တိုက်ပွဲကို တိုက်ခိုက်ရဲလား"
ကျန်းချန်နှင့် လင်းယွီတို့၏ ထိပ်တိုက်ရင်ဆိုင်မှုက ဓားအမှတ်အသား ခန်းမကို ဖြတ်သွားသည့် ကျောင်းသားတချို့၏ အာရုံကို ချက်ချင်း ဖမ်းစားသွားခဲ့သည်။
သူတို့အားလုံးက တစ်ယောက်ပြီး တစ်ယောက် ရပ်တန့်ကာ ကြည့်ရှုနေခဲ့ကြ၏။
"ချီး.. ဒီကောင်လေးက ဘယ်သူလဲ.. လင်ယွင်စာရင်းရဲ့ နံပါတ်သုံးနေရာမှာ ရပ်တည်နေတဲ့သူနဲ့မှ ပြဿနာတက်ရတယ်လို့ကွာ"
"ဒီကောင်က မုန့်ချင်းရွှယ်ကို အစေခံအဖြစ် ခေါ်ထားတဲ့သူပဲ ဖြစ်ရမယ်.. ဒီကောင့် ဘေးမှာ မုန့်ချင်းရွှယ် ရပ်နေတာကို မြင်တယ်မလား"
"ကြည့်ရတာ ဒီကောင်က အစွမ်းထက်ပုံပဲ.. လင်းယွီက မန်ချင်းရွှယ်ကို သဘောကျနေတာကို ငါမှတ်မိတယ်.. ဒီအတိုင်းဆို ပွဲကြီးပွဲကောင်း ကြည့်ရဖို့များပြီ"
"လင်းယွီ.. နင့်အဖေလို မဖြစ်ချင်ရင် သူ့ရှေ့ကနေ ချက်ချင်း ထွက်သွားတာ ကောင်းမယ်"
ထိုအခိုက်တွင် မုန့်ချင်းရွှယ်သည် မျက်မှောင်ကြုတ်၍ လင်းယွီကို ပြောလိုက်သည်။
ထိုစကားကြောင့် လင်းယွီ၏ မျက်နှာက မည်းမှောင်သွားခဲ့၏။
"မုန့်ချင်းရွယ်.. မင်းစကားက ဘာကို ဆိုလိုတာလဲ"
"ဘာမှ မဆိုလိုဘူး.. နင် ငါ့ကို တစ်ခါ ကူညီဖူးလို့ အကြံပေးတာပဲ"
မုန့်ချင်းရွှေက အေးစက်စက် ပြောလိုက်သည်။
"အခု ထွက်မသွားသေးရင် နောက်ကျသွားလိမ့်မယ်"
"မုန့်ချင်းရွှယ်.. ဒီကောင်က မင်းကို ဘယ်လို အကျိုးကျေးဇူးတွေ ပေးထားလို့ အစေခံအဖြစ် သူ့အတွက် လုပ်ပေးနေရတာလဲ"
လင်းယွီ၏ အမူအရာသည် အလွန်ပင် အကျည်းတန်သွားခဲ့သည်။
သူက ကျန်းချန်ကို ကြည့်ကာ ခနဲ့လိုက်သည်။
"ကျန်းချန်.. မင်းက မိန်းမနောက်မှာ ပုန်းနေဖို့ပဲ အစွမ်းအစရှိတာလား.. မင်းသာ ယောက်ျားဆိုရင် ထွက်လာပြီး ငါနဲ့ တိုက်ခိုက်စမ်း"
"ပထမအချက်.. မိန်းမတစ်ယောက်ရဲ့ နောက်မှာ ပုန်းနိုင်တာက ငါ့ရဲ့ အစွမ်းအစပဲ"
"ဒုတိယအချက်.. မင်းက မင်းကိုယ်မင်း အရမ်း အထင်ကြီးလွန်းနေတယ်...မင်းလို အမှိုက်ကို ဖြေရှင်းဖို့ ငါက ဘာလို့ တခြားသူကို အားကိုးရမှာလဲ"
"မင်း ငါနဲ့ တကယ် တိုက်ခိုက်ချင်တယ်ဆိုရင် ငါ မင်းဆန္ဒကို လိုက်လျောပေးမယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
သူ၏ မာနထောင်လွှားသော အသံသည် လင်းယွီ၏ နားထဲကို တိုက်ရိုက် ပဲ့တင်ထပ်သွားခဲ့၏။
အခန်း(၉၇) ပြီး၏