အခန်း (၉၈)
Vol. 7 Ch. 98
မာနထောင်လွှားသည့် စကားသံအဆုံးတွင် ကျန်းချန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ တည်ငြိမ်စွာ ရပ်နေခဲ့သည်။
သူက လင်းယွီကို ခနဲ့တဲ့တဲ့ ကြည့်ကာ ပြောလိုက်သည်။
"လာစမ်းပါ.. စန်းရှန်မြို့ရဲ့ နံပါတ်တစ် ပါရမီရှင်ဖြစ်တဲ့ မင်းမှာ ဘယ်လို အစွမ်းအစတွေ ရှိလဲဆိုတာ ငါကြည့်ချင်တယ်"
"ကျန်းချန်.. မင်း ငါ့အဖေကို သတ်ပြီး ငါ့ရဲ့ လင်းမိသားစုကို ဖျက်ဆီးခဲ့တယ်.. ဒီမုန်းတီးမှုက ကောင်းကင်နဲ့တောင် မမျှဘူး.. မင်း ငါ့အတွက် သေကို သေရမယ်"
လင်းယွီ၏ ချောမောသည့် မျက်နှာပေါ်တွင် အကျည်းတန်သည့် အသွင်အပြင် ချက်ချင်း ပေါ်လာခဲ့၏။
သူက ဒေါသတကြီး အော်ဟစ်လိုက်ပြီး တစ်ကိုယ်လုံးရှိစွမ်းအားများကို စုစည်းကာ လျှပ်စီးလို မြန်ဆန်သည့် လက်သီးချက်ဖြင့် ကျန်းချန်၏ ရင်ဘတ်ကို ထိုးလိုက်သည်။
သို့သော်လည်း လင်းယွီ၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် ကျန်းချန်သည် မလှုပ်မယှက် ရပ်နေပြီး ခုခံရန် ရည်ရွယ်ချက်ပင် ရှိနေပုံမရပေ။
တစ်စုံတစ်ယောက်က သူ့ကို တမင်တကာ ရပ်တန့်အောင် လုပ်ထားသလိုမျိုးပင် ထင်ရသည်။
"ကျန်းချန်က ဘာလုပ်နေတာလဲ.. သူက လင်းယွီရဲ့ လက်ဝါးကို ခန္ဓာကိုယ်အား သက်သက်နဲ့ ခုခံချင်နေတာလား"
"လခွမ်း.. ဒီကောင်က ဟန်ရေးပြချင်ရင်တောင် ဒီလိုတော့ မစွန့်စားသင့်ဘူး"
"ဒီကောင် အလကားနေရင်း သေချင်နေတာပဲ"
ထိုမြင်ကွင်းကို မြင်လျှင် လူတော်တော်များများသည် ကျန်းချန်ကို အရူးတစ်ယောက်နှယ် ကြည့်လိုက်ကြ၏။
ချီကာကွယ်ရေး အဆင့်၈ အထက်က စစ်သည်တစ်ယောက်၏ အပြင်းအထန် ထိုးနှက်မှုကို ရင်ဆိုင်ရချိန်တွင် ဤကောင်လေးသည် ခုခံရန်ပင် ရည်ရွယ်ချက်ရှိပုံမရပေ။
ကျန်းချန်သည် ခန္ဓာကိုယ်ကြံ့ခိုင်မှုအင်အား သက်သက်ဖြင့် ခုခံချင်နေပါသလော။
"ဒီကောင်က သူ့ကိုယ်သူ ချီကာကွယ်ရေး နယ်ပယ်အဆင့်က ပြိုင်ဘက်ကင်းလို့ တကယ်ပဲ ထင်နေတာလား မသိဘူး"
"ငါအထင် မူလဘူတ နယ်ပယ်အဆင့်က ကျင့်ကြံသူတောင် ဒီလို ရင်မဆိုင်ရဲလောက်ဘူး"
လူတိုင်းက ကျန်းချန်၏ ရူးသွပ်လောက်ဖွယ် အပြုအမူကို ကြည့်ကာ ဘာပြောရမှန်း မသိဖြစ်နေချိန်တွင် လင်းယွီ၏ လက်သီးသည် ကျန်းချန်၏ ခန္ဓာကိုယ်ကို ထိုးမိသွားခဲ့သည်။
မကြာခင်မှာပင် အံ့သြဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။
ကျန်းချန်သည် လင်းယွီ၏ ထိုးချက်အောက်တွင် နောက်သို့ ခြေလှမ်း တစ်ဝက်သာ ဆုတ်ခဲ့ရပြီး သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့သည်။
တစ်ဖက်တွင်မူ လင်းယွီသည် ခြေဆယ်လှမ်းမက နောက်ဆုတ်သွားခဲ့ရ၏။
"ငါ့လခွမ်း.. ဒါ.. ဒါဘယ်လို အခြေအနေလဲ"
"ကျန်းချန်က နတ်ဆိုးပဲ.. သူက လင်းယွီ၏ လက်သီးချက်ကို ခန္ဓာကိုယ်အင်အား သက်သက်နဲ့တောင် ခုခံနိုင်ခဲ့တယ်"
"အံ့သြစရာပဲ.. ဒါ အရမ်းဖို့ကောင်းတယ်"
သူတို့ရှေ့မှ အခြေအနေကို မြင်လျှင် ကြည့်ရှုနေသူ အများအပြားသည် အံ့သြသွားကြပြီး သူတို့၏ မျက်လုံးကိုပင် မယုံနိုင်လောက်အောင် ဖြစ်သွားကြသည်။
ကျန်းချန်က လင်းယွီ၏ ထိုးချက်ကို ပေါ့ပေါ့ပါးပါး ခုခံပြီးနောက် လှောင်ပြုံး ပြုံး၍ ပြောလိုက်သည်။
"လင်းယွီ.. မင်းရဲ့ လက်သီးချက်က အရမ်း အားနည်းတယ်"
"ကျန်းချန်.. မင်းအရမ်း မောက်မာမနေနဲ့"
"မကြာခင်မှာ မင်းရဲ့ မောက်မာမှုအတွက် ငါ မင်းကို ပြန်ပေးဆပ်စေမယ်"
ကျန်းချန်၏ လှောင်ပြုံးကို ရင်ဆိုင်ရချိန်တွင် လင်းယွီသည် ဒေါသထွက်ကာ ကြိမ်းဝါးခဲ့သည်။
သူက သူ့လက်ကို လှုပ်ရှားလိုက်ရာ သူ့လက်ထဲတွင် ပြင်းထန်သည့် စွမ်းအင်များ စုစည်းသွားခဲ့၏။
ခဏအကြာတွင် သုံးပေလောက်ရှိတဲ့ ဧရာမ လက်ဝါးတစ်ခုသည် တိုက်ရိုက် ပေါ်ထွက်လာခဲ့သည်။
"နက်နဲမှုအဆင့် အံ့ဖွယ်တိမ်တိုက်လက်ဝါး"
လင်းယွီ၏ ကြုံးဝါးသံနှင့် အတူ ဧရာမ လက်ဝါးကြီးသည် ကျန်းချန်ကို ချက်ချင်းဆိုသလို လွှမ်းခြုံသွားခဲ့သည်။
သို့သော်လည်း လင်းယွီ၏ ရုန့်ရင်းသော လက်ဝါးရိုက်ချက်ကို ရင်ဆိုင်ရချိန်မှာပင် ကျန်းချန်သည် ငြိမ်သက်စွာ ရပ်နေဆဲပင်။
သူ့တွင် ခုခံမှု နှင့် ရှောင်တိမ်းမှု မရှိသော်လည်း သူ၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှုများ အတိုင်းသား ထင်ဟပ်နေ၏။
ဤသို့ဖြင့်ပင် နက်နဲမှုအဆင့် အံ့ဖွယ်တိမ်တိုက်လက်ဝါးသည် ကျန်းချန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့၏။
"ဝုန်းး"
ပေါက်ကွဲမှုကြောင့် မြင်ကွင်းသည် တခဏမျှ ဝေဝါးသွားခဲ့သည်။
ခဏမျှအကြာတွင် ကျန်းချန်၏ ပုံရိပ်သည် လူတိုင်း၏ မြင်ကွင်းတွင် ပေါ်လာခဲ့သည်။
သူတို့က ဘာထိခိုက်မှု တစ်စုံတစ်ရာမှမရှိဘဲ မတ်တပ်ရပ်နေသည့် ကျန်းချန်ကို မြင်လျှင် မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားခဲ့သည်။
"ငါ့လခွမ်း.. လင်ယွင်စာရင်းရဲ့ နံပါတ်သုံးနေရာမှာ ရပ်တည်နေတဲ့ ပါရမီရှင် လင်းယွီက သူ့ရဲ့ နက်နဲမှုအဆင့် ကိုယ်ခံပညာကို ထုတ်ဖော်ခဲ့တာတောင် ဘာခုခံမှုမှ မလုပ်ထားတဲ့ ကျန်းချန်ကို မထိခိုက်စေနိုင်ဘူးတဲ့လား"
"အံ့သြစရာပဲ"
"ဒီကောင် လူမှ ဟုတ်ရဲ့လား"
အခန်း(၉၈) ပြီး၏