← Chapters

သေရည်ဆိုင်မှာနောက်ဆုံးနေ့

Vol. 10 Ch. 128

သေရည်ဆိုင်မှာနောက်ဆုံးနေ့

Vol. 10 Ch. 128

အခန်း (၁၂၈) သေရည်ဆိုင်မှာနောက်ဆုံးနေ့

ငယ်သေးသည်တဲ့…။

ကျန်းလန်က ဂိုဏ်းတူအစ်မရှောင်ယွိကို လှမ်းကြည့်လိုက်သည်။

ကလေးမလေးတစ်ယောက်မျှသာဖြစ်သော ဂိုဏ်းတူအစ်မလေးက သူ့ကို "ငယ်သေးသည်" ဟု ပြောနေခြင်းမှာ အနည်းငယ်တော့ ရယ်စရာကောင်းလွန်းသည်။

သို့သော် ကျန်းလန် မည်သည့်စကားမှ မပြောဘဲ ငြိမ်သက်နေမိ၏။

ကျင့်စဉ်လမ်း စတင်လျှောက်လှမ်းသည့် အချိန်နှင့်တွက်မည်ဆိုလျှင် သူက တကယ်လည်း ငယ်ရွယ်သေးသည်ပဲ ဖြစ်သည်။

မူလဝိညာဉ်အဆင့် ၊ နောက်ဆုံးအဆင့် ရောက်နေပြီဖြစ်သည့် ရှောင်ယွိကတော့ ကျင့်ကြံခြင်းသက်တမ်း နှစ်ပေါင်း (၂၀၀)ခန့် ရှိလောက်ပေပြီ။

သူမက တကယ်တော်သည့် ပါရမီရှင်တစ်ယောက် ဖြစ်သည်။

ပါရမီရှင် မဟုတ်သူများဆိုလျှင် နှစ်ပေါင်း (၃၀၀)ခန့် ကျင့်ကြံပြီးမှသာ မူလဝိညာဉ်အဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။

နတ်လူသားမျိုးနွယ်ဖြစ်သည့် မြောက်ရှိုးသည်လည်း နှစ်ပေါင်း (၂၀၀) ခန့် ကျင့်ကြံပြီး မူလဝိညာဉ်အဆင့် အောင်မြင်သွားခြင်း ဖြစ်လေရာ ထူးခြားသည့် ပါရမီရှင်တစ်ယောက်ဟု သတ်မှတ်နိုင်သည်။

မူလဝိညာဉ်အဆင့်မှ မရှိမှုအာကာသအဆင့်သို့ တက်ရောက်နိုင်ရန်မှာတော့ နောက်ထပ်နှစ်ပေါင်း (၃၀၀)ခန့် ထပ်မံ ကျင့်ကြံရမည် ဖြစ်သည်။

ကျင့်ကြံသူအနည်းငယ်ကတော့ နှစ်ပေါင်း (၃၀၀) အောက် လျော့နည်းနိုင်သော်လည်း အများစုမှာ နှစ်ပေါင်း(၃၀၀) ကျော်ကြာမြင့်အောင် ကျင့်ကြံကြရစမြဲ ဖြစ်သည်။

ထို့ကြောင့် ကျန်းလန်အနေဖြင့် အများအမြင်တွင် တိတိလင်းလင်း အင်မော်တယ်ဖြစ်လာရန် နှစ်ပေါင်း (၅၀၀)ခန့် အချိန်ယူရမည် ဖြစ်သည်။

နဂါးမင်းသမီးလေးလုန်ယွိကတော့ နောင်နှစ်ပေါင်း (၃၀၀) ကျော်အတွင်း အင်မော်တယ်ဖြစ်လာပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ စေ့စပ်ပွဲသတင်းကိုတော့ ခွန်လွန်တောင်မှ တပည့်များ သိရှိကြဟန် မတူသေးပေ။ နောက်ပိုင်းတွင်တော့ တောင်သခင်များက စေ့စပ်ပွဲသတင်းကို အတိအလင်း ကြေငြာမည်ဖြစ်သည်။

ခွန်လွန်တောင်သို့ ပထမဆုံးရောက်ရှိလာသည့် နဂါးမျိုးနွယ်လုန်ရဲ့က ချစ်ကြည်ရေးလက်ထပ်မင်္ဂလာကိစ္စကို အဆုံးအဖြတ်ပေးနိုင်မည့်သူ မဟုတ်ပေ။

ထို့ကြောင့် မင်္ဂလာကိစ္စအတွက် နောက်ထပ်နဂါးမျိုးနွယ်များ ထပ်မံရောက်ရှိလာကြမည့်ဟန် ရှိသေးသည်။

နောက်ထပ်ရောက်လာသည့် နဂါးမျိုးနွယ်များနှင့် တောင်သခင်များ တွေ့ဆုံဆွေးနွေးပြီးမှသာ ဆုံးဖြတ်ချက်အတည်ပြုပြီး မင်္ဂလာကိစ္စကို တရားဝင်ကြေငြာပေလိမ့်မည်။

ထိုအချိန်ရောက်လျှင်တော့ ကျန်းလန် တောင်ပေါ်တွင်သာ ဂူအောင်းနေပြီး မည်သူနှင့်မျှ မတွေ့ဆုံတော့ဟု ဆုံးဖြတ်ထားသည်။

ကျန်းလန် အမှိုက်များကို သိမ်းဆည်းပြီးနောက် အမှိုက်ထုပ်ကြီးကို ဆိုင်အနောက်ဘက်သို့ သွားထားလိုက်သည်။

သို့သော် ဆိုင်အနောက်ဘက်တွင် ဆိုင်ရှင်အဘိုးအိုလည်း ရှိမနေသလို ဖီရှိုးသတ္တဝါကိုလည်း တွေ့ရှိရခြင်း မရှိပေ။

ကျန်းလန် ကောင်တာသို့ပြန်ရောက်သည်နှင့် ရှောင်ယွိက မေးလိုက်သည်။

"ဖီရှိုးကောင် ပြန်ရောက်မလာသေးဘူးလား…"

ကျန်းလန်က…

"အင်း… ဟိုနဂါး သူ့နောက် လိုက်သွားတဲ့နေ့ကစပြီး ဖီရှိုးကောင် ပြန်မလာသေးဘူး…"

ထိုစဉ် သူ့နံဘေးမှ အကြမ်းပန်းကန်ပြုတ်ကျလာသောကြောင့် ကျန်းလန်က ပန်းကန်ကိုဖမ်းဆီးရန် လက်လှမ်းလိုက်သည်။

သို့သော် ရှောင်ယွိက ရုတ်တရက် အကြမ်းပန်းကန်ကို ခုန်ပြီး အလျှင်အမြန် ဖမ်းဆီးလိုက်လေရာ ကျန်းလန်၏လက်က လမ်းတစ်ဝက်တွင် ရပ်တန့်သွားသည်။

ရှောင်ယွိက အလွန်လျှင်မြန်သောကြောင့် ကျန်းလန် အံ့အားသင့်သွားရသည်။

ပြုတ်ကျလာသည့် အကြမ်းပန်းကန်ကို ဖမ်းဆီးသည်က ခက်ခဲသည့်အလုပ် မဟုတ်ပေ။ သို့သော် ရှောင်ယွိကဲ့သို့ အလျှင်အမြန်ဖမ်းဆီးနိုင်ရန်က ခက်ခဲလေသည်။

ရှောင်ယွိက ပါရမီရှင် ပီသပါပေ၏။

ယခုတော့ အကြမ်းပန်းကန်ကို ဖမ်းဆီးလိုက်နိုင်သည့်အတွက် ရှောင်ယွိ ပျော်ရွှင်နေလေသည်။

တစ်စုံတစ်ခု အောင်မြင်မှုရသွားသည့်အလား ၊ စိတ်ဆန္ဒများပြည့်ဝသွားသည့်အလား သူမ ပျော်ရွှင်နေခြင်း ဖြစ်သည်။

အမှန်တော့ သူမက ပစ္စည်းများပြုတ်ကျလာလျှင် ဖမ်းဆီးရန် အသင့်ပြင်ကာ စောင့်ဆိုင်းနေခြင်းဖြစ်၏။ မဟုတ်ပါက အကြမ်းပန်းကန်ပြုတ်ကျမည်ကို သူမ သတိထားမိမည် မဟုတ်ပေ။

သို့သော် ကျန်းလန်ကတော့ အမှိုက်ပစ်ပြီး ဆိုင်ထဲ ပြန်ဝင်လာကတည်းက အကြမ်းပန်း ပြုတ်ကျတော့မည်ကို သိရှိနေခဲ့သည်။

မည်သည့်စကားမှ မဆိုမိသည့်တိုင် ကျန်းလန်၏ စိတ်စွမ်းအားကိုတော့ ရှောင်ယွိ အံ့သြမိသည်အမှန်ပင်။

ကျင့်စဉ်လမ်းသို့ လိုက်လျှောက်သည်မှာ ဤမျှငယ်ရွယ်သေးသည့် လူငယ်တစ်ယောက်က အဘယ်ကြောင့် စိတ်စွမ်းအား အလွန်မြင့်မားနေရပါသနည်း။ မည်သည့်နည်းနှင့်မှ လက်ခံနိုင်စရာမရှိဟု ရှောင်ယွိ ခံစားနေရသည်။

အင်မော်တယ်များပင်လျှင် ထိုမျှ စိတ်စွမ်းအားကောင်းမွန်မည် မဟုတ်ပေ။

ရှောင်ယွိက…

"ဆိုင်ရှင်အဘိုးကလည်း ဖီရှိုးကောင်အကြောင်း မမေးဘူးနော်… ၊ သူ… အဆင်ပြေမယ်ထင်တာပါပဲ…"

ကျန်းလန်က ခေါင်းညိတ်ပြလိုက်သည်။

နောက်ထပ်ပစ္စည်းများ ပြုတ်ကျလာသည့်အခါ ကျန်းလန်က ဖမ်းဆီးခြင်း မပြုတော့ပေ။

ရှောင်ယွိက ပြုတ်ကျသည့်ပစ္စည်းများကို လိုက်ဖမ်းချင်နေလေရာ ကျန်းလန်အနေဖြင့် မနှောက်ယှက်သင့်ပေ။ မဟုတ်ပါက မိန်းကလေးငယ်လေး စိတ်အနှောက်အယှက် ဖြစ်သွားပေလိမ့်မည်။

လူတစ်ဖက်သားကို စိတ်အနှောက်အယှက်ဖြစ်အောင် ပြုလုပ်ခြင်းက နှစ်ဦးနှစ်ဖက် အကျိုးမရှိပေ။

ရှောင်ယွိက…

"မကြာခင် နဂါးမျိုးနွယ်တွေ တောင်ပေါ်ကို လာကြမယ်လို့ သတင်းကြားတယ်… ၊ အဲဒီသတင်း ဂိုဏ်းတူမောင်လေးရော ကြားမိသေးလား…"

ကျန်းလန်က…

"မကြားမိပါဘူး…"

ကျန်းလန် အမှန်တကယ်လည်း ထိုသတင်းကို မကြားမိပေ။

ချစ်ကြည်ရေးထိမ်းမြားမင်္ဂလာပွဲကိစ္စအတွက် နဂါးများ လာရောက်ခြင်းဖြစ်နိုင်ကြောင်း ကျန်းလန် ခန့်မှန်းလိုက်သည်။

မည်သည့်ပြဿနာမှ မဖြစ်ပါစေနှင့်ဟုသာ ကျန်းလန် ဆုတောင်းလိုက်မိ၏။

ကျန်းလန်က အခြားသူများ သူ့ကို အာရုံစိုက်သည်ကို သဘောမကျပေ။ သို့သော် ချစ်ကြည်ရေးထိမ်းမြားမင်္ဂလာပွဲကတော့ သူ့ကို လူအများအာရုံစိုက်လာစေရန် သေချာပေါက် တွန်းပို့တော့မည် ဖြစ်သည်။

သူ့ကို ပိုပြီးထင်ပေါ်စေမည့် ကိစ္စများသာ ထပ်မဖြစ်ပါစေနှင့်ဟု ကျန်းလန် မျှော်လင့်မိ၏။

ဥပမာ - နဂါးမျိုးနွယ်မှ နဂါးငယ်များနှင့် သူ့ကိုတိုက်ခိုက်ခိုင်းပြီး ပညာစမ်းခြင်း စသည့် လုပ်ရပ်များဖြစ်သည်။

ရှောင်ယွိက…

"ကျွန်မကြားတာတော့ နဂါးမျိုးနွယ်တွေက ကိစ္စကြီးတစ်ခုအတွက် ရောက်လာကြမှာတဲ့… ၊ တခြား ပြဿနာတွေလည်း ဖြစ်လာနိုုင်တယ် ၊ ဘာပဲဖြစ်ဖြစ် ဂိုဏ်းတူမောင်လေး သတိထားပြီးနေနော်…"

သူမက ကျန်းလန်ကို သဘောရိုးဖြင့် သတိပေးလိုက်ခြင်း ဖြစ်သည်။

နဂါးမျိုးနွယ်များရောက်ရှိလာပါက မည်သည့်ပြဿနာများ ဖြစ်လာမည်ကိုတော့ သူကိုယ်တိုင်လည်း သေသေချာချာ သိရှိခြင်း မရှိပေ။

ကျန်းလန်က ခေါင်းညိတ်ပြရင်း…

"ကျေးဇူးတင်ပါတယ်… ဂိုဏ်းတူအစ်မ…"

ကျန်းလန်အနေဖြင့် အမှန်တကယ်လည်း သတိထားရန် လိုအပ်သည်။

သေရည်ဆိုင်ကို ကူညီရသည့်အလုပ်များ ပြီးဆုံးလျှင် ကျန်းလန် တံခါးပိတ်ကျင့်ကြံရန် စီစဉ်ထားသည်။ သို့သော် ပြင်ပလောကတွင် ဘာတွေဖြစ်နေသည်လဲ မျက်စိဖွင့်နားစွင့်ထားရန် လိုအပ်သည်။

ပြင်ပတွင် ဖြစ်ပျက်နေသည့်အကြောင်းအရာများကို သိရှိနိုင်ရန် အစီအရင်တစ်ခုလည်း ပြုလုပ်ထားရမည် ဖြစ်သည်။

နဂါးမျိုးနွယ်များနှင့် အခြေအနေက စိတ်ပူစရာဖြစ်သောကြောင့် သူ့အနေဖြင့် လျစ်လျူမရှုသင့်ပေ။

ရှောင်ယွိက ကျန်းလန်ကို ခေါင်းညိတ်ပြလိုက်ပြီး စကားဆက်မပြောတော့ပေ။

ရှောင်ယွိ မျက်လုံးများကို အသာမှိတ်ပြီး စိတ်ကိုတည်ငြိမ်အောင် ကြိုးစားလိုက်သည်။ သူမ၏ စိတ်အာရုံထဲသို့ သတိပေးချက် လှိုင်းလုံးများ ရိုက်ခတ်လာလျှင် ပစ္စည်းများ ပြုတ်ကျတော့မည် လက္ခဏာဖြစ်သည်။

သူမက မည်သည့်ပစ္စည်းများ ထပ်မံပြုတ်ကျဦးမည်လဲဟု အာရုံစိုက်နေ၏။

ဤသေရည်ဆိုင်က စိတ်စွမ်းအားကျင့်ကြံရန် အလွန်ကောင်းမွန်သည့် နေရာတစ်ခု ဖြစ်သည်။

အစပိုင်းတွင် ပြုတ်ကျသည့်ပစ္စည်းများကို သူမ ဖမ်းဆီးနိုင်ခြင်းမရှိသော်လည်း နောက်ပိုင်း တဖြည်းဖြည်း အလေ့အကျင့်ရလာပြီး ဖမ်းဆီးလာနိုင်သည်။

အချိန်အတန်ကြာပြီးနောက် ရှောင်ယွိ ကျန်းလန်ကို အလွန်တရာမေးမြန်းချင်နေသည့် မေးခွန်းကို အောင့်မထားနိုင်တော့ပေ။

ရှောင်ယွိက…

"ဂိုဏ်းတူမောင်လေး… နဂါးသုတ်သင်ဓားသိုင်းကို လေ့ကျင့်ဖို့ ဘာတွေလိုအပ်လဲဟင်…"

အနာဂတ်တွင် ဖြစ်လာမည့် ပြဿနာများကို ကာကွယ်နိုင်ရန် သူမ နဂါးသုတ်သင်ဓားသိုင်းအကြောင်း နားလည်ထားရန် လိုအပ်သည်။

ဤမေးခွန်းက ကျန်းလန်အတွက် ဖြေဆိုရန် အနည်းငယ် ခက်ခဲလေ၏။

သို့သော် ကျန်းလန် တစ်ခဏမျှစဉ်းစားလိုက်ရင်း…

"နဂါးသုတ်သင်ဓားသိုင်းကို လေ့ကျင့်တော့မယ်ဆိုရင် နဂါးတစ်ကောင်ကို သတ်ဖြတ်မယ်ဆိုတဲ့ စိတ်ဓာတ်ရှိဖို့ အဓိက လိုအပ်တယ်…"

ဤသည်က ကျန်းလန်၏ ထင်မြင်ချက်သာဖြစ်သည်။ မှားသည် မှန်သည်ကတော့ သိပ်ပြီး မသေချာလှပေ။

အဋ္ဌမတောင်ထွတ်တွင် နဂါးသုတ်သင်ဓားသိုုင်း သွားရောက်သင်ယူချိန်ရောက်မှသာ ထိုမေးခွန်းကို အဖြေရှာကြည့်ရမည် ဖြစ်သည်။

ထိုအချိန်ရောက်လျှင်တော့ သူသိရှိသည်များကို ရှောင်ယွိကို ထပ်မံပြောပြနိုင်ပေလိမ့်မည်။ သို့သော် သေရည်ဆိုင်မှ အလုပ်များပြီးဆုံးသွားလျှင် ရှောင်ယွိနှင့် ထပ်မံတွေ့ဆုံခွင့်ရပါဦးမည်လား မသေချာပေ။

နဂါးတစ်ကောင်ကိုသတ်ဖြတ်မယ်ဆိုတဲ့ စိတ်ဓာတ်…။

ရှောင်ယွိက ချီတုံချတုံဖြစ်နေပြီးမှ …

"ဂိုဏ်းတူမောင်လေးက ဂိုဏ်းတူအစ်မလုန်ယွိကို မုန်းတီးနေတာလား…"

ကျန်းလန်က…

"ကျွန်တော် သူ့ကို မမုန်းပါဘူး…"

မနေ့ကလည်း ရှောင်ယွိ ဤကဲ့သို့သော မေးခွန်းမျိုးကို မေးခဲ့လေသည်။

မနေ့က "မုန်းတီးနေတာလား" ဟု မေးမြန်းခြင်း မဟုတ်ပေ။ "သဘောမကျဘူးလား" ဟု မေးမြန်းခြင်း ဖြစ်၏။

ကျန်းလန်က ထိုမေးခွန်းကို မဖြေခဲ့ပေ။

သို့သော် ယခုမေးခွန်းကတော့ မနေ့ကမေးခွန်းထက် ပိုပြီး ဖြေရလွယ်ကူသည်။

ကျန်းလန် အမှန်တကယ်လည်း လုန်ယွိအပေါ် မုန်းတီးခြင်း မရှိပေ။

"သြော်…"

ရှောင်ယွိ ခေါင်းညိတ်လိုက်ပြီး နောက်ထပ်မေးခွန်းများ ထပ်မံမေးမြန်းခြင်း မပြုတော့ပေ။

ထိုစဉ်…

"ဘန်း…"

သေရည်ဆိုင်တံခါးကြီး ရုတ်တရက် ပိတ်သွားခြင်း ဖြစ်သည်။

ဆိုင်တံခါး ရုတ်တရက်ပိတ်သွားသောကြောင့် ကျန်းလန်ရော ရှောင်ယွိပါ အံ့အားသင့်သွားကြသည်။ သို့သော် သူတို့ ထိတ်လန့်သွားခြင်း မရှိပေ။

ကျန်းလန် ချက်ချင်းပင် သတိအနေအထား ဖြစ်သွားသည်။ သူ ချက်ချင်းပင် တန်ခိုးစွမ်းအားများကို စုစည်းလိုက်၏။

သူက အပေါ်ယံစွမ်းအားများကို စုစည်းလိုက်ခြင်း မဟုတ်ပေ။ မရှိမှုအာကာသအဆင့် တန်ခိုးစွမ်းအားများကို စုစည်းလိုက်ခြင်း ဖြစ်သည်။

သူ့အနေဖြင့် အမြဲတမ်း သတိရှိနေရမည် မဟုတ်ပါလား။

"ဆိုင်အနောက်ဘက်ကို လာခဲ့ကြဟေ့…"

အသံတစ်သံက ရှောင်ယွိနှင့် ကျန်းလန်၏ စိတ်အာရုံထဲသို့ ဝင်ရောက်လာသည်။

သူတို့ (၂)ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ ထိုအသံကို သူတို့ (၂)ယောက် ပြိုင်တူ ကြားလိုက်ရခြင်း ဖြစ်သည်။

အသံပိုင်ရှင်သည်ကား ဆိုင်ရှင်အဘိုးအိုပင် ဖြစ်၏။

ကျန်းလန် ဆိုင်အနောက်ဘက်သို့ ထွက်ခွာသွားလေသည်။ ရှောင်ယွိကလည်း နေရာမှထလိုက်ပြီး ကျန်းလန်နောက်သို့ လိုက်ပါသွားသည်။

ရှောင်ယွိက…

"ဂိုဏ်းတူမောင်လေး… ဆိုင်ရှင်အဘိုးက ဘာလို့ခေါ်တာလဲ မသိဘူးနော်…"

ကျန်းလန်က ခဏမျှ စဉ်းစားလိုက်ရင်း…

"ထူးခြားချက်တစ်ခုခုတော့ ရှိမှာပေါ့… ၊ ဒါကြောင့်လည်း ဆရာက ဒီဆိုင်မှာ အလုပ်လုပ်ဖို့ လွှတ်လိုက်တာနေမှာ…"

အခွင့်အရေးတစ်ခု…။

မူလဝိညာဉ်အဆင့်သို့ တက်ရောက်နိုင်မည့် အခွင့်အရေးတစ်ခု ရရှိရန်အတွက် ဤသေရည်ဆိုင်သို့ ဆရာဖြစ်သူက စေလွှတ်လိုက်ခြင်းဖြစ်သည်။

ယနေ့က သေရည်ဆိုင်တွင် အလုပ်ဆင်းရသည့် နောက်ဆုံးနေ့ ဖြစ်သည်။ ထို့ကြောင့် အခွင့်အရေးတစ်ခု ရရှိမည်ဟု ကျန်းလန် ယူဆလိုက်သည်။

အခွင့်အရေးတစ်စုံတစ်ရာ မရရှိလျှင်လည်း ကျန်းလန်က အရေးစိုက်မည် မဟုတ်ပေ။

ရှောင်ယွိက ခေါင်းညိတ်ပြလိုက်သည်။

သူမကတော့ ကျန်းလန်ကဲ့သို့ မဟုတ်ပေ။ တိုက်ဆိုင်မှုတစ်ခုကြောင့်သာ ဤသေရည်ဆိုင်တွင် အလုပ်ဝင်လုပ်ခဲ့ခြင်း ဖြစ်သည်။

သူတို့ (၂)ယောက် ဆိုင်အနောက်ဘက်သို့ ရောက်လာကြသည်။

သူတို့ရှိရာသို့ ကျောခိုင်းပြီး သစ်သားကုလားထိုင်တစ်လုံးဖြင့် လယ်ကွင်းများရှေ့တွင် ထိုင်နေသော ဆိုင်ရှင်အဘိုးအိုကို တွေ့လိုက်ရသည်။

"အဘိုး…"

ကျန်းလန်နှင့်ရှောင်ယွိတို့က အဘိုးအိုရှေ့သို့ ရောက်လာပြီး နှုတ်ဆက်စကားဆိုလိုက်ကြသည်။

သေရည်ဆိုင်တံခါး ပိတ်လိုက်ပြီး အဘိုးအိုက သူတို့ကို ဤနေရာသို့ အဘယ့်ကြောင့်ခေါ်ရသည်ကို (၂)ယောက်လုံး သိချင်နေကြသည်။

သေရည်ဆိုင်ပိုင်ရှင်က ကျန်းလန်နှင့် ရှောင်ယွိကို ကြည့်လိုက်ရင်း…

"ဒီနေ့ မင်းတို့ ကျုပ်ရဲ့ဆိုင်မှာ ကူညီပေးတာ နောက်ဆုံးနေ့ပဲ… ၊ မင်းတို့ကူညီပေးခဲ့တာအတွက် ဆုချရမှာပေါ့… ဟုတ်တယ်မလား…"

ထို့နောက် အဘိုးအိုက လယ်ကွင်းအဆုံးတစ်နေရာသို့ လက်ညှိုးညွှန်ပြလိုက်ရင်း…

"မင်းတို့ လယ်ကွင်းအဆုံးအတိုင်း ရှေ့တည့်တည့်ကို လမ်းလျှောက်သွားကြပါ… ၊ ဘယ်လောက်ထိ ရောက်အောင်သွားနိုင်မလဲဆိုတာတော့ မင်းတို့အပေါ်ပဲ မူတည်တယ်…"

ကျန်းလန်နှင့် ရှောင်ယွိ လယ်ကွင်းများအဆုံးသို့ လှမ်းကြည့်လိုက်ကြသည်။

လယ်ကွင်းအဆုံးတွင် မိုးမခပင်ကြီးတစ်ပင်ကို ကျန်းလန် တွေ့မြင်ရလေသည်။ သို့သော် ရှော်ယွိကတော့ ဝိညာဉ်စမ်းချောင်းလေးတစ်ခု စီးဆင်းနေသည်ကို တွေ့မြင်ရလေ၏။

"ကျေးဇူးပါပဲ အဘိုး…"

သူတို့ (၂)ယောက် ဆိုင်ရှင်အဘိုးအိုကို ကျေးဇူးတင်စကားဆိုလိုက်ကြပြီး လယ်ကွင်းပြင်များအဆုံးသို့ လမ်းလျှောက်ထွက်ခွာသွားကြလေတော့သည်။

လမ်းလျှောက်လာရင်း ရှောင်ယွိက ကျန်းလန်ကို မေးလိုက်သည်။

"ဂိုဏ်းတူမောင်လေး… သေရည်ဆိုင်မှာအလုပ်လုပ်ဖို့ ရွေးခြယ်ခံရတဲ့နေ့က ဆိုင်ရှင်အဘိုးက ရှင့်ကို သေရည်အိုးတစ်အိုး လက်ဆောင်ပေးလိုက်သေးလား…"

ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…

"အင်း… ပေးလိုက်သေးတယ် ၊ ဆိုင်ရှင်အဘိုးပြောတာတော့ ဆိုင်မှာကူညီတဲ့အတွက် လုပ်အားခတဲ့…"

ဟုတ်ပေ၏။

သူတို့ ဆိုင်တွင် ကူညီသည့်အတွက် လုပ်အားခကို အစောပိုင်းကတည်းက ရရှိထားကြပြီး ဖြစ်သည်။ ထို့ပြင် နောက်တစ်နေ့တွင်လည်း အဘိုးအိုက လုပ်အားခအဖြစ် မြေပဲထုပ်များကို ပေးလိုက်သေးသည်။

ယခု ရရှိသည့်အခွင့်အရေးကတော့ မမျှော်လင့်စွာ ထပ်မံရရှိသည့် ဆုလာဘ်ဖြစ်သည်။

ရှောင်ယွိ ကျန်းလန်ကို ထပ်မံစကားပြောရန် ဟန်ပြင်လိုက်သည်။ သို့သော် ကျန်းလန်က သူမနံဘေးမှ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ကျန်းလန် ပျောက်ကွယ်သွားသောကြောင့် သူမ အံ့သြခြင်း မဖြစ်မိပေ။ ဝိညာဉ်စမ်းချောင်းလေးဆီသို့သာ သူမ ဆက်လက်လျှောက်လှမ်းလာခဲ့သည်။

ကျန်းလန်က သူမကဲ့သို့ ဝိညာဉ်စမ်းချောင်းလေးကို တွေ့မြင်ခဲ့သူ မဟုတ်ပေ။ သူက မိုးမခပင်ကြီးတစ်ပင်ကို တွေ့မြင်ခဲ့သူ ဖြစ်သည်။

ထို့ကြောင့် သူတို့ (၂)ယောက် သွားမည့်လမ်းက ဦးတည်ရာလည်း တူညီနိုင်မည် မဟုတ်ပေ။

All Chapters