← Chapters

ရန်သူများကို ရှင်းလင်းခြင်း

Vol. 12 Ch. 157

ရန်သူများကို ရှင်းလင်းခြင်း

Vol. 12 Ch. 157

မဟာအကြီးအကဲဖုန့်ကျန်းရှန်နှင့် ဖုန့်ကျီလန်တို့မှာ ရထားလုံးဘေးတစ်ဖက်တစ်ချက်စီတွင်စောင့်ကြပ်ရင် မျက်နှာထားများမှာလည်း စိုးရိမ်စိတ်တို့ပြည့်နှက်နေရသည်။

ဖုန့်ချန်းကသူတို့ကို အကျဥ်းချုံးသတိပေးထားပြီးသားဖြစ်သဖြင့် သူတို့လည်း တိုက်ပွဲအတွက်အဆင်သင့်ဖြစ်ပြီးနေကြလေပြီ။

သို့သော် တစ်ဖက်ရန်သူများကိုမြင်သောအခါ သူတို့စိတ်ထဲတွင်ကြောင့်ကြလာရသည်။

ထိုအထဲတွင် ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူများဖြစ်ကြသော ထျန်းလုံချီ၊ ထျန်းလုံကျန်းနှင့် ပိုင်ကျန်းတို့သုံးဦးသားပါဝင်နေသည်။

ထို့အပြင် မျက်နှာဖုံးအုပ်ထားသဖြင့်သူတို့မမြင်ရသေးသောသူနှစ်ဦး ထပ်မံပါဝင်နေသေး၏။

"ကျီလန် ကလေးတွေကိုစောင့်ရှောက်ထား ချန်းအာတစ်ခုခုဖြစ်ရင် ငါချက်ချင်းဝင်သွားမှရမယ်" ဖုန့်ကျန်းရှန်ကပြောလာသည်။

ဖုန့်ချန်းကိုကယ်ဖို့အတွက်ဆိုလျှင် သူ့အသက်ကိုစတေးခံဖို့ ပြင်ဆင်ပြီးသားပင်။

ဖုန့်ကျီလန်လည်း ခေါင်းညိတ်ပြလိုက်သည်။ ဖုန့်ချန်း၏အသက်မှာ သူတို့အသက်ထက်ပိုပြီးတန်ဖိုးရှိသည်ဖြစ်၍ အတတ်နိုင်ဆုံးကြိုးစားကာကွယ်ရမည်ပင်။

ထိုအချိန်တွင် ဖုန့်ချန်း၏ဓားသွားလိုလှောင်ပြောင်စကားများကြောင့် ပိုင်ကျန်းမှာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရလေပြီ။

ဖုန့်ချန်းမှာ ယခုအချိန်ထိ ယုံကြည်မှုအပြည့်ဖြင့် အေးအေးလူလူရှိနေဆဲဖြစ်ပြီး သူ့အရင်ကကျရှုံးမှုတွေကိုတောင် ပြန်အစဖော်လှောင်ပြောင်နေလိုက်သေးသည်။

မျက်လုံးများမှာ ဒေါသမီးဖြင့်ဝင်းဝင်းတောက်နေပြီဖြစ်သော်ငြား သူလွတ်ထွက်မသွားအောင်ထိန်းချုပ်ရင်း အားတင်းပြုံးလိုက်သည်။

"မင်းကိုယ်မင်း ဘယ်သူမှမထိနိုင်တဲ့မိုးကျရွှေကိုယ်လေးလို့ ထင်နေတယ်ပေါ့ ဖုန့်ချန်း"

ပိုင်ကျန်းက ထွီခနဲတံတွေးထွေးလိုက်သည်။ သူ့အသံမှာ သတ်ချင်ဖြတ်ချင်စိတ်များကိန်းအောင်းလျက်။

"မင်းဘယ်အချိန်ထိခေါင်းမော့ရင်ကော့ထားနိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့"

ထျန်းလုံချီကအရှေ့တိုးလာပြီး ဖုန့်ချန်းနှင့်ပိုင်ကျန်းကို စိတ်တိုတိုနှင့်ကြည့်လိုက်သည်။

သူအချိန်ထပ်မဆွဲချင်တော့ပေ။ တစ်ခုခုလွဲချော်သွားမှာစိုးလှဿည်။

ဒီတစ်ကြိမ်တော့ ဒါမျိုးအဖြစ်မခံနိုင်တော့ပေ။

"စောက်စကားတွေဆက်မပြောနဲ့တော့ သူ့ကိုဝိုင်းထားကြ လုံးဝလွတ်မသွားစေနဲ့"

ဖုန့်ချန်းက မတုန်မလှုပ်သာပင် အနောက်မှ ဝတ်ရုံနက် မျက်နှာဖုံးစအနက်ဖြင့် လူနှစ်ဦးအား စူးစမ်းကြည့်နေသည်။

ထိုနှစ်ဦးမှာ ထျန်းလုံချီထက်ပင်ပိုအင်အားကြီးပုံပေါ်ပြီး ထျန်းလုံချီ၏ဝှက်ဖဲများဖြစ်နိုင်သည်ဟု သူခန့်မှန်းမိလိုက်သည်။

သို့သော် ထိုနှစ်ဦးပါ ဓာတ်ကြီးသုံးပါးနတ်အဆင့်ဖြစ်နေရင်တောင်မှ သူစိုးရိမ်နေစရာမရှိပါ။

ပိုင်ကျန်းသည် ဓားကိုရွှမ်းခနဲဆွဲထုတ်လိုက်တော့သည်။ ဓားသွားထက်တွင် ချီစွမ်းအင်များ တဖျတ်ဖျတ်စီးဆင်းနေလျက်။

လေထုမှာလည်း ကြက်သီးထဖွယ်အေးခဲသွားပြီး ရန်လိုကြမ်းတမ်းသောအငွေ့အသက်များဖြင့် လွှမ်းခြုံခံလိုက်ရတော့၏။

ထျန်းလုံချီနှင့် ပိုင်ကျန်း၏ နောက်လိုက်နောက်ပါများကလည်း ကြမ်းကြုတ်သောအမူအရာဖြင့် ဓားများကိုဆွဲထုတ်ကာ တိုက်ပွဲအတွက်အသင့်ပြင်လိုက်ကြသည်။

လူအများအပြားဖြင့် ပိတ်ပင်ဝန်းရံခြင်းခံလိုက်ရသော်လည်း ဖုန့်ချန်းကလေပင်မသွေးသည့်နှယ် တစ်ချက်ပင်မလှုပ်ရှား။

တိုက်ပွဲမြေပြင်ကို သူလေ့လာအကဲဖြတ်နေပြီး မျက်လုံးများမှာလည်း အောင်နိုင်သူတစ်ဦး၏ယုံကြည်မှုအပြည့်ဖြင့်။

"မင်းသိလား" ဖုန့်ချန်းစကားစလာသည်။ တင်းမာနေသောလေထုအခြေအနေကို သူ့အသံကဖြတ်စီးသွားလျက်။

"ဒီယုံကြည်မှုတွေ မင်းဘယ်ကရလာလဲတော့ငါမသိဘူး ငါ့ဆီမှာနှစ်ခါ‌တောင်ရှုံးပြီး ဘာသင်ခန်းစာမှမရလိုက်ဘူးပေါ့လေ"

ဖုန့်ချန်းသည် ပိုင်ကျန်းကိုမှ နောက်တစ်ဖန်ရန်စလာပြန်သည်။

ပိုင်ကျန်း၏မျက်လုံးများမှာ ဒေါသရိပ်များလက်ခနဲထသွားပြီး မည်သူမျှမတားလိုက်နိုင်ခင် ဓားကိုမြှောက်ကာ ဖုန့်ချန်းထံသို့ခုန်ဝင်သွားတော့၏။

"သေစမ်း"

ပိုင်ကျန်းမှာ တစ်ရှိန်ထိုးပြေးဝင်တိုက်ခိုက်သော်လည်း ဖုန့်ချန်းကတော့ ရှေ့ကိုခြေလှမ်းအနည်းငယ်ကြိုဦးပြီးသွားလေပြီ။

သေစေလောက်ရန်ရည်ရွယ်ထားသော ပြင်းထန်မှုဖြင့် သက်ဆင်းလာသောပိုင်ကျန်း၏ဓားသွားကို ဖုန့်ချန်းကသူ့ဓားဖြင့်တန်ပြန်ရိုက်ချလိုက်တော့သည်။

"ချွမ်"

ရိုက်ချက်၏အင်အားကြောင့် ပိုင်ကျန်းမှာ အ‌နောက်သို့ယိုင်တိုင်တိုင်ဆုတ်သွားရကာ မြေကြီးပေါ်ဒူးထောက်ကျသွားရတော့၏။

ဖုန့်ချန်းကသူ့ကို ခပ်လှောင်လှောင်ပြုံးပြနေလိုက်သည်။

"မင်းလုပ်နိုင်တာဒါပဲလား ပိုင်ကျန်း"

ပိုင်ကျန်း၏မျက်နှာအရောင်မှာ နီရဲတောက်လောင်လာပြီး ဒေါသကြောင့်တရှူးရှူးဖြစ်လာသောအသက်ရှူသံများကို ကြိုးစားထိန်းချုပ်နေရသည်။

အများရှေ့မှောက်တွင် သူနောက်တစ်ခါအရှက်ခွဲခံရပြန်လေပြီ။ သူ့ဒေါသများဆူပွက်လာတော့သည်။

"မင်းဒီအတွက် ပြန်ပေးဆပ်ရစေ့မယ်"

ပိုင်ကျန်းအော်ဟစ်ကြုံးဝါးလိုက်သည်။ သို့သော် အစောကအသံနှင့်ယှဥ်လျှင် ယခုအသံတွင် အနည်းငယ်သောမရေမရာမှုများရောယှက်နေလျက်။

"ပိုင်ကျန်း အလှောင်ပြောင်မခံရစေနဲ့ အားလုံးပဲ ပိုင်ကျန်းကိုကူပြီးအကုန်ဝင်တိုက်ကြ"

ထျန်းလုံချီ၏အသံဟိန်းထွက်လာပြီး အားလုံးကိုတိုက်ပွဲဝင်ရန်အမိန့်ပေးလိုက်တော့၏။

နောက်လိုက်များမှာလည်း ဖုန့်ချန်းထံတစ်ပြိုင်တည်းပစ်ဝင်လာကြကာ သေကွင်းသေကွက်ကို ရွေးတိုက်ခိုက်ကြတော့သည်။

မနည်းလှသောအရေအတွက်ဖြင့် အားမာန်အပြည့်ပြေးဝင်လာကြသော ကျင့်ကြံသူလူအုပ်ကြီးကြောင့် အောက်ဘက်ရှိမြေကြီးပင်လျှင် တုန်ခါနေတော့လေ၏။

အရပ်ရှစ်မျက်နှာမှ ဓား၊ လှံ၊ ပုဆိန် စသောလက်နက်‌ပေါင်းစုံက သူ့ထံဦးတည်လာကြသည်။

တွဲဖက်ညီလှသောတိုက်ကွက်များဖြင့် ဖုန့်ချန်း၏အကာအကွယ်ကိုချိုးဖျက်ပြီး ပွဲချင်းပြီးအသေသတ်နိုင်ရန် ဦးတည်ထားသောဓားချက်များပင်။

ဖုန့်ချန်းကတော့ ဘယ်လိုမှမနေသေးဘဲ သူ့ဆီပြေးဝင်လာသောရန်သူများကို ဟိုဘက်ဒီဘက်ကြည့်လိုက်ပြီး ဓားချက်တစ်ချက်ကို အသာရှောင်လိုက်သည်။

ချွမ်

နောက်ထပ်ဝင်လာသောလှံတံတစ်ခုကို ပေါ့ပါးလျင်မြန်လှစွာသောဓားချက်ဖြင့် ရိုက်ချလိုက်သည်။

သို့ပေမယ့် တိုက်ကွက်တွေကဆက်တိုက်လာနေမြဲသာ။

"တစ္ဆေအရိပ်လှည့်စားမှု"

ဖုန့်ချန်းက တစ္ဆေအရိပ်လှည့်စားမှုကိုသုံး၍ ကိုယ်ခွဲငါးခုကို တစ်ပြိုင်နက်ဆင့်ခေါ်လိုက်တော့သည်။

ကိုယ်ခွဲများက ရန်သူများနှင့်မျက်နှာချင်းဆိုင် လေးဘက်လေးတန် ဖြန့်ကျက်လိုက်ကြသည်။

"လာပြန်ပြီ"

ထျန်းလုံကျန်းကဒေါသတကြီး‌ရေရွတ်လိုက်သည်။

အခြားသူများက မြင်ဖူးကြဟန်မတူသော်လည်း ဒီကျင့်စဥ်ကို ဖုန့်ချန်း စတုတ္တပြိုင်ပွဲစဥ်တွင်သုံးသည်အား သူမြင်ဖူးသည်လေ။

"ဖိတိုက်ကြ ဒီကိုယ်ခွဲတွေက သူ့လောက်အားမရှိနိုင်ဘူး"

ထျန်းလုံကျန်းကညွှန်ကြားချက်ပေးရင်း သူကိုယ်တိုင်က ဖုန့်ချန်းနှင့်ရင်ဆိုင်ရန်ပြေးဝင်သွားလိုက်သည်။

ထိုစကားများကိုကြားသော် သူတို့အားတက်သွားကြပြီး ကိုယ်ခွဲများကိုအားသွန်ခွန်စိုက် တိုက်ခိုက်ကြတော့၏။

သို့သော် အကြိမ်ရေအနည်းမျှတိုက်ခိုက်ကြည့်ပြီးနောက် ထိုကိုယ်ခွဲများမှာ ရုပ်သေးရုပ်သက်သက်မဟုတ်ကြောင်း သူတို့သဘောပေါက်လိုက်ရသည်။

သူတို့အားလုံးမှာ ဖုန့်ချန်းကဲ့သို့သွက်လက်ပေါ့ပါးကြပြီး အင်အားဆတူလောက်ပင်ရှိသည့်ပုံပေါ်၏။

ကိုယ်ခွဲတစ်ခုကို နှစ်ယောက်ညှပ်တိုက်လျှင်ပင် အေးအေးဆေးဆေးရှောင်တိမ်းနေနိုင်လေသည်။

ထျန်းလုံကျန်းပြောသလောက်တော့ အားနည်းသည့်ပုံမပေါ်ပေ။

ထိုအချိန်တွင် ဖုန့်ချန်းအစစ်မှာတော့ ထျန်းလုံချီ၊ ထျန်းလုံကျန်းနှင့် ပိုင်ကျန်းတို့အား တစ်ပြိုင်တည်းရင်ဆိုင်နေရလေသည်။

ပိုင်ကျန်းက ချီစွမ်းအင်များစီးဆင်းနေသောဓားသွားကိုဝင့်၍ ဖုန့်ချန်းထံပြေးဝင်ခုတ်ပိုင်းလိုက်ပြီး ပါးစပ်မှလည်းအော်နေသေးသည်။ "မင်းမလွတ်နိုင်ပါဘူး ဖုန့်ချန်း ပွဲပြီးသွားပြီ"

သူ့အသံမှာ ဒေါသများအပြည့်ဖြင့် အလောတကြီးနိုင်နေလျက်။ သူခံစားခဲ့ရသော အရှက်တရားတို့ကို ဖုန့်ချန်းထံတွင် အကုန်ပုံအောကာ လက်စားချေမည့် ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်တော့မည့်ဟန်ပင်။

ဖုန့်ချန်းကတော့ ခပ်အေးအေးပင် သူ့ရင်ဘတ်အားဦးတည်ထားသောပိုင်ကျန်း၏ဓားသွားကို အနည်းငယ်တိမ်းစောင်းပြီးရှောင်လိုက်သည်။

ဝှစ်ခနဲပင် ဘေးသို့ရောက်သွားပြီး သူ့ဓားကိုမြှောက်ကာ ပိုင်ကျန်းကိုပြန်လည်တိုက်ခိုက်သည်။

ပိုင်ကျန်းမတုံ့ပြန်နိုင်သေးခင်မှာပင် ဖုန့်ချန်း၏ဓားသွားကား အသင့်ပြင်ပြီးပြီဖြစ်၍ ဝိုးတဝါးသာမြင်လိုက်ရသော လျှပ်စီးလိုအရှိန်ဖြင့် သက်ဆင်းကျရောက်လာတော့သည်။

ပိုင်ကျန်းမှာ ဓားကိုအနိုင်နိုင်မြှောက်ရန်သာအချိန်ရှိလိုက်ပြီး ပြင်းထန်လှသောဓားချက်ကြောင့် တုန်ယင်စွာအနောက်သို့ဆုတ်သွားကာ လမ်းဘေးချုံတောကိုပင်နင်းမိသည်အထိ။

ပိုင်ကျန်းအထိနာသွားသည်ကိုမြင်သော် ထျန်းလုံချီနှင့် ထျန်းလုံကျန်းသည်လည်း တိုက်ခိုက်မှုကိုအားမြှင့်လိုက်ကြသည်။

ထျန်းလုံချီက အင်အားကြီးလှသောချီစွမ်းအင်တစ်သုတ်ကိုဖြင့် ဖုန့်ချန်းကိုပစ်ခွင်းလိုက်သည်။

ထျန်းလုံချီလက်ဝါးမှထွက်လာသော ချီစွမ်းအင်များ၏ ရိုက်ခတ်မှုကြောင့် မြေပြင်ပင်တုန်ခါသွားရတော့၏။ ဖုန့်ချန်းကတော့ ရှောင်တိမ်းပြီးသားပင်။

သူခါးကိုကိုင်း၍ ‌ဘေးသို့လှိမ့်ရှောင်လိုက်ရာ စွမ်းအင်လှိုင်းများနှင့်ရိုက်ခတ်မိရန် သီသီလေးသာလိုတော့သည်။

တစ်ချိန်တည်းမှာပင် ဓားကိုဝှေ့ယမ်း၍ အနားကပ်လာသောလုပ်ကြံသူအချို့ကို ရှင်းထုတ်ပစ်လိုက်ရပြီး အနောက်သို့တန်းလှည့်ကာ ထျန်းလုံချီကိုအာရုံပြန်စိုက်ရသည်။

ဖုန့်ချန်းအတွက်တော့ ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူဆိုသည်မှာ လက်ဖြင့်ဖိချေသတ်လို့ရသည့် ပုရွက်ဆိတ်လောက်သာပင်။ အရေအတွက်ဘယ်လောက်များများ သူ့ကိုခံမတိုက်နိုင်ကြပါချေ။

သူပေါ့ပေါ့ပါးပါးလွှဲခုတ်လိုက်သောဓားချက်များကပင် သူတို့အသက်ကိုဆုံးရှုံးစေရန်လုံလောက်သည်။

"မင်းကနှေးလွန်းတာကိုး" ပွက်လောရိုက်နေသည့်ပတ်ဝန်းကျင်ကြားမှာပင် ဖုန့်ချန်းကခပ်တည်တည်ဖြင့်လှောင်လိုက်‌သေး၏။

ထျန်းလုံချီ၏မျက်လုံးများမှာ ဒေါသဖြင့်တောက်ပြောင်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် ချီစွမ်းအင်များရစ်ပတ်လွှမ်းခြုံလျက် ဖုန့်ချန်းထံသို့ခုန်အုပ်လာတော့သည်။

သူကလက်သီးကိုရှေ့ထုတ်ပြီး ဖုန့်ချန်းထံ ချီစွမ်းအင်များ အလုံးအရင်းလိုက်ပစ်လွှတ်လိုက်သည်။ အရပ်မျက်နှာပေါင်းစုံမှလာသောတိုက်ခိုက်မှုများကို ခုခံနေရသည့်ဖုန့်ချန်းမှာ သူ့တိုက်ကွက်ကိုလည်းလျင်မြန်စွာတုံ့ပြန်နိုင်သေးပေ၏။

သူက လျင်မြန်သွက်လက်စွာပင် ချီစွမ်းအင်လှိုင်းလုံးကြီးကို ရှောင်တိမ်းလိုက်သည်။ ဟိုဘက်ဒီဘက်ပင်လှည့်ရကျပ်နေသော ရှုပ်ယှက်ခတ်နေသည့်တိုက်ပွဲပတ်ဝန်းကျင်တွင် သူကတော့တစ္ဆေတစ်ကောင်ပမာ တရွှတ်ရွှတ်လှည့်ရှောင်နေနိုင်လေသည်။

သူ့ဓားသွားမှာ လေထုထဲတွင်လျင်မြန်စွာကခုန်နေပြီး ထျန်းလုံချီထံမှပစ်ဝင်လာသောတိုက်ကွက်များကို ပြန်လည်ခုတ်ပိုင်းပစ်နေသည်။ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ဖုန့်ချန်းသည် ထျန်းလုံချီ၏နောက်ကျောဘက်တွင် ရပ်လို့နေလေပြီ။

ထျန်းလုံချီအမြန်လှည့်လိုက်ပေသည့် ဖုန့်ချန်းကလက်ဦးသွားသည်။

သူက ဓားကိုရွှမ်းခနဲဝင့်လိုက်ပြီး ထျန်းလုံချီ၏ရင်ဘတ်ကိုခုတ်ပိုင်းချလိုက်တော့သည်။ စူးရှသောနာကျင်မှုနှင့်အတူ ထျန်းလုံချီမှာ မြေပေါ်သို့လဲပြိုကျသွားရတော့၏။

"မဖြစ်နိုင်တာ...." ထျန်းလုံချီက သွေးများစီးကျနေသောဒဏ်ရာကိုကြည့်လျက် ထရပ်ဖို့ကြိုးစားရင်း ရေရွတ်လာသည်။

အခြား ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူနှစ်ဦးပါ ခြံရံထားသည့်သူ့ကို လူတစ်ယောက်က ဘယ်လိုလုပ်အနိုင်ယူနိုင်ပါသနည်း? သူမယုံနိုင်တော့ပါ။

ထျန်းလုံချီထမရပ်နိုင်သေးခင်အတောအတွင်း ဖုန့်ချန်းသည် ထျန်းလုံကျန်းဘက်သို့ဦးလှည့်လိုက်သည်။

ထိုအကြီးအကဲမှာ မျက်စိရှေ့တွင်ဖြစ်ပွားသွားသောအဖြစ်အပျက်ကို မယုံကြည်နိုင်ဟန်ဖြင့် စတင်လှုပ်ရှားလာပြီဖြစ်သည်။ သူ့လက်ဝါးမှာ ကြောက်စရာကောင်းလှသောစွမ်းအားဖြင့် တောက်ပဖြာထွက်လို့နေပြီး ဖုန့်ချန်းထံသို့ဦးတည်လျက် စွမ်းအင်အလုံးအရင်းလိုက်ကို ပစ်ခွင်းလိုက်တော့သည်။

"သေစမ်း မိုက်ရိုင်းတဲ့ခွေးကောင်"

ထျန်းလုံကျန်း ကြုံးဝါးလိုက်သည်။

သို့သော် ဖုန့်ချန်းကသူ့ထက်ပိုမြန်သည်။ သူ့တိုက်ကွက်ကို လောက်စာလုံးရှောင်သလိုရှောင်တိမ်းလိုက်သော ဖုန့်ချန်းကိုကြည့်ပြီး ထျန်းလုံကျန်းမှာမနေနိုင်မထိုင်နိုင် ဤလူသည်ကား ငါးရှဥ့်ပေလားဟုတွေးမိတော့သည်။ ဘယ်လောက်ခက်ခဲပြီး အန္တရာယ်များနေတဲ့အခြေအနေဖြစ်ပါစေ သူကတော့ချောချောမွေ့မွေ့ပင် အမြဲလွတ်ထွက်လာနိုင်သည်လေ။

ထျန်းလုံကျန်း၏တိုက်ကွက်ကို ရှောင်ပြီးနောက် ဖုန့်ချန်းသည့်ဓားကိုဝင့်လျက် တစ်ဖက်လူကို ဇီဝိန်ချုပ်စေလိုက်တော့၏။

"မင်းလိုကောင်က အာရုံစိုက်ဖို့တောင်မတန်ဘူး" ဖုန့်ချန်းပြောလိုက်သည်။

တစ်ဖက်ရှိ မတ်တပ်ပြန်ရပ်ရန် ကမန်းကတန်းကြိုးစားနေသောပိုင်ကျန်းမှာလည်း ထျန်းလုံကျန်း၏အဖြစ်ကိုမြင်ပြီး နဂိုအတိုင်းပြန်လဲနေဖို့သာဆုံးဖြတ်လိုက်တော့သည်။

ထျန်းလုံချီမှာလည်း မတိုက်ခိုက်နိုင်သောအခြေအနေရောက်နေပြီဖြစ်ကာ ဒီအချိန်မှာဖုန့်ချန်းနှင့်သွားယှဥ်လို့မရနိုင်မှန်း သူ့ကိုယ်သူသိသည်။ မာနများအားလုံးကိုခဝါချကာ မြေကြီးပေါ်တွင် ဆန့်ဆန့်ကြီးသေချင်ယောင်ဆောင်ဖို့သာဆုံးဖြတ်လိုက်တော့၏။ ဖုန့်ချန်းမရိပ်မိဘဲ သူ့ကိုဒီတိုင်းထားသွားပါစေဟုသာ မျှော်လင့်ရင်း......

All Chapters