← Chapters

အောင်ပွဲ၏နောက်ဆက်တွဲ

Vol. 12 Ch. 155

အောင်ပွဲ၏နောက်ဆက်တွဲ

Vol. 12 Ch. 155

အံ့အားသင့်စရာတစ်ခုမှ ပါရှိမနေပါ။

ထင်ထားသည့်အတိုင်းပင် ဖုန့်ချန်းကပထမနေရာကိုသိမ်းပိုက်သွားပြီး အနောက်မှ ယွမ်မိသားစုနှင့် ထျန်းလုံမိသားစုက အစဥ်လိုက်ကပ်ပါလာသည်။

အဆင့်ကြေညာချက်ကို ဆက်လက်လုပ်ဆောင်နေပြီး အများစုမှာ ၎င်းတို့၏ရလဒ်ဖြင့် ကျေနပ်နေကြသည့်နှယ်ပင်။ ပိုင်ကျန်းနှင့် ဖုန့်ချန်းအားဝိုင်းတိုက်ခဲ့သည့် ခေါင်းဆောင်အုပ်စုကလွဲလို့ပေါ့။

သူတို့အားလုံးမှာ ဖုန့်ချန်းနောက်အမီလိုက်ရင်း အချိန်တော်တော်ကုန်ခဲ့ရသည့်အပြင် အဆင့်၅သားရဲနှင့်လည်း ရင်ဆိုင်နေရ၍ ပိုလို့ပင်အချိန်ပုပ်ခဲ့ရတော့သည်။

နောက်ဆုံးတွင်တော့ သူတို့တစ်အုပ်စုလုံးမှာ နောက်အကျဆုံးပန်းဝင်ခဲ့သူများဖြစ်ခဲ့ကြပြီး ပိုင်ကျန်းမှာတော့ တတိယပြိုင်ပွဲစဥ်တုန်းကလည် ခွက်ခွက်လန်အဖြစ်ဆိုးထားသည်ဖြစ်ရာ စုစုပေါင်းအဆင့်တွင် နောက်ဆုံးအဆင့်ဖြင့် အဆုံးသတ်သွားရလေ၏။ ပုံမှန်ဆိုလျှင် ပိုင်မိသားစုမှာ အလယ်အလတ်ဆင့်လောက်တွင် နေရာယူတတ်သည်ပင်။ သို့ပေမယ့် ဤသို့ကသိကအောက်များစွာကို ကြုံခဲ့ရပြီးနောက် နောက်ဆုံးအဆင့်ကိုသာရနိုင်လိုက်ကာ အများရှေ့တွင်လည်း ကောင်းကောင်းကြီးအရှက်ကွဲခဲ့ရတော့လေသည်။

နောက်ဆုံးအဆင့်များကိုကြေညာပြီးသည်နှင့် ထျန်းလုံကျန်းလည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး အားလုံး၏အာရုံကို ပြန်လည်ဆွဲခေါ်လိုက်သည်။ "အခုတော့ အဆင့်တွေအားလုံးလည်းကြေညာပြီးသွားပါပြီ" ထျန်းလုံကျန်းက ဆက်ပြောသည်။ "ဆိုတော့ ဒီနှစ်ပြိုင်ပွဲရဲ့ဆုလာဘ်ကို ဆုံးဖြတ်ရတော့မယ့်အချိန်ပါပဲ"

တီးတိုးသံများ ချက်ချင်းစီစီညံသွားကြတော့၏။ နောက်ဆုံးအဆင့်ကြေညာချက်မှာ မည်သို့ပင်အရေးကြီးသည်ဆိုသော်ငြား အရှေ့ပိုင်းစီရင်စု စုဝေးပွဲ၏ဆုလာဘ်များမှာလည်း ရက်ရောရာတွင်နာမည်ကြီးလှသည်ပင်။ အင်အားအကြီးဆုံးမိသားစုများအတွက်တော့ ထိုဆုလာဘ်မှာ ဂုဏ်သရေဆောင်အမှတ်အသားတစ်ခုတင်မကဘဲ အနာဂတ်တိုးတက်မှုအတွက် အရေးပါလှသည့်အရင်းအမြစ်တစ်ခုလည်း ဖြစ်ပေသည်။

ထျန်းလုံကျန်းအချက်ပြလိုက်သည်နှင့် ဝန်ထမ်းအချို့က အဝတ်စလှလှလေးများဖြင့်ဖုံးအုပ်ထားသော လင်ဗန်းအချို့ကို သယ်ဆောင်လာလေသည်။

"ဒီနှစ် အရှေ့ပိုင်းစီရင်စု စုဝေးပွဲရဲ့ အောင်နိုင်သူများဖြစ်ကြတဲ့ ဖုန့်မိသားစုအတွက်" သူဆက်လက်ကြေညာသည်။ "ရွှေဒင်္ဂါးနှစ်ရာနဲ့တကွ အဆင့်သုံး ခန္ဓာအားတိုးဆေး ငါးလုံးနဲ့ လင်းယွင်မြို့တော်က ဝိဉာဥ်ကျောက်စိမ်းသွေးကြောအတွက်လည်း သီးသန့်မူပိုင်ခွင့်များ ချီးမြှင့်ခံရပါဦးမယ်"

အံ့သြတကြီးဆွေးနွေးသံများမှာ လူအုပ်ကြားထဲတွင်ပျံ့နှံ့လို့သွားသည်။ ဝိဉာဥ်ကျောက်စိမ်းသွေးကြောမှာ လွန်စွာမှတန်ဖိုးမြင့်သော အရင်းအမြစ်တစ်ခုဖြစ်ပြီး တော်ဝင်မိသားစု၏ထိန်းချုပ်မှုအောက်တွင်တည်ရှိနေတာဖြစ်သည်။ ထိုဝိဉာဥ်ကျောက်စိမ်းမှာ အစီအရင်များတည်ဆောက်ရာတွင် အရေးပါသောရှားပါးသတ္တုတစ်မျိုးဖြစ်ပြီး ကျင့်ကြံဆင့်ကိုလည်းတိုးမြှင့်ပေးနိုင်ကာ လက်နက်များကိုလည်း အဆင့်မြှင့်ပေးနိုင်သည်။ တော်ဝင်မိသားစုမှာ ထိုသတ္တုတွင်းကို ကြည့်ရှုစောင့်ရှောက်ဖို့ရာ မိသားစုတစ်စုကို နှစ်အနည်းငယ်စီလောက် တာဝန်ပေးအပ်တတ်ပြီး အကျိုးအမြတ်ကိုတော့ တော်ဝင်မိသားစုမှ ၈၀ရာခိုင်နှုန်း တာဝန်ရှိမိသားစုမှ ၂၀ရာခိုင်နှုန်း ခွဲဝေရရှိတတ်သည်။

ထို၂၀ရာခိုင်နှုန်းဖြင့် တစ်နှစ်ကို ရွှေဒင်္ဂါး၅သိန်းလောက်ဝင်နိုင်သည်ဖြစ်၍ လုံလောက်သည်ထက်ပင်ပိုနေလေပြီ။

ထိုသတ္တုတွင်းများမှာ မင်းနေပြည်တော်မှဝေးကွာလှသဖြင့် တိုက်ရိုက်ညွှန်ကြားချက်ပေးရန်ခက်ခဲသောကြောင့် ဤသို့မိသားစုများကိုတာဝန်ခွဲဝေပေးအပ်ထားရခြင်းဖြစ်ပေသည်။ ထို့အပြင် အင်အားကြီးသားရဲများလည်း ထိုအနီးတစ်ဝိုက်တွင်ကျက်စားလေ့ရှိရာ သူတို့ကိုစောင့်ကြပ်ဖို့ အင်အားကြီးကျင့်ကြံသူများ လိုအပ်ပေသည်။

လင်းယွင်မြို့မှာ အရှေ့ပိုင်းစီရင်စုအတွင်းတည်ရှိသောကြောင့် ထိုတာဝန်ပေးအပ်ရမည့်မိသားစုအား အရှေ့ပိုင်းစီရင်စု စုဝေးပွဲမှ ရွေးချယ်လေ့ရှိသည်။

"ဒီသတ္တုတွင်းကို နောက်သုံးနှစ်အထိစီမံခွင့် ရရှိပါမယ်" ထျန်းလုံကျန်း၏ကြေညာသံမှာ တွန့်ဆုတ်နေဟန်ဖြင့်။ ရွေဒင်္ဂါးတစ်သန်းသာမက ဝိဉာဥ်ကျောက်စိမ်းသွေးကြောကိုလည်း သူတို့ဆုံးရှုံးလိုက်ရပြီမဟုတ်လော။ နောင်လာမည့်နှစ်များတွင်တော့ စုဆောင်းထားသမျှရတနာတွေ ပြုတ်ပြုတ်ပြုန်းဖို့သာကျန်ပါတော့သည်။

ဖုန့်ချန်းသည် ခေါင်းတစ်ချက်ဆတ်ကာ ဆုကိုလက်ခံယူလိုက်ပြီး မျက်လုံးများထဲတွင် ကျေနပ်ရိပ်အနည်းငယ်ထင်ဟပ်လာ‌တော့သည်။ ဝိဉာဥ်ကျောက်စိမ်းသွေးကြောမှာ သာမန်ဆုလာဘ်တစ်ခုမဟုတ်ပေ။ ဖုန့်မိသားစု၏နာမည်ကို အရှေ့ပိုင်းဒေသတစ်ခုလုံးတွင် ခြေကုပ်ယူနိုင်စေရန် ဗျူဟာကျသောပိုင်ဆိုင်မှုတစ်ခုဖြစ်ပြီး လာမည့်နှစ်များအတွင်း အင်အားပိုလို့သာကြီးထွားလာစေနိုင်မည့် အထောက်အကူတစ်ခုလည်းဖြစ်၏။

သို့သော် ငွေကြေးပိုင်းဆိုင်ရာတွင်တော့ ဒီဆုမရလည်း သူတို့မိသားစုအတွက် နောက်သုံးနှစ်စာလောက်စိုးရိမ်စရာမလိုတော့ပါချေ။

ကျန်ဆုလာဘ်များကို အခြားမိသားစုများအားပေးအပ်ချီးမြှင့်နေစဥ် လူအုပ်ကြီးမှာ ဖုန့်မိသားစု၏အောင်ပွဲကြီးနှင့် အဖိုးတန်ဆုလာဘ်အကြောင်း တသောသောဖြင့်ပြောမဆုံးနိုင်သေးပေ။ ထျန်းလုံကျန်းမှာလည်း ကြေညာရမည့်တာဝန်ပြီးဆုံးသွားသည်နှင့် သူ့မိသားစုဝင်များနှင့်အတူ ချက်ချင်းထွက်ခွာသွားလေတော့သည်။ ဤနေရာတွင် တစ်စက္ကန့်လေးသော်မျှ ထပ်မနေချင်တော့သည့်ဟန်ပင်။

ဖုန့်ချန်းလည်း အချိန်ဆွဲမနေတော့ဘဲ ထျန်းလုံစံအိမ်မှထွက်ခွာရန် ပြင်ဆင်ရတော့သည်။

"ဖုန့်မိသားစုခေါင်းဆောင်" ရေခဲနတ်သမီး၏ တေးဂီတသဖွယ်ချိုမြိန်သောအသံလေးမှာ ဆူဆူညံညံစကားသံများကြားမှ တိုးထွက်လာသည်။ သူမလူအုပ်ကြားမှထွက်လိုက်သောအခါ အားလုံး၏အာရုံမှာ သူမထံသို့သာဆိုက်ရောက်သွားတော့၏။ ဖုန့်ချန်းလည်း သူမကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး လေးစားသမှုဖြင့်ခေါင်းညိတ်ပြလိုက်သည်။

"ဖုန့်မေနဲ့ဖုန့်ရှောင်ယုအတွက်ကို ကျွန်မတို့အားလုံးအပြီးသတ်ဆွေးနွေးပြီးပါပြီ အခုက သူတို့ရဲ့ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းဖို့ပဲလိုပါတော့တယ် သူတို့နှစ်ယောက်ရဲ့ပါရမီစွမ်းရည်တွေက အပြစ်ဆိုစရာကိုမရှိပါဘူး သူတို့သာ ကျွန်မတို့နဲ့အတူရှိချင်တယ်ဆိုရင် အသန်မာဆုံးတွေဖြစ်လာဖို့ရာ အာမခံနိုင်ပါတယ်"

ရေခဲနတ်သမီးသည် ဖုန့်ချန်းအား သူမတို့ဂိုဏ်းအပေါ် ကြည်ကြည်သာသာရှိစေချင်ပြီး ဖုန့်မေနှင့်ဖုန့်ရှောင်ယုတို့ သူမတို့ဘက်မှ မည်မျှပင်တန်ဖိုးထားပါကြောင်း သိစေချင်လှ၏။

ဖုန့်မေနှင့်ဖုန့်ရှောင်ယုအပေါ်တွင် ဖုန့်ချန်း၏စကားထက်ပိုသက်ရောက်မည့်အရာမရှိနိုင်ပေ။

ဖုန့်ချန်းအနေဖြင့် သူ့မိသားစုအပေါ် မည်မျှပင်သြဇာညောင်းလှကြောင်း သူတို့အားလုံးသိမြင်ပြီးသားဖြစ်သဖြင့် ဖုန့်ချန်းထံမှ တိုက်တွန်းစကားအနည်းငယ်ဆိုလိုက်လျှင် ဖုန့်မေနှင့်ဖုန့်ရှောင်ယုမှာ ဂိုဏ်းသို့လာရောက်ချင်စိတ် ပိုများလာပေလိမ့်မည်။

ဖုန့်ချန်းခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။ ကတိကဝတ်တော့မပေးဖြစ်ခဲ့ပါ။

ရေခဲနတ်သမီးမှာ အနည်းငယ်စိတ်ဓာတ်ကျကျန်ရစ်ခဲ့သော်ငြား အနည်းဆုံးတော့ တိုက်ရိုက်မငြင်းဆိုဘဲ ကြည်ကြည်သာသာရှိ၍တော်ပါသေးသည်ဟုသာ ဖြေသိမ့်ရတော့လေသည်။

ဖုန့်ချန်းမှာ ဆန်းကြယ်မီးတောက်ဂိုဏ်းနှင့်ရော မုန်တိုင်းဝိဉာဥ်နန်းတော်နှင့်ပါ ဆက်ဆံရေးဆိုးရွားနေသော်ငြား သူမတို့အတွက်တော့ သိပ်ပူစရာမဟုတ်ပါချေ။

ရေခဲနတ်သမီးလည်း စကားကုန်ပြောပြီးသွားပြီးနောက် အကြီးအကဲများနှင့်အတူ ထျန်းလုံစံအိမ်မှ ထွက်ခွာလာခဲ့တော့၏။

ယခုတော့ ထိုပါရမီရှင်နှစ်ဦး သူတို့ဂိုဏ်းကိုရောက်လာဖို့ မျှော်လင့်ဆုတောင်းနေရုံသာ တတ်နိုင်ပေမည်။

"ဖုန့်ခေါင်းဆောင် အရာရာအတွက်‌ကျေးဇူးပါဗျာ"

ယွမ်ဟောင်ကပြောပြောဆိုဆို သိုလှောင်လက်စွပ်တစ်ကွင်းကမ်းပေးလာသည်။ ရေခဲနတ်သမီး ဖုန့်ချန်းနှင့်စကားပြောအပြီးကို သူစောင့်နေခဲ့ခြင်းပင်။

သိုလှောင်လက်စွပ်တွင်းတွင် သူချေးငှားခဲ့သော ရွှေဒင်္ဂါးတစ်သန်းခွဲသာမက အတိုးအဖြစ် တစ်သိန်းခွဲထပ်မံပါဝင်သေးသည်။

အရှေ့ပိုင်းစီရင်စု စုဝေးပွဲအကြောင်းနှင့် အနာဂတ်အစီအစဥ်များအကြောင်း သူတို့စကားစမြည်နည်းနည်းဆိုနေကြပြီး စကားဝိုင်းမှာပေါ့ပါးသော်ငြား ရှိသင့်သော အပြန်အလှန်လေးစားမှုတော့ အပြည့်ပါဝင်လေသည်။ ခဏမျှအကြာတွင် ယွမ်‌ဟောင်သည် နွေးထွေးစွာပြုံးလျက် ဖုန့်ချန်း၏လက်များကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး ကျေးဇူးတရားကိုဖော်ပြလိုက်သည်။

"နှုတ်ဆက်ပါတယ် ဖုန့်ခေါင်းဆောင်" သူကစိတ်ရင်းဖြင့် နှုတ်ဆက်စကားဆိုလာသည်။ "နောင်အနာဂတ်မှာလည်း ကျွန်တော်တို့နောက်တစ်ကြိမ်ထပ်ဆုံကြဖို့ မျှော်လင့်ပါတယ်"

ဖုန့်ချန်းလည်းခေါင်းညိတ်လိုက်သည်။ ယွမ်ဟောင်အား အရှေ့ပိုင်းစီရင်စု စုဝေးပွဲတစ်လျှောက်လုံး သိကျွမ်းလာရသည်နှင့်အမျှ တစ်ဖက်လူမှာ သမာဓိရှိကာ လေးစားထိုက်သောသူတစ်ဦးဖြစ်ကြောင်း သူသိလာရသည်။ ယွမ်ဟောင်၏‌ရိုးသားပွင့်လင်းမှုကို သူသဘောကျပြီး နောင်အနာဂတ်လမ်းတွင်လည်း ဆက်လက်သိကျွမ်းချင်ပါသေး၏။

ထိုအချိန်တွင် ဖုန့်ယွင်မှာ ယွမ်ကျိရန်နှင့်တစ်ဖန်ထပ်ရင်ဆိုင်နေရပြန်သည်။ "ဖုန့်ယွင် နင့်ကိုယ်နင် ငါတို့ဂျူနီယာညီမလေးနဲ့ထိုက်တန်မှန်း သက်သေပြနိုင်လိုက်ပြီပဲ"

"လာပြန်ပြီဟာ" ဖုန့်ယွင်ညည်းညူလိုက်မိသည်။ လင်းမေယုကို သူစိတ်မဝင်စားကြောင်း ဘယ်လိုပြောမှ ယွမ်ကျိရန်ကယုံမည်နည်း?

"ငါနင့်ကို သူ့ရှေ့မှာကောင်းကောင်းချီးကျူးပေးပါ့မယ် ဒါပေမယ့် ပေါ့ပေါ့လျော့လျော့တော့မနေနဲ့ ဆက်ကြိုးစားထား ဂျူနီယာညီမလေးနဲ့ယှဥ်ရင် နင်ကအခုထိအားနည်းနေသေးတယ် လာမယ့်နှစ်နှစ်ခွဲမှာ နင့်ကိုယ်နင်သက်သေမပြနိုင်ရင်တော့ အရှက်ကွဲဖို့သာပြင်ထားပေတော့"

ဖုန့်ယွင်စွမ်းအားကြီးသည်ကို ယွမ်ကျိရန်လက်ခံပါ၏။ သူမထက်ပင်ပိုနေနိုင်သေးသည်။ သို့သော် ချီအရည်ဖွဲ့ခြင်းအထွဋ်အထိပ်ဆင့်သို့ ရောက်ပြီးဖြစ်သော လင်းမေယုနှင့်ယှဥ်လျှင် ဖုန့်ယွင်မှာ ဘာကောင်မှမဟုတ်သေးပါချေ။

ဖုန့်ယွင်မှာ သူမစကားများကိုလျစ်လျူရှုထားသော်လည်း နောက်ဆုံးတစ်ခွန်းကိုတော့ သူလည်းလက်ခံသည်ပင်။

သူအခုဘယ်လောက်စွမ်းအားကြီးနေပါပြီဆိုဆို တစ်ဖက်ပြိုင်ဘက်မှာ လျှော့တွက်ရမည့်သူမဟုတ်။

ဒီအချိန် လင်းမေယုနှင့်ယှဥ်လျှင် သူ့ဘက်မှတစ်မိနစ်ပင်‌တောင့်ခံနိုင်မည်မထင်။

သို့သော် သုံးနှစ်တာအချိန်ယူထားသောချိန်းဆိုမှုတွင် နှစ်နှစ်ခွဲအချိန်ကျန်သေးသည်ပင်။ ယွမ်ကျိရန်ကတော့ ဖုန့်ယွင်အတွေးများကိုမသိဘဲ သူမပြောတာလွန်သွားသဖြင့် တစ်ဖက်လူနာကျင်ခံစားသွားရလေသလားဟု ထင်မှတ်မှားသွားတော့သည်။

"သိပ်တော့လည်းစိတ်မပူပါနဲ့ နင့်ပါရမီဆင့်နဲ့ဆို ဒီ့ထက်ပိုစွမ်းအားကြီးလာမှာပါ ငါတို့ဂျူနီယာညီမလေးထက်လည်း သာချင်သာသွားမှာပေါ့"

ယွမ်ကျိရန်မှာ ဖုန့်ယွင်ကိုပြန်လည်နှစ်သိမ့်ပေးနေလေသည်။

"ဟားဟားဟား"

ယွမ်ကျိရန်သူ့ကိုပြန်အားပေးနေမှန်းသိသောအခါ ဖုန့်ယွင်သဘောကျစွာရယ်မောလိုက်သည်။ ကြည့်ရသလောက်တော့ မိန်းကလေးမှာ ထင်သလောက်မဆိုးဝါးလောက်ပါပေ။

သူမဘက်မှ တွေးချင်ရာတွေးတတ်သည့်အကျင့်ကို သူမကြိုက်သော်ငြား ယွမ်ကျိရန်မှာ လင်းမေယုကိုဂရုစိုက်သလို တစ်ချိန်တည်းမှာ ဖုန့်ယွင်ကိုလည်းဂရုစိုက်ပေးနေတာပင်။

ဖုန့်ယွင်ထရယ်သည်ကိုမြင်သော် ယွမ်ကျိရန်မျက်မှောင်အနည်းငယ်ကျုံ့သွားရသည်။ "ဘာတွေများအဲ့လောက်ရယ်စရာကောင်းနေတာလဲ" သူမအသံမှာ သိချင်စိတ်နှင့်ဒေါသစိတ်ပါ ရောပြွန်းလျက်။

"ဘာမှမဟုတ်ပါဘူး" ဖုန့်ယွင်ကခပ်ပြုံးပြုံးဖြင့်ပြောလာသည်။ "နင်ကအဲ့လောက်တွေးပေးတတ်မယ်လို့ မထင်ခဲ့လို့ပါ"

ထို့နောက် တစ်စုံတစ်ခုကိုတွေးမိဟန်ဖြင့် ဖုန့်ယွင်ထပ်ပြောသည်။

"ငါ့သတို့သမီးလောင်းက နင်ဖြစ်နေရင်တောင်ပိုကောင်းဦးမယ်"

(သောက်ကျိုးနည်းအဓိကဇာတ်ကောင်တွေ)

ယွမ်ကျိရန်လို တစ်ပါးသူကိုထည့်တွေးပေးတတ်သည့်ကိုယ်ကျင့်တရားနှင့်ဆိုလျှင် လင်းမေယုကဲ့သို့ စေ့စပ်ပွဲကိုဖျက်သိမ်းပစ်လောက်မည်မဟုတ်။

ဖျက်သိမ်းမည်ဆိုလျှင်လည်း ရန်သူတွေပတ်လည်ဝိုင်းစောင့်ကြည့်နေပြီး အရှက်ကောင်းကောင်းခွဲခံရမည့် သူ့အစ်ကို၏မွေးနေ့ကို အထူးတလည်မရွေးချယ်ဖြစ်လောက်ပေ။

လင်းမေယုကတော့ သူတို့မိသားစုဘက်ကို တစ်ချက်မှထည့်တွေးမပေးခဲ့ဘဲ အဆိုးဆုံးအချိန်ကိုသာ ရွေးချယ်ဖျက်ဆီးပေးခဲ့လေသည်။

ယွမ်ကျိရန်မှာတော့ မမျှော်လင့်ထားသည့်စကားများကြောင့် ပါးပြင်များပန်းရောင်သမ်းသွားရသည်။ သူမတည်ငြိမ်‌အောင်ကြိုးစားထိန်းသိမ်းနေသော်ငြား ဖုန့်ယွင်စကား၏အဓိပ္ပာယ်ကို တလွဲပြန်ဆိုမိသွားပြီး အတွေးပေါင်းသောင်းခြောက်ထောင်ဝင်လာတော့လေသည်။

"နင်-နင်ဘာတွေပြောနေတာလဲ" သူကအသံတုန်တုန်ဖြင့်ပြောလာပြီး မယုံကြည်နိုင်ဟန် ရှက်ရွံ့နေဟန်များလည်း ‌ရောယှက်နေသေး၏။

ဖုန့်ယွင်ကတော့ ဖျတ်ခနဲတွေးမိသည့်အတိုင်းပြောလိုက်ခြင်းသာဖြစ်ပြီး သိပ်လည်းအလေးထားသည်မဟုတ်။ တစ်ဖက်မိန်းကလေးမှာ စကားတိုင်းကိုအတွေးလွန်တတ်သည့်သူဖြစ်ကြောင်း သူသတိမေ့သွားခဲ့ဟန်ပင်။

"ကောင်းတဲ့အရာကို အသိအမှတ်ပြုပေးတာပေါ့" သူကပြုံးတုံ့တုံ့ဖြင့်ထပ်ပြောလိုက်ပြီး လှည့်ထွက်လာခဲ့‌‌တော့သည်။ ယွမ်ကျိရန်မှာမူ နီမြန်းနေသောပါးများနှင့် ဆွံ့အကျန်ရစ်ခဲ့လျက်။

"ထပ်တွေ့ကြတာပေါ့ မိန်းကလေးယွမ်"

All Chapters