ထျန်းလုံမိသားစု၏ ချုံခိုတိုက်ခိုက်ခြင်း
Vol. 12 Ch. 156
"မင်းတို့ ဘာတွေပြောနေကြတာလဲ"
ဖုန့်ချန်းက ဖုန့်ယွင်ကိုမေးလာသည်။ ယွမ်ကျိရန်မှာ ဆန်းကြယ်မီးတောက်ဂိုဏ်းမှဖြစ်သဖြင့် နှစ်ဦးကြား ဆက်ဆံရေးသိပ်ကောင်းလှမည်မဟုတ်မှန်း သိထားပေသည်။
ယွမ်ဟောင်ကိုယ်တိုင်က သူတို့ကိုဖော်ဖော်ရွေရွေဆက်ဆံသဖြင့် သူ့သမီးအကြောင်းကို ခေါင်းထဲသိပ်မထည့်ဖြစ်ခဲ့ပေ။ စိတ်ထဲကတစ်ခုခုကြံစည်ပြီး ဟန်ဆောင်ကောင်းပြနေခြင်းမျိုးလည်း မဟုတ်သောကြောင့်ပင်။
ထို့အပြင် ပထမပြိုင်ပွဲစဥ်အပြီးတွင် ဖုန့်ယွင်နှင့်ယွမ်ကျိရန်တို့၏ဆက်ဆံရေးမှာ သိပ်မဆိုးလှတော့ပုံပေါ်လေသည်။
"အိုး ဘာမှမဟုတ်ပါဘူးဗျာ" ဖုန့်ယွင်ကပုခုံးတွန့်လျက် သာမန်ကာလျှံကာဖြေလိုက်သည်။ "သာမန် နားလည်မှုလွဲတဲ့ကိစ္စလေးတွေပါ"
(ဘာမှမဟုတ်ဘူးတဲ့လား)
ရှက်ကိုးရှက်ကန်းမျက်နှာထားဖြင့်ကျန်ရစ်ခဲ့သော ယွမ်ကျိရန်ကိုကြည့်ရင်း ဖုန့်ချန်းတွေးလိုက်မိသည်။ အင်း ဘာမှမဟုတ်တာတော့ မဟုတ်ဘူးပဲ။
(ဒီကြွက်စုတ်လေးကတော့) ဖုန့်ချန်းသူ့ညီအား ကြိတ်ဆဲလိုက်သည်။
သူ့မှာတော့ ရည်းစားရှာဖို့အရွယ်တောင်လွန်နေပြီဖြစ်သော်လည်း မူးလို့ပင်ရှူစရာမရှိ။ ဒင်းကတော့ ဒီအရွယ်နှင့် မိန်းကလေးတွေဝိုင်းဝိုင်းလည်နေပြီတဲလား?
(ဇာတ်လိုက်တွေအားလုံးဘောပဲ)
ဖုန့်ယွင်လက်မထပ်ခင် သူလည်းကြင်သူတစ်ဦးလောက်ရှာတွေ့ပြီး ထိမ်းမြားနိုင်ဖို့ ဖုန့်ချန်းမျှော်လင့်မိသည်။ ညီဖြစ်သူ၏မင်္ဂလာဆောင်ကို အစ်ကိုဖြစ်သူက ဂေါ်မစွံအနေအထားဖြင့်တက်ရောက်ရမည်ဆိုတာမျိုးက ရှက်စရာကောင်းလှသည်လေ။
"သွားကြစို့ ခရီးကအဝေးကြီးကျန်သေးတယ်"
ဖုန့်ချန်းသိပ်မတွေးတော့ဘဲ ခရီးဆက်ဖို့ပြင်လိုက်သည်။ သူအချိန်မီကြင်ဖက်မရှာနိုင်သေးလျှင်လည်း ဖုန့်ယွင်ကို သူ့အလှည့်ပြီးမှသာလက်ထပ်ရမည်ဟု အနိုင်ကျင့်ဖိအားပေးလိုက်ရုံပင်။
ဆောရီးပဲ ညီလေး၊ ကိုကြီးရဲ့ဂုဏ်သိက္ခာကိုတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ကာကွယ်ရမှာပဲ။ မတတ်နိုင်ဘူး မိသားစုခေါင်းဆောင်ရဲ့အာဏာကို ဒီလိုမျိုးပဲ ညစ်ပတ်ပြီး သုံးသင့်ရင် သုံးရမှာပဲ။ ငါမရသေးသရွေ့ လူငယ်မျိုးဆက်တွေ အိမ်ထောင်ပြုခွင့်မရှိရ။
ဖုန့်ချန်းတို့အဖွဲ့မှာ မြူခိုးချိုင့်ဝှမ်းမြို့တော်သို့ ထိုနေ့အတွင်းအရောက်ပြန်ရန် စီစဥ်ထားကြသည်။
ပြိုင်ပွဲလည်းဆုံးခန်းတိုင်သွားပြီဖြစ်ပြီး ဆက်နေစရာအကြောင်းရင်းလည်းမရှိတော့လေရာ ဖုန့်ချန်းမှာ ထိုနေ့တွင်ပင်တန်းပြန်လှည့်ဖို့ ဆုံးဖြတ်လိုက်တော့၏။
ကျန်မိသားစုဝင်များကလည်း ငြင်းဆိုခြင်းမရှိ။ သူတို့သည်လည်း အောင်ပွဲသတင်းကို အိမ်တော်ရှိမိသားစုဝင်များနှင့် မျှဝေချင်လွန်းလှပြီဖြစ်သည်။
သူတို့ချင်းယွင်မြို့မှထွက်ခွာသည်နှင့် အနောက်မှလိုက်လာသော လူအရေအတွက်တော်တော်များများကို ဖုန့်ချန်းအာရုံခံမိလိုက်သည်။
ဖုန့်ချန်း နှုတ်ခမ်းတွန့်ရုံပြုံးလိုက်မိသည်။
အနောက်မှ ဘယ်သူတွေလိုက်လာသည်မှန်း သူသိသော်ငြား မသိချင်ယောင်သာဆောင်ကာ ရထားလုံးလေးနှင့် ပုံမှန်အတိုင်းအေးအေးဆေးဆေး ခရီးဆက်သွားဖြစ်လေသည်။
အချိန်တစ်ခုလောက်ကြာသည်အထိ အနောက်မှလူများမှာ မလှုပ်ရှားကြသေးပေ။ ချင်းယွင်မြို့တော်နှင့် အတော်လေးအလှမ်းဝေးသည်အထိ စောင့်ဆိုင်းနေမှန်း ဖုန့်ချန်းသဘောပေါက်လိုက်သည်။
"အစ်ကိုကြီး ကျွန်တော်တို့နောက်ကို လိုက်တဲ့သူရှိတယ်ထင်တယ်နော်"
ဖုန့်ယွင်ကခပ်တိုးတိုးပြောလာသည်။ ဖုန့်ယွင်သည်လည်း အနောက်မှလိုက်လာသောသူများကို အာရုံခံမိဟန်တူလေ၏။ လူငယ်လေး၏အာရုံခံနိုင်စွမ်းကား ထက်မြက်လှပေသည်။
မဟာအကြီးအကဲ ဖုန့်ကျန်းရှန်နှင့် ဖုန့်ကျီလန်တို့တောင် အနောက်ကလူလိုက်လာလို့လိုက်လာမှန်း မသိကြပေသည့် ဖုန့်ယွင်ကတော့ သတိထားမိပေသည်။
"ဟုတ်ပါ့ လိုက်လာကြတယ်" ဖုန့်ချန်းကလည်း ခပ်အေးအေးပင်တုံ့ပြန်လိုက်သည်။
(ကြည့်ရတာ အစ်ကိုကြီးလည်းသိပြီးလောက်ပြီ)
သူ့အစ်ကိုသိပြီးလောက်ပြီဖြစ်ကြောင်း ဖုန့်ယွင်သေချာပြီးသားပင်။ လိုရမယ်ရသတိပေးခြင်းမျှသာဖြစ်သည်။ ဤသို့ဆိုမှတော့ စိုးရိမ်စရာမရှိတော့ပါချေ။
ထို့နောက် နောက်ယောင်ခံလိုက်လာသူများမှာ တိုက်ခိုက်တော့မည့်အရိပ်အယောင်ပြလာသဖြင့် ဖုန့်ချန်းလည်း ပြန်တုံ့ပြန်ရန် အသင့်ပြင်ရတော့သည်။
"မဟာအကြီးအကဲတို့ရေ"
ဖုန့်ချန်းက ချီစွမ်းအင်ကိုအသုံးပြုပြီး မဟာအကြီးအကဲနှစ်ဦးသာကြားစေရန်ပြောလိုက်သည်။
"ပုံမှန်အတိုင်းပဲနေကြနော် ကျွန်တော်ပြောတာကိုကြားပြီး မူမမှန်တာမျိုးမဖြစ်စေနဲ့"
ဖုန့်ကျန်းရှန်နှင့် ဖုန့်ကျီလန်လည်း မသိမသာခေါင်းညိတ်ပြလိုက်သည်။ ဖုန့်ချန်းကဒီလိုတိတ်တဆိတ်ဆက်သွယ်လာမှတော့ တစ်ခုခုဖြစ်နေပြီမှန်း သူတို့နားလည်ပါ၏။
"နောက်ယောင်ခံလိုက်လာတဲ့လူတွေရှိတယ် ဒါပေမယ့်ဘာမှမစိုးရိမ်ပါနဲ့ ရထားလုံးကိုကာကွယ်ဖို့သာအသင့်ပြင်ထား"
ဖုန့်ချန်းထိုသို့မှာကြားလိုက်သည်။
ဒီလူတွေကိုကိုင်တွယ်ဖို့ သူတစ်ယောက်တည်းနှင့်လုံလောက်ပြီဖြစ်ရာ အခြားမိသားစုဝင်များကို ဝင်မပါစေလိုတော့ပေ။
ထို့နောက် ဆက်သွားနေရင်း မကြာမီ အနောက်မှလိုက်လာသောခြေသံများမှာ အရှိန်မြှင့်လာကြသည်။ နောက်ဆုံးတော့ ဝင်တိုက်တော့မည့်ပုံပင်။
"အခုပဲ" ဖုန့်ချန်းက ဖုန့်ကျန်းရှန်နှင့် ဖုန့်ကျီလန်ကို သတိပေးလိုက်သည်။
ချက်ချင်းပင် သူ့လက်စွဲတော်ဓားကိုဆွဲထုတ်လိုက်ပြီး ပထမဆုံးပေါ်လာသည့်လူထံသို့ ခုတ်ပိုင်းလိုက်သည်။
ရွှမ်း
တစ်ယောက်ကတော့ ပေါ်ပေါ်လာချင်းကို ကိစ္စချောသွားရလေပြီ။
"ဘာ?"
အနောက်မှပါလာသော မျက်နှာပဝါဖုံးထားသည့်လူများမှာ ကြောင်အသွားရသည်။
အသတ်ခံရသောသူမှာ ချီအရည်ဖွဲ့ခြင်းအထွဋ်အထိပ်ဆင့်ကျင့်ကြံသူတစ်ဦးဖြစ်ပြီး စက္ကန့်ပိုင်းမျှပင် သက်ဆိုးမရှည်လိုက်ရပေ။
တိုက်ပင်မတိုက်ရသေး၊ သူတို့ဘက်ခြမ်းမှအထိနာနေချေပြီ။
"ငါတို့နောက်ကလိုက်လာတာ မင်းသိပြီးသားပေါ့"
အုပ်စုခေါင်းဆောင်က တအံ့တသြဖြင့်မေးလိုက်သည်။ သူတို့အားလုံး ရထားလုံးနောက် လုံလောက်သောအကွာအဝေးတစ်ခုမှ သတိထားလိုက်လာခဲ့ကြခြင်းဖြစ်ပြီး နောက်ဆုံးအချိန်ထိ ဂရုတစိုက်ပြုမူခဲ့ကြသည်ပင်။
သို့သော် ဖုန့်ချန်း၏လျှပ်တပြက် ပြန်လည်တိုက်ခိုက်မှုကိုကြည့်ခြင်းအားဖြင့် သူတို့ကိုအစောကတည်းက သတိထားမိပြီဖြစ်ကြောင်း သိလိုက်ရသည်။
"ဟားဟား ထျန်းလုံချီရာ ခင်ဗျားချီစွမ်းအင်တွေကို ကျုပ်မသိအောင်ဖုံးထားနိုင်မယ်ထင်လို့လား" ဖုန့်ချန်းက တုံ့ပြန်လိုက်သည်။
"မင်း....မင်း ဘယ်လိုသိတာလဲ"
ထျန်းလုံချီက တုန်လှုပ်စွာမေးလာသည်။ အစောက သူ့မိသားစုဝင်တစ်ဦးကို သတ်ပစ်လိုက်သည်ထက်ပင် ပိုလို့အံ့သြသွားရဟန်ပေါ်၏။
"အစတော့မသေချာပါဘူး ဒါပေမယ့် ဒီလိုပြန်မေးတယ်ဆိုမှတော့ အဟုတ်ထျန်းလုံချီကြီးပဲ"
ဖုန့်ချန်း ပြန်ဖြေလိုက်သည်။
(ထျန်းလုံမိသားစု ဒီလောက်တောင်အထိနာသွားတာ ထျန်းလုံချီကငါတို့ကိုဒီတိုင်းလွှတ်ပေးလိုက်တယ်ဆိုရင်တောင်မှ အံ့သြစရာကောင်းဦးမယ်)
ပြိုင်ပွဲအပြီးတွင် ထျန်းလုံချီပေါ်မလာကတည်းက တစ်ခုခုစီစဥ်နေပြီဖြစ်မှန်း ဖုန့်ချန်းရိပ်မိပြီးသားပင်။
ထို့အပြင် ထိုသူမှာ ပစ္စည်းဥစ္စာပေါကြွယ်ဝလှကြောင်း အရှေ့ပိုင်းစီရင်စုတစ်ခုလုံး သိကြပေသည်။
ထို့ကြောင့် ဒီလိုလုပ်ရပ်မျိုးကို လုပ်ရဲသူ၊ လုပ်နိုင်သူမှာလည်း ထျန်းလုံမိသားစုပဲရှိရမည်။ ဤသို့ဖြင့် နောက်ယောင်ခံတိုက်ခိုက်သူများအား ထျန်းလုံချီနှင့်သူ့အဖွဲ့မှန်း ဖုန့်ချန်းသိသွားခြင်းဖြစ်မည်ဟု သူတို့ယူဆလိုက်ကြသည်။
သို့သော် အမှန်မှာ သူတို့ဘယ်လိုပင်ပိရိအောင်ဖုံးထားထား ဖုန့်ချန်း၏အာရုံခံစွမ်းရည်မှ ပြေးမလွတ်နိုင်ပါ။
ထျန်းလုံချီ၏ ချက်ချင်းဝန်ခံလိုက်မိခြင်းကလည်း အတော်လေးတုံးအလှသည်သာ။
"ဟမ့်"
သူ့ကိုယ်သူ ဖုန့်ချန်း၏လှည့်ကွက်ထဲကျရောက်သွားမှန်းသိပြီးနောက် ထျန်းလုံချီနှာခေါင်းရှုံ့လိုက်မိသည်။ သူအတော်လေးကြိုးစားလျှို့ဝှက်ခဲ့ရသော အဖြစ်မှန်မှာ ဖုန့်ချန်းထံမှ မေးခွန်းတစ်ခုဖြင့်ထုတ်ဖော်ခံလိုက်ရလေပြီ။
သူမျက်နှာဖုံးကိုဖယ်ရှားလိုက်ပြီး ကျန်သူများကိုလည်း ဖယ်ရှားစေလိုက်သည်။
သူတို့ဘယ်သူမှန်းလည်း ဖော်ထုတ်ခံလိုက်ရပြီးဖြစ်ရာ ဖုန့်မိသားစုထံမှဖော်ထုတ်ခံရသည့်အတွက်လည်း စိုးရိမ်နေစရာမရှိတော့ပါချေ။
လူအုပ်ထဲတွင် ပိုင်ကျန်းနှင့်ပိုင်အကြီးအကဲများလည်းပါဝင်ပေသည်။ ထိုသူများမှာ ဖုန့်မိသားစုကို အပြီးတိုင်ဆန့်ကျင်ပြီး ထျန်းလုံချီနောက်သာလိုက်ရန် စိတ်ပိုင်းဖြတ်ထားပြီးကြပုံပေါ်လေ၏။
"ပိုင်မိသားစုလည်း ဒီလောက်ညစ်ညစ်ပတ်ပတ်နည်းလမ်းတွေထိ လိုက်လုပ်နေရပြီဆိုတော့" ဖုန့်ချန်းက အေးစက်စက်လေသံဖြင့် ပေါ်တင်လှောင်ပြောင်လာသည်။ "အတော်လေး အပူလုံးဆို့နေပုံပဲ"
ပိုင်ကျန်းမှာ ဒေါသဖြင့်မျက်လုံးများကျဥ်းမြောင်းသွားသော်လည်း ဖျစ်ညှစ်ပြုံးလိုက်သည်။ "အလောတကြီးဖြေရှင်းရမယ့်ကိစ္စလေးတွေရှိနေလို့ပေါ့ ဖုန့်ချန်း မင်းငါတို့ကိုနှစ်ကြိမ်တိုင်တိုင်အရှက်ခွဲခဲ့တယ် ဒီနေ့တော့ ဒါတွေအားလုံးအတွက်ပြန်ပေးဆပ်ရလိမ့်မယ်"
"ဟားဟားဟားဟား"
ဖုန့်ချန်းမှာ ရယ်ရလွန်းလို့ထွက်လာသောမျက်ရည်များကိုသုတ်လိုက်ပြီး ထိုအုပ်စုကိုကြည့်လိုက်သည်။
"ဒါဆိုရင်တော့ အဲ့စကားကိုနောက်တစ်ခေါက်ထပ်ပြောရဦးမှာပဲ မင်းတို့အုပ်စုလောက်လေးနဲ့များ ငါ့ကိုနိုင်မယ်ထင်နေလား"