အခန်း (၉၉)
Vol. 7 Ch. 99
"မဖြစ်နိုင်ဘူး.. ဒါ လုံးဝ မဖြစ်နိုင်ဘူး"
နက်နဲမှုအဆင့် အံ့ဖွယ်တိမ်တိုက်လက်ဝါး ရိုက်ချက်အောက်တွင် ဘာမှမဖြစ်ဘဲ အကောင်းပကတိ ရှိနေသေးသည့် ကျန်းချန်ကို ကြည့်ရင်း လင်းယွီ၏ မျက်နှာက ထိုင်းမှိုင်းသွားပြီး မယုံကြည်နိုင်သော လေသံကို ထုတ်ဖော်လိုက်၏။
သူက ချီကာကွယ်ရေး အဆင့်၉ ကျင့်ကြံသူ ဖြစ်သည်။
နက်နဲမှုအဆင့် ကိုယ်ခံပညာကို ထုတ်ဖော်ပြီးနောက်မှာပင် ကျန်းချန်၏ ခန္ဓာကိုယ်ကို ထိခိုက်အောင် မဖျက်ဆီးနိုင်ခဲ့ပေ။
"မင်း ခုနက ကောင်းကောင်း တိုက်ခိုက်ခဲ့ပြီးပြီ ဆိုတော့ ဒီတစ်ခေါက် ငါ့အလှည့်ပဲ"
ကျန်းချန်က လင်းယွီကို စူးစိုက်ကြည့်လိုက်ပြီး ရုတ်တရက် လက်သီးကို ဆုပ်လိုက်ရာ အရိုးအချင်းချင်း ပွတ်တိုက်သံပင် ထွက်ပေါ်လာခဲ့၏။
ခဏအကြာတွင် ကျန်းချန်သည် သူ၏ ခြေဖဝါးကို ညင်သာစွာ တစ်ချက်ဆောင့်လိုက်ရာ ခြေဖဝါးက မြေပြင်နှင့် ထိမိသည့်အခါတွင် ချက်ချင်းဆိုသလို ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့၏။
"ဝုန်း"
ကျန်းချန်ရဲ့ ခန္ဓာကိုယ်က လေးညို့မှ ပစ်လွှတ်လိုက်သည့် မြားကဲ့သို့ လင်းယွီဆီ ရုတ်တရက် ရောက်ရှိသွားခဲ့ပြီး သူ၏ အတွင်းအားမပါသော လက်သီးဖြင့် လင်းယွီ၏ ခေါင်းကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
လင်းယွီက သူ့ဆီ လာနေသည့် ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်နေခဲ့ပြီး သူ၏ လက်သီးတွင် ပြင်းထန်သည့် ချီစွမ်းအားများ စုစည်းကာ ကျန်းချန်၏ လက်သီးချက်ကို ထိပ်တိုက်ရင်ဆိုင်လိုက်၏။
တစ်ခဏချင်းမှာပင် အံ့သြဖွယ် တိုက်မိသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
လင်းယွီ၏ ခန္ဓာကိုယ်က ချက်ချင်းပင် တုန်ခါသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် မီတာအနည်းငယ်အထိ နောက်ပြန် လွင့်စင်သွားခဲ့၏။
လင်းယွီက သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို တည်ငြိမ်အောင်မထိန်းသိမ်းနိုင်ခင်မှာပင် ကျန်းချန်က သူ့အနာသို့ ချဉ်းကပ်လာပြီး နောက်ထပ် လက်သီးချက်တစ်ချက်ဖြင့် တိုက်ခိုက်လိုက်သည်။
လင်းယွီက ကျဥ်းထဲကျပ်ထဲ ရောက်ရှိနေ၍ မျက်နှာအမူအရာပင် တစ်ခဏချင်း ပြောင်းလဲသွားခဲ့သည်။
သူက ကျန်းချန်၏ တိုက်ခိုက်မှုကို ခုခံရန် ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အကာအကွယ် တစ်ခုကို အလျင်အမြန် ထူထောင်လိုက်၏။
"ဝုန်း"
ကျန်းချန်၏ ထိုးနှက်ချက်က လင်းယွီကို တည့်မတ်စွာ ထိမှန်သွားပြီးနောက် လင်းယွီ ပြုလုပ်ထားသော အကာအကွယ်များသည် အပိုင်းပိုင်း ဖြစ်သွားခဲ့သည်။
ယင်းနောက်တွင် လင်းယွီ၏ ခန္ဓာကိုယ်သည်လည်း ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် ရုပ်ပျက်ဆင်းပျက် လွင့်စင်သွားခဲ့၏။
မြေပြင်ကို ပြုတ်ကျလာပြီးနောက်တွင် လင်းယွီသည် လည်ချောင်းထဲမှ ချိုမြိန်သည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရ၍ သွေးအနည်းငယ်ကို အန်ထုတ်လိုက်ရသည်။
သူ့ရှေ့မှ လင်းယွီကို ပေါ့ပါးစွာ ကြည့်ရင်း ကျန်းချန်၏ မထီမဲ့မြင် အသံသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့၏။
"လင်းယွီ.. မင်းအရင်က စန်းရှန်မြို့ရဲ့ မျိုးဆက်သစ်တွေထဲမှာ ပထမ ဖြစ်ခဲ့တယ်.. ဒါ့အပြင် လင်ယွင်စာရင်းမှာလည်း တတိယမြောက်ပါရမီရှင် ဖြစ်ခဲ့တယ်.. မင်းရဲ့အရည်အချင်းက ဒီထက် မပိုပါဘူး"
"ငါအနေနဲ့ ချီအတွင်းအားကို အသုံးမပြုရင်တောင် မင်းကို ရှုံးနိမ့်အောင် လုပ်နိုင်တယ်"
ကျန်းချန်က လင်းယွီကို အနိုင်ရသွားသည်ကို မြင်လျှင် ပတ်ဝန်းကျင်မှ မရေမတွက်နိုင်သည့် ကျောင်းသားများသည် ထပ်မံ အံ့သြသွားခဲ့ကြသည်။
"တကယ် မယုံနိုင်စရာပဲ.. လင်းယွီလို လူမျိုးတောင် ဒီလောက်ထိ ဆိုးဆိုးရွားရွား ရိုက်နှက်ခံရလိမ့်မယ်လို့ မထင်ထားမိဘူး"
"ဟုတ်တယ်.. ကျန်းချန်က တိုက်ခိုက်နေတဲ့ တစ်လျောက်လုံးမှာ အတွင်းအား တစ်စက်မှတောင် မသုံးခဲ့ဘူး"
"ဒီကောင်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက အရမ်းသန်မာတာပဲ.. တကယ်ကို ကြောက်ဖို့ကောင်းလိုက်တာ"
လင်းယွီက ပတ်ဝန်းကျင်မှ လူများ၏ မှတ်ချက်များနှင့် ကျန်းချန်၏ မထီမဲ့မြင် လှောင်ပြောင် သရော်မှုများကို ကြားလိုက်ရသည်။
ထိုခဏတွင် လင်းယွီ၏ မျက်နှာသည် အလွန်တရာ မှောင်မိုက်သွားခဲ့သည်။
သူက ခန္ဓာကိုယ်မှ ပြင်းထန်သည့် နာကျင်မှုကို တောင့်ခံကာ မြေပြင်ကနေ ဖြည်းဖြည်းချင်း ထရပ်လိုက်၏။
"ကျန်းချန်.. မင်းရဲ့ အင်အားက အရမ်းသန်မာတယ်ဆိုတာတော့ ငါ ဝန်ခံတယ်.. ငါ့ကို အံ့အားသင့်စေလောက်တဲ့အထိ သန်မာတယ်"
"ဒါပေမယ့်.. ငါလင်းယွီ ဒီနေ့ မင်းကို ဘယ်လိုမှ ရှုံးနိမ့်နိုင်မှာမဟုတ်ဘူး"
လင်းယွီ၏ အေးစက်စက် အသံက ထွက်ပေါ်လာသည်။
ထို့နောက်တွင် ရေခဲပြာရောင် ဓားရှည်တစ်လက်သည် သူ့လက်ထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည်။
သူက ဓားရှည်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားပြီးနောက်တွင် ပြင်းထန်သည့် အရှိန်အဝါတစ်ခုသည် သူ့ဆီကနေ တစ်ခဏချင်းမှာပင် ပေါက်ကွဲထွက်လာခဲ့၏။
လင်းယွီ၏ အရှိန်အဝါ ပေါက်ကွဲထွက်လာသည်နှင့် အမျှ ပတ်ဝန်းကျင်ရှိ ကျောင်းသားအချို့၏ ဓားရှည်များသည် တစ်ချိန်တည်းမှာပင် ထူးဆန်းစွာ တုန်ခါလာခဲ့သည်။
"ကျန်းချန်.. မင်း ငါ့အဖေကို သတ်ခဲ့တယ်ဆိုတာ သိပြီးကတည်းက ငါ ဓားအမှတ်အသား ခန်းမမှာ သုံးရက်တိုင်တိုင် လေ့လာခဲ့တယ်.. နောက်ဆုံးမှာတော့ ဓားဆန္ဒကို နားလည်နိုင်ခဲ့ပြီ"
"ဒီနေ့ မင်းကို ငါ့ရဲ့ ဓားဆန္ဒ ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ မြည်းစမ်းခိုင်းရမယ်"
အခန်း(၉၉) ပြီး၏