အခန်း (၁၀၁)
Vol. 7 Ch. 101
ကျန်းချန်၏ အစစ်အမှန် ဓားဆန္ဒ ကိန်းအောင်းနေသည့် ဓားသည် လင်းယွီ၏ ဓားဆန္ဒပါသည့် ထက်မြက်သည့် ဓားအလင်းကို အလွယ်တကူပင် ချိုးဖျက်လိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသည့် အင်အားက လင်းယွီကို လျှပ်စီးကဲ့သို့ အရှိန်အဟုန်နဲ့အတူ တိုက်ရိုက် ဖိနှိပ်လိုက်၏။
"မ... မဖြစ်နိုင်ဘူး.. သူက ဒီလောက် အားကောင်းတဲ့ ဓားဆန္ဒကို ဘယ်လိုလုပ်ပြီး နားလည်နိုင်တာလဲ"
သူက ဓားဆန္ဒကို ထုတ်ဖော်ခဲ့သော်လည်း ကျန်းချန်၏ လက်ထဲတွင် အလွယ်တကူ ချိုးဖျက်ခံလိုက်ရသည်ကို မြင်လျှင် လင်းယွီသည် မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
သူက သွားများကို အံကြိတ်လိုက်ပြီး ခန္ဓာကိုယ်ပေါ်ရှိ ဓားဆန္ဒကို အမြင့်ဆုံးအထိ အသုံးပြုလိုက်ရာ သုံးပေရှည်လျားသည့် အစိမ်းရောင်ဓားသည် အသံမြည်ကာ ထွက်သွားခဲ့သည်။
"ဝုန်း"
ဓားဆန္ဒ ကိန်းအောင်းနေသည့် တိုက်ခိုက်မှု နှစ်ခုသည် ထိပ်တိုက်ဆုံမိသွားကြပြီး ပြင်းထန်သော ပေါက်ကွဲမှု ဖြစ်ပေါ်လာခဲ့၏။
တစ်ခဏချင်းမှာပင် လင်းယွီ၏ ခန္ဓာကိုယ်သည် လွင့်စင်သွားပြီး သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။
တစ်ဖက်တွင်လည်း ကျန်းချန်၏ အသွင်အပြင်သည် တည်ငြိမ်သော ဓားတစ်လက်နှယ် ပြင်းထန်သည့် ပေါက်ကွဲမှုတွင် မည်သည့် အကျိုးသက်ရောက်မှုမှ မခံစားခဲ့ရပေ။
"လင်းယွီက သူ့ရဲ့ ဓားဆန္ဒကို ထုတ်ဖော်ခဲ့ပေမဲ့ ကျန်းချန်ကို ရှုံးနိမ့်သွားမယ်လို့ ငါတကယ် မထင်ခဲ့မိဘူး"
"ကျန်းချန် ဆီက ပေါက်ကွဲထွက်လာတဲ့ ဓားဆန္ဒက လင်းယွီထက် အဆပေါင်းများစွာ ပိုမို အားကောင်းတယ်.. သူ မရှုံးနိမ့်မှသာ ထူးဆန်းနေမှာ"
"ကျန်းချန်က လင်ယွင်မျှော်စင်မှာ ရှစ်ရှင်းချီရဲ့ စံချိန်ကို ချိုးဖျက်ခဲ့တယ်လို့ ပြောနေကြပေမဲ့ အစက မယုံကြည်ခဲ့ဘူး.. ဒါပေမယ့် အခုတော့ ယုံကြည်မှရတော့မယ်"
"ဟုတ်တယ်...ဒီကောင်က တကယ့် မွန်းစတားတွေထဲက မွန်းစတားပဲ"
လင်းယွီက ဓားဆန္ဒကို ထုတ်ဖော်ခဲ့သော်လည်း ကျန်းချန်ထံမှ ပိုမို အားကောင်းသည့် ဓားဆန္ဒနှင့် လုံးဝ ချေမှုန်းခံလိုက်ရသည်ကို မြင်ပြီးနောက်တွင် မရေမတွက်နိုင်သည့် ပရိသတ်များစွာသည် အံ့သြသွားကြသည်။
ကျန်းချန်ကို ကြည့်နေသည့် သူတို့၏ အကြည့်များတွင် ကြောက်ရွံ့တုန်လှုပ်နေသည့် အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
"ဓားအမှတ်အသား နန်းတော်ကို ပထမဆုံးအကြိမ် ဝင်ရောက်ပြီး ဓားဆန္ဒကို မတော်တဆ နားလည်လိုက်တယ် ဆိုတာ အကြွားသက်သက် မဟုတ်ဘူးပဲ"
"ဒါ့အပြင် အရမ်းအားကောင်းတဲ့ ဓားဆန္ဒတောင် ဖြစ်နေသေးတယ်"
"ဓားဆန္ဒကို နားလည်ထားတဲ့ လင်းယွီတောင် သူ့ရှေ့မှာ အားနည်းနေတာ အသိသာချည်းပဲ"
သို့သော် ပတ်ဝန်းကျင်ရှိ လူအများနှင့် နှိုင်းယှဉ်လျှင် မုန့်ချင်းရွှယ်သည် အအံ့သြဆုံး လူသားဖြစ်သည်။
ဤအချိန်တွင် ကျန်းချန်က မည်မျှအထိ ဆွဲဆောင်မှုရှိပြီး ပုံမှန်မဟုတ်သည်ကို ဖော်ပြရန် မုန့်ချင်းရွှယ်တွင် စကားလုံးပင် မရှိတော့ပေ။
မုန့်ချင်းရွှယ်သည် ဓားအထူးပြု ကျင့်ကြံခဲ့၍ ဓားပညာရပ်တွင် အဆင့်အတန်း တစ်ခု၌ ရှိသည်။
ထို့ကြောင့် သူမသည် သာမန်လူများထက် ဓားဆန္ဒ အကြောင်းကို ပို၍ သိ၏။
ကျန်းချန် အစောပိုင်းက ပြသခဲ့သည့် ဓားဆန္ဒသည် အစစ်အမှန်အဖြစ် ဖွဲ့စည်းသွားသည့် အဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
လင်းယွီ၏ ဓားဆန္ဒ ရှေ့ပြေးပုံစံသည် ဤကဲ့သို့ အစစ်အမှန်ဓားဆန္ဒနှင့် နှိုင်းယှဥ်၍ပင် မရပေ။
ကျန်းချန်သည် ငယ်စဉ်ကတည်းက ဓားရေးကို လေ့ကျင့်ခဲ့၍ ဤအသက်အရွယ်တွင် ဓားဆန္ဒကို နားလည်နိုင်ခဲ့လျှင် မုန့်ချင်းရွှယ် အံ့သြသွားလျှင်ပင် လက်ခံနိုင်ပါသေးသည်။
သို့သော် ကျန်းချန်သည် ဓားအထူးပြု ကျင့်ကြံသူ မဟုတ်ပေ။
ဓားအမှတ်အသား ခန်းမကို ဝင်လာပြီးမှ ဓားဆန္ဒကို ပထမဆုံးအကြိမ် ထိတွေ့ဖူးပုံရ၏။
မုန့်ချင်းရွှယ်ကို ဆွံ့အသွားစေခဲ့သည့် အဓိကအချက်မှာ ကျန်းချန်သည် ဓားအမှတ်အသား ခန်းမထဲကို ဝင်သွားပြီးနောက်တွင် စုစုပေါင်း ဆယ်မိနစ်ပင် မနေခဲ့ခြင်း ဖြစ်သည်။
"ဆယ်မိနစ်အောက်ပဲ ဓားနဲ့ ထိတွေ့ဖူးတဲ့ လူတစ်ယောက်က ဓားဆန္ဒကို နားလည်နိုင်တယ်တဲ့လား"
"ဒါက ဘယ်လိုတောင် ထူးချွန်တဲ့ ပါရမီမျိုးလဲ.. ဒီလောက်ထိ နတ်ဆိုးဆန်လွန်းတာ ရိုးမှရိုးရဲ့လား"
လူအားလုံး အံ့သြမှုထဲ နစ်မြောနေချိန်တွင် ကျန်းချန်သည် လက်ထဲတွင် ဓားရှည်ကို ဆွဲကိုင်ပြီး ခံစားချက်မဲ့သော အမူအရာဖြင့် လင်းယွီဆီ လျှောက်လာခဲ့သည်။
"ကျန်းချန်...မင်း... မင်း ဘာလုပ်ချင်လို့လဲ"
သူ့ဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည့် ကျန်းချန်ကို ကြည့်ရင်း လင်းယွီ၏ ဖြူဖျော့သည့် မျက်နှာတွင် ထိတ်လန့်သော အရိပ်အယောင် တစ်ခု ပေါ်လာခဲ့သည်။
"ငါ မှတ်မိသလောက်တော့ ငါတို့ရဲ့ တိုက်ပွဲက သေခြင်းရှင်ခြင်း တိုက်ပွဲ မဟုတ်လား"
"သေခြင်းရှင်ခြင်း တိုက်ပွဲ ဖြစ်နေမှတော့ မင်းကို မသတ်ဖို့ ငါ့မှာ ဘာအကြောင်းပြချက်မှ မရှိဘူး"
ကျန်းချန်က လင်းယွီကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
သူ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ပြည့်နှက်နေခဲ့၏။
သူက လက်ထဲမှ ဓားရှည်ကို ဝှေ့ယမ်းလိုက်သည်နှင့် ငွေရောင် ဓားအလင်းသည် လျှပ်စီးကဲ့သို့ လင်းယွီ၏ မျက်ခုံးနှစ်ခုကြားကို တိုက်ရိုက် ပစ်ခတ်သွားခဲ့သည်။
အခန်း(၁၀၁) ပြီး၏