← Chapters

နောက်နှစ်ယောက်ကို ထပ်အနိုင်ယူမယ်

Vol. 12 Ch. 158

နောက်နှစ်ယောက်ကို ထပ်အနိုင်ယူမယ်

Vol. 12 Ch. 158

တိုက်ပွဲမြေပြင်ဝယ် ဖုန်တလုံးလုံးထနေရာမှ တဖြည်းဖြည်းအနည်ထိုင်ငြိမ်သက်သွားပြီး ထျန်းလုံချီကတော့ သူ့ကိုယ်သူတည်ငြိမ်အောင် မနည်းပြန်ထိန်းသိမ်းနေရတော့သည်။ ဒဏ်ရာဒဏ်ချက်များမှ သွေးတောက်တောက်စီးကျနေပြီး အသက်ရှူသံများမှာလည်း ပြင်းထန်စွာဟောဟဲလိုက်နေလေပြီ။

အစောက သြဇာအာဏာအပြည့်ဖြင့် အမိန့်ပေးဦးစီးခဲ့သည့် ထျန်းလုံမိသားစုခေါင်းဆောင်မှာ ထျန်းလုံကျန်းတစ်ယောက် ဖုန့်ချန်းထံမှအသတ်ခံလိုက်ရသည်အားမြင်သည်နှင့် ကြောက်လန့်တုန်လှုပ်နေဟန်ကို မဖုံးကွယ်နိုင်တော့ပေ။ ထျန်းလုံကျန်းအားဆုံးရှုံးလိုက်ရခြင်းသည် သူတို့မိသားစုအတွက်တော့ ဆုံးရှုံးမှုကြီးတစ်ခုပင်။ သို့သော် ယခုအချိန်မှာတော့ သေရမှကြောက်လှသဖြင့် ဒါတွေကိုမတွေးအားသေးပါချေ။

အစအဆုံး လိုသည်ထက်ပိုအောင်ပြင်ဆင်ပြီးတာတောင်မှ လူတစ်ယောက်တည်းကို သူကိုယ်တိုင်ဦးစီးတဲ့အဖွဲ့တစ်ဖွဲ့လုံးက သေအောင်မသတ်နိုင်ဘူးဆိုတာ ဖြစ်သင့်ပါသေးရဲ့လား?

ထျန်းလုံချီမှာ တုန်ယင်နေသောလက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး ယခုအချိန်ထိ တစ်ချက်မှမလှုပ်ရှားရသေးသော အနက်ရောင်ဝတ်ရုံဝတ်လူနှစ်ဦးကို လှမ်းကြည့်လိုက်သည်။ ထို့နောက် မျှော်လင့်ချက်မဲ့နေသော သနားစရာအသံဖြင့်အော်လိုက်သည်။

"အကြီးအကဲတို့ ကျွန်တော့်ကိုကယ်ပါဦး" အသံမှာ ကြောက်စိတ်ဖြင့်တုန်ယင်လျက်ရှိ၏။ အခိုက်အတန့်မျှတော့ လေပြည်လေညင်းတိုက်ခတ်သံအချို့ကလွဲပြီး ဘာတုံ့ပြန်သံကိုမှမကြားရခဲ့။ ခဏအကြာတွင် မျက်နှာဖုံးတပ်ကျင့်ကြံသူတစ်ဦးက ခပ်ဖွဖွရယ်လို့လာပြီး သူ့ရယ်သံမှာ ပဲ့တင်ထပ်သံများဖြင့်ပျံ့လွင့်လာသည်။

"ဟင်းဟင်း သနားစရာကောင်းလိုက်တဲ့မြင်ကွင်းလေးပါလား" ထိုသူက လှောင်ပြောင်သံအပြည့်ဖြင့် ပြောလာသည်။ "လူတစ်ယောက်လေးကိုတောင် ကြည့်မရှင်းနိုင်ဘူးတဲ့လား"

"ဟားဟား" အခြားတစ်ယောက်ကလည်း အသံခပ်နိမ့်နိမ့်ဖြင့် လှောင်ပြောင်ရယ်မောလာသည်။ "မင်းလိုအမှိုက်ကောင်တွေကတော့ အရိုက်ခံရဖို့ပဲထိုက်တန်တယ်" ပြောပြောဆိုဆိုပင် ထိုလူနှစ်ဦးမှာ အရှေ့သို့တက်လာကြပြီး သူတို့ထံမှကြီးလှစွာသောစွမ်းအားအငွေ့အသက်များကိုလည်း ခံစားမိနိုင်သည်။ သူတို့အနီးပတ်ဝန်းကျင်ကလေထုမှာ လှိုင်းများထနေသကဲ့သို့ လှုပ်ခတ်နေပြီး ဆန့်ကျင်ဘက်ဖြစ်နေကြသောချီစွမ်းအင်ရိုက်ခတ်မှုများမှာ တစ်ဖက်လူ၏ကျောရိုးကို ကြက်သီးမွေးညင်းထသွားစေသည်အထိ အားပြင်းလှသည်။

ချီအရည်ဖွဲ့ခြင်းကျင့်ကြံသူများမှာလည်း ယခုမှစိတ်အေးသွားရသလိုပင်။ ထိုနှစ်ဦးသာ ဒီအချိန်ထိထွက်မလာနိုင်သေးလျှင် သူတို့လည်းမကြာခင်အသက်ဆုံးရှုံးရတော့မည်ဖြစ်၏။

မှန်သည်။ သူတို့မှာ ဖုန့်ချန်း၏ကိုယ်ခွဲများကိုပင် အနိုင်မတိုက်နိုင်ခဲ့ကြပေ။

ဖုန့်ချန်းကိုသတ်ဖို့ မောင်းတင်၍လာခဲ့ကြသောအုပ်စုမှာ တစ်ဖက်လူ၏ကိုယ်ခွဲကိုပင်အနိုင်မယူနိုင်ဘဲ အရှက်တကွဲအကျိုးနည်းဖြင့်သာ အဆုံးသတ်ရတော့လေသည်။

ထိုအကြီးအကဲနှစ်ယောက် တိုက်ပွဲထဲသို့ဝင်လာပြီး သူတို့၏အရှိန်အဝါများကိုလွှတ်ထုတ်လိုက်သည်နှင့် ကျန်သူများလည်းပြန်လည်အားအင်ပြည့်ဝလာကြတော့သည်။ ဖုန့်ချန်း၏ကိုယ်ခွဲများဖြင့် ဆက်လက်တိုက်ခိုက်ရန် တက်တက်ကြွကြွဖြင့် အသင့်ပြင်ကြတော့၏။

ဖုန့်ချန်းက ခပ်မတ်မတ်သာရပ်နေရင်း အရှေ့တက်လာသောလူနှစ်ဦးကိုလှမ်းကြည့်လိုက်သည်။ "မင်းတို့နောက်ဆုံးတော့ လှုပ်ရှားဖို့ဆုံးဖြတ်လိုက်ပြီ‌ပေါ့လေ" သူကမှတ်ချက်ပြုသည်။

"အစောကထိ ကျောက်ရုပ်လိုပဲရပ်နေကြတော့ ကြောက်လန့်ပြီးမလှုပ်နိုင်ကြတော့တာများလားထင်နေတာ"

ဖုန့်ချန်းလှောင်လိုက်သည်။ ထိုနှစ်ဦးမှာလည်း ဓာတ်ကြီးသုံးပါးနတ်အဆင့်သာဖြစ်၍ သူသိပ်စိုးရိမ်မနေပါ။

တစ်ယောက်မှာ မျက်နှာဖုံးအောက်မှအသာပြုံးလိုက်ရင်း ပြောလာသည်။ "မောက်မာတဲ့ခွေး‌ကောင် မင်းစွမ်းရည်ကလည်း မင်းလျှာလောက်များထက်မလား ကြည့်ကြသေးတာပေါ့"

ထို့နောက် သတိပေးခြင်းမရှိဘဲ အနက်ရောင်ဝတ်တစ်ဦးက မျက်စိရှေ့မှဖျတ်ခနဲပျောက်ကွယ်သွားတော့သည် အရှိန်မှာ လိုက်မမီလောက်အောင် လျင်မြန်လွန်းပေသည်။ ထိုသူမှာ ဖုန့်ချန်းအနောက်တွင်ပြန်ပေါ်လာပြီး သူ့လက်ထဲတွင် ချီစွမ်းအင်သုံးတိုက်ကွက်တစ်မျိုးကို ဖုန့်ချန်း၏နောက်ကျောအားချိန်လျက် ပြင်ဆင်ထားသည်။ "အရိပ်ဆုတ်ဖြဲလက်ဝါး"

ဖုန့်ချန်းထံမှ မည်သည့်တုံ့ပြန်မှုမှမရှိခဲ့သဖြင့် တစ်ဖက်လူတော့သူ့တိုက်ကွက်ကို မရှောင်နိုင်တော့လောက်ဟု ထိုသူထင်မှတ်လိုက်သည်။ သို့သော် ချက်ချင်းဆိုသလိုပင် ဖုန့်ချန်းပျောက်ကွယ်သွားတော့သည်။ မျက်နှာဖုံးတပ်ကျင့်ကြံသူမှာလည်း ဗလာသက်သက်လေကိုသာ တိုက်ခိုက်မိရ‌တော့၏။

"ဟမ်"

ပစ်မှတ်ပျောက်ဆုံးသွားသောကြောင့် ထိုသူလည်းကြောင်အသွားရတော့သည်။

တစ်ဖက်ကဖုန့်ချန်းမှာတော့ ဓားကိုအသင့်ပြင်လျက် မီတာအနည်းငယ်အကွာတွင်ပြန်ပေါ်လို့လာသည်။ "အထင်ကြီးလောက်စရာအမြန်နှုန်းပါပဲ ဒါပေမယ့်တအားနှေးနေသေးတယ်ကွာ" ဖုန့်ချန်းပြောလိုက်သည်။ တစ်ဖက်လူမှာ ပေါ့သေးသေးတော့ဟုတ်ဟန်မတူ။ ထျန်းလုံချီနှင့်ကျင့်ကြံဆင့်အတူတူသာဖြစ်သော်လည်း သူကအင်အားများစွာပိုသာလွန်ပုံရလေ၏။

ဒုတိယ ဝတ်ရုံနက်ကျင့်ကြံသူလည်း တိုက်ပွဲတွင်းသို့ဝင်ပါလာတော့သည်။ သူက စွမ်းအားကြီးတိုက်ကွက်တစ်သီကြီးကိုပစ်လွှတ်လျက် တိုက်ပွဲမြေပြင်ကိုပင် တုန်ခါစေလိုက်တော့သည်။ "မီးတောက်ကြယ်တံခွန်ထိုးသွင်းချက်"

သူ့တိုက်ကွက်များ၏ ပြင်းစွာသောဖိအားကြောင့် မြေပြင်ပင်အက်ကွဲသွားခဲ့ပြီး အမှိုက်သရိုက်များလည်း လေနှင့်တူလွင့်တက်လာရတော့သည်။ ဖုန့်ချန်းကတော့ ပရမ်းပတာဖြစ်နေသောပတ်ဝန်းကျင်အလယ်မှာ ပေါ့ပါးသွက်လက်စွာခုန်ပျံရှောင်တိမ်းရင်း တစ်ဖက်လူ၏လှံတံဆီမှပစ်ခွင်းလာသော တိုက်ကွက်များကို ဓားသွားဖြင့် ရိုက်ထုတ်ရင်ဆိုင်လျက်ရှိသည်။ "မင်းလုပ်နိုင်တာ ဒါအကုန်ပဲလား" ဖုန့်ချန်းတစ်ဖက်လူကို ဆွလိုက်သည်။ ပြောပြောဆိုဆို ပထမဝတ်ရုံနက်ဆီကတိုက်ကွက်တစ်ခုကိုလည်း ဓားဖြင့်တန်ပြန်ရိုက်ချလိုက်ရသေး၏။

ဒုတိယဝတ်ရုံနက်မှာ လှောင်ပြောင်ခံရသဖြင့် ဒေါသများထကြွလာကာ အံကြိတ်၍အော်လိုက်သည်။ "မမိုက်ရိုင်းစမ်းနဲ့" ထို့နောက် ဖျက်ဆီးခြင်းစွမ်းအင်များ တစ်ဖျတ်ဖျတ်စီးဆင်းနေသော ချီစွမ်းအင်အလုံးအရင်းလိုက်ဖြင့် လှံတံတစ်ချောင်းကို ဆင့်ခေါ်လိုက်ပြီး ဖုန့်ချန်းထံသို့ပစ်ပေါက်လိုက်တော့သည်။

လှံတံကြီး၏ဖိအားမှာ အဆောက်အဦးတစ်လုံးစာလောက်ဖြင့်ပင် ညီမျှလေ၏။ ဖုန့်ချန်းတစ်ချက်ပင်တုန်လှုပ်မသွားဘဲ သူ့ဓားသွားကို ကိုယ်ပိုင်ချီစွမ်းအင်ဖြင့် ဖြည့်သွင်းလိုက်ပြီး တောက်ပပြောင်လက်နေသောဓားသွားဖြင့် ထိုလှံတံကြီးကို တစ်ချက်တည်းသောအဟုန်ဖြင့် ခုတ်ပိုင်းထုတ်လိုက်တော့သည်။ ဓားစိတ်ဆန္ဒဖြင့်ခြုံလွှမ်းထားသော သူ့ဓားသွားနှင့်ယှဥ်လျှင် တစ်ဖက်အကြီးအကဲ၏တိုက်ကွက်မှာ အရာပင်မရောက်နိုင်တော့ချေ။

ဘုန်း

လှံတံကြီးမှာ အစိတ်စိတ်အပိုင်းပိုင်းကျိုးကြေသွားရပြီး စွမ်းအင်များမှာလည်း လေထဲတွင်အထိအခိုက်မရှိ လွင့်ပျံသွားရတော့၏။ ဝတ်ရုံနက်ကျင့်ကြံသူနှစ်ဦးမှာလည်း အချင်းချင်းမျက်လုံးဖြင့် အချက်ပြလိုက်ကြသည်။ သူတို့ပြိုင်ဘက်ကို သူတို့အထင်သေးမိလေပြီ။

"မင်းတို့ကအရမ်းကြီးအားစိုက်လွန်းနေတာပဲ" အေးစက်စက်လေသံဖြင့် ဖုန့်ချန်းပြောလာသည်။ "အခုတော့ အဆုံးသတ်လိုက်ကြတာပေါ့"

ထို့နောက် ဖုန့်ချန်းနေရာမှဟုတ်ခနဲပျောက်ကွယ်သွားပြီး ဝတ်ရုံနက်အကြီးအကဲနှစ်ဦးကြားတွင် ပြန်ပေါ်လာတော့သည်။ သူ့ဓားသွားမှာ လေပွေမုန်တိုင်းကဲ့သို့ ပြင်းထန်စွာရွေ့လျားနေပြီး ခုတ်ပိုင်းချက်တိုင်းကလည်း တွက်ချက်ထားသကဲ့သို့ တိကျမှန်ကန်လှသည်။ ပထမဝတ်ရုံနက်မှာ ပြန်လည်ခုခံရန် အချိန်မမီလိုက်ဘဲ ဓားချက်နက်နက်တစ်ခုက သူ့ရင်ဘတ်ထက်အရာထင်သွားပြီး အနောက်သို့ယိုင်တိုင်တိုင်ဆုတ်သွားရတော့၏။

ဒုတိယဝတ်ရုံနက်လည်း ပြန်လည်တိုက်ခိုက်ဖို့ကြိုးစားပေမယ့် ဖုန့်ချန်းကခြေတစ်လှမ်းဦးထားပြီးလေပြီ။ လျင်မြန်သောဓားချက်ဖြင့် အပေါ်စီးမှခုတ်ပိုင်းလိုက်ပြီး တစ်ဖက်လူကိုတုန်ယင်စွာ မြေပြင်ထက်လဲကျသွားစေတော့သည်။

"နှစ်ယောက်လုံးက ဒီလောက်ပျော့ညံ့နေတာကိုများ ငါ့ရှေ့မှာကြွားလုံးလာထုတ်ရဲသေးတယ်"

ဖုန့်ချန်းက အဖက်မတန်ဟန်ဖြင့် လှောင်ပြောင်လိုက်သေးသည်။ ဝတ်ရုံနက်ဝတ် မျက်နှာဖုံးတပ်ကျင့်ကြံသူနှစ်ဦးမှာ ယခုတော့ မြေပြင်ထက်ဒူးထောက်ကာ သူတို့ဝတ်ရုံများမှာလည်းစုတ်ပြဲလျက်ရှိပြီး သွေးအလူးလူးဖြစ်လျက်ရှိလေပြီ။ အစောက အရှိန်အဝါအပြည့်ဖြင့် အရှေ့ထွက်လာခဲ့သည့်ပုံရိပ်များဖြင့်ကွဲပြားစွာ အခုတော့ အားအင်ချိနဲ့လျက် မတ်တပ်ပင်ကောင်းကောင်းမရပ်နိုင်ကြတော့ပေ။ မြေပြင်ပေါ်လဲနေဆဲဖြစ်သည့်ထျန်းလုံချီမှာတော့ သူ့နောက်ဆုံးဝှက်ဖဲများ ဤမျှလွယ်လွယ်လေးအနိုင်ယူခံလိုက်ရသည်ကို ချောက်ခြားစွာဖြင့်ကြည့်လို့နေရ၏။

"မ..မဖြစ်နိုင်ဘူး" သူကအသံတုန်တုန်ဖြင့် ရေရွတ်လာသည်။ ထိုအကြီးအကဲနှစ်ဦးလည်း သူတို့နည်းတူရှုံးနိမ့်သွားရတာကို အနည်းငယ်ကျေနပ်သွားသလိုခံစားရပေသည့် ဖုန့်ချန်းကိုကိုင်တွယ်မည့်သူမရှိတော့ဘူး ဆိုလျှင် သူတို့သေခြင်းဖြင့်သာအဆုံးသတ်ရတော့မည့် အဓိပ္ပာယ်ပင်။

ဖုန့်ချန်းကတော့ အချိန်ဆွဲထားဖို့ကိုပျင်းရိနေလှပြီဖြစ်ပြီး မြန်မြန်အပြီးသတ်ကာ အိမ်ပြန်ချင်လေပြီ။ အရှေ့ပိုင်းစီရင်စု စုဝေးပွဲမှရလာသောဆုလာဘ်များကို ရေတွက်ရန်ရှိသေး၏။

"နေပါဦး"

မျက်နှာဖုံးတပ်လူနှစ်ဦးမှာ ပျာပျာသလဲအော်လာပြီး သူတို့မျက်နှာဖုံးများကိုဆွဲချွတ်လိုက်ကြသည်။ အဘိုးကြီးနှစ်ဦးသာဖြစ်ပြီး ဖုန့်ချန်းကိုယ်တိုင်လည်း မမှတ်မိပါပေ။

အစောကတည်းက ဘာကြောင့်မျက်နှာဖုံးတပ်ထားရသည်မှန်းလည်း စဥ်းစားလို့မရပါချေ။

သရုပ်မှန်ကိုချပြလိုက်သော်လည်း ဖုန့်ချန်းကတော့တွန့်ဆုတ်မသွားဘဲ ကိစ္စရှင်းရန်သာရှေ့ဆက်တိုးလာသည်။

အကြီးအကဲနှစ်ဦးမှာ ဇောချွေးများပြန်လျက်ရှိပြီး ဖုန့်ချန်းမမှတ်မိသည်ကို သတိထားမိသွားရသည်။

"ငါ...ငါတို့က မုန်တိုင်းဝိဉာဥ်နန်းတော်ရဲ့ မဟာအကြီးအကဲတွေပါ" သူတို့က တုန်လှုပ်စွာဖြင့် အမြန်ဝန်ခံလာသည်။

ဖုန့်ချန်းမျက်ခုံးပင့်သွားရသည်။ ဓာတ်ကြီးသုံးပါးနတ်အဆင့် အထွဋ်အထိပ်ဆင့်ကျင့်ကြံသူများထံမှ ထျန်းလုံချီတစ်ယောက်ဘယ်လိုများအကူအညီရခဲ့သနည်းဟု သူနားလည်လိုက်တော့၏။ မုန်တိုင်းဝိဉာဥ်နန်းတော်မှ ကူညီပေးနေသည်ပင်။

မုန်တိုင်းဝိဉာဥ်နန်းတော်မှ သူ့အားမည်မျှပင်အငြှိုးထားနေသည်မှန်း ဖုန့်ချန်းအခုမှနားလည်လိုက်ရတော့သည်။ သူ့ကိုသတ်ဖို့ မဟာအကြီးအကဲနှစ်ယောက်ပါ ပို့ပေးသည်အထိပင်။

မုန်တိုင်းဝိဉာဥ်နန်းတော်ကတော့ သူ့ကိုဆန့်ကျင်ရန်ပြုဖို့ စိတ်ပိုင်းဖြတ်ထားပြီးဟန်တူ၏။

မုန်တိုင်းဝိဉာဥ်နန်းတော်မှ အကြီးအကဲဖြစ်ဖြစ် မဟာအကြီးအကဲဖြစ်ဖြစ် ဖုန့်ချန်းအတွက်တော့အရေးမကြီးပါ။ သူတို့အကြီးအကဲတစ်ဦးကိုပင် သတ်ဖူးသည်ဖြစ်ရာ နောက်နှစ်ယောက်လောက်ထပ်ပေါင်းသတ်လိုက်လို့လည်း ဘာမှထူးခြားမည်မဟုတ်။

ထို့အပြင် သူ့ကိစ္စကို အမြဲတမ်း ဝင်ရောက်စွက်ဖက်သူများမှာလည်း ထိုမုန်တိုင်းဝိဉာဥ်နန်းတော်မှလူများပင်ဖြစ်ချေ၏။

"အဲ့တော့?"

ဖုန့်ချန်းပြောပြောဆိုဆိုဖြင့် သူတို့ကိုသတ်ရန် ဓားကိုကိုင်မြှောက်လိုက်တော့သည်။

"မင်း-မင်း သတ်ရဲရင်သတ်ကြည့်လိုက် မုန်တိုင်းဝိဉာဥ်နန်းတော်က မင်းကိုဒီတိုင်းမထားဘူး"

ဒုတိယဝတ်ရုံနက်က ကြောက်လန့်တကြားအော်ဟစ်လို့နေသည်။ သူဒီကိုလာပြီး ဖုန့်ချန်းနဲ့ရင်ဆိုင်ခဲ့သည်ကိုပင် နောင်တရလှ‌လေပြီ။

ယခုတော့ လွတ်လမ်းဟူ၍ ဖုန့်ချန်းတစ်ယောက် မုန်တိုင်းဝိဉာဥ်နန်းတော်ကိုကြောက်ပြီး သူ့ကိုလွှတ်ပေးရန်သာရှိတော့သည်။

"ဟားဟား ပိုတောင်ကောင်းနေသေးတယ် မင်းတို့မုန်တိုင်းဝိဉာဥ်နန်းတော်က ငါ့ကိစ္စတွေထဲဝင်ဝင်ရှုပ်တာများနေပြီ သူတို့ကိုသင်ခန်းစာကောင်းကောင်းပေးပစ်ရဦးမယ် အခုတော့ ဒီနှစ်ယောက်နဲ့ပဲစလိုက်တာပေါ့"

ဖုန့်ချန်းထိုသို့ပြန်ပြောလိုက်ပြီး ဓားသွားက သက်ဆင်းကျရောက်လာတော့သည်။

"မလုပ်နဲ့ အားးးးးးး"

မုန်တိုင်းဝိဉာဥ်နန်းတော်၏ အကြီးအကဲများမှာ တိုက်ပွဲမြေပြင်တစ်ခုလုံးပဲ့တင်ထပ်အောင် အော်ဟစ်ငိုကြွေးလာသော်လည်း ဖုန့်ချန်း၏ဓားသွားများမှာ အညှာအတာမဲ့လှသည်။

ပထမအကြီးအကဲမှာ လက်တစ်ဖက်ကိုသာမြှောက်ကာလိုက်နိုင်ပြီး ဖုန့်ချန်း၏ဓားသွားက သူ့အကာအကွယ်ကိုဖြတ်ကာ ရင်ဘတ်ကိုနက်ရှိုင်းစွာပိုင်းဖြတ်လိုက်တော့၏။ သွေးစက်များမှာ ဖြန်းခနဲထွက်လာပြီး ထိုအကြီးအကဲမှာလည်း မယုံကြည်နိုင်ဟန်ပြူးကျယ်နေသောမျက်လုံးအစုံဖြင့် မြေပြင်ထက်သို့ပြိုလဲကျသွားတော့သည်။

"မင်း...မင်းလုပ်ရဲရင်..." ဒုတိယအကြီးအကဲမှာ တွန့်ဆုတ်စွာဖြင့် အသံတုန်တုန်နှင့် ပြောမိပြောရာပြောလို့နေသည်။ ဖုန့်ချန်းမှာ ထိုအကြီးအကဲကိုမသတ်ခင်အချိန်ထိ ဖုန့်ချန်းတကယ်လုပ်ရဲလောက်မည်ဟု သူမထင်ခဲ့ရိုးအမှန်ပါပေ။ အကြီးအကဲကျိုးနေရာမှာ သူဆိုရင်မရှုံးနိမ့်နိုင်လောက်ဟု မှတ်ယူခဲ့ပေမယ့် အခုတော့လည်း သူတို့၏ကံကြမ္မာကို ရှောင်လွှဲလို့မရခဲ့ပါပေ။

ဖုန့်ချန်းက အရှေ့သို့တိုးလာပြီး အေးစက်စက်အကြည့်ဖြင့်ပြောလာသည်။ "လုပ်ရဲရင် ဟုတ်လား? မင်းတို့မုန်တိုင်းဝိဉာဥ်နန်းတော်ကတောင် လုပ်ရဲသေးတာပဲ ငါက အကြွေးပြန်ဆပ်ရုံတင်ပါ"

ဒုတိယအကြီးအကဲမှာ လွတ်မြောက်ရန်လမ်းမရှိနိုင်တော့မှန်း သေချာသွားရပြီး အံကိုကြိတ်လျက် ကျင့်စဥ်တစ်ခုကို အနိုင်နိုင်ဖျစ်ညှစ်ထုတ်ကာ ပစ်လွှတ်လိုက်တော့၏။

"လေပြင်းမုန်တိုင်းတိုက်ကွက်"

ထိုသူထံမှ ပြင်းထန်ကြမ်းတမ်းသော ချီစွမ်းအင်လေပွေများ ထွက်ပေါ်လာပြီး မြေပြင်ကိုရစရာမရှိအောင်ဆုတ်ဖြဲကာ ထက်ရှသောလေ‌‌‌ပွေဝဲကြီးတစ်ခုကို ဖန်တီးလိုက်တော့သည်။ သူ့ခန္ဓာကိုယ်မှာ ကျန်သမျှစွမ်းအင်အားလုံးကို ပုံအောထုတ်သုံးလိုက်ပြီး သူနဲ့အတူ ဖုန့်ချန်းကိုပါအသေဆွဲခေါ်ထားရန် ကြံစည်ထားခြင်းဖြစ်၏။

ဖုန့်ချန်းကတော့ ထုံးစံအတိုင်း မတုန်လှုပ်သာပင် ချီစွမ်းအင်များကို ဓားသွားတစ်လျှောက်စီးဆင်းစေလိုက်သည်။

"အသုံးမဝင်ချက်ပဲ" ဖုန့်ချန်းမှတ်ချက်ပြုလိုက်သည်။

"ကောင်းကင်အင်ပါယာဓားသိုင်း"

ဓားကိုတစ်ချက်ဝှေ့ယမ်းပြီး စွမ်းအင်လှိုင်းကြီးတစ်ခုကိုပစ်ထုတ်လိုက်သော် အကြီးအကဲ၏လေ‌ပွေတိုက်ကွက်မှာ စာရွက်ဖြူလေးဆုတ်ဖြဲခံရသကဲ့သို့ ပျောက်ကွယ်သွားရလေတော့၏။

လေပြင်းမုန်တိုင်းများမှာ အပိုင်းပိုင်းအစိတ်စိတ်ဖြင့်လွင့်ပျယ်သွားရကာ အကြီးအကဲမှာတော့ အကာအကွယ်မဲ့စွာ အားအင်ချိနဲ့ကျန်ရစ်လေတော့သည်။

ရွှမ်း

ထိုသူမတုံ့ပြန်နိုင်ခင် ဖုန့်ချန်းအနားသို့ကပ်သွားပြီး တစ်ဖက်လူ၏အကာအကွယ်များကို ရှင်းလင်းတိကျစွာ ခုတ်ပိုင်းလိုက်သည်။ အကြီးအကဲမှာ ဝိုးတဝါးညည်းညူသံတစ်ချက်ဖြင့် မြေပြင်ပေါ်သို့ အသက်မဲ့လျက် လဲကျသွားလေတော့၏။

တိုက်ပွဲမြေပြင်မှာ တိတ်ဆိတ်ကျန်ရစ်ခဲ့လေပြီ

All Chapters