အခန်း (၁၀၅)
Vol. 7 Ch. 105
သတ်ဖြတ်လိုသော အရိပ်အယောင် ပါဝင်နေသည့် ကျန်းချန်၏ အေးစက်စက်အသံသည် ဝူဖေးယွီ၏ ခန္ဓာကိုယ်ကို အနည်းငယ် တုန်ယင်သွားစေခဲ့သည်။
သူက သားရဲသခင် တစ်ယောက်ဖြစ်၍ တိုက်ခိုက်ရာတွင် သားရဲများကို ကိုင်တွယ် အသုံးပြုခြင်းကို အားကိုး၏။
ကိုယ်တိုင်ကမူ အလွန်အမင်း သန်မာမှုမရှိဘဲ ချီကာကွယ်ရေး အဆင့်ကို ရောက်ရုံသာ ရှိသေးသည်။
ယခု သူ၏ အနက်ရောင် တိမ်တိုက်မြွေပင် ကျန်းချန်၏ လက်သီးတစ်ချက်တည်းဖြင့် သတ်ပစ်ခံရလျှင် သူက ကျန်းချန်၏ ပြိုင်ဘက် မည်သို့ ဖြစ်နိုင်ပါမည်နည်း။
"ကောင်းတယ် သိပ်ကောင်းတယ်"
"ဒီလင်ယွင်ကျောင်းတော်မှာ မင်းက ငါ့ကို ဒီလောက်ထိ အရှက်ရအောင် လုပ်နိုင်တဲ့ ပထမဆုံးလူပဲ"
"မင်းငါ့ကို စောင့်နေပါ.. ဒီကိစ္စကို ငါလုံးဝမကြေဘူး"
ဝူဖေးယွီ၏ မျက်နှာက ခဏအကြာတွင် ပြောင်းလဲသွားသည်။
အဆုံးသတ်တွင် သူက ကျန်းချန်ကို ပြင်းထန်သည့် စကားလုံးဖြင့် တုံ့ပြန်ပြောဆိုကာ လှည့်ထွက်သွားခဲ့သည်။
"ချီး.. ဒီကောင် တော်တော်မိုက်တာပဲ.. ဝူဖေးယွီကိုတောင် သင်ခန်းစာ ကောင်းကောင်း ပေးနိုင်ခဲ့တယ်"
"ဒီကောင့်ရဲ့ ခွန်အားက ပေါ့သေးသေးမဟုတ်ဘူး.. အနက်ရောင် တိမ်တိုက်မြွေကို လက်သီး တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တဲ့ အင်အားက ဝူဖေးလုံထက် မနိမ့်ဘူးလို့ ငါထင်တယ်"
"လင်ယွင်ကျောင်းတော်မှာ ဒီလောက် ကြီးကျယ်တဲ့ လူတစ်ယောက် ဘယ်တုန်းကတည်းက ပေါ်လာခဲ့တာလဲ"
ဝူဖေးယွီ ထွက်သွားပြီးနောက်တွင် ကျန်းချန်သည် အံ့သြတကြီး ကြည့်နေသူများ၏ အကြည့်အောက်မှာပင် မီးလျှံသားရဲကို ခေါ်ကာ သူ၏ ခြံဝင်းထဲကို လျှောက်ဝင်သွားခဲ့သည်။
ထိုအချိန်တွင် မုန့်ချင်းရွှယ်သည်လည်း ကျန်းချန်၏နောက်ကနေ ခြံဝင်းထဲကို လိုက်ဝင်သွားခဲ့သည်။
"ငါ... ငါအမြင်မမှားပါဘူးနော်.. ခုနက ဝင်သွားတာ လင်ယွင်စာရင်းရဲ့ ဒုတိယမြောက် ပါရမီရှင် မုန့်ချင်းရွှယ် မဟုတ်လား"
"အိုး.. ဒီကောင် ဘယ်သူလဲဆိုတာ ငါသိပြီ.. သူက မုန့်ချင်းရွှယ်ကို အစေခံအဖြစ် ခေါ်ထားတဲ့ ကျန်းချန်ပဲ ဖြစ်ရမယ်"
"သူဖြစ်နေတာကိုး.. ဒါကြောင့် ဒီလောက် အစွမ်းထက်နေတာပဲ"
သူတို့ရှေ့မှ အခြေအနေကို မြင်လျှင် လူတိုင်းသည် ထပ်မံ အံ့အားသင့်ကာ ရေရွတ်လိုက်ကြ၏။
ခြံဝင်းထဲကို ပြန်ရောက်လျှင် ကျန်းချန်သည် သားရဲ ကုထုံး နည်းစနစ်ကို အသုံးပြုပြီး မီးလျှံသားရဲ၏ ဒဏ်ရာကို ကုသပေးလိုက်သည်။
ထို့အပြင် မီးလျှံသားရဲကို တစ်ယောက်တည်း ဟိုဟိုဒီဒီ လျှောက်မဆော့ရန် လေးနက်သော အမူအရာဖြင့် ပြောလိုက်၏။
ဆဋ္ဌမအဆင့် မီးလျှံသားရဲသည် မရေမတွက်နိုင်သည့် သားရဲသခင်များ၏ အိပ်မက်တစ်ခု ဖြစ်ရုံတင်မက လူတိုင်းနီးပါး တပ်မက်ကြသော သားရဲလည်း ဖြစ်သည်။
ကျန်းချန်သည် အတွင်းနန်းတော်ကို ဝင်သည့် ပထမဆုံးနေ့မှာပင် အပြင်နန်းတော်မှ ပြဿနာရှာသည့် ဒဏ္ဍာရီကို ဆက်လက် သယ်ဆောင်လာခဲ့သည်။
သူက ဓားအမှတ်အသားခန်းမတွင် ဓားဆန္ဒကို နားလည်ခဲ့ပြီး လင်ယွင်စာရင်း၏ တတိယနေရာမှာရှိသည့် လင်းယွီကို အနိုင်ယူခဲ့သည့်အပြင် ဝူဖေးယွီ၏ အနက်ရောင် တိမ်တိုက်မြွေကိုလည်း လက်သီးတစ်ချက်တည်းဖြင့် သတ်ပစ်ခဲ့၏။
ယင်းကဲ့သို့ ကြောက်မက်ဖွယ် မှတ်တမ်းကလည်း လင်ယွင်ကျောင်းတော်၏ အတွင်းနန်းတော်ကို ချက်ချင်းပင် ဂယက်ရိုက်စေခဲ့သည်။
ဤသို့ဖြင့် သူ၏ ဂုဏ်သတင်းသည် လင်ယွင်စာရင်း၏ နံပါတ်တစ် ပါရမီရှင် ဝူဖေးလုံကို ချက်ချင်းဆိုသလို လိုက်မီသွားပြီး ဒဏ္ဍာရီဆန်တဲ့ တည်ရှိမှုတစ်ခု ဖြစ်လာခဲ့၏။
------------
ကျန်းချန်သည် အတွင်းစည်းနန်းတော်သို့ ရောက်ရှိသည့် ပထမနေ့တွင် ဂယက်ရိုက်စေပြီးနောက် ရက်အတော်ကြာ ငြိမ်သက်နေခဲ့သည်။
သူက အဆတစ်ရာစနစ်၏ အဆတစ်ရာ အတွေ့အကြုံကို အားကိုး၍ အပတ်တကုတ် လေ့ကျင့်နေခဲ့သည်။
ယခုအခါတွင် ချီကာကွယ်ရေး အဆင့်၏ အထွတ်အထိပ်ကို ကျော်လွန်၍ မူလဘူတ နယ်ပယ်အဆင့်၏ ပထမအဆင့်ကိုပင် အောင်မြင်စွာ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။
မူလဘူတနယ်ပယ်၏ ပထမအဆင့်ကို ဝင်ရောက်ပြီးနောက်တွင် ကျန်းချန်သည် အပြင်သို့ ထွက်ပြီး လေကောင်းလေသန့် ရှူရှိုက်ရန် ကြံစည်နေသော အချိန်မှာပင် ခြံဝင်းထဲ၌ ဆူညံသံ တစ်သံကို ကြားလိုက်ရ၏။
ကျန်းချန်က ချက်ချင်းဆိုသလို ခြံဝင်းဆီသို့ ရောက်ရှိလာခဲ့သည်။
ထိုအခါ အသက်နှစ်ဆယ်ဝန်းကျင် ပိန်ပါးပါး လူငယ်လေး တစ်ယောက်သည် မာနထောင်လွှားသော အမူအရာဖြင့် ရပ်နေသည်ကို တွေ့လိုက်ရသည်။
လူငယ်၏ ဘေးတွင် ကျန်းချန်၏ နေ့စဉ် စားရေးသောက်ရေးကို တာဝန်ယူထားသည့် အစေခံနှစ်ယောက်သည် ရိုက်နှက်ခံထားရပုံရ၏။
ဤမြင်ကွင်းကို မြင်လျှင် ကျန်းချန်၏ မျက်လုံးတွင် ဒေါသရိပ်များ ထွက်ပေါ်လာခဲ့သည်။
သူက လူငယ်ဆီသို့ လျှောက်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် သူ၏ အေးစက်သော အသံသည် ရင်ပြင်ထဲတွင် တိုက်ရိုက် ပဲ့တင်ထပ်သွားခဲ့၏။
"မင်း ဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး.. ချက်ချင်း ဒီနေရာကနေ ထွက်သွားစမ်း.. ငါ့ခြံဝင်းထဲမှာ ရမ်းကားဖို့ မစဥ်းစားနဲ့"
အခန်း(၁၀၅) ပြီး၏