အခန်း (၁၀၄)
Vol. 7 Ch. 104
"ဒီကောင် ဝူဖေးယွီရှေ့မှာ ဒီလောက်တောင် မောက်မာရဲတယ်ဆိုတော့ ဆေးမှားသောက်လာတာလား မသိဘူး"
"ဟုတ်ပါ့.. ဒီ လင်ယွင်ကျောင်းတော်မှာ ဝူဖေးယွီကို စော်ကားတဲ့သူတွေက ကောင်းမွန်တဲ့ အဆုံးသတ် မရှိသလောက်ပဲ"
"ဒီကောင်လေးတော့ ခဏနေရင် သေတော့မှာပဲ"
ကျန်းချန်က ဝူဖေးယွီရှေ့တွင် ဤမျှအထိ အတင့်ရဲစွာ ပြောဆိုနေသည်ကို မြင်လျှင် ပတ်ဝန်းကျင်ရှိ လူအများစုသည် ခေါင်းကို ခါယမ်းလိုက်ပြီး ကျန်းချန်ကို သနားသည့် အကြည့်ဖြင့် ကြည့်နေခဲ့ကြသည်။
"ဟားဟား.. ငါ့ရှေ့မှာ ဒီလိုစကားမျိုး ပြောရဲအောင် မင်းကိုယ်မင်း ဘာထင်နေလဲ"
ဝူ ဖေးယွီက ရုတ်တရက် မထီမဲ့မြင် ရယ်မောလိုက်သည်။
သူက ကျန်းချန်ကို အထက်စီးဆန်စွာ ကြည့်၍ မေးလိုက်၏။
"ငါဘယ်သူလဲဆိုတာ မင်းသိလား"
ဝူဖေးယွီက မည်သူနည်း။
လင်ယွင်ကျောင်းတော်၏ နာမည်ကျော် ပါရမီရှင် သားရဲသခင် ဖြစ်သည်။
ထို့အပြင် သူ့အစ်ကို ဝူဖေးလုံသည် လင်ယွင်စာရင်းတွင် နံပါတ်တစ် ပါရမီရှင် ဖြစ်၏။
ထို့ကြောင့် ဤလင်ယွင်ကျောင်းတော်တွင် ဝူဖေးယွီကို စော်ကားရဲသူ မရှိသလောက်ပင်။
"သူ့ရှေ့မှ နာမည်မသိသည့် ကောင်လေးက ဘယ်သူ့ကို အသေခံမလဲ မေးရဲတယ်တဲ့လား.. ဟက်.. ဒါဟာ တကယ့် ဟာသတစ်ခုပဲ"
"မင်းဘယ်သူလဲဆိုတာ ငါ သိစရာ မလိုဘူး"
"မင်း ငါ့ရဲ့ မီးလျှံသားရဲကို နာကျင်စေခဲ့ရင် မင်းက သူ့အတွက် ပြန်ပေးဆပ်ရမယ် ဆိုတာပဲ ငါသိတယ်"
"မင်း မရွေးချယ်ဘူးဆိုရင် ငါ မင်းအတွက် ရွေးချယ်ပေးမယ်.. မင်းရဲ့ တွားသွားသတ္တဝါကြီး အသက်ကို ငါလက်ခံလိုက်ပြီ"
တိုးညင်းသော စကားသံ အဆုံးတွင် ကျန်းချန်သည် အနက်ရောင် တိမ်တိုက် မြွေကြီးရှေ့၌ တစ္ဆေသရဲနှယ် ပေါ်လာခဲ့၏။
သူက ညာလက်သီးကို ဆုပ်လိုက်ပြီး အနက်ရောင် တိမ်တိုက် မြွေကြီး၏ ခေါင်းကို တည့်မတ်စွာ ထိုးချလိုက်သည်။
"ဝုန်း"
ချီစွမ်းအား မပါဝင်သော သူ၏ ထိုးနှက်ချက်သည် မူလဘူတ နယ်ပယ်အဆင့်မှ ကျင့်ကြံသူ၏ ထိုးနှက်ချက်နဲ့ နှိုင်းယှဉ်နိုင်သည့် အားကောင်းသော အင်အားကို သယ်ဆောင်ထားခဲ့သည်။
ဆယ်မီတာနီးပါး ရှည်လျားသည့် အနက်ရောင်တိမ်တိုက် မြွေကြီး၏ ကြီးမားသော ခန္ဓာကိုယ်သည် ကျန်းချန်၏ ထိုးနှက်ချက်ကြောင့် ချက်ချင်းပင် လွင့်ထွက်သွားခဲ့သည်။
"ဝုန်း"
ခဏအကြာတွင် မြေပြင်သည် ငလျင်လှုပ်သလို ရုတ်တရက် တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အနက်ရောင် တိမ်တိုက်မြွေက မီတာအနည်းငယ် လွင့်စင်ပြီးမှ မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့ရာ မြေပြင်တွင် ဧရာမ အပေါက်ကြီးတစ်ခုကို တိုက်ရိုက် ဖြစ်ပေါ်စေခဲ့၏။
မကြာခင်မှာပင် အနက်ရောင် တိမ်တိုက်မြွေ၏ ဦးခေါင်းကနေ နီစွေးသောသွေးများ စီးကျလာခဲ့သည်။
အနက်ရောင်တိမ်တိုက်မြွေက အနည်းငယ် ရုန်းကန်ပြီးနောက်တွင် သူ၏ နောက်ဆုံး ထွက်သက်ကို ရှူထုတ်လိုက်ရ၏။
သူတို့ရှေ့ရှိ အံ့သြဖွယ် မြင်ကွင်းသည် ပတ်ဝန်းကျင်ကို ချက်ချင်းပင် တိတ်ဆိတ်သွားစေခဲ့သည်။
လူတိုင်း၏ ကျန်းချန်ကို ကြည့်နေသည့် အကြည့်တွင် မယုံနိုင်လောက်အောင် ကြောက်ရွံ့သည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
အနက်ရောင် တိမ်တိုက်မြွေသည် ဒုတိယအဆင့်သားရဲထဲတွင် အဆင့်မြင့်ဆုံး သားရဲတစ်ကောင် ဖြစ်သည်။
၎င်းက ချီကာကွယ်ရေး အဆင့်၉ ကျင့်ကြံသူနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိ၏။
သို့သော်လည်း ဤမျှ အားကောင်းသည့် အနက်ရောင် တိမ်တိုက်မြွေကို လူငယ်လေးက ပေါ့ပေါ့ပါးပါးပင် လက်သီးတစ်ချက်ထဲဖြင့် သတ်ပစ်လိုက်သည်။
လင်ယွင်စာရင်း၏ ထိပ်တန်း ပါရမီရှင်များပင် ဒုတိယအဆင့်၊ အဆင့်မြင့် သားရဲကို တစ်ချက်တည်းဖြင့် မသတ်နိုင်လောက်ပေ။
"ဒီကောင် ဘယ်လို လုပ်လိုက်တာလဲ"
ဝူဖေးယွီက အံ့အားသင့်မှုကနေ ပြန်လည်သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
သူ၏ အနက်ရောင် တိမ်တိုက်မြွေက ကျန်းချန်၏ လက်သီးချက်ဖြင့် သတ်ပစ်ခံရသည်ကို မြင်လိုက်ရ၏။
သူက ချက်ချင်းပင် ကျန်းချန်ကို စူးစိုက်ကြည့်လိုက်သည်။
သူ၏ မျက်လုံးထဲတွင် ပြင်းထန်သည့် ဒေါသမီးလျှံများ လောင်ကျွမ်းနေခဲ့၏။
"ခွေးသူတောင်းစား...မင်း ငါ့ရဲ့ အနက်ရောင် တိမ်တိုက်မြွေကို သတ်ရဲတယ်.. ငါဝူဖေးယွီ မင်းကို လုံးဝ ခွင့်မလွှတ်ဘူး"
ဤဒုတိယအဆင့်၊ အဆင့်မြင့် သားရဲဖြစ်သည့် အနက်ရောင် တိမ်တိုက်မြွေကို ရဖို့အတွက် သူ အတော်လေး ကြိုးစားခဲ့ရ၏။
ယခု ကျန်းချန်က ရိုက်သတ်လိုက်ရာ ဝူဖေးယွီက အဘယ်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါအံ့နည်း။
"မင်းကိုယ်မင်း ဘာကောင်ထင်နေလဲ"
ကျန်းချန်က ဝူဖေးယွီကို အေးစက်စက် ကြည့်လိုက်သည်။
ထို့နောက် သူက အနက်ရောင် တိမ်တိုက်မြွေ၏ အလောင်းကို ညွှန်ပြပြီး ခံစားချက်မဲ့သော အမူအရာဖြင့် ပြောလိုက်၏။
"မင်းမှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်.. ချက်ချင်း ငါ့ရှေ့ကနေထွက်သွား ဒါမှမဟုတ်ရင် သူ့လိုမျိုး အဆုံးသတ်ကို ခံယူလိုက်"
အခန်း(၁၀၄) ပြီး၏