အခန်း (၁၀၂)
Vol. 7 Ch. 102
ကျန်းချန်၏ ဓားချက်က အလွန်အမင်း မြန်ဆန်၏။
ဓားအလင်းက လင်းယွီရှေ့တွင် မျက်တောင်တစ်ခတ်အတွင်း ပေါ်လာခဲ့သည်။
"မသတ်ပါနဲ့"
သူ့ဆီ လာနေသည့် ဓားအလင်းကို ကြည့်ရင်း လင်းယွီ၏ မျက်လုံးများတွင် မျှော်လင့်ချက်မဲ့သော အရိပ်အယောင်များ ထင်ဟပ်နေခဲ့၏။
ကျန်းချန်က လင်းယွီကို ကရုဏာသက်ခြင်း အလျဥ်းမရှိဘဲ ဥပေက္ခာပြုထားလိုက်သည်။
သူလင်းယွီကို ကြည့်နေသော အကြည့်သည် လူသေတစ်ယောက်ကို ကြည့်နေသကဲ့သို့ပင်။
စင်စစ် လင်းယွီ၏ ပါရမီက မဆိုးပေ။
သူ့တွင် အဆတစ်ရာ စနစ်ရှိ၍ လင်းယွီက ဘာအန္တရာယ်မှ မဖြစ်စေနိုင်သော်လည်း သူနှင့် လင်းယွီကြားတွင် ဖြေရှင်းရန် မဖြစ်နိုင်သည့် ရန်ငြိုးတစ်ခု ရှိနေခဲ့၏။
ဤတစ်ခါတွင် လင်းယွီက သူ့ကို တိုက်ခိုက်ရန် တံခါးဝထိရောက်လာခဲ့ရာ သူကအဘယ်ကြောင့် လင်းယွီကို အလွှတ်ပေးနိုင်ပါမည်နည်း။
သို့သော်လည်း ကျန်းချန်၏ ထက်မြက်သည့် ဓားအလင်းက လင်းယွီ၏ ခေါင်းကို ထိုးဖောက်တော့မည့် အချိန်တွင် အနီရောင် ပုံရိပ်တစ်ခုသည် ကောင်းကင်ကနေ ရုတ်တရက် ဆင်းသက်လာခဲ့သည်။
ထိုလူက လက်ဝါးကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်နှင့် ကျန်းချန်ရဲ့ ဓားအလင်းသည် ဘာမှမဖြစ်သကဲ့သို့ ပျောက်ကွယ်သွားခဲ့၏။
တစ်ချိန်တည်းမှာပင် ခပ်မျဥ်းမျဥ်း သက်ပြင်းချသံ နှင့်အတူ လွှမ်းမိုးနိုင်စွမ်းရှိသော အသံတစ်သံသည် ကျန်းချန်၏ နားထဲတွင် ထွက်ပေါ်လာခဲ့သည်။
"ကောင်လေး.. ငါ့ကို မျက်နှာသာပေးလို့ရမလား.. ဒီနေ့အတွက် ဒီလောက်နဲ့ပဲ ရပ်လိုက်ရင် ဘယ်လိုသဘောရလဲ"
ကျန်းချန်က ရုတ်တရက် ပေါ်လာသည့် အနီရောင်ဝတ် အဘိုးအိုကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။
"အကြီးအကဲက ဘယ်သူပါလဲ"
အနီရောင်ဝတ် အဘိုးအိုက ပြုံးကာ ပြန်ဖြေလိုက်သည်။
"ငါက လင်ယွင်ကျောင်းတော်ရဲ့ အတွင်းနန်းတော် အကြီးအကဲ ယန်စန်းမင်ပါ"
"အကြီးအကဲယန် ဖြစ်နေတာကိုး"
ကျန်းချန်က ယန်စန်းမင်ကို လေးစားသော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
"သေခြင်းရှင်ခြင်း တိုက်ပွဲကို လင်းယွီ ကိုယ်တိုင်က အဆိုပြုခဲ့တာပါ အကြီးအကဲ.. ဒါကြောင့် အကြီးအကဲ အနေနဲ့ ဝင်ရောက်စွက်ဖက်ဖို့ မသင့်တော်ပါဘူး"
"သေခြင်းရှင်ခြင်း တိုက်ပွဲက လင်ယွင်ကျောင်းတော်ရဲ့ စင်မြင့်ထက်မှာပဲ အကြုံးဝင်တယ်.. ဒီလိုမျိုး လုပ်ဆောင်တာက တရားမဝင်ဘူး"
"ငါတို့ လင်ယွင်ကျောင်းတော်က မဟာရှားနိုင်ငံရဲ့ စီရင်စုကိုးခုထဲမှာ အမြဲတစေ အဆင့်နိမ့်ပဲ ရခဲ့တယ်"
"အခုတော့ ငါ့တို့မှာ ဓားဆန္ဒကို နားလည်တဲ့ ပါရမီရှင် နှစ်ယောက် ရှိနေပြီ.. မင်းတို့ထဲက ဘယ်သူ့ကိုမှ ငါမသေစေချင်ဘူး"
ယန်စန်းမင်က စကားပြောရင်း သူ၏ သိုလှောင်လက်စွပ်ထဲကနေ အနီရောင် တောက်ပသည့် ဓားရှည်တစ်လက်ကို တိုက်ရိုက် ထုတ်ယူလိုက်သည်။
"ကောင်လေး.. ဒီယန်လုံဓားက ရှားပါးတဲ့ ဒုတိယအဆင့် စိတ်ဝိညာဉ်လက်နက်တစ်ခုပဲ.. ဒါကို မင်းအတွက် ငါ့ရဲ့ လျော်ကြေးလို့ သတ်မှတ်လိုက်ပါ.. ငါ့ကို မျက်နှာသာပေးပြီး မင်းတို့ရဲ့ တိုက်ပွဲကို ရပ်လိုက်ဖို့ ငါတောင်းဆိုချင်တယ်.. ဘယ်လိုသဘောရလဲ"
ဒုတိယအဆင့် စိတ်ဝိညာဉ်လက်နက်။
ယန်စန်းမင် စကားကို ကြားလျှင် ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော ကျောင်းသားအားလုံးသည် ယန်လုံဓားကို မက်မောသော အမူအရာများဖြင့် ကြည့်လိုက်ကြသည်။
ရှန်းဝူတိုက်ကြီးတွင် လက်နက်များကို သာမန်လက်နက်နဲ့ စိတ်ဝိညာဉ်လက်နက် ဟူ၍ ခွဲခြားထားသည်။
စိတ်ဝိညာဉ်လက်နက်များကို သန့်စင်ရန်မှာ အလွန်ခက်ခဲ၍ အရေအတွက်လည်း အလွန်နည်းပါ၏။
အနိမ့်ဆုံးအဆင့်ဖြစ်သည့် ပထမအဆင့် စိတ်ဝိညာဉ်လက်နက်ပင် စျေးအတော်ကြီး၍ လူအများစု မတတ်နိုင်ကြပေ။
ယခု သူတို့ရှေ့ရှိ ဒုတိယအဆင့် စိတ်ဝိညာဉ်လက်နက်သည် မရေမတွက်နိုင်သည့် ဓားကျင့်ကြံသူများ အိပ်မက်မက်ခဲ့သည့် လက်နက်တစ်ခု ဖြစ်မည်မှာ သေချာသည်။
"အကြီးအကဲယန်က ဒီလောက်အထိ ရက်ရောမှတော့ ကျန်းချန် လက်ခံလိုက်ပါ့မယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးပြီး ယန်စန်းမင် ဆီကနေ ယန်လုံဓားကို ယူလိုက်သည်။
ဤအဘိုးကြီးက အရမ်းသန်မာ၏။
၎င်းက လင်းယွီကို အကာအကွယ်ပေးနေသ၍ သူ လုံးဝ သတ်နိုင်မည်မဟုတ်ပေ။
သူက လင်းယွီကို မသတ်ဖြတ်နိုင်ခဲ့သော်လည်း ယန်လုံဓားကို ရရှိခဲ့၍ အရှုံးမရှိဟု ဆိုရပေမည်။
ယန်လုံ ဓားကို ရရှိပြီးနောက်တွင် ကျန်းချန်သည် လင်းယွီကိုပင် ထပ်မကြည့်တော့ပေ။
သူက ယန်စန်းမင်ကို နှုတ်ဆက်ပြီး လှည့်ထွက်သွားခဲ့သည်။
ထို့နောက်တွင် ကျန်းချန်နဲ့ မုန့်ချင်းရွှယ်တို့သည် သူတို့၏ နေအိမ်ဆီသို့ ပြန်သွားခဲ့ကြ၏။
သို့သော် သူတို့၏ ခြံဝင်းနားသို့ အရောက်တွင် လူတစ်စု ရှိနေသည်ကို တွေ့လိုက်ရသည်။
ထိုလူစု၏ အလယ်တွင် ဒဏ်ရာရနေတဲ့ မီးလျှံသားရဲ တစ်ကောင်သည် ဒေါသတကြီး ဟိန်းဟောက်နေခဲ့သည်။
မီးလျှံသားရဲ၏ ရှေ့တွင် ဆယ်မီတာရှည်သည့် အနက်ရောင် မြွေကြီးတစ်ကောင်သည် မီးလျှံသားရဲကို စိုက်ကြည့်နေခဲ့၏။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ကျန်းချန်၏ မျက်နှာသည် ရုတ်တရက် အေးစက်သွားခဲ့သည်။
သူက လေထဲသို့ ခုန်တက်လိုက်ပြီး ချက်ချင်းဆိုသလို လူအုပ်ကြီး၏ အလယ်သို့ ဆင်းသက်လာခဲ့၏။
တစ်ချိန်တည်းမှာပင် သူ၏ အေးစက်သော လေသံသည် လူတိုင်း၏ နားထဲတွင် ထွက်ပေါ်လာခဲ့သည်။
"ဒီတွားသွားသတ္တဝါက ငါ့ရဲ့ မီးလျှံသားရဲကို ဒဏ်ရာရအောင်လုပ်ဖို့ ဘယ်သူစေခိုင်းခဲ့တာလဲ.. ထွက်လာခဲ့စမ်း.. မဟုတ်ရင် ဒီတွားသွားသတ္တဝါကို သတ်ပစ်မယ်"
အခန်း(၁၀၂) ပြီး၏